Labels

Friday, March 28, 2014

ရဲရင့်လွန်း တဲ့သူရဲကောင်းလား ၊ သိပ်မိုက်မဲတဲ့သူလား


Troy ရုပ်ရှင်ကား ကို ကျွန်တော်ခဏခဏပြန် ကြည့်ဖြစ်တယ် ။ ရောမခေတ် စစ်ကားဆိုပေမဲ့ ... ရသတွေ ၊ အတွေးတွေ ၊ သံဝေဂတွေ အများကြီးပေးလို့ပါ ။ အဲဒီ ဇာတ်ကား ထဲ က ဇာတ်ဝင်ခန်းအတော်များများကို ကျွန်တော့် စိတ်ထဲ စွဲနေတယ် ။ ထွိုင်မြို့ ကို ဂရိတို့ရဲ့ အာဂါမီနွန် ဘုရင် က စစ်သွားတိုက်တော့ စစ်သူကြီး အားခီးလက်စ် ဦးစီးတဲ့ တပ်တွေဟာ အပိုလို ဘုရားကျောင်းကို အရင်ဆုံး တိုက်ပစ်လိုက်ကြတယ် ။ အဲဒီချိန် ထွိုင်မင်းသား ဟက်စ်တာ ရဲ့ ထရိုဂျန်တပ်ကလည်း ဘုရားကျောင်းကို ကာကွယ်ဖို့လာကြ တယ် ။ ဘုရားကျောင်းကိုအရင်ရောက်နှင့် နေပြီးသား အာခီးလက်စ် တပ်တွေရဲ့ ချေမှုန်းခြင်း ကို ခံလိုက်ရပီး မင်းသား ဟက်စ်တာ နဲ့ စစ်သား အနည်းငယ်သာကျန်တော့တယ် ။ ဘုရားကျောင်းထဲ ဝင်သွား တဲ့ စစ်သူကြီး အာခီးလက်စ် နောက်ကို ဓားကိုင်ပြီး ပြေးလိုက်လာ တဲ့ မင်းသား ဟက်စ် တာ ကို ... အာခီးလက်စ် ကနေ အော်မေးလိုက်တယ် ...။


"ငါ ..အာခီးလက်စ် ရဲ့နောက် ကို တစ်ယောက်တည်း လိုက်လာတဲ့ သူဟာ.....
သိပ်ရဲရင့် တဲ့ သူရဲကောင်းလား ...ဒါမှမဟုတ် ... သိပ်မိုက်မဲတဲ့သူလား " ...တဲ့ ။

ဆီးဂိမ်းပွဲကြီး ဆီမှာ အားလုံးရဲ့ စိတ်ဝင်စားမှုတွေ က ပြုံကျနေပေမဲ့ အခုရက်ပိုင်းအတွင်းကျိတ်ကျိတ်
စကားသံလေးတွေနားစွင့်ရင်းတစ်ယောက်တည်းတွေးနေမိတယ် ။ ဘာလဲ ဆိုတော့ အခြေခံ ဥပဒေ ပြင်ရေးအတွက် ၄ ပွင့်ဆိုင်မဆွေးနွေးရင် ရွေးကောက်ပွဲဝင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားပါ ။ အဲဒီချိန်မှာ အားလုံး ရဲ့ ကြားမှာ သို့လော သို့လော ဖြစ်လာတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၉၀ ကျော် နှစ်များဆီက အပြုအမူမျိုးထပ်ပြုနေပြီလား ဆိုတဲ့ စကားတွေလည်း ကြားရတယ် ။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကိုအားလုံးလိုလို က မူအားဖြင့် သဘောတူ ထား ၊ ပြုပြင်ဖို့ ကြိုးစားနေကြသည့်တိုင် ပြည်သူလူထုထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ သဘောထားထောက်ခံ ပွဲ တွေလုပ်နေတာတွေ ဟာ စဉ်းစားစရာဖြစ်လာတယ် ။ နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မလား လိုက်မေးနေသည့်တိုင် ဘယ်အချက်တွေ ကိုပြင်ဆင် မယ် ၊ ဘယ်လိုပြင်ဆင်သင့်တယ် ဆိုတာ ကို ထုတ်ဖော်မပြတဲ့ခါ ။ တစ်ဖက်ကိုလက်ဝါးဖြန့် ပြီး ၊ တစ်ဖက်မှာ လက်သီးဆုပ်ထားသလိုဖြစ်နေတယ် ။

ဒါကိုက ခေါင်းစဉ် ပြစရာ အကြောင်းတစ်ခု ဖြစ်လာတယ် ။ ဒေါ်အာင်ဆန်းစုကြည်ထောက်ခံသူတွေ အနေနဲ့ ၅၉ (ဃ)နဲ့ (စ) ပြင်ဆင်ရေး အတွက် ဆန္ဒပြမယ် လို့ ကြွေးကြော်သူတွေ ရှိသလို ၊ မထောက်ခံ သူတွေ အတွက် ကျ ခု လိုလုပ်နေတာ ဟာ လူထုကို လမ်းပေါ် ဆွဲတင်ချင်လို့ ၊ သမ္မတ ဖြစ်ရေးအတွက် ဘာမဆိုလုပ်လိမ့်မယ်ဆို တဲ့ အတွေးမျိုး တွေးစရာဖြစ်လာတယ်ထင်တယ် ။

ကျွန်တော်လည်း ကိုယ့်ခေါင်းကို အလုပ်ပေးကြည့်တာပေါ့ လေ ။ ဒေါ်စု ဟာ သမ္မတဖြစ်ချင်လို့လား ၊ ဘာအတွက်လဲ ပေါ့ ။ ကျွန်တော်စဉ်းစား မိတာ ဟာ ကလေးကလား ဆန် ချင်ဆန် နေပါလိမ့်မယ် ။ အခု ဒေါ်အောင်ဆန်းစုကြည် ရော ၊ အစိုးရ ကော လှမ်းနေကြတဲ့ ခြေလှမ်းဟာ ကျွန်တော်တို့ ငယ်ငယ် က မှိုကျင်း မှတ်နေသလို လို့ပဲ မြင်ပါတယ် ။

ကျွန်တော်တို့ ငယ်ငယ် က သူငယ်ချင်းတွေ နဲ့ အတူ နွားစာ (မြက်စို) ရိတ်သွားကြတယ် ။ အခုလို နတ်တော်ဆိုရင် မှိုကျင်းတွေက လှိုင်လှိုင်ပေါက်ချိန်ပေါ့ ။ အဲဒီမှာ မြက်ရိတ်ရင်းမှိုကျင်းတွေ့ ပြီဆိုတာနဲ့ ဒါ ငါ့ နေရာ ဆိုပြီး တံဇဉ်နဲ့ လှမ်း ပေါက်ပြီး မှတ်တယ် ၊ သူငယ်ချင်းကလည်း ဒါငါ့နေရာဆိုပြီး တံဇဉ်နဲ့ လှမ်းပေါက်ပြီး မှတ်တယ် ။ သူ့တံဇဉ်က ကိုယ့်ဖက်ရောက် ၊ ကိုယ့်တံဇဉ်က သူ့ဖက်ရောက်ပေါ့လေ ။ ဘယ်သူမှလည်း တစ်ဝက်စီ ကွာဆိုပြီး တိတိကျကျ စမမှတ်ဘူး ။ လူ့လောဘ အသေးစားလေးတွေပေါ့ ။ တကယ်တမ်းလည်း နှုတ်ရော သူ့တံဇဉ်ကိုယ်ကျော် နှုတ် ၊ ကိုယ့် တံဇဉ်သူကျော် နှုတ် နှုတ်တာပါပဲ ။
အခုလည်း အဲလို ပဲ လို့ မြင်တယ် ။ ဒါက သူငယ်ချင်း ၂ ယောက်တည်း ဆိုရင်ပြောတာပါ ။ အဲ ... ၃ ယောက် ၊ ၄ ယောက် ရှိလာပြီဆိုရင်တော့ ... စတွေ့ တဲ့ သူ ၂ ယောက်က ဒါငါ့နေရာ ၊ ဒါသူ့နေရာ နဲ့ ကြို မှတ်ပြီးငြင်းနေတဲ့ ချိန် တခြားလက်သွက်တဲ့ သူငယ်ချင်းတွေ က အမြန်ဝင်နှုတ်ပြီး ကုန်တာပဲ ။ အဲဒါကြောင့် ရွာတွေ မှာ စကားလေးတစ်ခုရှိကြတယ် ။ ... "မှို နဲ့ အပျို ... ကြို မမှတ်ကောင်းဘူး" တဲ့ ။ မှို ဆိုလည်း တွေ့ရင် ချက်ခြင်း နှုတ် ၊ အပျို ဆိုလည်း ကိုယ်ကြိုက်ရင်ချက်ချင်းလိုက် ဆိုတဲ့သဘောပေါ့ ။ အခုလည်း အစိုးရအဖွဲ့ရော ၊ ဒေါ်အောင်ဆန်းစုကြည်ဦးစီးအဖွဲ့ရော .... " မှို နဲ့ အပျို ... ကြိုမမှတ်ကောင်းဘူးနော်" ဆိုပြီး ကလေး စကားလေးသွားပြောရကောင်းမလား စဉ်းစားနေမိတယ် ။

ဒါက ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ၄ ပွင့်ဆိုင်တွေ့ဖို့တောင်းသလဲ ၊ လူထုအင်အားပြသလဲ ၊ ၂၀၀၈ ကို မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ မဝင်ဘူး စကားပြောသလဲ ဆိုတာ ပဋိသာရ စကားလေး အင်ထိုပျိုးကြည့်တာပါ ။
၂၀၁၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးစာပြိုင်ခဲ့ကြတာက မဲဆန္ဒနယ် ၁၁၅၄ ခု ။ ပါတီ ၃၇ ပါတီက အမတ်ပေါင်း ၃၀၉၆ ယောက်ပြိုင်ခဲ့ကြတယ် ။ လွှတ်တော်အတွက် အမတ် နေရာ ၆၆၄ နေရာရှိတယ် ။ အဲဒီထဲက တပ်မတော်သားကိုယ်စားလှယ်များ က ၂၅ ရာခိုင်နှုန်း ဆိုတော့ ၁၆၆ နေရာဖယ်လိုက်ရင် ၄၉၈ နေရာ ပေါ့ ။ တိုင်းရင်းသားပါတီ များ အားလုံးပေါင်းကို ကြည့်လိုက်တဲ့ခါ ၂၀၁၀ ရွေးကောက်ပွဲ မှာတောင်အမတ်နေရာရဲ့၁၄၊၁၅ခိုင်နှုန်းနီးပါး လောက်လွှတ်တော်မှာဝင်သွားတာကိုတွေ့ရတယ် ။ ဒီသမ္မတသက်တမ်း ၅ နှစ်မှာ ပွင့်လင်းလာတဲ့ အခြေနေတွေ ၊ တိုင်းရင်းသားတွေရဲ့ စိတ်ဝင်စားမှု အခြေနေတွေ ၊ ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ တိုင်းရင်းသား တို့ စည်းလုံးမှုတွေ ကိုကြည့်ရင် ၂၀၁၅ မှာ လွှတ်တော်ရဲ့ ၂၀ နဲ့ ၂၅ လောက် ထိ နေရာရမယ်လို့ ခန့်မှန်းရပါတယ် ။ USDP ကလည်း အရင်ကအ ရှိန်တွေ နဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်ထိ ပါအောင်လုပ်မယ်လို့ယူဆရတယ် ။ NDF ၊ တစည တို့ ၂ ခုပေါင်းဟာ ၂၀၁၀ တုန်း က ၈ ရာခိုင်နှုန်းလောက်ရှိတာ ဖြစ်လို့ ၂၀၁၅ ရွေးကောက် ပွဲ ကျရင် တခြား ပါတီလေးတွေ ရော ၄င်းပါတီ ၂ ခုရောပေါင်းဟာ ၅ ရာခိုင်နှုန်းလောက်ထိရှိနိုင်တယ်လို့ ယူဆရပါတယ်။

ဆိုတော့ အတော်များများ မှန်းကြတာ ဟာ NLD က ၂၀၁၅ အလွန်မှာ ဝက်ဝက်ကွဲ နိုင်လိမ့်မယ်လို့ မှန်းကြတယ် ။ ဝင်ပြိုင်မယ်ဆိုရင် နိုင်လည်း နိုင်ပါလိမ့်မယ် ။ သို့သော လွှတ်တော် ထဲ ရောက်နိုင်တဲ့ အမတ်သည် ၄၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်သာ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ။
(ခန့်မှန်းချက်မျှသာ) ။ ဆိုတော့ ၂၅ ၊ ၂၅ ၊ ၁၅ ၊ ၃၅ ဆိုတဲ့ လွှတ်တော်တွင်းအချိုးကိုမြင့်ကြည့်ပါ ။ NLD နိုင်ခဲ့ လို့ အစိုးရဖွဲ့နိုင်သည့်တိုင် ဒီအချိုး အတိုင်းဖြစ်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံ ရမည်ဆိုတဲ့ အချက်နဲ့ ထည့်ကြည့်ပါ ။ အဲဒါဆိုရင် ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံပြင်ဖို့ စိုင်းပြင်းနေရသလဲ ။ သူရဲ့ တားဂတ်ဟာ ၅၉(စ) ဟုတ်ရဲ့လား ဆိုတာ ရေးရေးလေး မှန်းဆလို့ရမယ်ထင်တယ် ။

ကျွန်တော့ အတွေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်တက်ကိုင်တာဖြစ်ပါတယ် ။ ၂၅ ရာခိုင်နှုန်းက လျှော့ချရေး နဲ့ ၇၅ ရာခိုင်နှုန်းသဘောတူညီမှု ဆိုတဲ့ ဒူးလောက်ကိုတင်ပစ် လိုက်တာပါ ။ အဲဒီနည်းတူ ခွချက် နဲ့ လူထူအင်အား ပြသလို ၊ သမ္မတဖြစ်ချင်တယ်လေသံပစ်ပြီး ၅၉(စ) ၂ စဆွဲ ထုတ်သွားတာဖြစ်ပါတယ် ။ ဒါမှ သာ နောက်တစ်ဆက် လွှတ်တော် ထဲမှာ အသက်ရှုချောင်မယ်မလား ။ တကယ်လို့သာ ဒီတိုင်းပဲ ဆိုရင် အစိုးရဖွဲ့နိုင်သည့်တိုင် ဖွဲ့စည်းပုံတိုင်းပဲ ခရီးဆက်ရပါလိမ့်မယ် ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟာ ခပ်ဝေးဝေး ထိရောက်အောင်ကို တံဇဉ် ပစ် ပြီး မှိုကျင်း ဦးကြည့်တယ်လို့ မြင်ပါတယ် ။

ဆိုတော့ ကျွန်တော့် အတွက် စဉ်းစားစရာရှိလာတာ က ဒေါ်အောင်ဆန်းစုကြည်မှာ Plan B ရှိနေပြီလား ဆိုတဲ့ အတွေး ဖြစ်ပါတယ် ။ တကယ်လို့ Plan B ကောင်းကောင်းရှိခဲ့တယ်ဆိုရင်တော့ လာမဲ့ ၂၀၁၄ ဟာ ကျွန်တော်တို့ အတွက် စိတ်ဝင်စားစရာအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်လာမှာပါ ။ အဲလို မှမဟုတ်ဘူးဆိုရင်တော့ .... ကြမ်းကျွံတာ နှုတ်လို့ရတယ် ၊ စကားကျွံ့တာ နှုတ်လို့ မရဘူးဆိုတဲ့ အဆိုတွေလည်းရှိရဲ့မဟုတ်လား ။ အဲဒီတော့ ထွိုင် ကား ထဲ က အားခီးလက်စကားကို ပဲ ကျွန်တော် ပြန်ပြောချင်မိတယ် ....

"အာခီးလက်စ် ရဲ့နောက် ကို တစ်ယောက်တည်း လိုက်လာတဲ့ သူဟာ.....
သိပ်ရဲရင့် တဲ့ သူရဲကောင်းလား ...ဒါမှမဟုတ် ... သိပ်မိုက်မဲတဲ့သူလား"

မှတ်ချက် ။ ။ ကျွန်တော့် အတွေးမျှ သာ ။ သင့်မသင့် ချင့်၍သာယူလေ ။

~~ရုပ်ဆိုး~~

စုန်းပြူး


 
လူအယောက် သုံးဆယ်က
စနစ်တစ်ခု မှားနေမှန်းတော့ သိကြရဲ့
သို့ပေမယ့်
လက်ရှိအခြေအနေက ကိုယ့်ကိုယ်ကို ဆွဲနှုတ်ဖို့ကျ အင်အားမရှိ။

ကျန်တဲ့ဆယ့်ကိုးယောက်ဆိုတာ
လောကကြီးကို အပေါ်စီးက မြင်ကြသူတွေ ဖြစ်တယ်
မှားနေတဲ့စနစ်ကြီးကို ကိုယ့်ဆာလောင်မှုအတွက် အသုံးချ
စနစ်မှားကို စနစ်မှားအတိုင်း ထားဖို့ အလိုရှိတယ်။

“ငါလည်း စုန်းပြူးတော့ ဘယ်ဖြစ်ချစ်ပါ့မလဲ
ဒါပေမယ့် လူတွေ ချစ်အောင်ရော မုန်းအောင်ပါ
မနေတတ်တာက ငါ့ပြဿနာ” *
အဲဒီတော့လည်း အဲဒီလိုလူတစ်ယောက်က
စနစ်တစ်ခုကို ဖြစ်သင့်တဲ့အတိုင်း ရိုးရိုးသားသား ထောက်ပြရ။

လောကကြီး
လက်ရှိအနေအထားက လမ်းကြောင်းလွှဲသွားဖို့ဆိုရင်
သတမမြောက် စုန်းပြူးတွေကို လိုအပ်တယ်။ ။
................................

*Quotation by Shin Nyana
** သတမလူ = The Hundredth Man= အယောက်တစ်ရာမြောက်လူ။

ယောင်္ကျား ၊ မိန်းမတို့အကြောင်း



ဟုတ်တာပေါ့ဗျာ။ လူ့လောကကြီးမှာ "ယောင်္ကျားတွေ အလုပ်ရှုတ်နေရတာ ၊ မိန်းမတွေ အတွက် ဖြစ်သလို ၊ မိန်းမတွေ အလုပ်ရှုတ်နေကြတာလည်း ယောင်္ကျားတွေ အတွက်" မဟုတ်ဘူးလားဗျာ။

ယောင်္ကျားတွေ ပညာတွေကို သင် ၊ စီးပွားရေးတွေ လုပ် ၊ ငွေကို ကြိုးစားရှာနေကြတာ မိန်းမတွေ အတွက်မဟုတ်ဘူးလား။ မိဘအတွက် ရှာဖွေနေတဲ့သူကတော့  မရှိသလောက် ရှားပါတယ်။ မိန်းမတွေ အလှပြင်ဆိုင်သွားကြ ၊ အ၀တ်အစားအမျိုးမျိုး ၊ ဖက်ရှင် အမျိုးမျိုး နဲ့ ၀တ်ကြ စားကြ ၊ လှသထက် လှအောင် အမျိုးမျိုး လုပ်နေကြတာကလည်း ယောင်္ကျားတွေကို ဆွဲဆောင်ဖို့ ၊ ကိုယ့်ရီးစား ကိုယ့်လင်ယောင်္ကျား ကိုယ့်ကို အမြဲ စိတ်ဝင်စားနေအောင် အလုပ်ရှုတ်နေကြတာ မဟုတ်ဘူးလား ။

ဒါကြောင့် ဆိုရိုးစကား တစ်ခုဖြစ်ပေါ်လာတယ် မဟုတ်လား။ လောကကြီးဟာ ယောင်္ကျားနဲ့ မိန်းမ (၂)မျိုးတည်း ရှိနေလို့သာ ။
(၃)မျိုး ရှိရင်မလွယ်ဘူး ဆိုတဲ့ စကား။ ကြားဘူးမှာပေါ့။

ယောင်္ကျားတို့အကြောင်း ၊ မိန်းမတို့အကြောင်းကို ဟာသနှောထားတဲ့ စာတိုပေစ တွေကို ကျွန်တော့်ဘ၀ တစ်လျှောက်လုံး အတော်
များများ ဖတ်ခဲ့မှတ်ခဲ့ဘူးတဲ့ အထဲက ထိထိမိမိ ရှိလှတဲ့ အကြောင်းအရာ နှစ်ခုကို ဖောက်သည်ပြန်ချ လိုက်ပါတယ်။

(၁) မိန်းမတို့ အကြောင်း
-------------------------

အိမ်နီးနားချင်း အိမ်ထောင်သည် အမျိုးသမီး (၂)ယောက် ဈေးအသွားလမ်းမှာ တွေ့ကြရင်း စကားရပ်ပြောနေကြပါတယ်။ ဈေးက ပြန်လာတဲ့ မိန်းမနာမည်က ဒေါ်ဝ ၊ ဈေးကို သွားနေတဲ့ မိန်းမက ဒေါ်လှ ဆိုပါစို့။

ဒေါ်လှ ။ ။ ဟော ၊ မ၀တို့တော့ ဈေးတောင် ပြန်လာပြီ။ ကျွန်မကတော့ ခုမှ ဟန်ပြင်တုန်း။ ဒါထက် စကားမစပ် မနေ့ညက ဘာဖြစ်ကြတာတုန်း။ ညသန်းကောင်ကြီး ဆူလို့ညံလို့ . . . ရှင်တို့အိမ်ဖက်က ။

ဒေါ်ဝ ။ ။ မပြောချင်ပါဘူး မလှ ရေ။ အိမ်က အကောင်ပေါ့။ အလုပ်တော့ ကောင်းကောင်း မလုပ်ဘဲ ဟိုအရေတွေကို နေ့တိုင်းသောက် ၊ ပြီးတော့ မူးရင်လည်း ကောင်းကောင်းမနေဘဲ ၊ မိန်းမကို ဟိုလူနဲ့ စွပ်စွဲ ဒီလူနဲ့ စွပ်စွဲ နဲ့ ၊ ညကတော့ ကျုပ်လည်း မခံနိုင်လွန်းလို့ ပြန်ပြီး လုပ်တာ ၊ ဘာပြောကောင်းမလဲ ။ သူတစ်ပြန်ကိုယ်တစ်ပြန်ပေါ့။ သူကလည်း ကျမကို ရိုက် ၊ ကျမကလည်း ပြန်ပြီး ကုတ်ဆွဲ နဲ့ ၊ နပမ်းလုံးကြတာ ၊ တော်သေးတယ် ၊ ရက်ကွက်လူကြီးတွေ ရောက်လာလို့။

ဒေါ်လှ ။ ။ ဟုတ်ပါ့တော် ။ ကျမတို့တောင် အိပ်ပျော်နေရာက လန့်နိုးလာတယ်။ အင်း - ရှင့်မလည်း ဒီယောင်္ကျား နဲ့ တစ်ဒုက္ခနော်။ ပြောရရင် ယောင်္ကျားတွေလည်း ဘယ်ယောင်္ကျားမှ ကောင်းပါဘူးတော်။ ဒီပုပ်ထဲ ဒီပဲတွေ ချည်းပါဘဲ။ ဒါနဲ့ ဈေးက ဘာတွေ ၀ယ်ပြီး ပြန်လာတုန်း။

ဒေါ်ဝ ။ ။ မှိုလေးတွေတော်ရေ့ ။ ရာသီပေါ် ဖက်သွပ်မှိုလေးတွေလေ ။ သူများတွေ ၀ိုင်းဝယ်နေတဲ့ကြားက ကျုပ်ဖြင့် အတင်းလု ၀ယ်လာရတယ်။ ''အိမ်ကလူက မှိုဟင်းဆို သိပ်ကြိုက်တာလေ'' ။

ဒေါ်လှ ။ ။ သြော် သြော် ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ။

-----------------------------------------------------------

အဲဒါကတော့ မိန်းမတွေရဲ့ သဘာဝပါဗျား။ သဘောပေါက်ပါရဲ့နော်။ လာဦးမယ်ဗျာ ၊ ယောင်္ကျားတို့ သဘာဝ ။ ဆဲတော့ မဆဲကြနဲ့နော်။

အချိန်ကတော့ ဆောင်းအကုန် နွေအကူးကာလ နေ့လည်ပိုင်း အချိန်အခါလေးမှာပေါ့ဗျာ။

ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ "ဆံသဆရာ" နဲ့ "ဆံပင်ညှပ်သူ" နှစ်ဦး ဆံပင်ညှပ်ရင်း ထွေရာလေးပါး ဟိုအကြောင်း ဒီအကြောင်း ပြောဆိုနေကြပါတယ်။ အဲဒီအချိန်မှာ ဆိုင်ရှေ့နေပူကျဲကျဲမှာ လေပွေ လေရူးလေးတစ်ချက် တိုက်ခတ်လိုက်ပြီး ဖုန် နဲ့ အမှိုက်တွေဟာ လေပွေလေရူးနဲ့အတူ လွင့်ပျံ တက်နေတာကို ကြည့်ရင်း ဆံပင်ညှပ်ဆရာက ပြောလိုက်ပါတယ်။

ဆံသ ဆရာ ။ ။ ဟိုမှာတွေ့လား ။ နွေရောက်မယ် မကြံသေးဘူး ၊ လေရူးတွေ တိုက်နေတာ။ မနေ့က အဖြစ်ကို ခင်ဗျားကို ပြောရဦးမယ်။ မနေ့က လည်း ကျွန်တော် ခုလိုဘဲ လမ်းဘက်ကို လှည့်ပြီး ဆံပင်ညှပ်ပေးနေတုန်းပေါ့ဗျာ။ ကောင်မလေးတစ်ယောက် လမ်းလျှောက်လာတယ်ဗျ။

ကောင်မလေးက ကိုယ်လုံးကိုယ်ပေါက်က လှသလား မပြောနဲ့၊ တစ်တစ်ရစ်ရစ်ကလေး ။
အသားက ဖြူဖြူ ၊ ထမီအနီလေးကို တင်းရင်းနေအောင် ၀တ်ပြီး လမ်းလျှောက်လာတာ ကျွန်တော်ဖြင့် ဆံပင်ညှပ်တာတောင် ရပ်ထားရတယ် ၊ ကြည့်ကောင်းလို့။

အဲဒီတုန်းဗျာ ၊ ခုနကလို လေပွေပေါ့ ၊ ကောင်မလေးနား ကပ်ပြီး တိုက်ချ လိုက်တာ ဘာပြောကောင်းမလဲ ၊ ကောင်မလေး ၀တ်ထားတဲ့ ထမီ တိုတိုလေးဟာ လေပွေနဲ့ အတူ အပေါ်ကို လွင့်ပျံ တက်သွားတော့တာဘဲဗျာ ။

ဆံပင် ညှပ်သူ ။ ။ ဟာ ! ဟုတ်လား ။ ကောင်မလေးတော့ တော်တော့်ကို ရှက်သွားမှာပေါ့နော်။ လူတွေက အများကြီး မဟုတ်လား။

ဆံသ ဆရာ ။ ။ ရှက်မှာပေါ့ဗျာ။ အို ဒီနားမှာ ရှိတဲ့ ယောင်္ကျားမှန်သမျှ ၀ိုင်းကြည့်ကြတာ ။ ကောင်မလေးလည်း ထမိန်ကို ကဗျာကယာ ဆွဲချပြီး ပြေးလိုက်တာဆို လုံးနေတာဘဲ။

ဆံပင် ညှပ်သူ ။ ။ ကျွန်တော်ထင်တယ်ဗျ။ ကောင်မလေးက အသားကဖြူဖြူဆိုတော့ အဲဒီအချိန်မှာ ရှက်လွန်းလို့ သူ့မျက်နှာဟာ နီရဲနေမှာဘဲ နော်။ ဟုတ်လား။

ဆံသ ဆရာ ။ ။ အင်း အဲ အဲ ။ မျက်နှာ နီရဲနေလားတော့ မသိဘူးဗျ။ ဘာပြုလို့လည်း ဆိုတော့ အဲဒီ အချိန်မှာ ကျွန်တော် ကောင်မလေး မျက်နှာကိုတော့ မကြည့်မိလိုက်ဘူးဗျ။

ဆံပင် ညှပ်သူ ။ ။ သြော် ဟုတ်လား ။ အင်းပေါ့ ။ မျက်နှာကို ဘယ်ကြည့်မိပါ့မလဲ။ ဟုတ်တာပေါ့ဗျာ။

--------------------------------------------------------------------------

ဒါကတော့ ယောင်္ကျားတို့အကြောင်း ပေါ့ဗျာ။ ခင်ဗျား ၊ ကျွန်တော် ၊ ကြီးကြီး ငယ်ငယ် ယောင်္ကျားတွေ အားလုံး ဒီလို ချည်းပါဘဲဗျာ။ မဟုတ်ဘူးလား။ မဆဲနဲ့နော်။

ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

မေတ္တာဟာ နေရာတိုင်းမှာ ရှိပါတယ်



အားငယ်တတ်သူတွေဟာ အထီးကျန်တာကနေ စတာပဲ။ အထီးကျန်တတ်သူ တော်တော်များများဟာ ကိုယ့်ခံယူချက်က ပတ်ဝန်းကျင်ဆိုတာနဲ့  သဟဇာတ မဖြစ်တဲ့အတွက် တစ်ယောက်တည်းနေရင်း က ဖြစ်သွားတာပါ။

အမှန်တကယ်က သူတစ်ပါး ခံစားချက်ကို လစ်လျူရှုတာကြောင့်လည်း ပါတာပေါ့။ ကိုယ်က ဖြစ်ချင်တာတွေ ရှိပေမယ့်၊ အခြားသူအတွက့် ဖြစ်သင့်တာလေးတစ်ခုတော့ လုပ်ပေးသင့်ပါတယ်။ မေတ္တာဟာ အသွားအပြန်ရှိတာတော့ ယုံတယ်မလား။

မေတ္တာ မထားနိုင်ကြလို့ အထီးကျန်တာတွေ၊ အားငယ်တာတွေ ဖြစ်လာတာပါ။ လောကမှာ အပေါဆုံးအရာက မေတ္တာတရားပါ။နေရာတိုင်းမှာ မေတ္တာတရားကို ရှာလို့ ရနိုင်တယ်။ သို့ သော် ကိုယ့်မေတ္တာတော့ အရင်းပြုရပါမယ်။

လောကကြီးက ကိုယ်ပေးသလောက် ကိုယ့်ကို ပြန်ပေးတယ်ဆိုတာ ကြားဖူးမှာပါ။ ကိုယ့်မပေးလို့ ကိုယ်မရတာဘဲ ဖြစ်မှာပါ။ ဒါကြောင့် ဘ၀မှာ အထီးကျန်ခြင်း၊ အားငယ်ခြင်း မဖြစ်ရအောင် သူများရဲ့ အထီးကျန်ခြင်း၊ အားငယ်ခြင်းကို မိမိက ဖြည့်ဆီးပါဝင်ပေးလိုက်ပေါ့။

ပြုံးပြုံးလေးနေခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ



(၁) အပြုံးက သင့်ကို ဆွဲဆောင်မှုရှိစေပါတယ်

လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ တည်တဲ့ပုံတွေ ထက် ပိုပြီးဆွဲဆောင်မှုရှိတာကို လေ့လာမှုတွေအရ သိရ ပါတယ်။ မျက်မှောင်ကြုတ်တာ၊မျက်စောင်းထိုးတာ စတဲ့ အပြုအမူတွေက မျက်နှာကို ရှိရင်းစွဲ အသက်ထက် ပိုရင့် သလို ဖြစ်စေကာ ပြုံးတာက ငယ်နုတဲ့အသွင်ရစေတာ
ကြောင့်ပါ။

(၂) အပြုံးက စိတ်ကိုပြောင်းစေနိုင်တယ်

နောက်တစ်ခါ သင်စိတ်ဓာတ်ကျနေရင် ပြုံးနိုင်အောင် ကြိုးစားပြီး ပြုံးကြည့်လိုက်ပါ။ စိတ်ခံစားမှုက အကောင်းဘက်ကို ပြောင်းလဲသွားပါလိမ့်မယ်။ ပြုံးတာက စိတ်ကို ပြောင်းလဲစေတဲ့ လှည့်ကွက်တစ်ခုပါပဲ။

(၃) အပြုံးက ကူးစက်တတ်ပါတယ်

လူတစ်ယောက်က ပြုံးနေရင် အဲဒီအခန်းက လင်းနေသလိုပဲ တခြားလူတွေရဲ့စိတ်ကိုပါ ပျော်ရွှင်လာစေပါ တယ်။ ပြုံးနေတဲ့သူဟာ တခြားလူတွေဆီ ပျော်ရွှင်မှုကို သယ်ဆောင်လာတာပါ။

(၄) အပြုံးက စိတ်ဖိစီးမှုကို သက်သာစေပါတယ်

စိတ်ဖိစီးမှုဖြစ်နေရင် မျက်နှာမှာပေါ်လွင်နေပါတယ်။ အဲဒီအချိန်မှာ ပြုံးလိုက်ရင် သင်ရဲ့ ပင်ပန်းစိတ်ဓာတ် ကျပြီး နွမ်းနယ်နေတဲ့ပုံပျောက်သွားပါလိမ့်မယ်။

(၅) အပြုံးက ကိုယ်ခံစွမ်းအားစနစ်ကိုမြင့်တက်စေပါတယ်

ပြုံးတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းကောင်းအလုပ်လုပ်အောင် ကူညီနိုင်ပါတယ်။
ပြုံးလိုက်တဲ့အခါ ခုခံအားဆိုင်ရာလုပ်ငန်းဆောင်တာတွေက ကောင်းမွန်သွားတာကြောင့် အပန်းပြေစေပါ တယ်။

(၆) အပြုံးက သွေးဖိအားကိုလျော့ကျစေပါတယ်

ပြုံးလိုက်တဲ့အခါ သွေးဖိအားက သိသိသာသာလျော့ကျသွားပါတယ်။ အိမ်မှာ မိနစ်အနည်းငယ်ကြာထိုင်ပြီး
သွေးပေါင်တိုင်းကြည့်ပါ။ တစ်မိနစ်လောက်ပြုံးပြီး ပြုံးနေရင်းမှာပဲ သွေးပေါင်ထပ်တိုင်းကြည့်ပါ။ ခြားနားချက် ကို သင်တွေ့ရပါလိမ့်မယ်။

(၇) အပြုံးက ကောင်းတဲ့အရာတွေထွက်စေတယ်

လေ့လာမှုတွေအရ ပြုံးတာကြောင့် အန်ဒေါ်ဖင်၊ သဘာဝ အကိုက်အခဲပျောက်ဆေးနဲ့ ဆီရိုတိုနင်စတဲ့
ကောင်းတဲ့ဓာတ်တွေ ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြုံးတာကို သဘာဝဆေးဝါး တစ်လက် လို့ ဆိုကြတာပါ။

(၈) အပြုံးက မျက်နှာကို ပင့်တင်ပေးပြီး နုပျိုစေပါတယ်

ပြုံးလိုက်တဲ့အခါမှာ ကျွန်မတို့သုံးလိုက်တဲ့ ကြွက်သားတွေက မျက်နှာကို ပင့်တင်ပေးလိုက်သလိုဖြစ်စေတာကြောင့် ပိုနုပျိုတဲ့ ပုံဖြစ်သွားစေပါတယ်။

(၉) အပြုံးက အောင်မြင်သူတစ်ဦးလို ထင်ရစေတယ်

ပြုံးနေတဲ့သူတွေကို ကြည့်ရတာ ယုံကြည်မှုပိုရှိတဲ့ဟန်ပေါက်စေပြီး လုပ်ငန်းကိစ္စတွေမှာ စိတ်ချရတဲ့ပုံပေါက်စေပါတယ်။ အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့ တွေ့ဆုံမှုတွေမှာ များများပြုံးလိုက်ပါ။ အရင်နဲ့မတူတဲ့တုံ့ပြန် မှုကို ရရှိလာပါလိမ့်မယ်။

(၁၀) အပြုံးက အကောင်းမြင်စေပါတယ်

ပြုံးပြုံးလေးနေရင်း တစ်ခုခုကို အဆိုးဘက်က တွေးကြည့်ဖို့ မလွယ်ပါဘူး။ သင်ပြုံးလိုက်တဲ့အခါမှာ ဦးနှောက် ဆီကို “ဘ၀က နေပျော်စရာကောင်းတယ်” ဆိုတဲ့ သတင်းပေးပို့မှု ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။

ပြုံးပြုံးလေးနေရင်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ ပူပင်သောကတွေကို ဖယ်ရှားလိုက်ပါ။


#ရှမ်းကလေး

အဆိုးမြင်ဝါဒီ ဘဖိုးကြည်


ဘဖိုးနီ သင်္ကန်းဝတ်သွားတော့ ဘာပြောတယ်မှတ်သလဲ။“ဒီကောင် သင်္ကန်းဝတ်တာ တရားရလို့များမှတ် မနေနဲ့ဟေ့။ ကပ်စရာမိန်းမ မရှိတော့လို့ ၀တ်တာ” တဲ့။

အဲဒီရွာလူကြီးဆိုပေမယ့် ကိုယ်တိုင်ဦးစီးဦးဆောင်ဘာတစ်ခုမှ မလုပ်ပဲ လုပ်တဲ့သူတွေကျတော့လည်း ဘယ်တော့မှ အကောင်းမပြောဘူး။ ရွာ မြောက်ပိုင်းချောင်းကူးတံတားဆောက်တုန်းကပေါ့။ ရွာသူ ရွာသားတွေ တက်ညီလက်ညီနဲ့ ၀ိုင်းပြီးဆောက်လိုက်ကြလို့ တံတားကြီးအပြီးမှာ ဘဖိုး ကြည်ကိုခေါ်ပြီး ပြတော့ တံတားနည်းနည်းစောင်းနေတာလဲမြင်ရော။ “မင်းတို့တံတားက မျက်စိစွေတဲ့သူတွေကြည့်ရင် ကွက်တိပဲ”တဲ့။

အုပ်စုတစ်စုထဲမှာ ရှိတဲ့ ရွာတွေ စုပေါင်းပြီး ဘုရားပွဲအကြို ဘောလုံးပွဲ ကျင်းပလေ့ရှိတယ်။ ဖြစ်ချင်တော့ ဘဖိုးကြည်လာကြည့်တဲ့ပွဲတိုင်းရွာသား တွေရှုံးတော့ လူကြီးပီပီအားပေးစကားလေးများပြောကြားပေးမလားမှတ် တယ်။ ဘယ်ဟုတ်လိမ့်မလဲ မဲ့ပြုံးပြုံးပြီး မချိုမချဉ်မျက်နှာကြီးနဲ့ပြောလိုက် တာက။ “ရှုံးမှာပေါ့ မင်းတို့ပြေးနေတာ လိပ်ခြေထောက်ချိုးထားတဲ့အတိုင်းပဲ။ ဒီ အတိုင်းဆို သိကြားမင်းဆင်းပြီးမင်းတို့ဘက်ကကူကန်ပေးတောင် နိုင်မှာ မဟုတ်ဘူး”တဲ့။

ဘဖိုးကြည် လာမကြည့်တဲ့ နှစ်ကျမှပဲရွာသားတွေခြေစွမ်းထက် ဖိုင်နယ်ပွဲ တက်ခဲ့ပြီး နောက်ဆုံး ဒိုင်းဆုကြီးကို အရယူနိုင်ခဲ့တယ်။ ဒီတစ်ခါတော့ ဘဖိုးကြည်ရဲ့ချီးကျူးစကားသံ သေချာကြားရပြီဆိုပြီး ထော်လာဂျီသုံးစီး အပြည့်အသိပ်ပါလာတဲ့ ရွာသူရွာသားတွေ ဘောလုံးကွင်းကနေ တောက် လျောက် ဘဖိုးကြည်အိမ်ရှေ့အရောက်မောင်းလာပြီး “ဒိုင်းဆုရခဲ့ပြီ ဘဖိုးကြည်၊ ဒိုင်းဆုရခဲ့ပြီ ဘဖိုးကြည်လို့ သံပြိုင် အော်ဟစ် လိုက်ကြတယ်။

ဒီတင် ဘဖိုးကြည်အိမ်ထဲက ထွက်လာပြီး ပြန်ပြောလိုက် ပုံက “အော် မင်းတို့နိုင်ခဲ့တာလားဒါဆိုရင်သေချာပြီ။ ဟိုဘက်အသင်းကကောင် တွေ ခြေထောက်တစ်ချောင်းစီပဲပါလို့နေမှာပါကွာ”တဲ့ ကဲကောင်းကြသေး ရဲ့လားဗျာ ဒီတစ်သက်တော့ကျုပ်တို့ရွာသားတွေ ဘဖိုးကြည်ရဲ့ ချီးကျူး သံကြားရမယ်မထင်တော့ပါဘူး။

"လေညှင်းလေးကပြောသွားတယ်"


စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာဒါလား
ဒါဆို မယူတော့ဘူး
မတောင်းတော့ဘူး
မစစ်မှန်တာကိုတော့ နားလည်အောင်ပြောပြပေးပါအုံး
နွားတစ်ဘက်ကောင်းရုံနဲ့
ချောင်းကိုမတက်နိုင်ဘူးဆိုတာ
ခင်ဗျာတို့တတွေ သိမှမသိကြတာ
ပြည်သူကို ပူးပေါင်းစမ်းပါ့လား.....

ခုတော့ဘာတဲ့
နှစ်ပွင့်ဆိုင် သုံးပွင့်ဆိုင်ကနေ
လေးပွင့်ဆိုင်ဖြစ်လာပြီ
ကြာလာရင် ငါးပွင့်ဆိုင်လာတော့မယ်သတိထား
ဗိုလ်ချုပ်လက်ထက်နောက်
ပြောလိုက်ကြတဲ့
တိုင်းပြည် ငြိမ်းချမ်းရေး
တိုင်းပြည်တိုးတက်ရေး
ပညာရေး လူမှုရေး စားဝတ်နေရေး
ခင်ဗျားတို့မပြောလည်း ပြည်သူတွေကလုပ်မှာပါ....

ခင်ဗျားကြီးတို့ကသာ
ဆိုဖာကြီးတွေပေါ်ထိုင်
အဲယားကွန်းတွေဖွင့်
စာအုပ်ဒါဇင် ဘောပင်ဒါဇင်ကုန်အောင်
ဟိုရေးဒီရေး
ကျုပ်ကလေး ပုံဆွဲတာကမှ တက်လှမ်းမြင်သေး
ဘယ်လောက်ကြာပြီလည်း
နိုင်ငံ့ဆင်းရဲမွဲတေမှုလျှော့ချေ
ရးဆိုပြီး
ရတနာစိန်ကျောက် မှိန်ဖျောက်တမ်းကစားနေတာ
မိုးကုတ်မြို့နယ်တစ်ခုလုံး အိမ်သာကျင်းတူးစရာမလိုတော့ဘူး
နေ့လည်ကြောင်တောင်
ကားနဲ့တင်မောင်းသွားတဲ့ သစ်တွေက
မှောင်ခိုတဲ့လား
အကမ်းတွေ ဂိတ်စောင့်ခန့်ထားတာလား
ဘယ်အရပ်ကိုသွားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းမှန်းမသိ
အဲ့ဒီပိုက်လိုင်းဘေးက အိမ်သေးသေးလေးတွေမှာ ဖယောင်းတိုင်တွေသုံးနေရတာ
ရင်နာစရာကောင်းလိုက်တာဗျာ...

နိုင်ငံအကြွေးက
တစ်နိုင်ငံလုံး တလင်းခါရင်ရော
ကျေပါ့မလားးးး
နိုင်ငံခြားဘဏ်မှာ ၁၁ဘီလျံ ရှယ်ယာဝင်ထားတာဆိုတာကျတော့
ဖော်ထုတ်မပြဘူး
ရေပေါ်အရုပ်ရေးပြထားတယ်
ဒီအကောင်တွေချယ်လှယ်တာပဲ
ပြည်သူတွေက ခံနေရတယ်
သူတို့တွေ အာဏာမသုံးဘူးဆိုတာဟုတ်ပါ့မလားးး
နယ်တွေမှာ 'ထရောင်းကုမ္ပဏီ'ကနေ
တောင်သူတွေအတွက် အရစ်ကျငွေချေးပါတယ်
မပေးနိုင်ရင် ယာသိမ်း ဝိုင်းသိမ်းတဲ့
ဥက္ကဌတွေကို ခိုင်းတယ်....
ရင်နာစရာမှ တကဲ့ကိုရင်နာစရာဗျာ...
အရာရာကို ဖိနှိပ်ထားတာ အာဏာရှင်မဟုတ်တဲ့ အာဏာရှင်တွေရဲ့ ပထွေးတွေကလေ...
သူ့ပထွေးက ခိုင်းရင် အကုန်လုပ်ပေးတယ်
ဟိုဒင်း ဟိုဟာလုပ်ခိုင်းရင်တောင်
လုပ်ပေးမဲ့ဟာတွေလားမသိဘူး...

စာမတတ် ပ ပျောက်ရေးပြောပြီး
ပညာတတ် ပ ပျောက်ရေးလုပ်ထုံးတွေကျင့်နေတာများလား
မီးဘေးရှောင် ဖယောင်းတိုင်မသုံးရ ဆိုပေမဲ့
ဒီကလေးတွေ ညဘက်ဘာနဲ့စာကျက်ရမှာလည်း
နေ့ဘက် မိဘကူပြီး ညဘက်စာကျက်ချင်ပေမဲ့
ဖယောင်းတိုင်ဈေးကြီးတော့
မိဘတွေမှာ ကိုယ့်သားသမီးလေးတွေကို ကစားချိန်မှာ မကစားစေပဲ ဆူပူငေါက်ပြီး စာကျက်ခိုင်းနေရတယ်
ပြဌာန်းချက်စာအုပ်တောင် စာရင်းပေးနောက်ကျရင် မရလေတဲ့ခောတ်မှာ ပညာရေးက
ကောင်းလာနိုင်ပါ့မလား
နိုင်ငံခြားကို နေ့ချင်းပြန်လေယာဉ်နဲ့ ကျောင်းတက်နေတဲ့သူတွေဆီက
တစ်ရက်အသုံးစရိတ်လောက်ကလေး
ထရံပေါက်နေတဲ့ကျောင်း
မိုးမလုံတဲ့ကျောင်းတွေမှာ
ဒါနလေးလုပ်ပေးစမ်းကြပါလား

ခုတော့.....
မိဘမဲ့ကျောင်း
ကျောင်းဆောင်သစ်ဆောက်လုပ်ဖို့
အမိုး မိုးဖို့
အကာ ကာဖို့
ဘာဖို့ ညာဖို့နဲ့
အပြင်မှာ အလှူခံတွေခြေခြင်းလိမ်နေတာ
မသိကြလေသလားဗျာ.....
အစိုးရကျောင်းဆိုပြီး
အဆိုးတွေရ နေတာ မသိကြဘူးလား
မျက်ကန်းတစ္ဆေဖြစ်နေရော့လားးး
မျက်လုံးတွေက
တောတွေ
တောင်တွေ
လယ်တွေ ကိုပဲမြင်နေသလားဗျာ..
အသုံးတော် ခံစရာတွေလည်း
ကုန်ခမန်း လိလိဖြစ်နေပါပြီ
အဖိုးတွေ အဖွားတွေအရွယ် တရားစခန်းနဲ့ သပိတ်စခန်း
နေရာလွဲနေကြရပြီ.....
ကလေးတွေ လမ်းဘေးမှာစာသင်နေကြရပြီ...

လေညှင်းလေးက
တိုးတိုးလေးပြောသွားပါတယ်...
ဆီးဂိမ်းက
သိပ်ပျော်စရာ ကောင်းတာပဲတဲ့
ကမ္ဘာအဆင့်မှီပါတယ်တဲ့
မှီမှာပေါ့ တရုတ်ပညာရှင် ၇၀၀ ခေါ်ပြီးစည်းမျဉ်းချထားတာကို
နောက်ပြီး ရင်းနီးမှုကို တရုတ်ကရှယ်ယာဝန်ဆောင်ထားတယ်တဲ့
ဧရာဝတီ နံမိတ်မကောင်းဘူးဆိုပဲ
ယတြာကြေအောင်
မြန်မာတွေနိုင်မှဖြစ်မယ်တဲ့လေ...
သရေ အရှုံးဖြစ်လာနိုင်တယ်တဲ့ဗျာ
ကဲ.....
ခင်ဗျားကြီးတို့
ဘာဆက်လုပ်ကြအုံးမလဲ......?


စိုးမင်း~အချစ်ချို

Saturday, March 22, 2014

ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး

 

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကာလတုန်းက အိမ်ရှင်မ တစ်ယောက်ဟာ သူ့မိသားစု စားဖို့အတွက် ပေါင်မုန့်ဖုတ်နေပါတယ်။ အဲဒီလို ပေါင်မုန့်ဖုတ်နေရင်းမှာ စိတ်ကူးတစ်ခုရပြီး ပေါင်မုန့်အပိုတစ်လုံးကိုပါ ဖုတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့်ကို ဗိုက်ဆာနေတဲ့ တစ်ယောက်ယောက်များ ရှိခဲ့ရင် ယူသွားနိုင်ဖို့အတွက် သူတို့အိမ်ရှေ့ ပြူတင်းပေါက်မှာ ထားထားလိုက်ပါတယ်။ အဲဒီပေါင်မုန့်ကို ပြူတင်းပေါက်မှာ ထားထားရင်း အိမ်ကနေ အဝေးတစ်နေရာကို ထွက်သွားတဲ့ သူမရဲ့သားလေး အန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းတတ်ပါတယ်။ သူမရဲ့ သားလေးဟာ တိုးတက်ရာတိုးတက်ကြောင်း ရှာဖို့ဆိုပြီး မြို့ကို ထွက်သွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ခုချိန်မှာ စစ်ဖြစ်လာတဲ့အတွက် သတင်းမကြားရတာ ကြာပြီဖြစ်တဲ့ သူမ သားအတွက် ရတက်မအေးနိုင်အောင် ရှိနေခဲ့ရပါတယ်။ ဒါကြောင့်လည်း သူမသားလေး အန္တရာယ် ကင်းရှင်းအောင် ဆုတောင်းနေရတာ ဖြစ်ပါတယ်။

အိမ်ရှင်မရဲ့ ပေါင်မုန့်ကို ပြူတင်းပေါက်မှာ စထားတဲ့နေ့ကစပြီး လာလာယူတဲ့သူက ခါးကုန်းကုန်း ရုပ်ဆိုးဆိုး အဖိုးကြီးတစ်ယောက် ဖြစ်ပါတယ်တဲ့။ အဲဒီ အဖိုးကြီးဟာ ပေါင်မုန့်ကို ယူပြီးတိုင်း အိမ်ရှင်တွေကို ကျေးဇူးတင် ဝမ်းမြောက်တဲ့ အပြုအမူ ပြရမဲ့အစား စကားတစ်ခွန်း ကိုသာ ထပ်တလဲထဲ ရွတ်ဆိုပြီး အဝေးကို ထွက်ခွာသွားတတ်ပါတယ်။ သူဆိုသွားတဲ့ စကားက "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့ စကားဘဲဖြစ်ပါတယ်။

အိမ်ရှင်မဟာ နေ့တိုင်းနေ့တိုင်း ပေါင်မုန့်တစ်လုံးတစ်လုံး ပိုဖုတ်ပြီး ပြူတင်းပေါက်မှာ တင်ထားမြဲ တင်ထားပြီး သူမသားလေး ဘေးရန် ကင်းရှင်းပြီး ပြန်ရောက်လာစေကြောင်း ဆုတောင်းလေးရှိသလို ခါးကုန်ကြီးဟာလည်း နေ့စဉ်နေ့တိုင်း အဲဒီပေါင်မုန့်ကို လာလာ ယူမြဲဖြစ်ပါတယ်။ လာယူတိုင်းလည်း သူ့ပါးစပ်ကနေ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို တဖွဖွ ရေရွတ်ပြီး ထွက်ခွာသွားလေ့ရှိပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ကြာလာတဲ့အခါကျတော့ အိမ်ရှင်မရဲ့စိတ်ထဲမှာ ခံရခက်လာပါတယ်။ ပေါင်မုန့်ကို နေ့တိုင်းလာယူပေမဲ့ ကျေးဇူးတင်စကား၊ ကျေးဇူးတင်တဲ့ အမူအရာ တစ်ခွန်းမှ ပြောဖော်မရဘဲ သူ ပြောနေကျ စကားကိုသာ သူ့ဖာသူ တီးတိုး ရေရွတ် ပြောဆိုသွားခဲ့ပါတယ်။
"မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကိုသာ ကြားနေရတော့ အိမ်ရှင်မဟာ ဒေါသထွက်သလို ဖြစ်လာပါတော့တယ်။ "ဒီခါးကုန်းကြီးဟာ နေ့တိုင်းနေ့တိုင်း ငါထားထားတဲ့ ပေါင်မုန့်လာလာယူပြီး ကျေးဇူးတင်စကားတစ်ခွန်းတောင် ပြောဖို့ မသိတတ်ဘူး ။ ဘာမဟုတ်တဲ့ စကားတွေဘဲ ပြောပြောသွားတယ်။ ဘယ်လိုလူစားမျိုးလဲ မသိဘူး" လို့ တွေးမိပြီး "ဒီလောက်တောင် ကျေးဇူး မသိတတ်၊ ကျေးဇူးတင်စကား ပြောဖို့ ဝန်လေးတတ်တဲ့ ဒီခါးကုန်းကြီး နောက်ကို ငါထားတဲ့ ပေါင်မုန့်တွေ လာမယူတော့ အောင် တစ်ခုခုလုပ်မှ ဖြစ်တော့မယ်" လို့ စိတ်ကူးရေရွတ်မိပါတယ်။

အဲဒီလိုနဲ့ မိုးခပ်ဖွဲဖွဲ ရွာနေတဲ့ တစ်ရက်မှာ အိမ်ရှင်မဟာ ပေါင်မုန့် အပိုတစ်လုံး ဖုတ်မဲ့အထဲကို အဆိပ်တစ်မျိုးကို ထည့်လိုက်ပါတယ်။ အဲဒီလို အဆိပ်ကိုထည့်ပြီး ဖုတ်မယ် ပြင်နေတုန်းမှာ အိမ်ရှင်မရဲ့လက်တွေဟာ တစ်ဆတ်ဆတ် တုန်ယင်လာပြီး " ငါ ဘာတွေ လုပ်ဖို့ စိတ်ကူးနေတာလဲ။ ပေါင်မုန့်ကို မရှိနွမ်းပါးသူ ဘယ်သူဘဲယူယူ ဆိုတဲ့ စိတ်ကူးနဲ့ ပြူတင်းပေါက်နားမှာ ထားဖို့ ငါ နေ့စဉ်ဖုတ်နေတာဘဲ။ ဒီခါးကုန်းကြီး ကျေးဇူးတင်တင် မတင်တင်၊ ငါစေတနာ ပျက်စရာလိုလို့လား " လို့ အသိတရား ပြန်ဝင်လာပြီး အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို မီးဖိုထဲ ပစ်ချလိုက်ပြီး နောက်ထပ် အသစ်တစ်လုံးကို ထပ်မံပြုလုပ်ပြီး ပြူတင်းပေါက်ပေါ် တင်ထားလိုက်ပါတော့တယ်။

လာနေကျအတိုင်း ခါးကုန်းကြီးပေါ်လာပြီး အိမ်ရှင်မထားထားတဲ့ ပေါင်မုန့်ကို ယူပြီး ခါတိုင်းလို "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို ရေရွတ်ပြီး ထွက်သွားပြန်ပါတယ်။ အဲဒီနေ့ ညနေမှာတော့ သူမတို့ အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါတယ်။ တံခါးလည်း ဖွင့်လိုက်ရော အံ့သြစရာကို သူမ တွေ့လိုက်ရပါတယ်။ အဲဒါက စာမလာသတင်းမကြား အတန်ကြာ ပျောက်နေတဲ့ သူမရဲ့ သားဟာ တံခါးရှေ့ကို ရောက်နေခဲ့ပါပြီ။ သူမရဲ့သားဟာ ကျုံလှီ ပိန်ခြုံးနေပြီး အဝတ်အစားတွေဟာလည်း စုတ်ပြဲညစ်နွမ်းလို့ နေပါတယ်။ ပြီးတော့လည်း အင်အားချည့်နဲ့ မောပန်းပြီး အလွန်တရာမှာ ဆာလောင် ငတ်မွတ်နေတဲ့ ပုံ ပေါ်ပါတယ်။

သူမ သားလေးဟာ မိခင်ဖြစ်သူကိုလည်း မြင်ရော အားရဝမ်းသာ ပြေးဖက်လိုက်ပြီး " မေမေရယ် ကျွန်တော်ဖြင့် အိမ်ကိုတောင် ပြန်မှ ရောက်ပါတော့မလားလို့ ။ ခုမှဘဲ စိတ်အေးရတော့တယ်" လို့ ပြောလိုက်တော့ မိခင်ဖြစ်သူက "ဘာတွေများဖြစ်ခဲ့လဲ သားရယ်.. မေမေ့ကို ပြောပြပါဦး" လို့ ပြန်မေးပါတယ်။ သားဖြစ်သူက " ကျွန်တော် မြို့ကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး တိုက်ပွဲတွေကို ရှောင်ကွင်းပြီးလာခဲ့ရတယ်။ တောထဲ တောင်ထဲကိုလည်း ဖြတ်ခဲ့ရတယ်။ အိမ်နဲ့ သိပ်မဝေးတော့တဲ့ နေရာရောက်တော့ ကျွန်တော့်မှာ ဘာမှ စားစရာမရှိတော့ဘူး ဝယ်စားဖို့ ငွေလည်း မရှိတော့ဘူး။ အစာမစားရတာ ကြာတော့ အားပြတ်ပြီး လဲကျတော့မလို ဖြစ်နေခဲ့တယ်။ ကျွန်တော်တော့ သေတော့မယ်လို့ကို အောက်မေ့တော့တာဘဲ။ အဲဒါ ဒီမနက်မှာ ခါးကုန်းအဖိုးကြီးတစ်ယောက်က ကျွန်တော့်ဘေးကနေ ဖြတ်သွားတော့ သူ့လက်ထဲမှာ ကိုင်လာတဲ့ ပေါင်မုန့်တစ်လုံးကိုတွေ့လိုက်ရလို့ ကျွန်တော်လည်း ပေါင်မုန့်တစ်ဖဲ့လောက် ကျွေးပါလို့ တောင်းပန်ပါတယ်" လို့ ပြောပြပါတယ်။

အဲဒီတော့ ခါးကုန်းကြီးက ပေါင်မုန့်ကို သားကို ကျွေးရဲ့လား လို့ မိခင်က မေးတော့ "ဟုတ်တယ် မေမေ။ ခါးကုန်းကြီးဟာ ကျွန်တော့်ကို သူ့လက်ထဲက ပေါင်မုန့်တစ်လုံးလုံးကို ပေးခဲ့ပြီး " ဒီပေါင်မုန့်ဟာ ငါနေ့တိုင်း စားနေကျရိက္ခာဘဲ။ ဒါပေမဲ့ ဒီပေါင်မုန့်တစ်လုံးလုံး မင်းကို ပေးခဲ့ပါမယ်. ဘာဖြစ်လို့လဲ ဆိုတော့ ခုချိန်မှာ ငါ့ထက် မင်းက ဒီပေါင်မုန့်တစ်လုံးကို ပိုလိုအပ်နေတဲ့သူ ဖြစ်နေလို့ပါဘဲ" လို့ ပြောသွားခဲ့တာပါ။ ကတယ်ကို ကျွန်တော့်ရဲ့ အသက်သခင်လို့ ပြောရမယ် မေမေရေ. အဲဒီပေါင်မုန့်သာ ကျွန်တော် မစားရရင် ဒီကိုတောင် ရောက်အောင် လာနိုင်ဖို့ မမြင်တော့ပါဘူး။ ကျွန်တော်ဟာ အစာငတ်ပြီး သေရုံသာ ရှိပါတော့တယ် လို့ ပြောပြလိုက်ပါတယ်။

သားရဲ့ စကားကို ကြားရတော့ မိခင်ဖြစ်သူက အံ့သြထိတ်လန့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး မူးမေ့လဲကျမတတ် ခံစားလိုက်ရတဲ့အတွက် တံခါးဘောင်ကို လှမ်းထိန်းလိုက်ရပါတယ်။ သူမဟာ ဒီမနက်မှာ ပေါင်မုန့်ထဲကို အဆိပ်ထည့်ပြီး ဖုတ်ဖို့ လုပ်ခဲ့မိပါသေးတယ်။ ဒီမနက်မှာ အဲဒီပေါင်မုန့်ကို ခါးကုန်းကြီးကသာ ယူသွားမိခဲ့ရင် အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို စားမိသူက သူမရဲ့ အချစ်ဆုံး သားလေးဖြစ်မှာ အသေအချာပါ။ အဲဒီလိုသာဆိုရင် သူမ သားလေးကိုလည်း ဆုံးရှုံးရဖို့ သေချာသလောက် ရှိပါတယ်။ အဲဒီတော့မှ ခါးကုန်းကြီး ပြောပြောသွားတဲ့ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက် နားလည်မိရပါတော့တယ်။

ခါးကုန်းကြီးကို အဆိပ်မိစေချင်စိတ်နဲ့သာ ပေါင်မုန့်ထဲ အဆိပ်ထည့်ပြီးသာ ဖုတ်ခဲ့မိရင် အဲဒီမကောင်းတဲ့ စိတ်ထားရဲ့ အကျိုးဆက်ဟာ သူမသာ ပြန်ခံစားရမှာ ဖြစ်ပါတယ်။ ခုတော့ မကောင်းတဲ့စိတ်ရိုင်းကို ဖယ်ပြီး စိတ်ကောင်းကောင်းဖြင့် ပေါင်မုန့်အကောင်းကိုသာ ဖုတ်ဖြစ်ခဲ့တဲ့အတွက် သူမသားလေး ပြန်ရောက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမပြူတင်းပေါက်မှာ နေ့စဉ်ထားဖြစ်ခဲ့တဲ့ ပေါင်မုန့်ကလေးက သူမသားအသက်ကို ကယ်လိုက်တာသာ ဖြစ်ပါတော့တယ်။ မိခင်ဖြစ်သူဟာ သူမရဲ့ တစ်သက်တာမှာ မကောင်းမှုကိုလုပ်ဖို့ ဘယ်တော့မှ ကြံစည်ဖြစ်တော့မှာ မဟုတ်တာ သေချာပါတယ်။

ကောင်းမှုတစ်ခုခု(သို့မဟုတ်) ကောင်းသည်၊ မှန်သည်ဟု မိမိလေးနက်စွာ ယုံကြည်ထားသည့် အရာတစ်ခုခုကို ပြုလုပ်သည့်အခါ မည်သူ တစ်ဦးတစ်ယောက်ကမျှ အသိပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ချီးကျူးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ မိမိလုပ်လက်စ ကောင်းမှုဟု မိမိယုံကြည်သော အလုပ်ကို ပြုလုပ်မြဲ ဆက်ပြုလုပ်ပါ။ ထိုကောင်းမှုနှင့် ထိုက်တန်သော ကောင်းကျိုးကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် သင်ကိုယ်တိုင် သေချာပေါက် ပြန်လည်ခံစားရမည်ဖြစ်သည်။

                                                                    Credit- အစိမ်းရောင်လွင်ပြင်

Thursday, March 6, 2014

သြဇာအရှိဆုံး မိန်းမတွေနဲ့ပက်သက်သော အဆိုးဆုံး ပုံသေမူ ၁၀ ချက်


  မိန်းမတွေဟာ နိုင်ငံတော်သမ္မတတွေ၊ ကော်ပိုရိတ် လုပ်ငန်းကြီးတွေရဲ့ ခေါင်းဆောင်တွေ၊ မီဒီယာလောကမှာ သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေထိ ဖြစ်လာနေချိန်မှာ မိန်းမဆိုတာကြောင့် ဆိုးဝါးတဲ့ထင်မြင်မှုတွေကိုလည်း ကြုံနေရဆဲပါ။ ဒီထဲမှာမှ Forbes မဂ္ဂဇင်းကြီးဟာ သြဇာအရှိဆုံး မိန်းမတွေထင်မြင်ခံနေရတဲ့ အဆိုးဆုံး ပုံသေမူ ၁၀ ချက်ကို ဖော်ပြလာပါတယ်။
1.ရေခဲဘုရင်မ
လုပ်ငန်းခွင်မှာ ခံစားချက်ပြတတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ပျော့တယ်၊ ဦးဆောင်ဖို့ မသင့်လျော်ဘူးလို့ သတ်မှတ်ခံရပါတယ်။ ခံစားချက်ကို မပြဘဲ အေးစက်စက်နဲ့  မိန်းမ မဆန်မှ ဦးဆောင်လုပ်ကိုင်နိုင်တာပါတဲ့။

2.တစ်ယောက်တည်းနဲ့အထီးကျန်
မိန်းမတွေအရမ်းသြဇာရှိနေပြီဆို ယောကျာ်းတွေလန့်သွားမယ်။ မိန်းမခေါင်းဆောင်မှန်ရင် တစ်ယောက်တည်းသမား၊ အထီးကျန်ဖြစ်ရမယ်ဆိုတဲ့ အမြင်တွေလည်းရှိပါတယ်။
3.မာကျောမှု
Wall Street မှာ စုံစမ်းစစ်ဆေးရေးသတင်းထောက် အနေနဲ့ ခက်ခဲတဲ့အလုပ်မျိုး လုပ်ခဲ့တယ်။Time မဂ္ဂဇင်းကြီးရဲ့ ထိပ်တန်းနေရာကို ရောက်ရှိခဲ့တယ်။ လက်ရှိမှာ New York Times ရဲ့ ပထမဦးဆုံး အမှုဆောင်အယ်ဒီတာ အမျိုးသမီးတစ်ဦးလည်း ဖြစ်တဲ့ အေဘရမ်ဆန်က “ကျွန်မမှာ မာကျောတဲ့စံတွေရှိတယ်။ သတင်းရေးသားပုံစံချရာမှာ ကျော်ကြားတဲ့နည်းလမ်းရှိတယ် ဆိုပေမဲ့  ကျွန်မကိုယ် ကျွန်မ မာတဲ့လူလို့မထင်ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။မာတဲ့အမျိုးသမီးလို့ ထင်ခံရတာကို သူက မနှစ်သက်ပါဘူးတဲ့။
4.ပျော့ပြောင်းမှု
မိန်းမတွေအတွက် ပျော့တယ်ဆိုတဲ့ ပုံသေစံဟာ မိန်းမတွေကိုယ်တိုင် ဒီထင်မြင်ချက်တွေအတိုင်း တည်ဆောက်ချင်တဲ့ ဆန္ဒတွေကနေ အမြစ်တွယ်လာတယ်လို့ ကော်စတာရီကာရဲ့ ပထမဆုံးမိန်းမသမ္မတ လော်ရာချင်ချီလာက ယုံကြည်ပါတယ်။ “ကျွန်မတို့နားလည်တာက အောင်မြင်မှုဟာ လူတစ်ယောက်လုပ်လိုက်တဲ့ ရလဒ်မဟုတ်ပါဘူး။ အဖွဲ့လိုက် လုပ်လိုက်တဲ့ရလဒ်ပါ။ သြဇာအာဏာကို မတူတဲ့ပုံနဲ့လုပ်တာကို ပျော့တယ်လို့ နားလည်မှုလွဲနေကြပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

5.ယောကျာ်းဆန်တယ်
စီးပွားရေးလုပ်ငန်းရှင် ယောကျာ်းတစ်ယောက်ပုံ ပေါက်နေတာကို မုန်းပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဒီလိုပုံမျိုး လိုက်လုပ်ဖို့ ဖိအားတွေခံစားရပါတယ်။ မတူအောင်လုပ်ဖို့လည်း မကြိုးစားမိပါဘူး” ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်ရှန်လာဂါဒီ က ပြောကြားခဲ့ပါတယ်။
6.အယုံသွင်းခြင်း
သူမကိုအစော်ကားဆုံးအရာကတော့ မိန်းမတွေ အောင်မြင်တာဟာ ယုံအောင်လုပ်တတ်တာကြောင့် ဆိုတဲ့အမြင်ပါပဲ။ အလွယ်တကူနဲ့ သူမဟာ ငြင်းလို့ရတဲ့လူဆိုရင် ထိပ်ကိုမရောက်ပါဘူး။ သူမကိုယ်တိုင်လည်းလုပ်ခဲ့ရပါတယ် လို့ NBCရုပ်သံတင်ဆက်သူ ကာရီက ပြောကြားခဲ့ပါတယ်။ မိန်းမတွေမှာ ဆုံးဖြတ်ချက်အသစ်တွေ မရှိတာကြောင့် သတင်းတင်ဆက်သူ မဖြစ်နိုင်ဘူးလို့ပြောခံခဲ့ရတဲ့ ကာရီ ဟာ အခုဆိုရင် သူမအလုပ်ရဲ့ ထိပ်တန်းနေရာကို ရောက်ရှိနေပါပြီ။
7.ခံစားချက်ပေါက်ကွဲပြတတ်တယ်
တည်ငြိမ်တဲ့လူတွေဖြစ်ပေမဲ့ ခံစားချက်ကိုတော့ တစ်ခါတစ်ရံမှာ ပေါက်ကွဲပြတတ်တဲ့လူတွေလို့လည်း ထင်ခံရပါတယ်။
8.ဒေါသကြီးတယ်
ဒေါသကြီးတာဟာ ယောကျာ်းတွေရဲ့ သင်္ကေတလိုဖြစ်နေပေမဲ့ သူတို့ကို သိပ်မစွမ်းနိုင်ဘူးလို့ မြင်လာတယ်ဆိုရင်တော့ မိန်းမတွေလည်း ဒေါသကြီးတတ်ပါတယ်။ ၂၀၀၈ သမ္မတရွေးကောက်ပွဲမှာ သူ့ယောကျာ်းအတွက် လှုံဆော်ရေးတွေ လုပ်ပေးနေတုန်း “ဒေါသကြီးတဲ့ လူမဲအမျိုးသမီး” လို့ မီချဲအိုဘားမားဟာ ရှုံ့ချခံခဲ့ရပါတယ်။
9.သင်္ကေတသက်သက်
မိန်းမကော၊ ယောကျာ်းကောရှိနေတယ်လို့ထင်ရအောင် မိန်းမတွေကို ခန့်ထားတယ်လို့လည်း မြင်တတ်ကြပါသေးတယ်။ “မိန်းမတွေဟာ သူတို့ရဲ့ပညာ၊ သူတို့ရဲ့အတွေ့အကြုံ့နဲ့ ကုမ္ပဏီအတွက် သူတို့လုပ်ပေးနိုင်တာတွေကြောင့် ခန့်ထားတာပါ” လို့ Northeastern တက္ကသိုလ်ရဲ့ MBA အလုပ်အကိုင်ဒါရိုက်တာ လင်းဆာရီကတ်စ် က ပြောကြားခဲ့ပါတယ်။

10.မြှောက်ပင့်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်
မိန်းမလည်းဆန်တယ်၊ နွေးနွေးထွေးထွေးလည်း ရှိတယ်ဆိုရင်တော့ လိုတာထက်ပိုပြီး မြှောက်ပင့်တတ်တဲ့ ခေါင်းဆောင်အဖြစ် ထင်မြင်ခံရတတ်ပါတယ်လို့ Change Startegists ရဲ့ စီးအီးအိုနဲ့ ခေါင်းဆောင်ဖြစ်သူ ဘေလီဘလဲ ကလည်း ပြောကြားခဲ့ပါသေးတယ်။
                                                                                  ဖိုးသူတော်phothutaw.com

အလုပ်ရနိုင်မယ့် အင်တာဗျူးစွမ်းရည် ၅ ချက်


ခင်ဗျားဘဝမှာလုပ်ခဲ့ဖူးတဲ့ လူတွေနဲ့တွေ့ဆုံမှုတွေထဲမှာ အင်တာဗျူးတွေ့ဆုံမှုဟာ အလွန်အရေးကြီးပါတယ်။ အလုပ်ရရုံ၊ အပျော်ဝင်လုပ်တယ်ဆိုရုံလောက်မဟုတ်ဘဲ ဒီအလုပ်ကနေ တစ်ဆင့် ဒီ့ထက်မြင့်တဲ့ဘဝကို တက်လှမ်းမယ်လို့ ရည် ရွယ်ချက်ရှိသူတွေအတွက်ကတော့ ဘဝအတွက် အရေးပါတဲ့ ပထမဆုံးခြေလှမ်းလည်းဖြစ်ပါတယ်။
 အလုပ်အကိုင်အမျိုးအစား မတူညီတာကြောင့် ဆောင်ရရှောင်ရမယ့်အချက်တွေဟာ သိပ်အသုံးမဝင်တာမျိုး ရှိပေမဲ့ Livescience ကဖော်ပြလာတဲ့ အင်တာဗျူးမှာ အသုံးဝင်မယ့် အချက်ငါးချက်ကို ဖော်ပြလိုက်ပါတယ်...
1.အင်တာဗျူးမေးခွန်းတွေကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ
လူတော်တော်များများက အင်တာဗျူးတဲ့လူကို ပြန်မေးရမှာ ကြောက်ပါတယ်။ ငါပြောတာကို အာရုံမစိုက်ဘူးလို့ ထင်သွားကြမှာ စိုးရိမ်ပါတယ်။ သူမေးတာကို ရှင်းရှင်းလင်းလင်းမသိဘဲ မဆိုင်တာတွေဖြေမှ ခင်ဗျားအတွက် အခြေအနေပိုဆိုးသွားမှာပါ။
2.ကျယ်ကျယ်လေးတွေးပါ။
လူတော်တော်များများ လုပ်တတ်တဲ့ အမှားကတော့ ချက်ချင်းမဖြေတတ်ဘူးဆိုရင် မေးတာကိုမဖြေဘဲနဲ့ ဒီအတိုင်းကြီးနေနေတာပါ။ တစ်ချို့ကတော့ မသိဘူးလို့ ပြောချလိုက်တတ်ပါတယ်။ တကယ်လုပ်သင့်တာက ကျယ်ကျယ်လေးတွေးသင့်တာပါ။ ဥပမာ-“ဘာလို့ အဲ့အလုပ်က ထွက်ခဲ့လဲ” လို့ မေးလာတယ်ဆိုရင် ခင်ဗျား ချက်ချင်းမဖြေနိုင်တာဟာ တော်တော်လေးဆိုးပါလိမ့်မယ်။ အမှန်တော့ ကိုယ်က သေချာပြောပြဖို့ ငေါင်ပြီးစဉ်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအခါမျိုးမှာ ကိုယ်တွေးနေတာကို
“ကျွန်တော်ဘာလို့ထွက်လာလဲဆိုတော့၊ကျွန်တော်ထွက်လာတာက…” ဆိုတဲ့စကားမျိုးနဲ့ ကိုယ်တွေးနေတာကို အသံထွက်ပြ ထားသင့်ပါတယ်။
3.မျက်လုံးချင်းဆုံပါ။
အင်တာဗျူးတဲ့အခါ ကြမ်းပြင်ကြီးတွေ၊ စားပွဲကြီးတွေကို စိုက်ကြည့်နေတာ။လက်တွေ ခြေတွေက ဂဏာမငြိမ်ဖြစ်နေတာကို ခင်ဗျားကြုံဖူသလား။ အဲ့ဒါမျိုးတော့ သွားမလုပ်ပါနဲ့။ ခင်ဗျားမှာ အရည်အချင်းတွေ အများကြီး ဘယ်လောက်ပဲရှိနေပါစေ။ ခင်ဗျားနဲ့ မတိမ်းမယိမ်းလောက်လူနဲ့တွေ့ရင် ခင်ဗျားကျန်ခဲ့ပါလိမ့်မယ်။
တည်ငြိမ်မှုရှိဖို့ လိုအပ်ရင် မှန်ကြည့်ပြီးလေ့ကျင့်ထားပါ။ အင်တာဗျူးတစ်ခုမှာ မျက်လုံးချင်းဆုံကြည့်တာမျိုးတွေက တော်တော်လေး တာသွားပါတယ်။

4.ကိုယ့် ကိုယ်ရေးရာဇဝင် (CV Form) ကိုလည်း ကိုယ် ကောင်းကောင်းသိအောင်လုပ်ထားပါ
ခင်ဗျားရဲ့CVဟာ အင်တာဗျူး အောင်ဖို့ တော်တော်လေး အရေးကြီးတယ်ဆိုတာ ခင်ဗျားလည်းသိပါတယ်။ လျှောက်မယ့်ကုမ္ပဏီ၊ လျှောက်မယ့်ရာထူးတွေကိုပဲကြည့်ပြီး ခင်ဗျားက CV ကို သေချာပြင်ထားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က လုပ်ခဲ့ဖူးတဲ့အလုပ်အကြောင်း ကိုယ်က ထည့်ရေးထားမယ်ဆိုရင် အဲ့အလုပ်အကြောင်း ခင်ဗျားသိတာ သေချာပါစေ။
သူကမေးလို့ ခင်ဗျားမဖြေနိုင်ရင် တော်တော်လေးကို ရုပ်ပျက်ပါတယ်။

5.လျှောက်မယ့်ကုမ္ပဏီနဲ့ အင်တာဗျူးတဲ့လူကိုအသုံးချပါ
ကိုယ်သွားလျှောက်မယ့် ကုမ္ပဏီနဲ့ ရာထူးအကြောင်း သေချာသိအောင်လုပ်ထားဖို့ အလုပ်လျှောက်သူတွေကို ပြောလေ့ရှိကြပါတယ်။ သိသွားပြီဆိုရင်လည်း ဘယ်လို အသုံးချရမယ်ဆိုတာကလည်း အရေးကြီးပါသေးတယ်။
လုပ်ရတာခြင်းတူပေမဲ့ ကုမ္ပဏီဖွဲ့စည်းထားပုံတွေက သိပ်မတူကြပါဘူး။ ကုမ္ပဏီတွေရဲ့ ရည်ရွယ်ချက်တွေကလည်း မတူကြပါဘူး။ ကုမ္ပဏီနဲ့ ရာထူးအကြောင်းတင် မကဘူး အဲ့ကုမ္ပဏီရဲ့ လက်ရှိသွားမယ့်အနေအထားကိုပါ သိမယ်ဆိုရင် တော့ ခင်ဗျားဟာအရေးကြီးဆုံးအချက်ကိုလုပ်နိုင်ပါပြီ။
လျှောက်ထားသူတစ်ယောက်အနေနဲ့ ဒီရာထူးအတွက် ခင်ဗျားဟာ ဘယ်လောက်သင့်တော်တယ်ဆိုတာ တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုင်ပြီး ပါးပါးနပ်နပ်ပြသနိုင်ပါပြီ။ 
                                                                ဖိုးသူတော်phothutaw.com

Wednesday, March 5, 2014

ဆင်နှာမောင်းပင်

အပင်မှ ပွင့်တံသည် ဆင်နှာမောင်းနှင့် တူ၏။ လမ်းဘေး၊ ကွင်းပြင်များတွင် အလေ့ကျ အများအပြား တွေ့ရတတ်သည်။

နွေရာသီ၌ ဆီးပူ၊ ဆီးအောင့်၊ ဆီးနည်း ရောဂါများတွင် အသုံး ပြုကြ၏။ ဆင်နှာမောင်း ပင်မှာ ၀မ်းအနည်းငယ် သက်၏။ ဆီးရွှင်စေ၏။ အပင်၏ အရည်သည် အဖုနာ၊ သွားဖုံးနာ၊ အနာပေါက် တို့၌ လိမ်းရ၏။ အဆိပ်ရှိသော သတ္တ၀ါ ကိုက်ခဲခြင်းနှင့် လေရောဂါ တို့၌ အသုံးပြု၏။

ဆီးရောဂါ ရှိသူများ သုံးခွက် တစ်ခွက်တင် ကြို၍ သောက်သုံးခြင်းဖြင့် ဆီးပူ၊ ဆီးအောင့်၊ ဆီး ကျင်၊ ဆီးနည်းခြင်း တို့ကို ပျောက်ကင်းစေနိုင်ပါသည်။

                                                                             Credit To : မြ၀တီ
လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ

ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။

ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။

ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ် ပါဝင်ပြီး လူကြီး တစ်ယောက်အတွက် နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက်ပမာဏ ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ လေးပတ်တာလောက် ဆားလျှော့ စားတာကြောင့် သွေးဖိအား ကျဆင်းပြီး လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ လျော့ကျ သွားတယ်လို့ လေ့လာမှု အရလည်း တွေ့ရှိထားပါတယ်။ ဆားလျှော့စားပြီး ငှက်ပျော်သီးနဲ့ ဟင်းနု နယ်ရွက်လို ပိုတက်စီယမ် မြင့်မားစွာ ပါဝင်တဲ့ အစာ စားတာကြောင့် သွေးဖိအား ထိန်းချုပ်နိုင်ပြီး လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

                                                                                     GoodHealths

                                                                               

ဘုရားလောင်း ပုပ္ဖကကျေးသား(ကြက်တူရွေး) ဟောကြားသောတရား။


မြတ်သောမင်းကြီး -

၁။ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းရသောသူသည် သူတော်ကောင်း ဖြစ်ရပါသည်။
ယုတ်မာသောမိတ်ဆွေနှင့် ပေါင်းသင်းရသောသူသည် သူယုတ်မာ ဖြစ်ရပါသည်။

၂။ မိဘကောင်း စသောသူတော်ကောင်းနှင့် အတူတကွ နေကြရသော
သူသည် သူတော်ကောင်း ဖြစ်ရပါသည်။
သူယုတ်မာနှင့် အတူတကွ နေရသောသူသည် သူယုတ်မာ ဖြစ်ရပါသည်။

၃။ ဆရာကောင်းကို မှီဝဲဆည်းကပ်ရသော တပည့်သည် သူတော်ကောင်း ဖြစ်တတ်ပါသည်။
ဆရာဆိုး,ဆရာညံ့ကို မှီဝဲဆည်းကပ်ရသောသူသည် တပည့်ဆိုး,တပည့်ညံ့ ဖြစ်တတ်ပါသည်။

ဘုရားလောင်း ပုပ္ဖကကျေးသား(ကြက်တူရွေး)၏ ဟောကြားသောတရားကို
ထောက်၍ - မိတ်ဆွေကောင်း, မိဘ ညီအကို မောင်နှမကောင်း, ဆရာကောင်းတို့နှင့် ပေါင်းသင်းနေထိုင် မှီဝဲဆည်းကပ်ဖို့ရာ အထူးသတိပြုသင့်လှပေသည်။

                                                        ( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )

တရားခွင်မှ ငါးသလောက်ပေါင်းစားသူများ


မြန်မာနိုင်ငံတွင် မတရားမှုတစ်ခုအတွက် အမှန်တရားကို တရားရုံးတွင်သွားရှာဖို့ စဉ်းစားနေပါသလား။ ဒါဆိုလျှင်တော့ မှားတာ၊ မှန်တာ အသာထား။ သင့်တွင် ပိုက်ဆံလုံလုံလောက်လောက်ရှိရပါမည်။ စိတ်ရှည်ရှည်ဖြင့် အချိန်ပေးနိုင်ရမည်။ အရေးကြီးဆုံးက အမှုကို တရားရုံးအရောက် စွဲဆိုတင်ပို့ပေးမည့် အမှုစစ်ရဲအရာရှိနှင့် ဥပဒေအရာရှိတို့အကြောင်း ပထမဆုံးတီးမိခေါက်မိ သိနားလည်ထားဖို့လိုပါလိမ့်မည်။
ယိုယွင်းနေသော တရားစီရင်ရေးတွင် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုတို့ကို လုပ်နေသူမှာ တရားသူကြီး၊ ရှေ့နေရှေ့ရပ်များဟု အများစုကမြင်ယောင်မိသည်။

တကယ်တမ်းအကျင့်ပျက်ခြစားမှုနှင့် အာဏာပိုင်များ၏ စွက်ဖက်မှုများရှိနေဆဲ မြန်မာ့တရားစီရင်ရေးတွင် နစ်နာသူ ပြည်သူ့အသံကို တရားရုံးအထိ ပို့ဆောင်ပေးမည့် ပြည်သူ့ရဲနှင့် ဥပဒေအရာရှိအချို့၏ လုပ်ရပ်များက တရားစီရင်ရေးမဏ္ဍိုင်တိမ်းစောင်းရာတွင် အဓိကနေရာမှ ပါဝင်နေကြောင်း ဥပဒေလောကအသိုင်းအ၀ိုင်းနှင့် အမှုသည်တို့ကဆိုကြသည်။

အမှုတစ်ခုကို နစ်နာသူက ရဲစခန်းတွင် တိုင်ချက်ဖွင့်သော်လည်း ရဲအများစုက ချက်ချင်းမဖွင့်ပေးကြပါ။ တိုင်တန်းခံရသူသည် နာမည်ကျော်ပုဂ္ဂိုလ်ကြီးလား၊ ဂုဏ်သရေရှိလူကြီးမင်းများလား၊ ထင်ရှားကျော်ကြားသူ ရုပ်ရှင်မင်းသား၊ မင်းသမီးများလား၊ ၀ိတ်ရှိသူလား စသဖြင့်လေ့လာသည်။ အကောင်ကြီးကြီး၊ အမြီးရှည် ရှည်ဖြစ်နေလျှင် မြို့နယ်က ခရိုင်၊ ခရိုင်က တိုင်းရဲမှူးကြီးအထိ သတင်းပို့သည်။ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အကျင့်တစ်ခုသဖွယ် ရဲအချို့က ခေတ်အဆက်ဆက်ကျင့်သုံးသည်။

တိုင်ချက်ဖွင့်ပြီးပါက အမှုသည် တရားမလား၊ ရာဇ၀တ်ကြောင်းလား၊ ဘယ်ပုဒ်မနှင့် အရေးယူသင့်သလဲကို ဥပဒေအရာရှိထံ အကြံတောင်းသည်။ ဥပဒေအရာရှိက သက်သေမပြည်စုံသေးဟု ဥပဒေဘောင်အတွင်းက ပါးပါးလေးညစ်ထားလိုက်လျှင် အမှုသည်က သက်သေထပ်စစ်ဖို့အတွက် သက်ဆိုင်ရာရဲကို ပေးရကမ်းရသည်။
တရားလိုနှင့် တရားခံ ဘယ်သူပိုက်ဆံပိုပေးနိုင်သလဲပေါ် မူတည်၍ ပုဒ်မများသည် တရားရုံးမရောက်မီ မျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားတတ်ကြောင်း ဥပဒေပညာရှင်အချို့ကပြောသည်။
“ရဲတွေ၊ ဥပဒေအရာရှိတွေက သူတို့မရရင်မရသလို လုပ်တယ်။ ရဲကလည်း သူမရရင် ပညာပြပြန်ရော။ ဒီတော့ သူ့ကိုလည်း တစ်ခါထပ်ပေးရပြန်ရော၊ ဒါကြောင့် အမှုတစ်ခုဖြစ်ရင် ငါးသလောက်ပေါင်းစားရတဲ့စနစ်လို့ ပြောတယ်။ အားလုံးကိုပေါင်းပြီး ပေးစားနေရတာကိုး”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျကပြောသည်။
“မူးယစ်ဆေးဝါးမှုနဲ့ ထောင်ခြောက်နှစ်ကျတယ်။ ရဲဘက်မရောက်ခင် ဆွဲချ(ဥပဒေအရာရှိ)က ကျွန်မအိမ်ကိုသွားတွေ့ပြီး ငါးသောင်းပေးရမယ်။ မပေးရင် ထောင်ထပ်ချနိုင်တယ်လို့ ပြောတယ်။ ကိုယ့်လူက ထောင်ကျသွားပြီဆိုတော့ ကျွန်မအိမ်ကလည်း ထပ်မပေးလိုက်တော့ဘူး။ တကယ်ပဲ ကျွန်မ ထောင်နောက်ထပ်လေးနှစ်ထပ်တိုးသွားတယ်။ ရဲဘက်စခန်းလည်းရောက်သွားတယ်”ဟု မူးယစ်မှုဖြင့်ထောင်ကျခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။
ရဲမှာ တရားဥပဒေစိုးမိုးရေးတွင် အရေးကြီးသည့်အုတ်မြစ်ဖြစ်သည်။ ဥပဒေအရာရှိမှာ နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ရပြီး အမှုဖြစ်စဉ်များကို ဥပဒေနှင့်အညီ မှန်မှန်မျှတစွာအကြံပေးရန်ဖြစ်သည်။ သို့သော် ပုဒ်မတပ် တရားစွဲရသည့် တိုင်ချက်ကို လက်ခံပေးရသည့် ဥပဒေဘက်တော်သားတို့၏ လုပ်ပိုင်ခွင့်မှာ ကိုယ်ကျိုးရှာလိုသူများအတွက် လာဘ်ပေးလာဘ်ယူဖန်တီးပေးရာ လမ်းကြောင်းကြီးအဖြစ်ရှိနေသည်ဟု နစ်နာခဲ့သူတို့ကဆိုသည်။
“တိုက်ခန်းဝယ်တဲ့ကိစ္စ စရန်ပြန်မပေးလို့ ပုဇွန်တောင်ရဲစခန်းမှာ အမှုဖွင့်တယ်။ ဒုရဲအုပ်က လမ်းစရိတ်တို့၊ ခရိုင်မှူးကန်တော့ရမယ်တို့၊ စခန်းမှူးကိုပေးရမယ်ဆိုပြီး သုံးသိန်း၊ ဥပဒေအရာရှိကို အကြံတောင်းခဆိုပြီး နှစ်သိန်း၊ စုစုပေါင်းငါးသိန်းယူသွားတယ်။ သုံးလလောက်အထိ အမှုက တရားရုံးမရောက်လို့ ဥပဒေအရာရှိသွားတွေ့တော့ အဲဒီနှစ်သိန်း သူမစားရပါဘူးတဲ့။ ပြီးတော့ ကျွန်မစစ်ချက်ထဲမှာမပါဘဲ သူဘာသာ ပြင်ရေးထားတဲ့စစ်ချက်ကြောင့် အမှုကို ပလပ်လိုက်ရတာပါလို့ ဥပဒေအရာရှိကပြောတယ်”ဟု ဒေါက်တာဇင်မင်းမောင်မောင်က သူ၏အတွေ့အကြုံကိုပြောသည်။
တရားသူကြီးအချို့ လာဘ်စားသော်လည်း တရားသူကြီးအများစုလိုက်စားသည့် အဂတိမှာ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်ခြင်းကြောင့် ကြောက်ရွံ့ခြင်းဖြင့် ဆုံးဖြတ်ရသည့် ဘယာဂတိက အများဆုံးဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ပြောသည်။
“ဒါတွေကြောင့် မြန်မာ့အမှုသည်တွေသာမက နိုင်ငံခြားသားတွေကပါ တရားစီရင်ရေးအပေါ်မှာ အားမလို၊ အားမရဖြစ်နေတာ။ ဒါကြောင့်လည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေဟာ ၀င်သင့်သလောက်မ၀င်ဘူး။ တိုင်းပြည်နာတယ်”ဟု ၎င်းကပြောသည်။
အမှုလာရောက်တိုင်တန်းပါက ရဲအရေးပိုင်ပါက အမှုဖွင့်ပေးလိုက်ပြီး မမှန်မကန်တိုင်တန်းပါကလည်း တိုင်တန်းသူကို ပြန်လည်အရေးယူနိုင်ပေရာ လုပ်ထုံးလုပ်နည်း မြန်ဆန်သွက်လက်စေရန် ရဲအရေးပိုင်အမှုကို ချက်ချင်းလက်ခံဖွင့်ပေးသင့်ကြောင်းလည်း ဥပဒေပညာရှင်များက အကြံပြုသည်။
“ရဲအရေးမပိုင်လို့ ဦးတိုက်မှုဆိုပိုဆိုးတယ်။ တရားရုံးကစစ်၊ ပေါ်ပေါက်ချက်နဲ့ အရေးယူအမိန့်ချ။ မဟုတ်ရင်ပလပ်။ အရေးယူရင် ဘယ်လောက်လက်ခံရင် ဘယ်လောက်ရဲကိုပြန်ချပေး။ တလွဲအသုံးချနေတာတွေကို ကြားနေရတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေကို လုပ်စားနေကြတာ။ ဒါကြောင့် ပြည်သူတွေ နှာခေါင်းရှုံ့ကြတာ”ဟု အထက်တန်းရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောကြားသည်။
မဆလအစိုးရလက်ထက်တွင် တရားရေးဝန်ကြီးဌာန သီးသန့်ရှိခဲ့ပြီး ၀န်ကြီးက တရားစီရင်ရေးကို ထိန်းကျောင်းကိုင်တွယ်သောကြောင့် ယခုလောက် တရားစီရင်ရေးအခြေအနေ မဆိုးဝါးကြောင်း၊ တရားလွှတ်တော်အဆင့်လောက်ရောက်လျှင်ပင် အမှန်တရားနှင့်နီးစပ်ပြီဟု မျှော်လင့်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ၏ တစ်နှစ်ပြည့်အစီရင်ခံစာတွင်လည်း ဥပဒေအရာရှိများသည် ပြည်သူများ၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ မနစ်နာစေရန် ဥပဒေနှင့်အညီ အကာကွယ်ပေးရပါမည်ဟု ဖော်ပြထားသည်။  ပြည်သူ့ရဲအရာရှိများကလည်း ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊ တရားစွဲဆိုခြင်းတို့အတွက် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ကြပြီး အမှုမှန်ပေါ်ပေါက်ရေး ဦးတည်ရပါမည်ဟုပါရှိသည်။
သို့သော် ယင်းအချက်တွေကို အမှန်တကယ် လိုက်ပါဆောင်ရွက်သူ မျှတသည့် ဥပဒေအရာရှိနှင့် ရဲအရာရှိတို့မှာ အလွန်နည်းပါးနေပါသေးသည်။ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည်ဟု သမ္မတဦးသိန်းစိန်က ပြောထားသော်လည်း လာဘ်ပေးလာဘ်ယူမှုထူပြောပြီး ဥပဒေကို နားလည်သူတို့ကပင် ဥပဒေကို လက်တစ်လုံးခြားပြုလုပ်နေသည့် တရားဥပဒေလောကသားအချို့နှင့် ပြည်သူများကြားက နစ်နာမှုတို့ကို အစိုးရက မည်သို့ဖြေရှင်းပေးပါမည်နည်းဟု မေးရပါတော့မည်။


ဒေါင်းရောင်နေ မှေးသကို အခိုက်တွင်မှ

Photo(တစ်)
ဒေါင်းရောင်နေ
မှေးသကို အခိုက်တွင်မှ
ခေါင်းဆောင်တွေ
ရှေးနဂိုမလိုက်ပြန်တော့
အရေးထိုထို၌
အခိုက်အခွင့်မဟန်
အိုကွယ်
ခွေးလိုကိုက်ချင်တဲ့
စရိုက်အကျင့်တန်
ကဗျာ့ပါရဂူငြိမ်းချမ်းရေးဖခင်ကြီး၊ အမျိုးသားစာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း၏ မဟာလေးချိုးကြီးတစ်ပုဒ်ထဲမှ ကောက်နုတ်ဖော်ပြလိုက်သည့် စာသားအချို့ပင်ဖြစ်ပါသည်။
နိုင်ငံ့ခေါင်းဆောင်တို့ နာယကဂုဏ်ခြောက်ပါး၊ မင်းကျင့်တရားဆယ်ပါး၊ အပရိဟာနိယတရားခုနစ်ပါးစသည့် ရှေးရှေးကထုံးတမ်းစဉ်လာများအတိုင်း မကျင့်ကြ၊ မကြံကြတော့ဘဲ တစ်ဦးနှင့်တစ်ဦး ခွေးကဲ့သို့မာန်ဖီကာ တိုက်ချင်ခိုက်ချင်၊ ကိုက်ချင်ခဲချင်လာကြသဖြင့် တိုင်းမှုပြည်မှုအနာဂတ်ကို ဆစ်ထုသည့်လုပ်ငန်းများတွင် သိပ်ဟန်မကျလာရာက ဒေါင်း၏အရောင်အ၀ါများ မှေးမှိန်လာရပါပြီဟု ရေးဖွဲ့လိုက်ခြင်းပင်ဖြစ်ပါသည်။
ဒေါင်းဆိုသည်မှာ မြန်မာ၏သင်္ကေတပေပဲပေါ့။ ဒေါင်းရောင်မှေးပြီဆိုခြင်းမှာ မြန်မာတို့၏အရောင်အ၀ါအရှိန်အစော်မှေးပြီဟု ဆိုလိုခြင်းပေပဲပေါ့။ ကမ္ဘာက စော်ကား။ အိမ်နားနီးချင်းတွေက မတော်မတရား။ ပြည်သူလူထုမှာ ဘာမှအပြစ်မရှိ။ တာဝန်ရှိသူက ခေတ်အဆက်ဆက် စီမံခန့်ခွဲခဲ့ကြသည့် အစိုးရဆိုသည့် လူပုဂ္ဂိုလ်များ။
(နှစ်)
အမေရိကန်နိုင်ငံသားတစ်ယောက်ကို စော်ကားခြင်းသည် အမေရိကန်ပြည်ထောင်စုကို စော်ကားခြင်းပင်ဖြစ်ပါသည်တဲ့။ သြော် . . .အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ရတာ လုံခြုံစိတ်ချလိုက်တာ။ နိုင်ငံတော်နဲ့ နိုင်ငံသားက တစ်သားတည်း။
မြန်မာနိုင်ငံအတွင်းသို့ အရိုးကောက်သည့်အဖွဲ့တွေ မကြာခဏလာတတ်ကြပါသည်။ စစ်အတွင်းက မြန်မာ့မြေပေါ်၌ ကျဆုံးခဲ့ကြသည့် သူတို့နိုင်ငံတော်သားများ၏ အရိုးများကို ရှာဖွေစုဆောင်းကောက်ယူဖို့ ရောက်လာကြသည့်သူများ။ အင်္ဂလိပ်တွေ၊ အမေရိကန်တွေ၊ ဂျပန်တွေ။
အမေရိကန်လို နိုင်ငံကတော့ စစ်အတွင်းက ကြွင်းကျန်ခဲ့သည်၊့ ပျက်သွားသည့် လေယာဉ်ပျံများ၊ ၀ှက်ထားသည့် လေယာဉ်ပျံများကအစ ပြန်ရှာဖို့ဟုဆိုကာ ကျွန်တော်တို့ နိုင်ငံသို့ လာရောက်တတ်ကြပါလေသည်။
သြော် . . . လူအရှင်မဟုတ်။ လူသေတွေ၊ အရိုးတွေ။ လေယာဉ်အကောင်းတွေမဟုတ်၊ အဟောင်းတွေ၊ အပျက်တွေ။ ကိုယ့်နိုင်ငံတွင်းက အရင်းအမြစ်တွေကို ကိုယ်ကတန်ဖိုးလေတော့ ကမ္ဘာကလည်း အလေးထားရပေပြီပေါ့။ မထိရဲ၊ မတို့ရဲ၊ မစော်ကားရဲ။
(သုံး)
၂၀၁၃ ခုနှစ်အတွင်းမှာ ပြင်ပကမ္ဘာရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ စိတ်မကောင်းစရာတွေကို တော်တော်များများကလေးကြုံကြရပါသည်။
အနီးဆုံးဖြစ်ရပ်တစ်ခုအဖြစ် ဒီဇင်ဘာ ၂၃ ရက်က အဖြစ်ကိုကြည့်။ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်က အဖြစ်အပျက်။ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက်စ၊ နှစ်ယောက်စတို့ ဈေးဝယ်ရင်းနှင့် စကားများကာ ရန်ဖြစ်သည်။ မြန်မာက ကိုယ့်အဆောင်ကိုယ်ပြန်လာကာ ပြဿနာပြီးပြီဟု ထင်ခဲ့သည်။ သို့သော် ပြဿနာကမပြီး။ အင်ဒိုနီးရှားနိုင်ငံသားတွေက အုံနှင့်ကျင်းနှင့် ရောက်လာကြကာ မြန်မာတွေကို ၀ိုင်းဝန်းဆို့ပိတ်ထားလာသဖြင့် သင်္ဘောကျင်းဂိုဒေါင်ကြီးတစ်ခုထဲသို့ ထွက်ပြေးပုန်းအောင်းနေခဲ့ကြရပေရာ မြန်မာ ၉၇ ဦး ပိတ်မိနေခဲ့ကြသည်ဟုဆိုပါသည်။ အလုပ်သွားဖို့ကိုအသာထား၍ အစားအသောက်ကိုမှ ထွက်မ၀ယ်စားရဲကြပါလေတော့။
၂၀၁၃ ခုနှစ်ထဲ၌ပင် မလေးရှားနိုင်ငံ ဆာလာရန်းပြည်နယ်ထဲ၌ မလေးတို့က မြန်မာတို့အပေါ် အကြမ်းဖက်ရန်ပြုလာခဲ့ကြလေရာ MAI လေကြောင်းနှင့် ပထမအကြိမ် ၁၆၇ ဦး၊ ဒုတိယ ၆၇ ဦး စသည်စသည်ဖြင့် ဆရာတော် ဒေါက်တာရှင်ဉာဏိဿရလို ပုဂ္ဂိုလ်များက ကိုယ့်သားသမီးကို ကိုယ့်ရင်ခွင်တွင်းသို့ဆွဲသွင်းခဲ့ရာ ဒီဇင်ဘာ ၂၆ ရက်အထိ အမျိုးသား ၅၆၇၉ ဦး၊ အမျိုးသမီး ၁၂၀၁ ဦး စုစုပေါင်း ၆၈၈၀ ဦး ပြန်လည်ခေါ်ဆောင်လာခဲ့ကြပြီးဖြစ်သည်ကို အများအသိပင်ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်ထဲမှာပင် မလေးရှားနိုင်ငံ ပီနန်ကျွန်းတစ်ဖက်ကမ်းရှိ တမန်ပဲလန်ငီးမြို့နယ် ဘာတာဝတ်ဒ်မြို့၌ မြန်မာများကို ရဲကလိုက်ဖမ်းစဉ် ရှစ်ထပ်တိုက်ပေါ်ကနေ ခုန်ချထွက်ပြေးသူ မြန်မာတစ်ဦး အသက်ဆုံးသည့်သတင်းကို စာဖတ်သူတို့ ဖတ်မိကြလိမ့်မည်ဟုထင်ပါသည်။
မြန်မာအလုပ်သမကလေးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီးနောက် အလောင်းကို တည်းခိုနေထိုင်ရာ အဆောင်အနီး၌ လာရောက်စွန့်ပစ်သွားသည့်သတင်း၊ မြန်မာအလုပ်သမားလူငယ်တစ်ယောက်ကို ဆိုင်ကယ်ဖြင့်လိုက်လာကာ ရိုက်နှက်သတ်ဖြတ်သွားသည့်သတင်း စသည်စသည်တို့ကိုလည်း ၂၀၁၃ ခုနှစ်၏ စာမျက်နှာတွေပေါ်မှာ ကျွန်တော်တို့ ဖတ်ခဲ့ကြရပြီးဖြစ်ပါသည်။
ပြင်ပကမ္ဘာရောက် မြန်မာနိုင်ငံသားတို့အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို သက်ဆိုင်ရာနိုင်ငံရှိ အစိုးရများက ဖော်ထုတ်ကာ တရားခံကို ထိထိရောက်ရောက် အရေးယူခဲ့ပါလားဆိုသည်မှာ အမေးထိုက်ဆုံးမေးခွန်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်အစိုးရအနေနှင့်လည်း ပြင်ပကမ္ဘာရှိ ကိုယ့်နိုင်ငံသားတို့ဘက်က မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်ခြင်း၊ တောင်းဆိုခြင်း၊ တုံ့ပြန်ခြင်း စသည်တို့ကို ပြတ်ပြတ်သားသားလုပ်နိုင်ခဲ့ပါစ၊ လုပ်ရဲပါစဆိုသည်မှာလည်း အရေးပါသောမေးခွန်းပင်ဖြစ်ပါသည်။
ကိုယ့်အားနည်းချက်နှင့်ကိုယ် အားပျော့နေသော အိမ်ထောင်ဦးစီးတစ်ယောက်၏အိမ်က အိမ်သူအိမ်သားများကို ပတ်ဝန်းကျင်က လူမလေး၊ ခွေးမခန့် လုပ်မြဲလုပ်တတ်ကြသည်မှာ သိပ်တော့မဆန်းလှသောကိစ္စပင်ဖြစ်ပါသည်။ သူတစ်ပါးရပ်ရွာရောက် ကျွန်တော်တို့ သွေးသားတွေ အမြီးကုပ်၊ နားရွက်ကုပ်ပြီး နေလာခဲ့ကြရသည်မှာ သိပ်တော့အကြာကြီးမဟုတ်။ ၁၉၆၂ ခုနှစ်ကနေ ယခုအထိတိုင်အောင်ပါပဲဟု ဆိုထည့်လိုက်ချင်ပါသည်။
(လေး)
၂၀၁၃ ခုနှစ်သည် ပြင်ပကမ္ဘာ၌ မြန်မာနိုင်ငံသားတို့ ညှိုးငယ်ခဲ့ကြရသောနှစ်ဖြစ်ပါသည်။ ခေါင်းဆောင်တွေ ရှေးနဂိုမလိုက်ဘဲ ခွေးလိုကိုက်ကြသဖြင့် ဒေါင်းရောင်တွေ မှေးကြရသောနှစ်။
ဖွဲ့စည်းပုံကောင်းကောင်း၊ အစိုးရကောင်းကောင်း၊ အုပ်ချုပ်ပုံကောင်းကောင်းဖြင့် ဖုန်တထောင်းထောင်းထဲ မြင်းကောင်းဖြတ်ပြေးသလို သည်နိုင်ငံကို တောင့်တင်းအောင် မဆောင်ရွက်နိုင်သရွေ့၊ အချင်းချင်းကိုက်နေသရွေ့၊ ဒေါင်းရောင်က မှေးမြဲမှေးကာ ကျွန်တော်တို့ အစော်ကားခံနေကြရဦးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသားတစ်ယောက်ကို ထိပါးခြင်းသည် မြန်မာနိုင်ငံကို ထိပါးခြင်းဖြစ်သည်ဟုဆိုသည့် အနေအထားမျိုးကိုရောက်ရန် ၂၀၁၄ ခုနှစ်ကစလို့ တည်ဆောက်ကြစေလိုကြောင်း ဆန္ဒပြုရပါသည်။         

Saturday, March 1, 2014

မေမေစောင့်နေသည်

အယ်ဒီတာ မမ တစ်ဦးရဲ့ ဆောင်းပါးလေး ကြိုက်လို့ ပြန်ရှယ်လိုက်တာပါ............ခွိ...ခွိ......


'သား..အမေ့ကို ငါးအရိုးလေးနွှင်ပေးပါလား အမေမမြင်ရလို'
'ဟာ အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ။ပြီးတော့အမေစားနေတာကိုလည်းကြည့်ပါဦး ထမင်းလုံးတွေကအောက်ကျလို့။ဂရုစိုက်မှပေါ့ အမေရ'
ထမင်းဝိုင်းမှအမေအိုကြီး ကျမ၏ အကူညီတောင်းသံသည် သားဖြစ်သူ၏အော်ငေါက်သံအောက်တွင် တိုးလျိုးပျောက်ကွယ်သွားလေတော့သည်။အသက်ခုနှစ်ဆယ်ကျော်နေပြီဖြစ်သော ကျမအတွက်ထမင်းတစ်လုတ်ကိုပါးစပ်ထဲထည့်ဖို့လက်တွေကငယ်ငယ်ကလို သန်သန်မာမာမရှိတော့။ဇရာ၏နှိပ်စက်မှုသည် ကျမ၏တကိုယ်လုံးကို တုန်ချိချိဖြစ်စေခဲ့သည်။ထို့အတူကျမ၏ အတွေးများသည်လွန်ခဲ့သောနှစ်သုံးဆယ်ကျော်ဆီသို့ တရွေ့ရွေ့ပြန်ရောက်သွားသည်။
သားလေးငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ကြမ်းပြင်ပေါ်တွင်လည်းပြန့်ကျဲလျက်။ထမင်းလုံးများကိုရှင်းလင်းရသည့်အပြင် အရိုးဆူးမှာစိုး၍အရိုးပါနွှင်ပေးရသေးသည်။နွှင်ပေးသည့်ကြားက မတော်တဆသားအရိုးဆူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးကိုချော့ကျွေး၍သား၏ သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ဂရုမစိုက်မသေချာမှုအတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မဆုံးဖြစ်ခဲ့ရသည်။ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့။သားရေချိုးသည့်အခါ ရေဇလုံထဲတွင်ပျော်ပါးမြူးတူးနေသည့်သားကိုချော်လဲမှာစိုး၍ ထိမ်းကျောင်းပေးကာ ဂရုတစိုက်ရေချိုးပေးခဲ့ရသည့်သူမ။ခု ရေချိုးခန်းထဲရှိရေညှိများဖြင့်ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့။သူမကတော့တရွတ်တိုက်ထိုင်ချရင်း ရေညှိများတက်နေသည်ကို သားလေးချော်လဲမည်စိုးတာကြောင့် ခုချိန်ထိတိုက်ပေးနေမိတုန်း။တစ်ခါတစ်ရံတိုက်ချွတ်ရှင်းလင်းနေတာကိုမြင်ရင်တောင် ကူရကောင်းမှန်းမသိဘဲသူမကို 'အမေရောဂါရှာယူတယ်။အမေနေမကောင်းတာအရေးမကြီးဘူးသားအလုပ်ပျက်မှာပေါ့။အမေရာငြိမ်ငြိမ်လေးနေစမ်းပါ။အလက်ားနေရင်း အားနေရင်ရေချိုးခန်းတိုက်ဖို့ပဲ။အိမ်သာရေခပ်လောင်းဖို့ပဲ။ကြာရင်အိမ်သာတွေ။ရေချိုးခန်းတွေအက်ကွဲကုန်ဦးမယ်'
ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့်သူမအတွက်..'သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့'ဆိုသည့်အပြောမျိုးသားပါးစပ်ဖျားကထွက်ကျလာတာကို သူမလိုချင်သည်။ငယ်စဉ်ကသားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့်သနပ်ခါးကိုသားမျက်နှာပေါ်ကိုယ်တိုင်ကိုယ်ကျပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့။သားခြေသည်း၊လက်သည်းလေးတွေကို တစ်ပါတ်တခါညှပ်ပေးရတိုင်းအသားလေးကိုညှပ်မိမှာစိုး၍ ဂရုတစိုက်ညှပ်ပေးခဲ့သည့်သူမမေတ္တာ၊တစ်ခါတရံအသားကိုညှပ်မိ၍ သားဆီမှစူးကနဲထွက်ပေါ်လာသည့်ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင်ပြာယာခတ်စေမှန်းသားမသိခဲ့။
အခုသူမခြေသည်းလက်သည်းတွေရှည်လာတော့သားကိုယ်တိုင်ဂရုတစိုက် ညှပ်ပေးတာမျိုးတမ်းတမိသည်။သို့သော်'ဒါလေးလုပ်တာများအမေရယ်။ကိုယ်တိုင်ညှပ်လိုက်ပါလား။သားမအားဘူး'ဆိုသောအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်။
ကလေးပီပီကစားကွင်းသွားရတာနှစ်သက်သောသားအတွက်တစ်ပါတ်တစ်ခါအလုပ်အားရက်သည်သားနှင့်အတူ ကစားကွင်းတွင်အချိန်ကုန်စေဖို့ဖြစ်စေခဲ့သည်။ပျော်ရွှင်မြူးတူးနေသော သားကိုကြည့်ရင်း သူမရင်ထဲတွင်တစ်ပါတ်လုံးလုပ်ခဲ့သမျှ အမောတွေအားလုံး ပြေပျောက်ခဲ့ရသည်။ခုချိန်ဘုရားသွားချင်၍ 'သားဘယ်နေ့အားမလဲအမေ့ကိုလိုက်ပို့ပေးပါလား'ဟူသောမျှော်တလင့်အမေးကို အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သောအချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်။
သားငယ်စဉ်က ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှစာလေးများကိုလက်ညှိုးထိုးပြရင်း 'မေမေဒါကဘာရေးထားတာလဲဟင်။သားကိုဖတ်ပြပါ'ဟူ၍တွတ်တီးတွတ်တာမေးတတ်သည်။မိမိအနေနှင့်သားမေးတိုင်းငါ့သားကျောင်းမနေရသေးပေမယ့် စာတွေစိတ်ဝင်စားနေပြီဟူသော ပီတိဖြင့်သားကိုဖတ်ပြရ၊ရှင်းပြရသည်မှာအမောတစ်ခုဟုမထင်မှတ်ခဲ့။ခုသူမမျက်လုံးများဇရာနှိပ်စက်မှုအောက်တွင် အရာရာကိုကြည့်မြင်ရသည်မှာမှုန်တဝါးဝါးဖြစ်နေသည်။သားကိုဘာရေးထားတာလဲမေးတော့ သားနှုတ်ဖျားကထွက်ကျလာသည့် 'ဒီလောက်စာလုံးအကြီးကြီးနဲ့ရေးထားတာမမြင်ရဘူးလားအမေရာ 'ဆိုသောစိတ်မရှည်သံသည် မာရသွန်ပြေးပြီးပြန်လာသောကစားသမားတစ်ဦးလိုသူမရင်ကိုမောစေခဲ့သည်။သားငယ်ငယ်က ညအိပ်ခါနီးမိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှသားအိပ်ပျော်တတ်သည်။သူမသည်သားအတွက် ပုံပြောဆရာတစ်ဦးဖြစ်ခဲ့ရသည်။သားမေးသမျှကိုစိတ်ရှည်လက်ရှည်ရှင်းပြခဲ့သည်။ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူအညီတောင်းမိတော့ 'အမေကလည်းတရားခွေတွေရှိနေတာပဲနားထောင်ပါလား 'ဟူသောသားအပြောသည်မှုန်ဝါးဝါးဖြစ်နေသောသူမမျက်လုံးအစုံကိုခေတ္တခဏမိုးရွာစေခဲ့သည်။သားသည်ငယ်စဉ်ကမိမိ၏ ဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်။မိမိ၏လက်ရှိအသက်အရွယ်သည် လူ့ဘဝ၏နေဝင်ချိန်ကိုရောက်နေပြီဆိုတာ သားသတိမထားမိခဲ့။ဇရာထောင်းလာသောသူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘဝကလို သူတစ်ပါးအကူညီမပါဘဲ လုပ်ကိုင်ဖို့ခဲယဉ်းသည်ဆိုတာသားမသိ။အကူညီပေးသောထိုသူတစ်ပါးသည်မိမိရင်မှ မွေးဖွားသည့်တစ်ဦးတည်းသောသားလေးဖြစ်စေချင်သည်ကိုသားမေ့နေခဲ့သည်။ထိုဆန္ဒသည် အသက်အရွယ်ကြီးရင့်၍လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်းမဟုတ်ပါ။သားရင်ခွင်ထဲတွင်နေ၍သား၏ပြုစုယုယမှုကိုတောင့်တမိသည်။ကြင်နာမှုကိုလိုချင်သည်။သား၏မေတ္တာကိုမျှော်လင့်မိသည်။မိမိဘဝ၏နောက်ဆုံးအချိန်များကိုသား၏ကြင်နာနွေးထွေးသော ဂရုစိုက်မှုများအောက်တွင်ကုန်ဆုံးချင်မိသည့်မိဘတစ်ယောက်၏စိတ်ဆန္ဒသက်သက်သာဖြစ်သည်။သို့သော် အထီးကျန်ဆန်လှသောသူမ၏ဘဝသည် သူမစိတ်ကူးနှင့်လွန်စွာခြားနားလှသည်။မိမိရင်ခွင်ထဲတွင်ပျော်ရွှင်မြူးတူးဆော့ကစားခဲ့သောသား၏ငယ်စဉ်ကာလပုံရိပ်လေးကိုပြန်လည်မြင်ယောင်ရင်းသူမ၏မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှ်ထမင်းပန်းကန်ထဲသို့ပေါက်ကနဲ....(သင်၏ကြင်နာနွေးထွေးသောမေတ္တာတရားကို သင့်မိဘများကမျှော်လင့်နေကြသည်။)
                                                                          ဇူးဇူးမွန်