
၂၀၁၄ ခုနှစ်ရဲ့ မေထုန်ရာသီဖွားများရဲ့ ကံဇာတာဟာ အနည်းငယ် ရှုတ်ထွေးနေပြီး အကောင်းအဆိုး တစ်ခုခုကို အလေးပေး ဟောဆိုဖို့ သိပ်မလွယ်လှတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် အကောင်းဘက်ကတော့ နည်းနည်း အလေးသာမယ့် သဘောရှိနေပါတယ်။ ဒီနှစ်မှာဟာ မေထုန်ရာသီဖွားများအတွက် အရေးကြီးတဲ့ ကိစ္စတွေဖြစ်တဲ့ အလုပ်စီးပွား ၊ ငွေကြေး ၊ အိမ်ထောင်ရေး နှင့် မိသားစုဘ၀ နှင့် ကျန်းမာရေးတွေမှာ ထူးခြားချက်တွေ ရှိနေတာကို တွေ့ရပါတယ်။ ဒီနှစ်ရဲ့ အဖြစ်အပျက် အချို့ဟာ မနှစ်က အဖြစ်အပျက်တွေနဲ့ ပုံသဏ္ဍန်ခြင်း အတော်လေး ဆင်တူနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အလုပ်အကိုင် နဲ့ ကျန်းမာရေးပိုင်းမှာ မနှစ်က နှင့် အလားတူအဖြစ်အပျက်များ ဖြစ်နိုင်ပါတယ်။ ဒီနှစ်ဟာ မေထုန်ရာသီဖွားများအတွက် ဘ၀နှင့် ပတ်သက်ပြီး ရှေ့လာမည့်နှစ်များတွင် အကျိုးသက်ရောက်မှု ရှိစေမည့် အလုပ်တော်တော်များများကို ပြုစုပျိုးထောင်ရမယ့် နှစ်မျိုးဖြစ်တတ်တယ်။ ဒီနှစ်ဟာ မနှစ်ကလိုဘဲ အလုပ်တာဝန် ၀တ္တရားများ ကြီးမားတတ်တယ်။ ကိုယ်စိတ်က နှစ်သက်သည်ဖြစ်စေ /မနှစ်သက်သည်ဖြစ်စေ အခြေအနေအရ လုပ်ကိုလုပ်ရမယ့် အလုပ်များကို ဒီနှစ်မှာ လုပ်ရဖို့ ရှိတယ်။
ဒီနှစ်မှာ မေထုန်ရာသီဖွားအတော်များများဟာ ကိစ္စအတော်များများမှာ ဖြစ်သင့်ဖြစ်ထိုက်တာထက် ပိုလွန်မျှော်မှန်းမှု (တနည်း) စိတ်ကူးယဉ်မှု များပြားနေတတ်တယ်။ သူတို့ဟာ သူတို့ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေရဲ့ ဆွဲဆောင်မှု ၊ ဖျားယောင်းသွေးဆောင်မှုတွေရဲ့ နောက်ကို လိုက်မိနေတတ်တယ်။ လက်တွေ့အခြေအနေထက် ကျော်လွန်တဲ့ ရည်မှန်းချက် ၊ စိတ်ဆန္ဒတွေကို မျှော်မှန်းတောင့်တ နေမိတတ်တယ်။ ဒါတွေဟာ မကောင်းဘူးလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီနှစ်မှာ မေထုန်ရာသီဖွား အနည်းငယ်မျှသာ သူတို့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မှာဖြစ်ပြီး အများစုကတော့ မိမိအိပ်မက်တွေ တကယ်ဖြစ်လာတော့မလိုလို နဲ့ဘဲ နှစ်တနှစ် ပြီးဆုံးသွားတတ်ပါတယ်။ ပြောရရင်တော့ ဒီနှစ်မှာ မေထုန်ရာသီဖွားအတော်များများဟာ အလုပ်/စီးပွား နဲ့ ရည်မှန်းချက်တွေမှာ ပြည့်ဝမလိုလို အရိပ်အယောင်ပြပြီး တကယ်ဖြစ်လာဖို့ နှောင့်နှေးကြန့်ကြာနေတာကြောင့် စိတ်မော လူမော ဖြစ်ရတတ်တဲ့ နှစ်မျိုးဖြစ်တယ်လို့ ဆိုရမယ်။
စိတ်ပိုင်းဆိုင်ရာ
....................
ဒီနှစ်ဟာ မေထုန်ရာသီဖွားများအတွက် ရည်မှန်းချက်တွေ မြင့်မြင့်မားမား ထားရှိနေတတ်တယ်။ စိတ်ကူးယဉ် အိပ်မက်တွေ မက်နေတတ် တယ်။ အရာရာကို တော်လှန်ပြောင်းလဲလိုတဲ့ စိတ်တွေများပြားနေမယ်။ အန္တရာယ်ရှိပြီး အစွန်းရောက်တဲ့ အတွေးအခေါ်တွေကိုလည်း တွေးကြံ နေမိတတ်တယ်။ နှေးကွေးခြင်း နဲ့ အချိန်စောင့်ဆိုင်းရခြင်းများကို သည်းမခံနိုင်ဖြစ်နေတတ်တယ်။ ဒီနှစ်မှာ အချိန်ယူရမယ့် ကိစ္စတွေကို အလျှင်အမြန်ကြီးဖြစ်စေချင်တဲ့ ဆန္ဒတွေများနေတတယ်။ ကိုယ်လုပ်သမျှကိုင်သမျှဟာ အမှန် ၊ ကိုယ့်ဘက်ကသာ အမှန်ဘဲ ဆိုတဲ့ တစ်ဖက်သတ် ဆန်တဲ့ စိတ်နေစိတ်ထားတွေ များပြားနေတတ်တယ်။ ဒီစိတ်တွေ ဖြစ်ပေါ်နေတာ မကောင်းဘူးလို့တော့ မဆိုနိုင်ပါဘူး။ အမှန်က ဒီနှစ်မှာ မေထုန်ရာသီဖွားများအတွက် စိတ်ကူးအိပ်မက်တွေဟာ အကောင်အထည်ပေါ်လာဖို့ကလည်း အမှန်တကယ် လိုအပ်နေတဲ့ အနေအထား ဖြစ်နေ ပြန်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မေထုန်ရာသီဖွားများအတွက် တက်ကြွလှုပ်ရှားလိုတဲ့ စိတ်များပေါ်ပေါက်နေတာ ကန့်ကွက်စရာ မရှိပေမယ့် ကိုယ့်အတွက် စိတ်ဖိအား များပြားစေမှာကိုတော့ ထည့်တွက်စေလိုတယ်။ ဒီနှစ်ဟာ စိတ်လှုပ်ရှားမှု များပြားနေတတ်ပြီး ကိုယ့်ရည်မှန်းချက် တွေ မြန်မြန်ဆန်ဆန် ဖြစ်မလာတဲ့အပေါ်မှာ ခံစားချက်ပြင်းထန်လွန်းရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တာ ကြိုတင် အသိပေးပါရစေ။
စီးပွားရေး နှင့် အလုပ်အကိုင်
....................................
ဒီနှစ်ဟာ မေထုန်ရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်တွေမှာ "အမယ်ဘုတ်သူ့ချည်ခင်" ဆိုတာလို ရှင်းလို့ မပြီးနိုင်အောင် ရှုတ်ထွေးမှုတွေ ကြုံရနိုင်တယ်။ ဒီနှစ်ရဲ့ အလုပ်ပုံစံတွေဟာ "တိုးတက်လာမလို နဲ့ ဆုတ်ယုတ်သွားလိုက် ၊ ဆုတ်ယုတ်သွားတော့မလိုနဲ့ တိုးတက်လာလိုက်" နဲ့ "ဂျာအေး သူ့အမေရိုက်" ဖြစ်နေတတ်တယ်။ ကိုယ့်ရဲ့ အလုပ်ပုံစံကို အတည့်အဖြောင့် လုပ်မရတဲ့ အခြေအနေတွေကြောင့် ကွေ့ကောက် လှည့်ပတ်လုပ်ရတဲ့ အခြေအနေမျိုးတွေလည်း ကြုံရမယ်။ ဒီနှစ်မှာ ကိုယ့်ရဲ့ အလုပ်ကို လုပ်ရာမှာ "လှေကြီးထိုး ရိုးရိုး" ပုံစံနဲ့ သွားမရဘဲ ပရိယာယ်နဲ့ အကွက်ချ လုပ်ဆောင်မှုတွေ လိုအပ်ပါလိမ့်မယ်။ ကိုယ့်အလုပ် ရည်မှန်းချက် အောင်မြင်ရေးအတွက် လူအများအပြား နဲ့ ထိတွေ့ဆက်ဆံဖို့ လိုမယ် ၊ ကိုယ်နဲ့ အလုပ်အကိုင်/ရည်ရွယ်ချက်ခြင်း တူညီတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ဖို့ လိုလိမ့်မယ်။ အလုပ်နဲ့ ပတ်သတ်တဲ့ ခရီးတွေ အများကြီး သွားဖို့ လိုပါလိမ့်မယ်။ ဒီနှစ်မှာ မေထုန်ရာသီဖွားများအတွက် မိမိဘ၀ ရည်မှန်းချက်/အလုပ်တွေ အောင်မြင်မှုကိစ္စ နဲ့ ခရီးသွားလာခြင်းများဟာ တနည်းမဟုတ်တနည်း ဆက်စပ်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီနှစ်ဟာ မေထုန်ရာသီဖွားများအတွက် အလုပ်/စီးပွားနဲ့ ပတ်သက်ပြီး စိတ်ကူး စိတ်သန်းကောင်းတွေ ပေါ်ပေါက်တတ်တဲ့  နှစ်မျိုးဖြစ်တယ်။ ဒီစိတ်ကူးစိတ်သန်းကောင်းတွေကိုလည်း လျှင်လျှင်မြန်မြန် အကောင်အထည် ဖော်မိတတ်ပါတယ်။ မေထုန်ရာသီဖွား လုပ်ငန်းရှင်များအဖို့ ဒီနှစ်မှာ မိမိရဲ့ လုပ်ငန်းအဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ရမယ့် နှစ်မျိုးဖြစ်ပါတယ်။ မိမိရဲ့ လက်အောက်လူများကို နေရာပြန်လည်ချထားဖို့ လိုအပ်တဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ မလိုလားအပ်ဘဲ ဖောင်းပွနေတဲ့ နေရာတွေ ၊ စားရိတ်ကုန်ကျ နေတဲ့ နေရာတွေကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ပြန်လည်ပြင်ဆင်သင့်တဲ့ နှစ်ဖြစ်ပါတယ်။ ဒီနှစ်ဟာ မေထုန်ရာသီဖွားများအတွက် အလုပ်/စီးပွားနဲ့ ပတ်သတ်ပြီး ကောက်ချက်ချရရင် မိမိစိတ်တိုင်းကျ အပြည့်အ၀ကြီး မဟုတ်ငြားသော်လည်း ဖြစ်သင့်ဖြစ်ထိုက်သလောက် ၊ အိုးနဲ့ဆန် တန်ရုံလောက်တော့ တိုးတက်မှုများ အနည်းနဲ့အများ ရရှိကြမှာတော့ ဖြစ်ပါတယ်။ အရေးကြီးတာက ဒီနှစ်မှာ ဘာဘဲလုပ်လုပ် နည်းပရိယာယ် ရှိပါစေ။ နည်းဗျူဟာရှိပါစေ။ ထိုက်သင့်တဲ့ အောင်မြင်မှုကို ရရှိပါလိမ့်မယ်။
မေထုန်ရာသီဖွားများအတွက် ဒီနှစ်မှာ အုပ်ချုပ်ရေး နှင့် နိုင်ငံရေး ဆိုင်ရာများတွင် လုပ်ကိုင်နေသူများ ၊ ၀န်ဆောင်မှု နှင့် လူမှုဝန်ထမ်း အဖွဲ့အစည်းအမျိုးမျိုး ၊ ကုန်သည်ပွဲစား လုပ်ငန်းများ ၊ ခရီးသွားလာရေး ဆိုင်ရာလုပ်ငန်းများ ၊ ဆေးဝါးကုသသူ(သမားတော်)များ ၊ အိုးအိမ် ဆောက်လုပ်ရေး လုပ်ငန်းများ ၊ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းများ ၊ လှောင်ကုန်လုပ်ငန်းများ ၊ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်ရောင်းဝယ် သူများ ၊ ဆက်သွယ်ရေး နှင့် သတင်းဆိုင်ရာ လုပ်ငန်းများ ၊ မိုဘိုင်းဖုန်းလုပ်ငန်းများ ၊ စာ/နယ်/ဇင်း လုပ်ငန်းများတွင် လုပ်ကိုင်သူများ ၊ ဂီတ အနုပညာရှင်များ ၊ ဖက်ရှင်လုပ်ငန်းများကို လုပ်ကိုင်နေကြသူများအတွက် ဒီနှစ်မှာ ကောင်းကျိုး ပိုမိုခံစားရဖွယ် ရှိပါတယ်။
ငွေကြေးဆိုင်ရာ
....................
မေထုန်ရာသီဖွားများအတွက် ဒီနှစ်မှာ ငွေကြေးကံကတော့ မနှစ်ကနဲ့ မတူနိုင်တော့ပါဘူး။ မနှစ်က ငွေကြေးနဲ့ ပတ်သတ်ပြီး အကျဉ်းအကျပ် ကျခဲ့သူများ ဒီနှစ်မှာ ငွေကြေးကံဇာတာ တိုးတက်မြင့်မားမှုကို ရရှိနိုင်ဖို့ အခွင့်အလမ်းများလှပါတယ်။ ဒီနှစ်ဟာ ငွေကြေးလာဘ်လာဘ ရွှင်လန်းနိုင်တဲ့နှစ်ဖြစ်ပြီး မေထုန်ရာသီဖွားအားလုံး သူ့အဆင့်နှင့်သူ ငွေကြေးဝင်ရောက်မှု များပြားကြပါလိမ့်မယ်။ သာမန် အားဖြင့် အမြဲလိုလို ငွေကြပ်နေတတ်တဲ့ ၀န်ထမ်းများမှာတောင် ဒီနှစ်မှာ သူ့ဟာနဲ့သူ ငွေကြေးဝင်ရောက်မှုများ ရှိနေပါလိမ့်မယ်။ ငွေကြေးရင်းနှီး မြုတ်နှံ လုပ်ကိုင်နေကြသူများ ဒီနှစ်မှာ အမြတ်အစွန်း မြင့်မားမယ့် နှစ်မျိုးဖြစ်ကိန်း ရှိပါတယ်။ ငွေကြေးအဆင်ပြေမှုကြောင့် ဒီနှစ်မှာ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘ၀မျိုးကိုလည်း ရရှိနိုင်ကြလိမ့်မယ်။ မိသားစုအတွင်းမှာ လိုအပ်နေတဲ့ အိမ်သုံးပစ္စည်းများ ၀ယ်ယူခံစားနိုင်ခွင့် ရှိမည့် နှစ်ဖြစ်တယ်လို့ ဆိုရပါမယ်။
အချို့သော မေထုန်ရာသီဖွားများအတွက်တော့ ဒီနှစ်မှာ ငွေကြေးတိုက်ရိုက်မ၀င်ဘဲ ငွေကြေးနဲ့ ဖလှယ်ရနိုင်တဲ့ ပစ္စည်းမျိုးတွေ ၀င်ရောက်ခြင်းလည်း ရှိနိုင်ပါတယ်။ အချို့သော မေထုန်ရာသီဖွားများမှာ ဒီနှစ်မှာ ငွေမ၀င်သေးရင်တောင်မှ ရှေ့လာမည့် နှစ်မှာ ငွေကြေးအကျိုး အမြတ် သေချာပေါက် မြတ်စွန်းမယ့် အလုပ်အကိုင်တွေမှာ ရင်းနှီးမြုတ်နှံခွင့် ရလိမ့်မယ်။ ဒီအကျိုးအမြတ်တွေဟာ ဒီနှစ်အကုန်လောက် (သို့) နောက်နှစ်ဆန်းချိန်လောက်မှာ သေချာပေါက် အကျိုးအမြတ် ရှိလာကြမှာ ဖြစ်ပါတယ်။ အချိ့သော မေထုန်ရာသီဖွားများကျပြန်တော့ မိမိကိုယ်တိုင်က ငွေကြေးကံ မမြင့်မားဘဲ မိမိရဲ့ အိမ်ထောင်ဘက် (သို့) သားသမီးများရဲ့ ငွေကြေးကံမြင့်မားခြင်းကြောင့် မိမိမှာ ပူးတွဲ ခံစားခွင့် ရကြတာမျိုးလည်း ရှိနိုင်ပါတယ်။
ခြုံပြောရရင် ဒီနှစ်ဟာ မေထုန်ရာသီဖွားများအတွက် ငွေကြေးအတွက် စိတ်မညစ်ရ ၊ စိတ်မပူရတတ်တဲ့ နှစ်မျိုးဖြစ်တတ်ပါတယ်။ မေထုန် ရာသီဖွား သန်းပေါင်းများစွာရှိလို့ ထပ်တူမကျနိုင်ပေမယ့် သူ့အဆင့်အတန်းနဲ့သူ ငွေကြေးဝင်ရောက်မှုကတော့ ရှိနေမှာဘဲဖြစ်တယ်။ ဒိအပြင် ထီပေါက်ခြင်း နှင့် ငွေစုငွေပုံများ ၀င်ရောက်ခြင်းများဟာလည်း ဒီနှစ် မေထုန်ရာသီဖွားများအတွင်း ရှိနေတာကို တွေ့ရလို့ ထီထိုးခြင်း နှင့် ရေတို ရင်းနှီးမြုတ်နှံခြင်းများကို ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ပါတယ်။
ပညာရေး
............
ဒီနှစ်ဟာ မေထုန်ရာသီဖွားများအတွက် ပညာရေးကံ အလွန်တိုးတက်မြင့်မားနိုင်သည့် နှစ်ဖြစ်တာကို တွေ့ရပါတယ်။ မိမိရဲ့ ကြိုးစား အားထုတ်မှု ရလဒ်များ အလွန်ကောင်းနိုင်သည့် နှစ်ဖြစ်ပါတယ်။ မိမိကြိုးစားလျှင် ကြိုးစားသလောက် ပေါက်မြောက်ပြီး ရာနှုံးပြည့် အောင်မြင်မှု ရလဒ်ကို ရနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ ဒီနှစ်မှာ မေထုန်ရာသီဖွား ပညာသင် လူငယ်မောင်မယ်များအဖို့ ကံတရားကတော့ ကိုယ့်ဘက်မှာ လုံးလုံးရှိနေတာမို့ ဥာဏ် ၊ ၀ီရိယများကို စိုက်ထုတ်ပြီးသာ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ ပညာရေးကတော့ ကံသက်သက် ကောင်းရုံနဲ့ မရပါ။ ဥာဏ် ၊ ၀ီရိယပါ ပေါင်းစပ်ပါမှ ပြည့်ဝတဲ့ အကျိုးရလဒ်ကို ရရှိနိုင်ပါလိမ့်မယ်။
အချစ်ရေး
............
ဒီနှစ်အတွက် မေထုန်ရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး ပြဿနာတွေ ရှိနိုင်တဲ့ နှစ်ဖြစ်တယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ ကံတရားတွေရဲ့ ခြောက်လှန့်မှုကို ခံရနိုင်တဲ့ နှစ်ဖြစ်တယ်။ ဒီနှစ်မှာ အချစ်ရေးကံဇာတာ တည်ငြိမ်ရန်အတွက် မိမိဘက်ကလည်း တာလုံဖို့ လိုအပ်တဲ့နှစ် ဖြစ်ပါတယ်။ ဒီနှစ်ဟာ သစ္စာရှိစွာနဲ့ တည်ဆောက်ထားတဲ့ ချစ်သူများရဲ့ ဘ၀မှာ "ကြားလူဖျက်လို့ ပျက်မှာ စိုးရိမ်ရ" တတ်တဲ့ နှစ်မျိုးဖြစ်တာကို တွေ့ရပါတယ်။ ကြားလူဖျက်ဆီးမှုဟာ ကိုယ့်ချစ်သူဘက်မှာ ဖြစ်နိုင်သလို ကိုယ့်ဘက်မှာလည်း ဖြစ်နိုင်ပါတယ်။ သတိထားပါ။ ဒီကြားလူဟာ ကိုယ့်ကိုယ်သော်၎င်း ၊ သူ့ကိုသော်၎င်း တကယ်နှစ်သက်မြတ်နိုးလို့ မဟုတ်ဘဲ မိမိတို့ရဲ့ ချစ်သူဘ၀ကို ပျက်စီးသွားအောင် မနာလိုစိတ်နဲ့ ဖျက်ဆီးယုံ သက်သက်ပါဘဲ။ သူရော ကိုယ်ပါ စိတ်အလိုကို လိုက်မိကြရင် မြွေပါလည်းဆုံး ၊ သားလည်းဆုံး ကိန်းကို ဆိုက်တတ်တာကို သတိပြုကြပါ။
အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................
အိမ်ထောင်ကျပြီးသားသူများ၊ မိသားစုများကတော့ ဒီနှစ်မှာ အိမ်ထောင်ရေးကံဇာတာ တိုးတက်မြင့်မားနိုင်ပါတယ်။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘ၀ ၊ မိသားစုဘ၀မျိုးကို ရရှိနိုင်မယ့် နှစ်မျိုးဖြစ်ပါတယ်။ အမြဲလိုလို တကျက်ကျက်ဖြစ်နေတတ်တဲ့ အိမ်ထောင်ရေးများသော်မှ ဒီနှစ်မှာ သင့်တင့်တဲ့ ပျော်ရွှင်အေးချမ်းမှုများကို ရရှိနိုင်ပါတယ်။ မိသားစုလိုက် ပျော်ရွှင်ဖွယ်ကောင်းသော ခရီးများကို သွားလာရတတ်ပါတယ်။ ရင်သွေးမရှိသေးတဲ့ အိမ်ထောင်စုများအတွက် ဒီနှစ်မှာ သားသမီးရတနာများ ၀င်ရောက်ရရှိလာနိုင်တဲ့ နှစ်လည်းဖြစ်ပါတယ်။ ဒီနှစ်မှာ မွေးဖွားမယ့် ကလေးများဟာ ထူးချွန်ထက်မြက်တဲ့ ကလေးများ ဖြစ်လာဖွယ်ရှိပါတယ်။
ကျန်းမာရေး
...............
ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ မေထုန်ရာသီဖွားများအတွက် အနည်းငယ် အညံ့ရှိပါတယ်။ ဖြစ်တတ်တာက ဒီနှစ်မျိုးဟာ ကျန်းမာရေး ပြဿနာ ပေါ်ပေမယ့် ရောဂါ ရှာမတွေ့တတ်တဲ့ (သို့) ရောဂါအမည်တပ်လို့ မရတဲ့ ကိစ္စမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ သူ့ဟာသူ ပျောက်သွားကြတာက များပါလိမ့်မယ်။ နဂိုကျန်းမာရေး ကောင်းသူများအတွက် ရာသီအပြောင်းမှာ ဖြစ်တတ်တဲ့ နှာစေး ချောင်းဆိုး ၊ အအေးပတ် ကိစ္စလောက်ကလွဲရင် ပြဿနာကြီးများ မမြင်ပါ။ နဂို ရောဂါ အခံရှိသူများအတွက် ဒီနှစ်က ဆရာဝန် နှင့် မကြာခဏ တွေ့နေရတတ်တဲ့ နှစ်မျိုးဖြစ်တတ်ပါတယ်။
ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................
မေထုန်ရာသီဖွားများအတွက် ဒီနှစ်မှာ ခရီးနှင့် နိုင်ငံခြားကိစ္စများကိုကြည့်လျှင် ပြည်တွင်းခရီးများ အဆက်မပြတ် သွားနေရတတ်ပါတယ်။ မိမိအလုပ်နှင့် ခရီးသွားလာမှုဟာ ဆက်စပ်နေတတ်ပါတယ်။ သို့သော် နိုင်ငံရပ်ခြားသွားလာမှု ကိစ္စများမှာတော့ စိတ်တိုင်းကျမှု ဖြစ်ရဖို့ အားနည်းပါတယ်။ ဆိုလိုတာက နိုင်ငံရပ်ခြားကိစ္စများနှင့် ပတ်သက်ပြီး မိမိစိတ်မှာ ရည်မှန်းထားသလောက် ၊ စိတ်ကူးထားသလောက် မဖြစ်ဘဲ ရှိတတ်ပါတယ်။ နိုင်ငံရပ်ခြားများမှာ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ စိတ်တိုင်းကျ အလုပ်ရဖို့ ခဲယဉ်းပါတယ်။ စိတ်ကူး နှင့် လက်တွေ့ တခြားစီ ဖြစ်နေတတ်ပါတယ်။ မိမိရည်မှန်းသလောက် မဖြစ်တတ်ပါ။ ဒီနှစ်ဟာ အလုပ်နဲ့ ပတ်သတ်တဲ့ ခရီးဆိုလျှင် ပြည်တွင်းအနေဖြင့်သာ ကောင်းမွန်တတ်ပြီး ပြည်ပခရီးများအတွက် ထင်သလောက် ကံမကောင်းဘဲ ဖြစ်နေတတ်ပါတယ်။ ဘေးဥပဒ် အန္တရာယ်တော့ မမြင်ပါ။ အလုပ်ကို စိတ်တိုင်းမကျခြင်းသာ ဖြစ်တတ်ပါတယ်။
လူမှုဆက်ဆံရေး
.....................
ဒီနှစ်အတွက် လူမှုဆက်ဆံရေးမှာ မပြေလည်တာလည်း မဟုတ် ၊ ပြေလည်တယ်လို့လည်း မဆိုနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီနှစ်ဟာ လူမှုဆက်ဆံရေးဟာ မေထုန်ရာသီဖွားများအတွက် အရေးကြီးပါတယ်။ ဆက်ဆံရေးမှာ ပရိယာယ် ရှိဖို့လိုပါတယ်။ လူမှု ဆက်ဆံရေး နယ်ပယ်မှာ မိမိရဲ့ စကား ၊ အပြုအမူများ တစ်ချက်မှားလိုက်တာနဲ့ နောက်ကနေ မဆုံးနိုင်တဲ့ ဖြေရှင်းချက်များ လိုက်နေရတတ်ပါတယ်။ ဒီနှစ်ဟာ လူမှုရေးကိစ္စတွေမှာ မိမိအပြောအဆိုများကို ဆင်ခြင်ရမယ့် နှစ်မျိုးဖြစ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ် နဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ နိုင်ငံရေး သမားများ ၊ နိုင်ငံအကြီးအကဲများ ၊ အနုပညာရှင်များ ၊ လူမှုရေးခေါင်းဆောင်များ အနေဖြင့် ဒီနှစ်မှာ လူမှုဆက်ဆံရေးနယ်ပယ်မှာ စကားအမှား ၊ အလုပ်အမှားများ ပြုလုပ်မိဖို့ အလွန်အခွင့်အလမ်း များတတ်ပါတယ်။ မိမိအပေါ် ထောက်ခံမှု ကျဆင်းတတ်ပါတယ်။ မိမိအတွက် ရှေ့မတိုး ၊ နောက်မဆုတ်သာ အခြေအနေများ ၊ "ဆုပ်လည်းစူး စားလည်းရူး"မယ့် အခြေအနေများ ကြုံရတတ်ပြီး အကြပ်အတည်းကြုံတတ်ပါတယ်။ ဒီလို ကြုံလာခဲ့ရင် မေထုန်ရာသီဖွား တစ်ဦးခြင်းစီရဲ့ အရည်အချင်းပေါ်မှာ မူတည်ပြီး အကောင်း/အဆိုး ကွဲပြားသွားတတ်ပါတယ်။ ဒီနှစ်အတွက် မေထုန်ရာသီဖွားများမှာ လူမှုဆက်ဆံရေး ဘာသာရပ်ဟာ အရေးကြီးတဲ့ ပွိုင့်တစ်ခု ဖြစ်လာနိုင်ပါတယ်။
နေ့သားအလိုက် ကံကောင်းမှုများ
...........................................
မေထုန်ရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် သိဟ်ရာသီဖွားများထဲက တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ နှင့် စနေ နေ့သားသမီးများ ကံဇာတာမြင့်မားမှုကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။
လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................
ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - ဖေဖေါ်ဝါရီလ ၊ မတ်လ ၊ ဧပြီလ ၊ ဇူလိုင် နှင့် ဒီဇင်ဘာလ များမှာ ကံကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
ဇန်န၀ါရီလ ၊ မေလ ၊ သြဂုတ်လ နှင့် နိုဝင်ဘာလ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - "အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး" ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)
ထီကံကြမ္မာ
...............
ဒီနှစ် ကံကြမ္မာအနေနဲ့ မေထုန်ရာသီဖွားများဟာ ထီပေါက်ကံ အသင့်အတင့် ရှိပါတယ်။ သို့သော် ယေဘူယျသဘောဖြစ်တဲ့အတွက် တစ်ဦးချင်းဟောတာနဲ့တော့ မတူနိုင်ပါ။ အများစုကတော့ ပေါက်မှာမဟုတ်ပါဘူး။ လူနည်းစု ပေါက်မယ်။ ဆုဂဏန်း သိပ်မကြီးနိုင်ဘူး။ အသင့်အတင့်ဘဲ ဖြစ်နိုင်တယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၁ ၊ ၄ ၊ ၆ ၊ ၉ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၁) နှင့် (၄) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၅)ဂဏန်း လုံးဝရှောင်ပါ။
နှစ်ချုပ် ကံကြမ္မာ
.....................
ယခုနှစ်တွက် မေထုန်ရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် အဓိကကျတဲ့ အလုပ်စီးပွားပိုင်း နှင့် ငွေကြေးပိုင်း(၂)ခုကို လေ့လာသုံးသပ်မယ်ဆိုလျှင်- အလုပ်စီးပွားပိုင်းမှာ ပြဿနာကြီးတွေ မဟုတ်ပေမယ့် ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေ ကြုံနိုင်ပါတယ်။ အလုပ်ရဲ့ ဖိအားများတတ်တယ်။ ကိုယ်ပင်ပန်း စိတ်ပင်ပန်း ရှိမယ်။ အမျိုးမျိုး ပြောင်းလဲသွားတဲ့ အခြေအနေတွေ အပေါ်မှာတည်ပြီး မိမိရဲ့ အလုပ်ပုံစံကို မီးစင်ကြည့်က ရတဲ့ အခြေအနေမျိုးတွေ မကြာခဏ ရှိတတ်မယ်။ အပြောင်းအလဲနဲ့ မလိုက်နိုင်ရင် ကိုယ်က အထီးကျန်ဖြစ်မယ်။ မိမိရည်မှန်းချက် ၊ လိုအင်ဆန္ဒတွေ အကြီးကြီးဖြစ်နေရင် နဲနဲ လျှော့ချပေးပါ။ မဟုတ်ရင်တော့ ကိုယ်စိတ် ပင်ပန်းဆင်းရဲမယ်။
ဒီနှစ်မှာ မေထုန်ရာသီဖွားများအတွက် အလုပ်/စီးပွားနဲ့ ပတ်သတ်ပြီး မိမိမျှော်မှန်းထားသလောက် ၊ စိတ်ကူးယဉ်ထားသလောက်တော့ ဖြစ်ဖို့ အားသိပ်နည်းပါတယ်။ ဒါပေမယ့် ဖြစ်သင့်ဖြစ်တန်သလောက်တော့ ဖြစ်မှာပါ။ အလုပ်လုပ်ရာနှင့် လူအများနှင့် ဆက်ဆံသည့် နေရာများမှာ နည်းပရိယာယ် ရှိမှ အောင်မြင်ပါလိမ့်မယ်။ "လှေကြီးထိုးရိုးရိုး" မရပါ။ မိမိရဲ့ လိမ္မာပါးနပ်မှုနဲ့ လူမှုရေးစွမ်းရည်များက ဒီနှစ်ရဲ့ မိမိကံကို အဆုံးအဖြတ်ပေးလိမ့်မယ်။ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ မပါးနပ်ရင်တော့ နောက်ကျ ကျန်ခဲ့ဖို့ များပါတယ်။
မိမိရဲ့ နာမည်နှင့် ဂုဏ်သတင်းကို ညှိုးမှိန်စေမယ့် ကိစ္စများ ကြုံရမယ်။ နာမည်ဖျက်ခံရတာတွေ ၊ အပုပ်ချခံရတာတွေကို လူတွေနဲ့ အများဆုံးထိတွေ့ဆက်ဆံရတယ့်သူတွေ (နိုင်ငံရေးသမားများ နှင့် အနုပညာသမားများ) မှာ ကြုံရတတ်ဖွယ် ရှိတယ်။ သို့သော် ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ မရွေ့ဟုသာ သဘောထားသင့်တယ်။ မိမိအလုပ်ကို အောင်မြင်အောင် အာရုံစိုက်ပြီး လုပ်ရမှာသာဖြစ်ပါတယ်။ မိမိရည်မှန်းချက်များ အပေါ်မှာသာ စူးစိုက်လုပ်ကိုင်ပါ။ ဝေဖန်ခံရတာတွေ သိပ်ထည့်မတွက်ပါနဲ့။ ဝေဖန်ခံရလို့ ကျရှုံးစရာ မရှိပါ။ မိမိက ဝေဖန်မှုအပေါ် သည်းမခံနိုင် ဖြစ်ပြီး လိုက်ရှင်းနေလျှင်တော့ "မီးခိုးမဆုံး ၊ မိုးမဆုံး" ဖြစ်ဖို့များပါတယ်။
ငွေကြေးကိစ္စ နှင့် မိသားစုရေးရာတွေမှာတော့ အကောင်းဖြစ်ဖို့ များပါတယ်။ ကံကောင်းမှုတွေ ခံစားရပါလိမ့်မယ်။ ဒီနှစ်မှာ ကံကောင်းမှုတွေကို ပိုမိုရရှိနိုင်ဖို့အတွက် မေထုန်ရာသီဖွားများအတွက် မိမိဟာ အမှန်တရားဘက်ကနေ ရပ်တည်ပါ။ မှန်တာလုပ်၍ ဟုတ်တာပြော ပါ။ အမှန်တရားရဲ့ ဘက်တော်သားသာ ဖြစ်ပါစေ။ မုသားကို တတ်နိုင်သလောက် ရှောင်ကျဉ်ပါ။ လူမှုဆက်ဆံရေးမှာ ပရိယာယ်ရှိပါစေ။ မည်သူ့ကိုမျှ တဲ့ဒိုးတိုက်ရိုက် မဝေဖန်ပါနှင့်။ သူများကို လက်ညှိုးမထိုးပါနှင့်။ ကိုယ့်က လက်ညှိုးတစ်ချောင်းထိုးလျှင် ကိုယ့်ကို (၃)ချောင်းပြန်ထိုး ခံရမည်။ ထိုအချက်ကို သတိပြုပါ။
ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ အုန်းထမင်း နှင့် သရပ်သီးသနပ် ကို အနည်းဆုံး တစ်လတစ်ကြိမ် နေ့ဆွမ်းနှင့်အတူ ကပ်လှူပေးပါ။ ။ သီလရှင်များကို ဆွမ်းဆန်စိမ်းနှင့် ၀တ္တုများ ကပ်လှူပေးပါ။ မိမိမွေးနေ့တွင် ရှေ့ဆုံးမှ ရွှေ ပါသော ဘုရားတစ်ခုတွင် အရဟံ ဂုဏ်တော်ကို ပုတီး(၉)ပါတ် စိပ်ပေးပါ။ တစ်လလျှင် တစ်ကြိမ်ခန့်ပြုလုပ်ပေးပါ။ ယခုနှစ်အတွင်း အနီရောင် ၊ လိမ္မော်ရောင် ၊ အစိမ်းရောင် ၊နက်ပြာရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် ၊ အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ အစိမ်းရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ ကြက်သွေးရောင် ၊ မီးခိုးရောင် ၊ အဖြူရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။
(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment