၂၀၁၄ ခုနှစ်မှာ ကရကဋ်ရာသီဖွားများရဲ့ ကံကြမ္မာ အခြေအနေဟာ မနှစ်ကထက် အများကြီး တိုးတက်ကောင်းမွန်လာမယ့် အခြေအနေ ရှိပါတယ်။ မနှစ် (၂၀၁၃)ခုနှစ်ကတော့ ကရကဋ်ရာသီအများစုဟာ အလုပ်အကိုင် ၊ စီးပွားရေး ၊ ငွေရေးကြေးရေး နဲ့ ကျန်းမာရေးတွေအနက် တစ်ခုမဟုတ် တစ်ခုမှာ အားနည်း ခဲ့ကြလိမ့်မယ်။ ဒီနှစ်မှာတော့ အခြေအနေအရပ်ရပ်ဟာ တိုးတက်မှုကို ပြလာပါပြီ။ သို့သော် ဒီနှစ်အတွက် ဒိပ်ဒိပ်ကြဲ ကံကောင်းမှု စာရင်းဝင်တော့ မဟုတ်နိုင်သေးဘူး။ ထိုက်တန်တဲ့ ကံအကျိုးကို ခံစားခွင့် ရပါလိမ့်မယ်။ ဒီနှစ်ဟာ ကရကဋ် ရာသီဖွားများအတွက် ကိုယ့်ဘ၀မှာ အရေးပါတဲ့ အလုပ်/ကိစ္စ တစ်ရပ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခြင်း (သို့မဟုတ်) အောင်မြင်စွာ အစပြုနိုင်ခြင်းဟာ ထင်ရှားတဲ့ ကိစ္စတစ်ခုဖြစ်လာလိမ့်မယ်။ အပြီးမသတ် နိုင်တဲ့ အလုပ်တွေ ၊ စီမံကိန်းတွေ ၊ ငွေအကြွေးတွေ ၊ ကတိအကြွေးတွေ ၊ ရည်မှန်းချက်တွေ ၊ မျှော်မှန်းချက်တွေကို အောင်မြင်စွာ အဆုံးသတ် လုပ်ကိုင်နိုင်မယ့် နှစ်ဖြစ်တယ်။
ဒီနှစ်ဟာ အောင်မြင်စွာ ပြီးဆုံးခြင်း ၊ အောင်မြင်စွာ အဆုံးသတ်နိုင်ခြင်းတို့ရဲ့ သင်္ကေတနှစ်လည်း ဖြစ်တယ် ဆိုရမယ်။ ကိုယ့်ဘ၀မှာ ရွှေ့ဆိုင်းလာခဲ့တဲ့ အလုပ်တွေ ရည်မှန်းချက်တွေ ၊ အိပဲ့အိပဲ့နဲ့ လုပ်လာခဲ့တဲ့ စီမံကိန်းတွေကို အောင်မြင်ပြီးစီးအောင် လုပ်ကိုင်နိုင်မယ့် နှစ်ဖြစ်တယ်။ တစ်ချို့သော ကရကဋ်ရာသီဖွားများကျပြန်တော့ ဒီနှစ်ဟာ ကိုယ့်ဘ၀မှာ အလွန်အရေးပါတဲ့ စီမံကိန်း ၊ အလုပ်အကိုင် နဲ့ ပညာသင်ကြားရေး တစ်ခုခုကို အစပြု တည်ထောင်ရမယ့် နှစ်မျိုးလည်း ဖြစ်နေတတ်ပြန်တယ်။ ဒီနှစ်မှာ အစပြုခဲ့တဲ့ အလုပ်/ကိစ္စ/စီမံကိန်း တစ်ခုဟာ နောင် နှစ်ပေါင်းများစွာအထိ ကိုယ့်ဘ၀မှာ အရေးပါလာတဲ့ ကိစ္စ ဖြစ်လိမ့်မယ်။
ဒီနှစ်မှာ စီးပွားရေး နဲ့ အလုပ်ကိစ္စတွေ ၊ ငွေကြေးကိစ္စတွေမှာ အလွန်အမင်းတော့ အကောင်းကြီး မပြသေးဘူး။ သို့သော် ထိုက်တန်တဲ့ အကျိုးကိုတော့ ခံစားရဖို့ ရှိပါတယ်။ နောက်ပြီး ဒီနှစ်မှာ အချစ်ရေး နဲ့ နိုင်ငံရပ်ခြားကိစ္စတွေမှာလည်း ထူးခြားတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့လာရနိုင်တယ်။ ဒီနှစ်ဟာ ကိုယ့်ဘ၀ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ရမယ့် နှစ်ဖြစ်တယ်။ မိမိကြိုးစားရင် ကြိုးစားသလောက် ထွန်းပေါက်မယ့် နှစ်ဖြစ်တယ်။ (မနှစ်ကတော့ ဒီလို အင်တိုက်အားတိုက်ကြိုးစားဖို့ ကံတရားက ခွင့်မပြုခဲ့ဘူး)။ ဒီနှစ် မိမိလုပ်ဆောင်ဖို့ ရှိတဲ့ကိစ္စတွေကို မကြောက်မရွံ့ နောက်မတွန့်ဘဲ လုပ်ဆောင်ပါ။ အောင်မြင်ရမယ့် ကံတရားက ကိုယ့်ဘက်မှာ ရှိနေပါတယ်။
စိတ်ပိုင်းဆိုင်ရာ
....................
ဒီနှစ်မှာ ကရကဋ်ရာသီဖွားတွေဟာ ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ စိတ်ရွှင်လန်းတက်ကြွမှုမျိုးကို ရရှိနေလိမ့်မယ်။ အနာဂါတ်ကို ပုံဖော်ပြီး စိတ်ကူးယဉ် အိပ်မက်များ မက်နေလိမ့်မယ်။ ကြီးမားတဲ့ အလုပ်တွေကို လုပ်ဖို့ စိတ်အားထက်သန် နေလိမ့်မယ်။ ရည်ရွယ်ချက်တွေ မြင့်မားနေလိမ့်မယ်။ နုပျိုလတ်ဆတ်တဲ့ စိတ်ထားနဲ့ ကိုယ့်ဘ၀ရည်မှန်းချက်တွေကို ပုံဖော်လုပ်ဆောင်လိုတဲ့စိတ်နဲ့ အညွန့်တလူလူ ဖြစ်နေ တတ်တယ်။ သို့သော် လက်တွေ့မပါတဲ့ အလွန်အမင်းစိတ်ကူးယဉ်မှုမျိုးတော့ ဒီနှစ်မှာ မဖြစ်စေလိုဘူး။ ဒီနှစ်ဟာ စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရင် လွယ်ကူနေတဲ့ ကိစ္စတွေဟာ လက်တွေ့မှာ အခက်အခဲတွေ ရှိနိုင်တာမို့ စိတ်ကူးယဉ်မှုများလွန်းခြင်းကိုတော့ မဖြစ်စေချင်ပါ။
စီးပွားရေး နှင့် အလုပ်အကိုင်
....................................
ဒီနှစ်ဟာ ကရကဋ်ရာသီဖွားများအတွက် စီးပွားရေး/အလုပ်အကိုင်ကိစ္စများမှာ အခွင့်အလမ်း နှင့် ရွေးချယ်ခွင့်များ ရရှိလာမည့် နှစ်ဖြစ်ပါတယ်။ ဒီနှစ်မှာ သင်ဟာ တစ်ခုထက်ပိုတဲ့ အလုပ်အကိုင် ၊ အခွင့်အလမ်းများ ရရှိလာနိုင်ပါတယ်။ အချို့သော သူများမှ နှစ်ခုထက်ပိုတဲ့ အခွင့်အလမ်းများလည်း တွေ့ကြုံလာနိုင်တယ်။ ရွေးချယ်ခွင့်တွေ ပိုများလာနိုင်တယ်။ ဒါပေမယ့် ဒီနှစ်မှာ သင့်အနေနဲ့ တွက်ချက်ရမယ့် ကိစ္စဟာ သင်လုပ်မည့်အလုပ်ဟာ သင်ပေးဆပ်ရမှာနဲ့ တန်ဖိုးခြင်း ကာမိရဲ့လား ဆိုတာကို ထည့်သွင်းတွက်ချက်ရပါလိမ့်မယ်။ ဒီနှစ်မှာ ကြုံလာတဲ့ ကိစ္စတွေထဲက အချို့အချို့သော ကိစ္စများဟာ အချိန်ကုန် ၊ ငွေကုန် ၊ လူပင်ပန်း ကိစ္စများလည်း ဖြစ်နေတတ်ပါတယ်။ သို့သော် သင်က လုပ်လိုစိတ်များနေတတ်တယ်။ ဒါပေမယ့် သင့်အနေနဲ့ မှတ်ယူရမှာ "သူ့အိုးနဲ့သူ့ဆန် တန်ရုံလောက်" သာ ချင့်ချိန်တတ်ဖို့ဖြစ်တယ်။ မဟုတ်ရင် ဒီနှစ်မှာ သင့်အတွက် လုပ်ချင်တာတွေ များနေပြီး ဟိုမရောက် ဒီမရောက် ဖြစ်တတ်ဖွယ် ရှိပါတယ်။ သင့်အနေနဲ့ ဒီနှစ်မှာ ပြန့်ကျဲနေတဲ့ သင့်ရဲ့ စွမ်းဆောင်ရည်တွေကို တစ်စုတစ်စည်းထဲ စုစည်းဖို့ အင်မတန် လိုပါတယ်။ ဒါကြောင့် ဒီနှစ်မှာ အလုပ်အကိုင်/စီးပွားရေးနဲ့ ပတ်သင်ရင် ဖြစ်ချင်တာ/လုပ်ချင်တာထက် ၊ ဖြစ်သင့်/လုပ်သင့်တဲ့ ကိစ္စကိုသာ ဦးစားပေးလုပ်ကိုင်မှ မိမိရဲ့ အောင်မြင်ရေးလမ်းကြောင်း ဖြောင့်တန်းမှာကို သတိပြုပါ။
ဒီနှစ်မှာ အလုပ်အကိုင် နဲ့ အကြံအစည်အောင်မြင်ဖို့အတွက် သင့်ရဲ့ အလုပ်ပေါ်မှာသာ အာရုံစူးစိုက် လုပ်ဖို့ဖြစ်တယ်။ အခြားသူများရဲ့ အနေအထားကို ထည့်မတွက်ပါနဲ့။ အခြားသူများနှင့်လည်း ယှဉ်ပြိုင်တုဖက်ဖို့ အာရုံများ မနေပါနှင့်။ ဒီနှစ်ထဲမှာ သင့်အနေနဲ့ ယခင့်ယခင် နှစ်များက သင့်အပေါ်မှာ မကောင်းသဖြင့် ကြံစည်ပြုလုပ်ခဲ့ကြတဲ့ သူတွေကို ကိုယ်ကပြန်ပြီး လက်စားချေရမယ့် အခွင့်အလမ်းတွေ ပေါ်ပေါက် လာတတ်တယ်။ ပြန်ပြီး လက်စားမချေပါနဲ့လို့ဘဲ အကြံပြုပါရစေ။ ဒီလိုလုပ်ရင် သင့်ရဲ့ စိတ်စွမ်းရည်တွေ ကျဆင်းပြီး ကိုယ့်ဘ၀ ကိုယ့်အလုပ်ကို ထိခိုက်ရုံသာ ဖြစ်လိမ့်မယ်။ ရန်မီး ပိုပြီး ပွားစရာသာဖြစ်လိမ့်မယ်။ ကိုယ့်အတွက် အကုသိုလ်တက်စရာ ကိစ္စသာလျှင် ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီနှစ်မှာ ကိုယ့်အလုပ်ကိုသာ အာရုံစိုက် လုပ်ကိုင်ပါ။ အောင်မြင်မှုက သင့်ကို အာမခံချက်ပေးပါလိမ့်မယ်။
ဒီနှစ်အတွက် အမျိုးသမီး အလှအပ အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ ၊ ဖက်ရှင် ဒီဇိုင်း အ၀တ်အထည် လုပ်ငန်းများ ၊ ရေသန့် အချိုရည် လုပ်ငန်းများ ၊ ရေထွက်ပစ္စည်း နှင့် ငါးလုပ်ငန်း - စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း ၊ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက်ဆိုင်ရာ လုပ်ငန်းများ ၊ ၀န်ဆောင်မှု လုပ်ငန်းများ ၊ စာ/နယ်/ဇင်း လုပ်ငန်းများ ၊ ပညာသင်ကြားရေး နှင့် ပတ်သက်နေသော လုပ်ငန်းများ ၊ ဘဏ် လုပ်ငန်း များ ၊ အာမခံ လုပ်ငန်းများ ၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းများ ၊ တရားဥပဒေဆိုင်ရာ လုပ်ငန်းများ ၊ ယာဉ်ကား လုပ်ငန်းများ လုပ်ကိုင်သူများ အထူးကျေးဇူးများမယ့် နှစ်ဖြစ်တယ်။
ငွေကြေးဆိုင်ရာ
....................
ကရကဋ်ရာသီဖွားများအတွက် ဒီနှစ်ရဲ့ ငွေကြေးကံဇာတာဟာ ငွေကြေးကံဇာတာ သိပ်အကောင်းလှကြီး မဟုတ်သေးပါ။ ပုံမှန်ဝင်ငွေ (သို့) ပုံမှန်ထက် အနည်းငယ်မျှ သာလွန်တဲ့ ငွေကြေးမျှသာ ၀င်ပါဦးမယ်။ ငွေစုငွေပုံကြီးများဝင်ဖို့ သိပ်အလားအလာ မရှိပါ။ (ကရကဋ်ရာသီ အများစုအတွက် ဖြစ်ပါသည်။ ရာနှုံးအနည်းငယ်မျှကတော့ ငွေစုငွေပုံဝင်ကောင်းဝင်ပါလိမ့်မည်)။ ဒီကြားထဲမှာ အထူးသတိထားရမယ့် ကိစ္စကတော့ ငွေကြေးလိမ်လည်ခံရခြင်း နှင့် မှားရွင်းသော ရင်းနှီးမြုတ်နှံမှုကြောင့် ငွေကြေးဆုံးရှုံးကိန်းများလည်း ရှိနေတတ်ပါတယ်။ ဒီနှစ်မှာ သင်ဟာ ငွေကြေး ကိစ္စနဲ့ ပတ်သတ်ပြီး အယုံလွယ်ခြင်း ၊ အသေအချာ စဉ်းစားတွက်ချက်မှု မရှိခြင်းများကြောင့် ငွေကြေးအချို့ ဆုံးပါးတတ်ပါတယ်။ သတိပြုရပါမယ်။
ဒီနှစ်မှာ သင့်အတွက် အလုပ်ကို ကြိုးစားလုပ်ဖို့သာ အဓိကဖြစ်ပြီး ငွေကြေးအကျိုးအမြတ်ကို အလွန်အမင်း မျှော်လင့်ဖို့ မတိုက်တွန်းလိုပါဘူး။ ဒီနှစ်မှာ သင့်ရဲ့ အလုပ်/ရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားလုပ်နိုင်တာနဲ့အမျှ ငွေကြေးခံစားခွင့်ဟာ ''ရလာဒ်" တစ်ခုအနေနဲ့ သူ့ဟာသူ ဖြစ်ထွန်းပေါ်ပေါက်လာရမှာဘဲ ဖြစ်ပါတယ်။ ငွေနောက်ကို အသည်းအသန် လိုက်လို့ ရကောင်းတဲ့ နှစ်မျိုးမဟုတ်တာကိုတော့ ၀မ်းနည်းစွာ သတင်းစကား ပါးပါရစေ။ ငွေကြေး ချေးငှားခြင်းနှင့် ရင်းနှီးမြုတ်နှံမှုများတွင် သတိတရားကို လက်ကိုင်ထားရမယ့် နှစ်ဖြစ်ပါတယ်။
ပညာရေး
............
ပညာရေး နှင့် ပတ်သက်လျှင် ကရကဋ်ရာသီဖွားများအတွက် ပညာရေး ထက်မြက်အောင်မြင်မည့် နှစ်တနှစ်ထဲမှာ ပါနေပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာမယ်။ ကိုယ့်ပညာရေးကို စိုက်လိုက်မတ်တတ် လိုက်စားနိုင်အောင် ပံ့ပိုးပေးမည့် အကြောင်းအရာ/လူပုဂ္ဂိုလ်များလည်း ပေါ်လာမယ်။ ကိုယ့်အနေနဲ့ ပညာရေးအပေါ်တွင်သာ အာရုံ စူးစိုက်ထားပါ။ အချစ်ရေး အပါအ၀င်၊ အခြားသော ကိစ္စများမှာ အာရုံထွေပြားနေမယ်ဆိုရင်တော့ ဒီနှစ်ဟာ သင့်အတွက် ပညာရေးနှင့် ပတ်သက်ပြီး ကံမကောင်းတဲ့ နှစ်ဖြစ်သွားနိုင်တယ်။ ဒီနှစ်အတွက် ပညာရေးဆောင်ပုဒ်ကတော့ "နှလုံးသားကိစ္စထက် ၊ ဦးနှောက်ကို ဦးစားပေးရန်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဖြစ်ပါတယ်။
အချစ်ရေး
............
ဒီနှစ်အတွက် ကရကဋ်ရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး အလွန်ထူးခြားတဲ့ နှစ်တနှစ်ဖြစ်ဖို့ ရှိပါတယ်။ ဒီနှစ်ဟာ မည်သို့သော အချစ်ရေးကိစ္စမဆို အဆင်ပြေချောမွေ့နေကြလိမ့်မယ်။ ချစ်သူမရှိသေးသူများ ချစ်ရမည့်သူ တွေ့ရှိလာရမည့် နှစ်မျိုးဖြစ်ပြီး ချစ်သူဘ၀သို့ ရောက်ရှိနေသူများလည်း အချစ်ရေး အဆင်ပြေကြပါလိမ့်မယ်။ ဒီနှစ်ဟာ ချစ်သူဘ၀ကို ရောက်နေသူများအတွက် "သဒ္ဓါလွန်လို့ တဏှာကျွံ" တတ်တဲ့ နှစ်မျိုးလည်း ဖြစ်တတ်ပါတယ်။ အချစ်စစ် ဆိုရင်တော့ ပြဿနာ အထူးအထွေ မရှိပေမယ့် ၊ အချစ်တုအချစ်ယောင်ဆိုရင်တော့ နောက်ပိုင်းမှာ ၀မ်းနည်းကြေကွဲစရာ ကိစ္စများ ဖြစ်လာတတ်ပါတယ်။ ဒီနှစ်ဟာ စုတ်အား ၊ စန်းအား အလွန်ကောင်းတဲ့ နှစ်မျိုးဖြစ်တာကြောင့် အိမ်ထောင်ရှင်များမှာလည်း သတိထားရမယ့်နှစ်ဖြစ်ပါတယ်။ ကြာကြာဝါးမယ့်သွား၊ အရိုးကြည့်ရှောင် ဆိုတာလို ကြာကြာဝါးမယ်လို့ စိတ်ကူး ရှိရင်တော့ ကိုယ့်ဟာကိုယ်သာ ကြည့်ရှောင်ကြပါခင်ဗျား။ ဒီနှစ်မှာ ချစ်သူဘ၀ကနေ အိမ်ထောင်သည်ဘ၀ကို ကူးပြောင်းကြတော့မယ့် စုံတွဲများ အတွက် တင့်တယ်ကောင်းမြတ်တဲ့ မင်္ဂလာအခမ်းအနားများနှင့် အိမ်ထောင်ပြုနိုင်ကြမှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။ အိမ်ထောင်ကျဖို့ အလွန်လွယ်ကူသည့်နှစ် ဖြစ်ကြောင်းပါ။
အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................
ဒီနှစ်မှာ ကရကဋ်ရာသီဖွားများအတွက် အိမ်ထောင်ရေး/မိသားစုအရေးဟာ အထက်ကပြောခဲ့သလို အိမ်ထောင်ရှင်များမှာလည်း စုတ်အား ၊ စန်းအားကောင်းနေတာမို့ မိမိ အိမ်ထောင်ရေးကို မိမိ ငြီးငွေ့နေသူတွေ ၊ လိင်ကိစ္စတွေမှာ ကိုယ့်အိမ်ထောင်ဘက်နဲ့ဘဲ ရောင့်ရဲတင်းတိမ်မှု မရှိသူတွေ ၊ နဂိုကတည်းက အပျော်အပါးအသောက်အစား ၀ါသနာပါသူတွေအတွက် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ၀င်ရောက်လာနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ ကြုံလာဖို့ အင်မတန်များပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ကိုယ့်ဘက် တာလုံအောင် ထိမ်းသိမ်းနိုင်မှ အိမ်ထောင်ရေးရာ သာယာနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတတတ်ပါတယ်။ ဒီနှစ်မှာ ဒီကိစ္စကိုသာ ရှောင်ကျဉ်ထိမ်းသိမ်းနိုင်မယ်ဆိုရင် အိမ်ထောင်ရေး ပြဿနာ နည်းပါးပါလိမ့်မယ်။ အရာအားလုံးဟာ ကိုယ့်အပေါ်မှာသာ တည်နေပါတယ်။ အခြားပြဿနာကြီးများတော့ မမြင်ပါ။
ကျန်းမာရေး
...............
ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ ကျန်းမာရေးမကောင်းသူများ ၊ ရောဂါဝေဒနာ ခံစားနေရသူများအတွက် ၀မ်းမြောက်ဖွယ် ကိန်းဂဏန်းတစ်ခုပါဘဲ။ ဒီနှစ်မှာ ရောဂါဝေဒနာရှင်များအတွက် ရောဂါသက်သာလာရုံမက ၊ လုံးဝ သက်သာပျောက်ကင်းနိုင်တဲ့ ဆေးဝါးများ ၊ ကုထုံးများ ၊ ဆရာကောင်းသမားကောင်းများနှင့် တွေ့ကြုံနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ နာတာရှည် ရောဂါရှင်များအတွက် ကံကောင်းမယ့် နှစ်မျိုးဖြစ်တယ် ဆိုရပါမယ်။ ကျန်းမာတဲ့ ဘ၀ကို ပြန်လည်ရောက်ရှိနိုင်မည့် နှစ်မျိုး ဖြစ်ပါတယ်။ သာမန် ကျန်းမာရေး ကောင်းသူများအတွက်တော့ ဒီနှစ်ဟာ ပေါ့ပေါ့ပါးပါး ကျန်းမာရေး အညံ့လေး များကလွဲရင် ရောဂါကြီးများ မကျရောက်နိုင်တဲ့ နှစ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................
ကရကဋ်ရာသီဖွားများအတွက် ဒီနှစ်မှာ ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စများဟာ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါလိမ့်မယ်။ ဒီနှစ်ဟာ ခရီးသွားလာခြင်းများ များပြားတတ်ပြီး ၊ နိုင်ငံရပ်ခြားခရီးများပါ သွားလာရတတ်ပါတယ်။ နိုင်ငံရပ်ခြားသို့ ပညာသင်သွားရောက်မည့်သူများ ၊ အလုပ်သွားရောက်လုပ်ကိုင်မည့် သူများအတွက် အကြံအစည်အထမြောက်တတ်ပြီး ၊ လွယ်ကူစွာ သွားလာရမည့်နှစ်မျိုး ဖြစ်ပါတယ်။ နောက်ပြီး ဒီနှစ်မှာ ကိုယ့်ရဲ့ အရည်အချင်း ၊ စွမ်းဆောင်ရည်တွေကို ရေခြားမြေခြားမှာ ထုတ်ဖော်ပြသခွင့်လည်း ကြုံနိုင်ပြီး "ပညာရဲရင့် ၊ ပွဲလယ်တင့်" မည့် နှစ်မျိုးဖြစ်ပါတယ်။ အမျိုးသားများထက် အမျိုးသမီးများမှာ နိုင်ငံရပ်ခြားကိစ္စမှာ ပိုမိုကံကောင်းတတ်ပါတယ်။
လူမှုဆက်ဆံရေး
.....................
ဒီနှစ်အတွက် လူမှုဆက်ဆံရေးကဏ္ဍမှာ မလိုလားအပ်တဲ့ မိမိနဲ့ အပြိုင်အဆိုင်ဖြစ်သူတို့ရဲ့ကြားမှာ မလိုလားအပ်တဲ့ မသင့်မတင့်ဖြစ်မှု ၊ အငြင်းပွားရမှုများ ဖြစ်ပေါ်နိုင်တာကို သတိထားရပါမယ်။ မိမိကို မလိုလားသူများရဲ့ တိုက်ခိုက်မှု ၊ အပုပ်ချခံရမှု ၊ မမှန်သတင်း ထုတ်လွှင့်ခံရမှုများ ဖြစ်ပေါ်နိုင်တာကို သတိပေးလိုပါတယ်။ ဒီနှစ်မှာ ဒီလိုကိစ္စမျိုးကလည်း ရှောင်လွှဲမရနိုင်တာမို့ အကောင်းဆုံးက "ကိုယ်ကောင်းလျှင် ၊ ခေါင်းဘယ်မှ မရွေ့" ဟု သဘောထားပြီး ပြိုင်လာလျှင် "အရှုံးပေး ၊ နှလုံးအေးတဲ့ဆေး" ဆိုတဲ့ ဆောင်ပုဒ်တွေကိုသာ လက်ခံထားပါ။ တုဖက်ပြိုင်ပြီး ငြင်းခုန်မှု ၊ တုန့်ပြန်မှုများ မပြုလုပ်တာဘဲ ကောင်းပါတယ်။ အချိန်တန်ရင် ဘယ်သူမှန်တယ်ဆိုတာ အဖြေပေါ် သွားပါလိမ့်မယ်။
နေ့သားအလိုက် ကံကောင်းမှုများ
...........................................
ကရကဋ်ရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် ကရကဋ်ရာသီဖွားများထဲက သောကြာ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) နှင့် ကြာသပတေး နေ့သားသမီးများ ကံဇာတာမြင့်မားမှု ကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး အင်္ဂါ ၊ စနေ နှင့် တနင်္ဂနွေ သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။
လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................
ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - မတ်လ ၊ ဧပြီလ ၊ မေလ နှင့် ဇွန်လ ၊ သြဂုတ်လ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
သို့သော် ဒီနှစ်မှာ ကရကဋ်ရာသီဖွားများအတွက် ဒီဇင်ဘာလတစ်လသာလျှင် ကံဇာတာ ညံ့ဖျင်းမှုကို ကြုံနိုင်ပြီး ကျန်လများမှာ ပြောပလောက်အောင် ညံ့ဖျင်းမှုမျိုး မတွေ့ရတာဟာ အလွန်ထူးခြားလှပါတယ်။ (ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)
ထီကံကြမ္မာ
...............
ဒီနှစ် အနေနဲ့ ကရကဋ်ရာသီဖွားများ ထီပေါက်ကံ အသင့်အတင့် ရှိပါတယ်။ အားတော့ သိပ်မများဘူးပေါ့။ ဒါကြောင့် ထီမှန်မှန် ထိုးဖို့ လိုပါလိမ့်မယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၂ ၊ ၄ ၊ ၆ ၊ ၉ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၂) နှင့် (၆) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၃) နှင့် (၀) ဂဏန်း လုံးဝရှောင်ပါ။
နှစ်ချုပ် ကံကြမ္မာ
.....................
ယခုနှစ်တွက် ကရကဋ်ရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် ဒီနှစ်ဟာ အရေးပါတဲ့ အလုပ်/စီးပွားနှင့် ငွေကြေး ပိုင်းမှာ လျှမ်းလျှမ်းတောက်ကြီး ကောင်းစားကိန်းတော့ မရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ အံ့သြဖို့ ကောင်းတာဟာ တစ်လခြင်း ကံကြမ္မာကို တွက်ချက်တဲ့အခါ ကရကဋ်ရာသီဖွားများဟာ ဒီဇင်ဘာလ တစ်လသာလျှင် ကံအညံ့ ဖြစ်ပေါ်နိုင်တာကို တွေ့ရပါတယ်။ (ဒီနှစ်မှာ ကံအလွန်ကောင်းတဲ့ ရာသီဖွားများတောင်မှ ကံညံ့တဲ့လဟာ တစ်နှစ်မှာ (၃) (၄)လလောက် ရှိတတ်ပါတယ်)။ ဒီလို ထူးထူးခြားခြား ကရကဋ်ရာသီဖွားများမှာ သိသိသာသာ ကံညံ့တာ တစ်လမျှသာရှိသာ ထူးခြားလှတဲ့ ကိန်းပါဘဲ။ ဒါလည်း ကံကောင်းတာ တစ်မျိုးဘဲ မဟုတ်ပါလား။
မတ်လကနေ ဇွန်လ အတွင်း (၄)လတာ ကာလမှာတော့ ဘ၀မှာ ထူးခြားတဲ့ အခွင့်အလမ်းကြီးများကို ရရှိဖို့ ကိန်းရှိပါတယ်။ ဒီကာလဟာ ကရကဋ်ရာသီဖွား အတော်များများအတွက် ထူးခြားတဲ့ လပိုင်းများ ဖြစ်ပါလိမ့်မယ်။ ဒီကာလအပိုင်းအခြားမှာ ကုသိုလ်ကံ မြင့်မားမှုကို ကရကဋ်ရာသီဖွား အနည်းနဲ့ အများ ခံစားရရှိနိုင်ပါလိမ့်မယ်။ ဒီနှစ်မှာ မကောင်းသော ဂြိုဟ်စားကာလအတွင်းမှာ ရောက်ရှိနေတဲ့ ကရကဋ် ရာသီဖွားများပင် ကံကောင်းမှုကို အနည်းနှင့်အများ ခံစားရမှာပါ။ ဒီနှစ်(၂၀၁၄)ခုနှစ်ဟာ ခြုံငုံ သုံးသပ်ရလျှင် ကရကဋ်ရာသီဖွားများအတွက် ဟုန်းကနဲ ထိုးတက်သွာမယ့် နှစ်မျိုးမဟုတ်ခဲ့ရင်တောင်မှာ ဗြုန်းကနဲ ထိုးကျသွားနိုင်တဲ့ ကံမရှိနိုင်ဘူးလို့ သုံးသပ်ချင်ပါတယ်။ ဒီနှစ်ဟာ ကိုယ်ဝါသနာပါတဲ့အလုပ် ၊ ရည်မှန်းချက် ၊ အကြံအစည်များကို အေးဆေးစွာ အကောင်အထည်ဖော်နိုင်မည့် နှစ်လို့ဘဲ ယူဆရမှာ ဖြစ်ပါတယ်။ မိမိရဲ့ တိုးတက်အောင်မြင်မှုအပေါ် မလိုလား မရှုစိမ့်နိုင်တဲ့ သူများကတော့ (လူ့သဘာဝအတိုင်း) ဒီနှစ်မျိုးမှာ ပေါ်ပေါက်ဖို့ ရှိပေမယ့် လျှစ်လျူရှု့ လိုက်ပါလေ။ ဒီနှစ်မှာ ကိုယ့်ကို ဒုက္ခအကြီးအကျယ်ရောက်သွားအောင် ကြံစည်ခံရဖို့ကိန်း မရှိလို့ ကိုယ့်အလုပ်ကိုယ်သာ စူးစိုက်လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။
ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ ကြက်သားဆီပြန် ၊ သရက်သီးသနပ်ဟင်းနှင့် ဆွမ်းကို မကြာခဏ ကပ်လှူပေးပါ။ ရေချမ်းကို မပြတ်ကပ်လှူပေးပါ။ (သရက်သီးသနပ်ဟာ ဒီနှစ်မှာ (၇)ရက်သားသမီးများအတွက် ဓာတ်ကျတဲ့ အစာဖြစ်နေလို့ ရာသီဖွားအတော်များများရဲ့ ယတြာမှာ ပါဝင်နေတာကို တွေ့ရပါတယ်)။ ကထိန်သင်္ကန်း ၊ ၀ါဆိုသင်္ကန်းများကို ဒီနှစ်မှာ ကပ်လှူဖြစ်အောင် လှူပေးပါ။ ယခုနှစ်အတွင်း အဖြူရောင် ၊ အစိမ်းရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ အနီရောင် ၊ လိမ္မော်ရောင် ၊ နက်ပြာရောင် ၊ ကြက်သွေးရောင် ၊ မီးခိုးရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။
(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment