၂၀၁၄ ခုနှစ်၏ မိန်ရာသီဖွားများရဲ့ ကံဇာတာကတော့ ခြုံငုံသုံးသပ်ရရင် အကောင်းဖက်က များတာကို တွေ့ရပါတယ်။ မနှစ်က အခြေအနေတွေထက် ပိုမိုကောင်းမွန်မယ့် သဘောသဘာဝ ရှိတာကိုလည်း တွေ့ရပါတယ်။ မနှစ်ကထက် ပျော်ရွှင်မှုတွေ ပိုမိုရရှိမယ့် နှစ်မျိုးဖြစ်တယ်။ ဒီနှစ်ဟာ မိန်ရာသီဖွားတွေအတွက် ကံကြမ္မာ အတက်/အကျ ကြမ်းကြမ်းတမ်းတမ်း ဖြစ်မှုတွေ ကြုံရဖို့ ခဲယဉ်းတယ်။ ဆိုလိုတာက ဒီနှစ်ဟာ မိန်ရာသီဖွားများအတွက် အလုပ်/စီးပွား ၊ ငွေကြေးကိစ္စ ၊ ကျန်းမာရေး ၊ အိမ်ထောင်ရေး နှင့် မိသားစုရေးရာတွေမှာ - အကောင်းလွန်ခြင်း (သို့) အဆိုးလွန်ခြင်းများ ဖြစ်ဖို့ သိပ်မရှိနိုင်တာကို တွေ့ရတယ်။ ဒီနှစ်ရဲ့ ကံကြမ္မာဟာ တည်ငြိမ်မှု များမယ့် ပုံစံမျိုးဘဲ တွေ့ရပါတယ်။
ဒီနှစ်ဟာ မိန်ရာသီဖွားများအတွက် ဘာအလုပ်ဘဲလုပ်လုပ် တရားမျှတခြင်း နဲ့ အဆက်မပြတ် ကြိုးပမ်းအားထုတ်ခြင်းများ ပြုလုပ်ဖို့ လိုတယ်။ ဒီနှစ်မှာ မိန်ရာသီဖွားများဟာ အလုပ်အကိုင်ကိစ္စနဲ့ ပတ်သက်လာရင် ချိန်ခွင်လျှာလို တည့်မတ်ဖြောင့်စင်းဖို့ လိုအပ်မယ့် နှစ်ဖြစ်တယ်။ နောက်ပြီး မိမိစီးပွား/အလုပ်အကိုင်များဟာလည်း စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေဖို့လိုတယ်။ ၀ီရိယကို မြှင့်တင်ရမယ့် နှစ်ဖြစ်တယ်။ ဒီနှစ်ဟာ ကံကို အားကိုးရမယ့် နှစ်မဟုတ်ဘူး။ အလုပ်ကို ကြိုးစားလုပ်ရင် လုပ်သလောက် တိုးတက်မြင့်မားသွားမယ့် နှစ်မျိုးဖြစ်တယ်။ (အလုပ်ကို ကြိုးစားတယ်ဆိုမှတော့ ကောင်းပြီပေါ့လို့ မထင်နဲ့။ အချို့နှစ်တွေမှာ ကြိုးစားပါရက်နဲ့ ကြိုးစားသလောက် အကျိုးမခံစားရတဲ့ နှစ်တွေလည်း ရှိတယ်)
ဒါကြောင့် ဒီနှစ်မှာ အလုပ်ကို ကြိုးစားလုပ်ကိုင်ရမယ်။ မိမိရဲ့ ရည်မှန်းချက်အပေါ်မှာ စိတ်ကို တဖြောင့်တည်း ထားရမယ်။ သင့်အလုပ် နဲ့ ဆက်စပ်နေတဲ့ သူအားလုံးအပေါ်မှာ တရားမျှတမှုနဲ့ ဆက်ဆံရမယ်။ ဒါဆိုရင် ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို အမြင့်မားဆုံး ခံစားရလိမ့်မယ်။ ဇွဲ ၊ လုံ့လ ၊ ၀ီရိယ အားနည်းပြီး မတရားသဖြင့် စီးပွားရှာသူများအတွက် ဒီနှစ်ဟာ ကံကောင်းမယ့် နှစ်တနှစ်လို့တော့ ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ဟာ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ လူကြီးဆန်ရမယ်။ လူကြီးလူကောင်း ပီသရမယ်။ ကလေးဆန်တဲ့ စရိုက်နဲ့ အပြောအဆိုတွေကတော့ ဒီနှစ်မှာ မကောင်းတဲ့ အကျိုးရလဒ်တွေကိုသာ ဖြစ်စေလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာ
....................
ဒီနှစ်ဟာ မိန်ရာသီဖွားများအတွက် စိတ်ဝမ်းနှလုံးမှာ ပျော်ရွှင်မြူးတူးတဲ့ စိတ်တွေ လွှမ်းမိုးနေလိမ့်မယ်။ အရာရာကို အကောင်းမြင်ဝါဒ နဲ့ မျှော်လင့်မှုတွေ များနေမယ်။ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေကိုလည်း ကြီးကြီးကျယ်ကျယ် ပြုလုပ်ဖို့ စိတ်အားထက်သန် နေလိမ့်မယ်။ ဒီနှစ်မျိုးဟာ မိန်ရာသီဖွားများရဲ့ မိသားစုများအတွင်းမှာ ကွဲကွာနေကြသူများ ၊ အဝေးရောက်နေသူများ ပြန်လည်ဆုံတွေ့တတ်လို့ ဒီအတွက် ၀မ်းသာကြည်နူးရတဲ့ စိတ်တွေ များပြားနေမယ့် နှစ်မျိုးလည်း ဖြစ်တယ်။ မိမိရဲ့ ကြိုးစားလုပ်ကိုင်ဆောင်ရွက်မှုများရဲ့ အသီးအပွင့်များကိုလည်း ခံစားရရှိရတတ်လို့ ဒီအတွက် ၀မ်းသာပျော်ရွှင်ရတဲ့ စိတ်တွေလည်း ဖြစ်ပေါ်နေမယ်။
ဒါကြောင့်မို့ ဒီနှစ်ဟာ မိန်ရာသီဖွားများအတွက် မိသားစု ၊ ဆွေမျိုးအသိုက်အ၀န်း နဲ့ မိတ်ကောင်းဆွေကောင်းများနှင့် အတူတကွ ပျော်ရွှင်မြူးတူးမှုတွေ များပြားမယ့် နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း အားနည်းချက်တစ်ခုက ရှိနေပြန်တယ်။ အဲဒါက လူမှုဆက်ဆံရေးနယ်ပယ်မှာ မိမိရဲ့ စိတ်ဟာ မဟုတ်မခံလိုတဲ့ အကဲဆတ်စိတ် များနေတတ်ပြန်တယ်။ ဒီစိတ်ကလေးကလည်း အခါအခွင့်သင့်ရင် သင့်သလို ပေါ်ပေါက်တတ်လို့ သတိထားရမယ့် စိတ်ခံစားမှု တစ်ခုဖြစ်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင်
....................................
ဒီနှစ်ဟာ မိန်ရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်တွေမှာ ရိုးသားဖြောင့်မတ်စွာ ၊ တည့်မတ်မှန်ကန်စွာ လုပ်ကိုင်ရမယ့် နှစ်မျိုးဖြစ်တယ်။ မိန်ရာသီခွင်ရဲ့ အပေါ်မှာ ဒီနှစ်အတွက် Law & Justice ဆိုတဲ့ နိမိတ်ပုံ လွှမ်းမိုးနေတာကြောင့် ဒီနှစ်ဟာ အလုပ်လုပ်ရာမှာ တရားဥပေဒနဲ့ ညီညွတ်စွာ လုပ်ကိုင်ဖို့ အင်မတန် အရေးကြီးတဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ တရားဥပဒေနဲ့ မညီညွတ်ရင်တော့ ဒီနှစ်ဟာ ဥပဒေ အရ အပြစ်ပေးခံရမှုများ ကြုံနိုင်တဲ့ နှစ်တနှစ်ဖြစ်တာကို တွေ့ရှိရပါတယ်။ သူ့ဖက်ကိုယ့်ဖက် မျှတခြင်း ၊ တရားဥပဒေကို လေးစားလိုက်နာခြင်း ၊ မတော်မတရား မပြုလုပ်ခြင်း များနဲ့ ပြည့်စုံတဲ့ အလုပ်အကိုင်/စီးပွားရေးများကျတော့ အင်မတန် သိသားထင်ရှားစွာ တိုးတက်မြင့်မားရမယ့် နှစ်တနှစ်ဖြစ်တယ်လို့ ဆိုရပါမယ်။
ဒီနှစ်မျိုးဟာ မိန်ရာသီဖွား အမျိုးသားများထက် အမျိုးသမီးများမှာ အလုပ်အကိုင်အခွင့်လမ်းကောင်းတွေ ၊ စီးပွားတိုးတက်မြင့်မားမှုတွေ ပိုမိုရရှိနိုင်တာကို တွေ့ရပါတယ်။ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များအတွက်တော့ ဒီနှစ်မျိုးဟာ မိမိလုပ်ရည်ကိုင်ရည် ထက်မြက်ပြတ်သားရင် ပြတ်သားသလောက် အကျိုးထူး ခံစားရမယ့် နှစ်တနှစ်ဖြစ်တာကို တွေ့ရပါတယ်။ ဒီနှစ်မျိုးဟာ တိတိကျကျ ပြောရရင် မိမိအလုပ်ဟာ တရားမျှတမှု ၊ မှန်ကန်မှု ၊ ဖြောင့်မှန်မှု တို့ ရှိယုံဖြင့် မရသေးဘဲ တိကျပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ပြီး အလုပ်ကြိုးစားမှုများပါ လိုအပ်ပါတယ်။
မိန်ရာသီဖွားများအတွက် ဒီနှစ်မှာ စက်မှုလက်မှုနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းများ ၊ ဆေးဝါးပစ္စည်း ထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေး လုပ်ငန်းများ ၊ အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ ၊ နိုင်ငံရေးနှင့် ပတ်သက်သော လုပ်ငန်းများ ၊ ဆရာဝန် နှင့် ဆေးဝါးကုသသူများ ၊ ဟော်တယ် နှင့် ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းများ ၊ အမျိုးသမီး အလှအပ အသုံးအဆောင်ဆိုင်ရာ လုပ်ငန်းများ ၊ ယာဉ်ကား လုပ်ငန်းများ ၊ ရေနှင့် ရေထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ၊ ငါးပုဇွန်လုပ်ငန်း ၊ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ၊ ကန်ထရိုက်လုပ်ငန်းများ စတဲ့ လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အကျိုးကျေးဇူး မြင့်မားစွာ ခံစားရနိုင်တယ်။
ငွေကြေးဆိုင်ရာ
....................
မိန်ရာသီဖွားများအတွက် ဒီနှစ်မှာတော့ ငွေကြေးကံဇာတာ အတော်လေး တိုးတက်မြင့်မားနိုင်တာကို တွေ့ရပေမယ့် အလုပ်ကို ကြိုးစား လုပ်သူများ ၊ အသိပညာရှင် အတတ်ပညာရှင်များ ၊ လက်မှုအနုပညာ ကျွမ်းကျင်သူများအတွက် ပိုမိုအကျိုးထူးခံစားရရှိနိုင်တာကို တွေ့ရတယ်။ ဒီနှစ်ဟာ ငွေကြေးကံကောင်းတယ် - ဒါပေမယ့် အလုပ်လုပ်ရလိမ့်မယ်။ အချောင်ရတဲ့ ငွေဝင်ကိန်းမျိုးတော့ ဒီနှစ်မှာ မရှိနိုင်လို့ ဆုံးဖြတ်ပါတယ်။ အလုပ်ဆိုသည်မှာ ကာယအလုပ်သက်သက်သာ ဆိုခြင်းမဟုတ်။ ဥာဏအလုပ်လည်း ပါဝင်ပါတယ်။ တစ်ချို့သော မိန်ရာသီဖွားများအတွက် ဒီနှစ်မှာ ဥာဏ်ကို လွှာသုံးပြီး ရင်းနှီးမြုတ်နှံတတ်ခြင်းကြောင့် ငွေကြေးအစုအပုံလိုက် မြတ်စွန်းခြင်းများကိုလည်း ကြုံရနိုင်တယ်။ ရုတ်တရက် ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင် အခြေအနေများနှင့် ကိုက်ညီအောင် ချိန်ညှိနိုင်ခြင်းကြောင့် ဒီနှစ်မှာ ငွေကြေးအမြတ်အစွန်းများကို ရရှိမည့် မိန်ရာသီဖွားများလည်း ရှိကြလိမ့်မယ်။
ဒီနှစ်မှာ မိန်ရာသီဖွားများရဲ့ ငွေကြေးကံကို လေ့လာသုံးသပ်ကြည့်မယ်ဆိုလျှင် ဒီနှစ်ရရှိတဲ့ အကျိုးအမြတ်များဟာ ပြီးခဲ့တဲ့နှစ်တွေက မိမိ ရင်းနှီးမြုတ်နှံ ခဲ့မှုများ ၊ အားစိုက်လုပ်ကိုင်ခဲ့မှုများရဲ့ အသီးအပွင့်ကို ခံစားရတဲ့ ငွေဝင်နည်းမျိုးက အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေက ကာယအား ဥာဏအား စိုက်ထုတ်ခဲ့မှုတွေ ၊ ရင်းနှီးမြုတ်နှံခဲ့မှုတွေ ရှိထားခဲ့ရင်တော့ ဒီနှစ်ဟာ ကောင်းမွန်တဲ့ ငွေကြေးဝင်ရောက်မှု နဲ့ အမြတ်အစွန်းများကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ကာယအားသော်၎င်း ၊ ဥာဏအား သော်၎င်း ၊ ငွေကြေးရင်းနှီးမြုတ်နှံမှုသော်၎င်း မစိုက်ထုတ်ခဲ့ရင်တော့ ဒီနှစ်ရဲ့ ငွေကြေးဆိုင်ရာ အကျိုးအမြတ်တွေကို သိပ်အမြင့်အမားကြီး မျှော်မှန်း လို့ မရနိုင်ဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် သူ့အိုးနဲ့ သူ့ဆန် တန်သလောက်တော့ ၀င်ပါလိမ့်မယ်။
ပညာရေး
............
ပညာရေး နှင့် ပတ်သက်လျှင် မိန်ရာသီဖွားများအတွက် ကံဇာတာ အတော်မြင့်မားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် အထက်က ဆိုခဲ့တဲ့အတိုင်း ကာယအား ၊ ဥာဏအား စိုက်ထုတ်ဖို့ လိုပါလိမ့်မယ်။ မိမိရဲ့ သင်္ခန်းစာများကို ပိုင်ပိုင်နိုင်နိုင် လေ့လာကျက်မှတ်ခဲ့သူများအတွက် ဒီနှစ်ဟာ ပညာရဲရင့် ပွဲလယ်တင့်မယ့် နှစ်မျိုးဖြစ်ပါတယ်။ ခြေချော်လက်ချော် ဖြစ်စရာ အကြောင်းမရှိပါ။ ကံအား မြင့်မားတာကြောင့် ဥာဏ် နဲ့ ၀ီရိယအားကိုသာ စိုက်ထုတ်ဖို့ လိုမယ့် နှစ်မျိုးဖြစ်ပါတယ်။
အချစ်ရေး
............
ဒီနှစ်အတွက် မိန်ရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး ကံကြမ္မာ သိပ်မကောင်းလှပါ။ ချစ်သူရှိသူများအတွက် ဒီနှစ်ဟာ လိမ်ညာ လှည့်ဖျားခြင်း ၊ သစ္စာတရားပျက်ယွင်းခြင်း ၊ ကွယ်ရာမှာ ခြေပုန်းခုတ်ခြင်းများ အလွန်ကြုံဆုံနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိန်းဟာ ကိုယ်က ခံရတဲ့ ဘက်ကချည်း မဟုတ်ဘဲ ၊ ကိုယ်တိုင်က ချိုးဖောက်သူလည်း ဖြစ်နေတတ်ပါတယ်။ အချိုးအစားအားဖြင့် ဒီနှစ်မှာ အချစ်ရေးမှာ ခြေပုန်းခုတ်မှုရာနှုံး ၊ မိမိချစ်သူဘက်က ၆၀% လောက် ရှိနိုင်ပြီး မိမိဘက်မှ ၄၀% လောက် ရှိနိုင်ပါတယ်။ နဂိုကတည်းက ခြေသိပ်မငြိမ်လှတဲ့ သူများအတွက်တော့ ဒီနှစ်မျိုးဟာ တစ်ဦးနဲ့တစ်ဦး လှည့်ဖျားခြင်း (သို့) လှည့်ဖျားခံရမှုများ ဖြစ်ပေါ်ဖို့ အားအလွန်များတဲ့ နှစ်ဖြစ်ပါတယ်။ (မိန်ရာသီဖွား အားလုံးတွင် ဖြစ်မည်ဟု မဆိုလိုပါ။ အများစုတွင် ဖြစ်ကိန်း ရှိခြင်းကို ဆိုလိုပါသည်)။ တစ်ချို့ တစ်ဦးနှင့်တစ်ဦး အနေဝေးနေကြတဲ့ ချစ်သူများကျတော့ သွေးရိုးသားရိုး တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် ပြတ်ခြင်းမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဘာဘဲပြောပြော အကောင်း ဖြစ်ဖို့တော့ အားနည်းပါတယ်။ လူအများစုမှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး အရှုတ်အထွေးများအတွင်း ၀င်ရောက်ညိတွယ်မိဖို့ အားများလှပါတယ်။ နှစ်ဦးနှစ်ဘက်လုံးမှာ ဖြစ်နိုင်တာကိုတော့ သတိပြုပါ။
အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................
အိမ်ထောင်ကျပြီးသားသူများ၊ မိသားစုများကတော့ ဒီနှစ်မှာ အိမ်ထောင်ရေး အေးချမ်းသာယာဖို့က မိမိအိမ်ထောင်ဘက်ထက် စာရင် ၊ မိမိအပေါ်မှာ အများဆုံး တည်နေတတ်ပါတယ်။ မိမိအိမ်ထောင်ဘက်အပေါ် မယုံသင်္ကာဖြစ်ခြင်း ၊ စွပ်စွဲခြင်း ၊ အကြောင်းမယ်မယ်ရရမရှိဘဲ ဗျစ်တီးဗျစ်တောက် ပြောခြင်း ၊ နားပူနားဆာ တိုက်ခြင်း များကြောင့် အိမ်ထောင်ရေး မငြိမ်မသက် ဖြစ်စရာ ရှိပါတယ်။ သို့သော်လည်း အလွန် ဆိုးဝါးတဲ့ အဖြစ်မျိုးတော့ ဖြစ်ရန် အားနည်းပါတယ်။ အသံကြောင်း ဖားသေ ဆိုတဲ့ စကားပုံလို သူ့ဟာသူ အေးချမ်းနေမယ့် မိသားစုအတွင်းမှာ မိမိ အပြောအဆိုမတတ်မှုကြောင့်သာ ပြဿနာ ဖြစ်ဖို့ ရှိပြီး အခြားအကြောင်းများကြောင့် ပြဿနာဖြစ်ဖို့ အားနည်းလှပါတယ်။ ဒါကြောင့် ဒီနှစ်မှာ သယာအေးချမ်းတဲ့ အိမ်ထောင်ရေးမျိုးဖြစ်စေချင်ရင်တော့ မိမိရဲ့ နှုတ်ကို စောင့်စည်းပါလို့ဘဲ အကြံပေးလိုပါတယ်။
ကျန်းမာရေး
...............
ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ မိန်ရာသီဖွားများအတွက် ကျန်းမာရေး ပြဿနာ အကြီးစားကြီးတွေ ဖြစ်စရာ မရှိနိုင်တဲ့ နှစ်မျိုး ဖြစ်တယ်လို့ ဆိုရပါမယ်။ နဂိုကျန်းမာရေးကောင်းနေသူများအတွက် ရောဂါကြီးများ မ၀င်ရောက်နိုင်ပါ။ နာတာရှည် ရောဂါများ ရှိနေသူများ အတွက်မူ ဒီနှစ်ဟာ ဆရာကောင်း၊ သမားကောင်းများနှင့် တွေ့တတ်ပြီး မိမိရောဂါ ယူပစ်သလို ပျောက်ကင်းသွားနိုင်တဲ့ ကံဇာတာမျိုး ရှိနေတာကို ထူးခြားစွာ တွေ့ရပါတယ်။ ဒီနှစ်မှာ မိန်ရာသီဖွားများအတွက် ထူးဆန်းစွာ ရောဂါပျောက်ကင်းခြင်းမျိုးကို ကြုံရဖို့ ရှိပါတယ်။ ခေတ်သစ်ဆေးပညာနဲ့ မဟုတ်ဘဲ သိပ္ပံနယ်လွန် နည်းပညာတွေနဲ့ ရောဂါပျောက်ကင်းခြင်းမျိုး ပိုမိုဖြစ်နိုင်ပါတယ်။ (ဥပမာ - တန်ခိုးကြီး သူတော်စင် တစ်ဦးဦးရဲ့ ရေမန်း ၊ ဆီမန်း ၊ ဆေးဝါး ၊ အခြားကုသနည်း တစ်ခုခု . . စသည်များနှင့် ရောဂါပျောက်ကင်းခြင်းမျိုး)
ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................
မိန်ရာသီဖွားများအတွက် ဒီနှစ်မှာ ခရီးနှင့် နိုင်ငံခြားကိစ္စများမှာ အခက်အခဲ များပြားတတ်ပါတယ်။ နိုင်ငံခြားသွားဖို့ ကိစ္စများ နှောင့်နှေး ကြန့်ကြာတတ်ပါတယ်။ မလိုလားအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ၊ တားဆီးပိတ်ပင်ခံရတာမျိုးတွေ ရှိနိုင်ပါတယ်။ ၀န်ထမ်းများ နိုင်ငံခြားသို့ သွားရန် ကိစ္စများမှာ ကိုယ်နဲ့ ပြိုင်ဖက်များနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ သွားလာခွင့် ရတတ်ပါတယ်။ ကိုယ့်ကံ သိပ်ညံ့လွန်းရင်တော့ နိုင်ငံခြားသို့ သွားရန် အမည်စာရင်းပေါက်ပြီးမှ ပြန်လည်ဖျက်သိမ်းခြင်းမျိုး ခံရတတ်ပါတယ်။ ပြည်တွင်း ခရီးများသွားလျှင်လည်း မလိုလားအပ်တဲ့ အဖုအထစ် ၊ အခက်အခဲများ ၊ မကြာခဏ ကြုံရတတ်ပါတယ်။ ခရီးသွားရင်း အသေးစား ထိခိုက်ရှနာမှုများ ဖြစ်တတ်ဖွယ် ရှိလို့ သတိအနည်းငယ်ထားဖို့ လိုပါတယ်။
လူမှုဆက်ဆံရေး
.....................
ဒီနှစ်အတွက် လူမှုဆက်ဆံရေး နယ်ပယ်မှာ အဖုအထစ် အခက်အခဲများ ရှိနိုင်တယ်။ သို့သော် အဖုအထစ်တွေ ဖြစ်ရခြင်း အကြောင်းက မိမိကိုယ်တိုင်ဘဲ ဖြစ်နေတတ်တယ်။ ဒီနှစ်မှာ လူမှုဆက်ဆံရေး နယ်ပယ်မှာ အပြောအဆို မမှားအောင် သတိထားနေပါ။ မိမိ အပြောအဆို မတတ်ခြင်း ၊ မပြောသင့်သော စကားများ ပြောခြင်းများကြောင့် ပတ်ဝန်းကျင်မှာ မိမိအပေါ် အမြင်မကြည်လင်မှုများ ၊ ဆန့်ကျင်ကန့်ကွက် ခံရမှုများ ကြုံရနိုင်ပါတယ်။ ကံဇာတာညံ့တဲ့ အသက်အပိုင်းအခြားအတွင်း ရောက်နေသူများအတွက် စကားမှတစ်ဆင့် ကိုယ်ထိလက်ရောက် အဆင့်သို့ ဆိုက်ရောက်ပြီး ခိုက်ရန်ဖြစ်ပွားမှုများ ၊ ထိခိုက်ဒဏ်ရာရမှုများ အထိဖြစ်ပေါ်ပြီး ရဲစခန်းရောက်ခြင်း ၊ အချုပ်ကျခြင်းများအထိ ဖြစ်နိုင် တာကို သတိပြုပါ။ အထူးသဖြင့် အသက်အရွယ် ငယ်ရွယ်သေးသော လူငယ်များတွင် ပိုမို ဂရုစိုက်ပါလေ။ ဒေါသအလျှောက် ပြုမူမိပါက အမှိုက်က စ ၊ ပြဿဒ်မီးလောင် အထိ ဖြစ်တတ်ပါတယ်။
နေ့သားအလိုက် ကံကောင်းမှုများ
...........................................
မိန်ရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် မိန်ရာသီဖွားများထဲက တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ နှင့် သောကြာ နေ့သားသမီးများ ကံဇာတာမြင့်မားမှုကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နှင့် စနေ သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။
လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................
ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - မတ်လ ၊ ဧပြီလ ၊ မေလ ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
ဇန်န၀ါရီလ ၊ ဖေဖေါ်ဝါရီ ၊ နှင့် အောက်တိုဘာလ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - "အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး" ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)
ထီကံကြမ္မာ
...............
ဒီနှစ် ကံကြမ္မာအနေနဲ့ မိန်ရာသီဖွား လူအများစုမှာတော့ ထီဆုကြီးများ ပေါက်နိုင်တဲ့ ကံ အားနည်းတယ်လို့ ဆိုရမယ်။ ထီဆုအသေး ၊ အလတ်များလောက်ဘဲ ပေါက်နိုင်ဖွယ် ရှိတယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၁ ၊ ၃ ၊ ၆ ၊ ၈ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၁) နှင့် (၈) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၀)ဂဏန်း လုံးဝရှောင်ပါ။
နှစ်ချုပ် ကံကြမ္မာ
.....................
ယခုနှစ်တွက် မိန်ရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် အဓိကကျတဲ့ အလုပ်စီးပွားပိုင်း နှင့် ငွေကြေးပိုင်းမှာ မိန်ရာသီ တစ်ယောက်ခြင်းရဲ့ အလုပ် နဲ့ ကြိုးစားအားထုတ်မှုပေါ်မှာ မူတည်ပြီး ကွဲပြားနိုင်တာကို တွေ့ရပါတယ်။ ဒီနှစ်မှာ ဘာဘဲဖြစ်ဖြစ် အချောင်ရဖို့တော့ သိပ်မမြင်ဘူး။ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုကို တည်ဆောက်ပြီးမှ ရတတ်မယ်။ ပြီးခဲ့တဲ့ နှစ်တွေက အလုပ် နဲ့ ငွေကြေးမှာ ရင်းနှီးမြုတ်နှံခဲ့ သူများမှာ ဒီနှစ်မှာ အကျိုးကျေးဇူးများကို ထိုက်တန်စွာ ခံစားရဖို့ ရှိပါတယ်။ ယခုနှစ်မှ စတင်ကြိုးစားသူများကတော့ အကျိုးအမြတ် အနည်းငယ်မျှသာ ရရှိ နိုင်လိမ့်မယ်။ ရင်းနှီးမြုတ်နှံတယ် ဆိုတဲ့နေရာမှာ ငွေကြေးတစ်ခုတည်း မဟုတ်ဘဲ ကာယအရင်းအနှီး၊ ဥာဏအရင်းအနှီး များကိုလည်း ဆိုလိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်မဟုတ်ဘဲ ၀န်ထမ်းများကျတော့လည်း ပြီးခဲ့တဲ့ နှစ်တွေက ရိုးသားကြိုးစားခဲ့သူများ ဒီနှစ်မှာ အလုပ်ရာထူး တက်ခြင်း ၊ လစာနှင့် ခံစားခွင့်များ တိုးတက်ခြင်းများကို ရရှိဖွယ် ရှိတယ်။
ဒီနှစ်မှာ မိန်ရာသီဖွားများအတွက် ညံ့ဖျင်းဖို့ ရှိတဲ့ အကြောင်းကတော့ အချစ်ရေး နှင့် လူမှုဆက်ဆံရေးပိုင်းပါဘဲ။ အထက်က ပြောခဲ့သလို အချစ်ရေး နဲ့ လူမှုဆက်ဆံရေးပိုင်းမှာ မိမိကိုယ်တိုင်ရဲ့ အနေအထားက အရေးကြီးပါတယ်။ ဒီနှစ်မှာ မိမိကိုယ်တိုင်က ဆက်ဆံရေးနယ်ပယ်တွေမှာ အကဲဆတ် လွန်းတဲ့ အနေအထားရှိတယ်။ မဟုတ်မခံစိတ် များနေမယ်။ မိမိဂုဏ်သိက္ခာကို အထိခိုက် မခံနိုင်တဲ့ စိတ်တွေ များနေမယ်။ တုန့်ပြန်မှု လျှင်မြန်လွန်းနေမယ်။ ဒီလို စိတ်ထားအပြုအမူတွေကြောင့် မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ပေါ်ပေါက်စရာ ရှိတတ်ပါတယ်။ သတိပြုရပါမယ်။
ဘာဘဲပြောပြော ဒီနှစ်ဟာ မိန်ရာသီဖွားအားလုံးကို ယေဘူယျထုတ်ပြီး ဟောရရင်တော့ ကံကြမ္မာအကောင်းဖက်က ပိုများပါတယ်။ အလွန်ညံ့တဲ့ သက္ခတ်များအတွင်း ရောက်နေသူများမှ လွဲပြီး ကျန်သူအတော်များများမှာ ကံကောင်းမှုတွေကို ရရှိခံစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်များက မျိုးစေ့ချ စိုက်ပျိုးခဲ့သူများ ဒီနှစ်မှာ မိမိကြိုးစားမှု အသီးအပွင့်များကို ရိတ်သိမ်းခံစားရဖို့ကံ အသေအချာရှိပါတယ်။ ဒီနှစ်မှ စတင်ကြိုးစား လုပ်ကိုင်သူများလည်း ထိုက်တန်တဲ့ အကျိုးရလဒ်ကို အနည်းနဲ့အများတော့ ရရှိဦးမှာပါ။ ကံဆိုးတဲ့ နှစ်တနှစ်မဟုတ်တာတော့ အသေအချာပါဘဲ။
ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ မိမိမွေးနေ့မှာ အနီရောင် (သို့) ပန်းရောင် သစ္စာပန်း (၉)ခိုင်ကို အနည်းဆုံး တစ်လတစ်ကြိမ် ကပ်လှူပေးပါ။ တစ်ပါတ်တစ်ကြိမ် လှူဒါန်းကပ်လှူနိုင်ရင်တော့ ပိုကောင်းပါတယ်။ အဆင်မပြေတဲ့ အခက်အခဲများ ရှိလာရင် မြစ်ချောင်း များအတွင်း ငါးအကောင်ရေ သက်စေ့ ဘေးမဲ့လွှတ်ပေးပါ။ ယခုနှစ်အတွင်း အနီရောင် ၊ လိမ္မော်ရောင် ၊ ကြက်သွေးရောင် ၊ မီးခိုးရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ အဖြူရောင် အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ အစိမ်းရောင် ၊ နက်ပြာရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။
(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment