Labels

Wednesday, February 19, 2014

တူရာသီဖွားများ၏ (2014) ခုနှစ် ကံဇာတာ



  
ယခု ၂၀၁၄ ခုနှစ်မှာတော့ တူရာသီဖွားများရဲ့ ကံဇာတာဟာ တိုးတက်ဖွံ့ဖြိုးမယ့် ရာသီခွင်တွေထဲမှာ ပါနေပါတယ်။ မနှစ်က ကံသိပ်မကောင်းကြတဲ့ တူရာသီဖွားများ ရှိခဲ့ရင် ဒီနှစ်မှာ ကံကောင်းမှုနဲ့ တွေ့ကြုံဖို့ ပိုမိုသေချာပြီး ၊ မနှစ်က ကံကောင်းခဲ့ကြတဲ့ တူရာသီဖွားများ အတွက်တော့ ဒီနှစ်ဟာ မနှစ်ကထက်ပင် ပိုမိုကောင်းမွန်တဲ့ ကံတရားနဲ့ တွေ့ကြုံဖို့ ရှိနေပါတယ်။

ဒါပေမယ့် ဒီလိုနှစ်မျိုးဟာ အလုပ်လုပ်ကိုင်ရာမှာ သွက်လက် မြန်ဆန်ဖို့လိုတယ်။ လက်မနှေးဖို့လိုတယ်။ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းကောင်းများကို ကတွတ်ပေါက် ဗျိုင်းစောင့်သလို တမဟုတ်ခြင်း ဖမ်းယူ အသုံးချနိုင်ဖို့ လိုတယ်။ ဒီနှစ်မှာ တွေဝေဆုတ်ဆိုင်းနေရင် ၊ ပျင်းရိလေးတွဲ့နေရင် တော့ ဒီနှစ်ရဲ့ ကံကြမ္မာကောင်းများကို လက်လွတ်ဆုံးရှုံးနိုင်တယ်။ ဒီနှစ်မှာ ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိနိုင်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကံဇာတာအရ အောင်မြင်အောင် ဖြေရှင်းသွားနိုင်လိမ့်မယ်။ သို့သော်

ဒီနှစ်မှာ မိမိအနေနဲ့ တစ်ကိုယ်ကောင်းဆန်စွာ ပြုလုပ်လိုစိတ် ၊ မရိုးမသား ပြုလုပ်လိုစိတ်တွေ ပေါ်ပေါက်တတ် ပြီး ဒါတွေဟာ ကိုယ့်ဘ၀တိုးတက်ရေးကို အနှောင့်အယှက်ဖြစ်မှာမို့ သတိထားရှောင်ရှားဖို့ လိုလိမ့်မယ်။ ဒီနှစ်ဟာ "ရိုးရိုးကျင့် ၊ မြင့်မြင့်ကြံ ၊ မှန်မှန်ကန်ကန်လုပ်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျင့်သုံးရင် အောင်မြင်မှုတွေ မလွဲဧကန် ရရှိနိုင်တဲ့ နှစ်တနှစ် ဖြစ်လိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာ ။ ။ ဒီနှစ်ဟာ တူရာသီဖွားများအတွက် ကံကြမ္မာအခွင့်အလမ်းကောင်းများ ပေါ်ပေါက်ရမယ့်နှစ်ဖြစ်သလို မိမိစိတ်ဟာလည်း ဘ၀တိုးတက်အောင်မြင်ရေးအတွက် ရတက်မအေး ဖြစ်နေရတတ်တယ်။ ဒီနှစ်မှာ "စိတ်ဖိအား" (Tension) များမယ်။ လူပန်း စိတ်ပန်းဖြစ်မယ်။ တကယ် ပူပင်ရမယ့် ကိစ္စတွေ ရှိသလို မဆီမဆိုင် ပူပင်စရာမဟုတ်တာတွေအတွက်လည်း ပူပင်သောက ရောက်နေမိတတ်တယ်။ တူရာသီ အတော်များများဟာ ဒီနှစ်မှာ အလွန်ကြီးမားတဲ့ အခွင့်ကောင်းကြီးတွေ ၊ အလုပ်သစ်အကိုင်သစ်တွေ တွေ့ကြုံနိုင်တာမို့ ဒီအခွင့်အလမ်း၊ အလုပ် တာဝန်တွေကို မိမိ လုပ်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်သောကဟာ တစ်နှစ်လုံး ဖိစီးနေတတ်တယ်။

ဒါပေမယ့် မပူပါနဲ့။ ဒီနှစ်ရဲ့ ကံကြမ္မာဟာ မြင့်မားနေမှာမို့ အလုပ်အကိုင် အခွင့်အလမ်းများကို အောင်မြင်အောင် လုပ်နိုင်ပါလိမ့်မယ်။ ၀န်ထမ်းများအဖို့လည်း မိမိနဲ့ မမျှတဲ့ အလုပ်တာဝန် များ ပေးအပ်ခံရတတ်ပြီး လူပန်း စိတ်ပန်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ ကိုယ့်ဘ၀တက်လမ်းအတွက် ဖြစ်လာတာလို့ သဘောပိုက်ပြီး အောင်မြင်အောင် ကြိုးစားလုပ်ဖို့လိုပါတယ်။ စိတ်ဖိအား သိပ်များတာကို ကာကွယ်ဖို့ ဒီနှစ်မှာ "နေ့စဉ် နာရီဝက်ခန့် တရားထိုင် ပေးဖို့" တိုက်တွန်းလိုပါတယ်။

စီးပွားရေး နှင့် အလုပ်အကိုင် ။ ။ ဒီနှစ်ဟာ တူရာသီဖွားများအတွက် အလုပ်သစ် အကိုင်သစ်များ ၊ အခွင့်အလမ်းကောင်းများ ၊ အလုပ်အကိုင် တိုးတက်ချဲ့ထွင်ရမှုများ ကြုံဆုံနိုင်တဲ့ နှစ်ဖြစ်တယ်။ တူရာသီဖွားအတော်များများ ဒီနှစ်မှာ အလုပ်တာဝန်တွေ ဗလပွနဲ့ နပမ်းလုံးရမယ့် နှစ်ဖြစ်တယ်။ သို့သော် ထိုက်တန်တဲ့ အကျိုးကျေးဇူး ခံစားခွင့်များကိုလည်း ဧကန်ရရှိမှာဖြစ်တယ်။ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ပြည်တွင်း/ပြည်ပခရီးများ မကြာခဏ သွားလာရတတ်တယ်။ နိုင်ငံရပ်ခြားများ ၊ ရပ်ဝေးဒေသများနှင့် ဆက်သွယ် လုပ်ကိုင်ရတတ်တယ်။ အစုစပ်လုပ်ငန်းများ ၊ အသင်းအဖွဲ့နှင့် လုပ်ကိုင်ရသော လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်ဖို့ ရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းများဟာ အဆက်မပြတ် စီးဆင်းဝင်ရောက်လာတတ်တယ်။

ဒါပေမယ့် ဒီနှစ်မှာ သတိထားရမှာ တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းများဟာ တစ်ခုထက် ပိုမိုနိုင်ဖွယ်ရှိလို့ မိမိအနေနဲ့ ရွေးချယ်မှု ခက်ခဲပြီး အာရုံထွေပြား သွားတတ်တယ်။ နောက်တစ်ခါ အခွင့်အလမ်းများနှင့်အတူ ပြဿနာများပါ တွဲပါလာတတ်ခြင်းကြောင့် မိမိအနေနဲ့ စိတ်နောက်ကျိ ရှုတ်ထွေးမှုများ ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့် ဒီနှစ်ဟာ တိကျတဲ့ ရွေးချယ်မှုကို လျှင်လျှင်မြန်မြန် ပြုလုပ်ဖို့ လိုအပ်တယ်။ အလုပ် ၊ အခွင့်အလမ်း ရွေးချယ်မှု နှစ်ခု ၊ သုံးခု ဖြစ်လာရင် မိမိအမှန်တကယ် ကျွမ်းကျင်စွာ လုပ်နိုင်မယ့် အလုပ်ကိုသာ ရွေးချယ် လုပ်ကိုင်ဖို့ တိုက်တွန်း လိုပါတယ်။ နောက်ပြီး ဒီအလုပ်ဟာ ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ရမယ့် အလုပ်မျိုးလည်း ဖြစ်သင့်တယ်။ ဥပဒေနဲ့ ညိစွန်းနေရင်တော့ မလုပ်ဖို့ တိုက်တွန်းလိုပါတယ်။

ဒီနှစ်တွက် ပညာသင်ကြားရေး လုပ်ငန်း ၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ၊ စက်မှုလက်မှု လုပ်ငန်းမျိုးစုံ ၊ ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်း ၊ အိုးအိမ်ဆောက်လုပ်ရေး လုပ်ငန်း ၊ အိမ်ခြံမြေ လုပ်ငန်း ၊ အကျိုးဆောင်(ပွဲစား) လုပ်ငန်းမျိုးစုံ ၊ ၀န်ဆောင်မှု လုပ်ငန်းမျိုးစုံ ၊ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း ၊ ဆက်သွယ်ရေး လုပ်ငန်း များ လုပ်ကိုင်နေသူများအတွက် အခွင့်အလမ်းကောင်းများ ကြုံတွေ့ပြီး တိုးတက်မြင့်မားမှုများ ပိုမိုရရှိနိုင်လိမ့်မယ်။

ငွေကြေးဆိုင်ရာ ။ ။ တူရာသီဖွားများအတွက် ဒီနှစ်ရဲ့ ငွေကြေးဆိုင်ရာ ကံဇာတာဟာ အလွန်မြင့်မားတိုးတက်မယ့် အနေအထားမှာ ရှိနေလိမ့်မယ်။ ဒီနှစ်မှာ တူရာသီဖွားအတော်များများ ငွေရေးကြေးရေး အဆင်ပြေလိမ့်မယ်။ ငွေကြေးစုဆောင်းမိတယ်။ ငွေကြေး အစုလိုက်အပုံလိုက် ၀င်ကိန်းမျိုး ရှိတတ်တယ်။ ငွေနဲ့ပတ်သက်ပြီး စိတ်မပူရမယ့် နှစ်မျိုးလို့ ဆိုနိုင်တယ်။ မိမိ ရည်ရွယ်ချက် ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ငွေကို လမ်းခင်းသွားရင်းနဲ့ ပိုမို ချမ်းသာကြွယ်ဝ လာတတ်တယ်။ ဒီနှစ်ဟာ သာမန် လုပ်စားကိုင်စား တစ်ယောက် တောင်မှ ငွေကို ဖောဖောသီသီ သုံးစွဲနိုင်မယ့် နှစ်မျိုးဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ငွေကို ငွေနဲ့ ရင်းပြီး ရှာတဲ့ လူမျိုးဆိုရင်တော့ ပြောစရာတောင် မလိုလှဘူး။
သို့သော်လည်း ဒီနှစ်ထဲမှာ ငွေကြေးကံကောင်းမယ် ဆိုပေမယ့် ကိုယ့်ရဲ့ စိတ်မှာ နှမြောတွန့်တိုစိတ် များနေတတ်တယ်။ စွန့်လွှတ် ရင်းနှီးလိုစိတ် နည်းနေတတ်တယ်။ သတိပြုရမှာက ဒီနှစ်ဟာ ငွေကို လက်ထဲမှာ အသေဆုပ်ကိုင်ထားတာထက် "ထောင်မြင်ရာစွန့်" သုံးစွဲသင့်တယ်။ အခွင့်အရေးကောင်း တစ်ခု ပေါ်လာတာကို ငွေကြေးစိုက်ထုတ်မှု မရှိဘဲ အသေဆုပ်ကိုင်ထားရင် အခွင့်ကောင်းတွေ လက်လွတ် ဆုံးရှုံးရတတ်တယ်။ ဒီနှစ်အတွက် သင့်အနေနဲ့ "ထောင်မြင်ရာစွန့်" ဆိုတဲ့ စကားနဲ့ "ဆန်ပေးမှ ဆေးရ" ဆိုတဲ့ စကားတွေကို လုံးဝ မမေ့ပါနဲ့။ ပြီးရင် မိမိရဲ့ ၀င်ငွေ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းပေးကမ်းဖို့လည်း မမေ့စေချင်ဘူး။ နှမြောတွန့်တိုမှုဟာ ဒီနှစ်အတွက် ကောင်းကျိုးကို ဖြစ်ထွန်း စေမှာ မဟုတ်ပါဘူး။ အလှူရေစက် လက်နဲ့မကွာသူများအတွက်တော့ ဒီနှစ်မှာ ကုသိုလ်ကံမြင့်မားမှုကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

ပညာရေး ။ ။ ပညာရေး နှင့် ပတ်သက်လျှင် တူရာသီဖွားများအတွက် ဒီနှစ်မှာ ကံဇာတာ အလွန့်အလွန် မြင့်မားနေတာကို တွေ့ရတယ်။ ပညာရဲရင့် ပွဲလယ်တင့်မယ့် နှစ်မျိုးဖြစ်တယ်။ ပညာရေးကံဟာ ကိုယ့်ဘက်မှာ လုံးဝရှိနေတယ်။ ဥာဏ်နဲ့ ၀ီရိယကိုသာ စိုက်ထုတ်ဖို့ လိုတော့မယ်။ ကျောင်းစာအပြင် ၊ အလုပ်ဝင်ခွင့်စာမေးပွဲ များမှာပါ ကံကောင်းနိုင်မယ်။ ပုံမှန် ဆည်းပူးနေတဲ့ ပညာရပ် အပြင် ၊ အခြားသော ပညာရပ် ၊ ဘာသာရပ်များပါ လေ့လာသင်ယူခွင့် ရနိုင်တယ်။ အသိပညာ အတတ်ပညာ တိုးပွားတတ်တဲ့ နှစ်မျိုးဖြစ်တယ် ဆိုရမယ်။

အချစ်ရေး ။ ။ ဒီနှစ်မှာ အချစ်ရေး ကိစ္စတွေမှာတော့ တူရာသီဖွားတွေဟာ သိပ်ကံမကောင်းနိုင်တာကို တွေ့ရပါတယ်။ ချစ်သူရှိသူများ အမြဲတမ်း ကတောက်ကဆ အဆင်မပြေမှုများ ဖြစ်နေတတ်တယ်။ တစ်ခါတစ်ရံ အမှိုက်ကစ ပြသာဒ် မီးလောင် ဆိုတာလို ပြဿနာ အသေးကနေ အကြီးကြီး တွေအထိ ဖြစ်လာတတ်တယ်။ အချစ်ရေး ကိစ္စတွေမှာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေတွေ ကြုံတတ်တယ်။ ဆုပ်လည်းစူး ၊ စားလည်းရူး ဆိုတာမျိုးတွေ ရှိနိုင်တယ်။ အိမ်ထောင်ပြုရန် ကြံရွယ်ထားသူများ အခက်အခဲ ပြဿများများ ၊ အဆင်မပြေမှုများ နှင့် ကြုံတွေ့ပြီးမှ လက်ထပ် ရတတ်တယ်။ လက်ထပ်ဖို့ ကိစ္စတွေမှာ အနှောက်အယှက် များလိမ့်မယ်။ ဒီနှစ်အတွက် တူရာသီဖွားများအတွက် အချစ်ရေးကိစ္စဟာ အညံ့ဆုံး ကိစ္စတစ်ခု ဖြစ်ဖွယ်ရှိပါတယ်။

အိမ်ထောင်ရေး/အိမ်တွင်းရေး ။ ။ ဒီနှစ်အတွက် တူရာသီဖွားများဟာ အိမ်ထောင်ရေး အိမ်တွင်းရေး ပြဿနာ အလွန်နည်းပြီး ကြီးမားသော ပြဿနာ ဖြစ်ပွားမှုများ မရှိနိုင်ဟုပင် ပြောရနိုင်ပါတယ်။ အထူးသဖြင့် မိန်းမရဲ့ သြဇာသက်ရောက်မှု ပိုများတဲ့ ဇနီးမောင်နှံတွေမှာ ပြဿနာ အလွန် နည်းပါလိမ့်မယ်။ လင်နဲ့မယား လျှာနဲ့သွား ဆိုသလို ပြဿနာ အသေးများတော့ ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပေမယ့် ကြီးမားသော ပြဿနာ ကြီးများတော့ မဖြစ်ဖို့များပါတယ်။ အိမ်တွင်းရေး တည်ငြိမ်မယ့် နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။

ကျန်းမာရေး ။ ။ ယေဘူယျ ကျန်းမာရေး အကောင်းပြပါတယ်။ သာမန် ကျန်းမာနေသူများအဖို့ ရောဂါကြီးများ ဖြစ်ပွားစရာ မရှိနိုင်ပါ။ နှာစေး ချောင်းဆိုး ဗိုက်နာ ခေါင်းကို လောက်သာ ရှိပါမယ်။ ဒါပေမယ့် နာတာရှည် ရောဂါခံစားနေရသူများအတွက် ဒီနှစ်ဟာ ရောဂါကို ထိထိရောက်ရောက် ကုသဖို့ လိုတဲ့နှစ်ဖြစ်ပါတယ်။ သာမန် ဆေးမီးတိုများနှင့် စခန်းသွားနေကြသူများ ဒီနှစ်မှာ ဒီလို ဆက်ပြီးစခန်းသွားနေရင် ရှေ့လာမည့် နှစ်များမှာ ကျန်းမာရေး ပိုမိုဆိုးဝါးလာနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ မိမိကိုယ်မိမိ ဝေ့လယ်ကြောင်ပတ် လုပ်မနေဘဲ ဆရာကောင်း ၊ သမားကောင်းများ နှင့် ဆေးကုသမှု ခံယူဖို့ လိုမည့် နှစ်ဖြစ်ပါတယ်။

ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ ။ ။ တူရာသီဖွားများအတွက် ဒီနှစ်ဟာ ခရီးသွားလာခြင်းများ များပြားနိုင်တဲ့ နှစ်မျိုးဖြစ်တယ်။ အလုပ်ကိစ္စကြောင့် သွားလာရခြင်းအပြင် မိသားစု နှင့် အတူတကွ သွားလာရခြင်းမျိုးလည်း ရှိပါမယ်။ လေကြောင်းခရီးများ များစွာ သွားလာရတတ်ပါတယ်။ ခရီးသွားခြင်းဖြင့် စိတ်ပျော်ရွှင်မှု ရရှိနိုင်တယ်။ မိသားစု ၊ ချစ်သူ ၊ အပေါင်းအသင်းများ နှင့် အပန်းဖြေ ခရီးများ သွားလာရတတ်ပါတယ်။ အချို့ တူရာသီဖွားများအတွက် ခရီးသွားရင်း အချစ်ရေးကိစ္စများ ကြုံတွေ့ရတတ်ပါတယ်။ ခရီးသွားရင်း ချစ်သူကောက်ရတတ်ပါတယ် (လူလွတ်များ အတွက်သာ)

လူမှုဆက်ဆံရေး ။ ။ တူရာသီဖွားများအတွက် ဒီနှစ်ဟာ လူမှုဆက်ဆံရေး ပြေပြစ်ချောမောဖို့များပါတယ်။ ပြဿနာကြီးများ မရှိနိုင်ပါ။ မိမိအနေ နဲ့လည်း စကား/ကတိ တည်ဖို့လိုပါတယ်။ ဒီနှစ်အတွက် လူမှုဆက်ဆံရေး နယ်ပယ်မှာ စကား/ကတိ တည်သူများအတွက် ကောင်းကျိုးခံစား ရမှုများပါမယ်။ စကား/ကတိ မတည်ရင်တော့ ပြဿနာ အနည်းနဲ့အများ ရှိတတ်ပါတယ်။ ဒီနှစ်မှာ လူထဲသူထဲက သွားရင် ၊ အကြီးအကဲများ နှင့် တွေ့ဆုံလျှင် အ၀တ်အစားကို ခပ်ရိုးရိုးသာ ၀တ်ဆင်ခြင်းဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းနိုင်ပါတယ်။ ခေတ်ပေါ် ကလက်တက်တက် အ၀တ်အစား များကြောင့် အကြီးအကဲ ၊ လူကြီးသူမများနှင့် ဆက်ဆံရေးမှာ အမြင်မကြည်လင်မှုများ ဖြစ်ပေါ်နိုင်တာကို သတိပြုပါ။

နေ့သားအလိုက် ကံကောင်းမှုများ ။ ။ တူရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် ဒီနှစ်မှာ တနင်္ဂနွေ ၊ ကြာသပတေး ၊ ဗုဒ္ဓဟူး(ရာဟု) နှင့် အင်္ဂါ သားသမီးများ ကံဇာတာမြင့်မားမှု ကို ပိုမိုကြုံဆုံနိုင်ဖွယ် ရှိပြီး ၊ တနင်္လာ ၊ သောကြာ နှင့် စနေသားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။

လ အလိုက် ကံကြမ္မာ တိုးတက်မှုများ ။ ။ ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - ဇန်န၀ါရီလ ၊ ဖေဖေါ်ဝါရီလ ၊ မေလ ၊ ဇွန်လ ၊ သြဂုတ်လ ၊ စက်တင်ဘာလ နှင့် နိုဝင်ဘာလ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
မတ်လ ၊ ဇူလိုင်လ ၊ အောက်တိုဘာလ နှင့် ဒီဇင်ဘာလ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ဒီဇင်ဘာလကို အထူးသတိထားပါ။ ဒီလမှာ ကံတော်တော်ညံ့တတ်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ သိသာမယ် မဟုတ်ပါဘူး။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)

ထီကံကြမ္မာ ။ ။ လူ (၁၀)ဦးမှာ (၇)ဦးလောက်က ထီဝါသနာ ပါသူများ ဖြစ်ခြင်းကြောင့် ဒီနှစ်မှာ ထီကဏ္ဍလေးကို တိုးချဲ့ လိုက်ပါတယ်။ ဒီနှစ် ထီကံကြမ္မာအနေနဲ့ တူရာသီဖွားများဟာ မပေါက်ရင်လည်း အရှင်း ၊ ပေါက်ရင်လည်း ဆုကြီး ဖြစ်တတ်ပါတယ်။ (လူတစ်ဦးခြင်း ကံကြမ္မာအပေါ်တွင်လည်း တည်ဦးမည်) ။ ဒါကြောင့် ဒီနှစ်မှာ ထီထိုးဖို့ တိုက်တွန်းလိုပါတယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၁ ၊ ၃ ၊ ၅ ၊ ၈ ၊ ၄ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၁) (၄) နှင့် (၅) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။

နှစ်ချုပ် ကံကြမ္မာ ။ ။ ယခုနှစ်တွက် တူရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် (၁၂)ရာသီခွင်အတွင်းမှာ ကံဇာတာ အလွန်မြင့်မားသော ရာသီခွင်ဖွား ဖြစ်ဖို့ရှိပါတယ်။ ကံဆိုးမှု အနည်းငယ်မျှသာ ရှိနိုင်ပါတယ်။ (လူ သန်း ၆၀၀၀ အတွက် ဟောရခြင်းဖြစ်သော ကြောင့် အနည်းငယ်သော လူနည်းစုကတော့ တိုက်ဆိုင်မှာ မဟုတ်ပါဘူး။ အများစုကတော့ အမှန်များပါလိမ့်မယ်) အထူးသဖြင့် ဒီနှစ်ဟာ ငွေကြေး နှင့် အလုပ် နှစ်ဖြစ်သည်ဟု ဆိုရပါမယ်။ အခြားသော ကဏ္ဍများမှာလည်း အညံ့သိပ် မရှိလှတာကို တွေ့ရပါလိမ့်မယ်။ ငယ်ရွယ်သူများအတွက် အချစ်ရေးကံလေးတော့ နည်းနည်း ခေတတ်ပါတယ်။ ခရီးသွားလာရမှုဟာလည်း ဒီနှစ်မှာ ထူးထူးခြားခြား တိုးတက်များပြားနိုင်ပါတယ်။ ဒီနှစ်ဟာ တူရာသီဖွားများတွင် ယောင်္ကျား နှင့် မိန်းမ နှစ်မျိုးတွင် မိန်းမသားများက ကံဇာတာ ပိုကောင်းတတ်ပါတယ်။ တူရာသီ မိန်းမသားများဟာ အလွန်ကြီးမားတဲ့ အခွင့်အလမ်းများကို ကြုံနိုင်ပါတယ်။ တူရာသီဖွား မိန်းမသားများဟာ ကိုယ့်ထက် အင်အားကြီးတဲ့ ယောင်္ကျားသားများကို စီးပွားရေး နယ်ပယ် ၊ နိုင်ငံရေး နယ်ပယ်များမှာ အနိုင်ရရှိနိုင်ပါတယ်။ မိသားစုများအတွင်းမှာပင် တူရာသီဖွား ဇနီးသည်က လင်ယောင်္ကျားဖြစ်သူထက် ကံဇာတာ မြင့်မားနေတတ်ပြီး တန်ခိုးသြဇာ ကြီးနေတတ်ပါတယ်။ ဒီနှစ် တူရာသီဖွား အားလုံးဟာ မိမိနှင့် အပြိုင်ဆိုင်လုပ်ငန်းများ ၊ လူပုဂ္ဂိုလ်များ အပေါ်တွင် ပြတ်သားစွာ အနိုင်ယူနိုင်ပါလိမ့်မယ်။ တူရာသီဖွားများအတွက် ဒီနှစ် ကံဇာတာကတော့ မြင့်မားနေပြီမို့ ကျန်တဲ့ ဥာဏ်အား ၊ ၀ီရိယအားများကို စိုက်ထုတ်ပြီးသာ ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို ရယူနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သ လိုက်ရပါသည်ခင်ဗျား။

ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ စံပယ်ပန်းကို မပြတ် ကပ်လှူပေးပါ။ လူမှုရေး ပရဟိတ အလှူများ မကြာခဏ ပြုလုပ်ပေးပါ။ ဆင်းရဲ၍ ပညာမသင်ကြားနိုင်သော ကလေးများကို မိမိတတ်နိုင်သလောက် ထောက်ပံ့ပေးပါ။ ယခုနှစ်အတွင်း အဖြူရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ အနက် နှင့် နက်ပြာရောင် အ၀တ်အစားများကို မ၀တ်ဆင်ပါနှင့်။ အစိမ်း ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါ ၊ နီညို ၊ မီးခိုး ၊ အနီ ၊ လိမ္မော်ရောင်များ ၀တ်ဆင်ပေးပါ။

(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။

                                                              ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment