အယ်ဒီတာ မမ တစ်ဦးရဲ့ ဆောင်းပါးလေး ကြိုက်လို့ ပြန်ရှယ်လိုက်တာပါ............ခွိ...ခွိ......
'သား..အမေ့ကို ငါးအရိုးလေးနွှင်ပေးပါလား အမေမမြင်ရလို'
'ဟာ အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ။ပြီးတော့အမေစားနေတာကိုလည်းကြည့်ပါဦး ထမင်းလုံးတွေကအောက်ကျလို့။ဂရုစိုက်မှပေါ့ အမေရ'
ထမင်းဝိုင်းမှအမေအိုကြီး ကျမ၏ အကူညီတောင်းသံသည် သားဖြစ်သူ၏အော်ငေါက်သံအောက်တွင် တိုးလျိုးပျောက်ကွယ်သွားလေတော့သည်။အသက်ခုနှစ်ဆယ်ကျော်နေပြီဖြစ်သော ကျမအတွက်ထမင်းတစ်လုတ်ကိုပါးစပ်ထဲထည့်ဖို့လက်တွေကငယ်ငယ်ကလို သန်သန်မာမာမရှိတော့။ဇရာ၏နှိပ်စက်မှုသည် ကျမ၏တကိုယ်လုံးကို တုန်ချိချိဖြစ်စေခဲ့သည်။ထို့အတူကျမ၏ အတွေးများသည်လွန်ခဲ့သောနှစ်သုံးဆယ်ကျော်ဆီသို့ တရွေ့ရွေ့ပြန်ရောက်သွားသည်။
သားလေးငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ကြမ်းပြင်ပေါ်တွင်လည်းပြန့်ကျဲလျက်။ထမင်းလုံးများကိုရှင်းလင်းရသည့်အပြင် အရိုးဆူးမှာစိုး၍အရိုးပါနွှင်ပေးရသေးသည်။နွှင်ပေးသည့်ကြားက မတော်တဆသားအရိုးဆူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးကိုချော့ကျွေး၍သား၏ သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ဂရုမစိုက်မသေချာမှုအတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မဆုံးဖြစ်ခဲ့ရသည်။ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့။သားရေချိုးသည့်အခါ ရေဇလုံထဲတွင်ပျော်ပါးမြူးတူးနေသည့်သားကိုချော်လဲမှာစိုး၍ ထိမ်းကျောင်းပေးကာ ဂရုတစိုက်ရေချိုးပေးခဲ့ရသည့်သူမ။ခု ရေချိုးခန်းထဲရှိရေညှိများဖြင့်ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့။သူမကတော့တရွတ်တိုက်ထိုင်ချရင်း ရေညှိများတက်နေသည်ကို သားလေးချော်လဲမည်စိုးတာကြောင့် ခုချိန်ထိတိုက်ပေးနေမိတုန်း။တစ်ခါတစ်ရံတိုက်ချွတ်ရှင်းလင်းနေတာကိုမြင်ရင်တောင် ကူရကောင်းမှန်းမသိဘဲသူမကို 'အမေရောဂါရှာယူတယ်။အမေနေမကောင်းတာအရေးမကြီးဘူးသားအလုပ်ပျက်မှာပေါ့။အမေရာငြိမ်ငြိမ်လေးနေစမ်းပါ။အလက်ားနေရင်း အားနေရင်ရေချိုးခန်းတိုက်ဖို့ပဲ။အိမ်သာရေခပ်လောင်းဖို့ပဲ။ကြာရင်အိမ်သာတွေ။ရေချိုးခန်းတွေအက်ကွဲကုန်ဦးမယ်'
ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့်သူမအတွက်..'သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့'ဆိုသည့်အပြောမျိုးသားပါးစပ်ဖျားကထွက်ကျလာတာကို သူမလိုချင်သည်။ငယ်စဉ်ကသားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့်သနပ်ခါးကိုသားမျက်နှာပေါ်ကိုယ်တိုင်ကိုယ်ကျပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့။သားခြေသည်း၊လက်သည်းလေးတွေကို တစ်ပါတ်တခါညှပ်ပေးရတိုင်းအသားလေးကိုညှပ်မိမှာစိုး၍ ဂရုတစိုက်ညှပ်ပေးခဲ့သည့်သူမမေတ္တာ၊တစ်ခါတရံအသားကိုညှပ်မိ၍ သားဆီမှစူးကနဲထွက်ပေါ်လာသည့်ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင်ပြာယာခတ်စေမှန်းသားမသိခဲ့။
အခုသူမခြေသည်းလက်သည်းတွေရှည်လာတော့သားကိုယ်တိုင်ဂရုတစိုက် ညှပ်ပေးတာမျိုးတမ်းတမိသည်။သို့သော်'ဒါလေးလုပ်တာများအမေရယ်။ကိုယ်တိုင်ညှပ်လိုက်ပါလား။သားမအားဘူး'ဆိုသောအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်။
ကလေးပီပီကစားကွင်းသွားရတာနှစ်သက်သောသားအတွက်တစ်ပါတ်တစ်ခါအလုပ်အားရက်သည်သားနှင့်အတူ ကစားကွင်းတွင်အချိန်ကုန်စေဖို့ဖြစ်စေခဲ့သည်။ပျော်ရွှင်မြူးတူးနေသော သားကိုကြည့်ရင်း သူမရင်ထဲတွင်တစ်ပါတ်လုံးလုပ်ခဲ့သမျှ အမောတွေအားလုံး ပြေပျောက်ခဲ့ရသည်။ခုချိန်ဘုရားသွားချင်၍ 'သားဘယ်နေ့အားမလဲအမေ့ကိုလိုက်ပို့ပေးပါလား'ဟူသောမျှော်တလင့်အမေးကို အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သောအချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်။
သားငယ်စဉ်က ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှစာလေးများကိုလက်ညှိုးထိုးပြရင်း 'မေမေဒါကဘာရေးထားတာလဲဟင်။သားကိုဖတ်ပြပါ'ဟူ၍တွတ်တီးတွတ်တာမေးတတ်သည်။မိမိအနေနှင့်သားမေးတိုင်းငါ့သားကျောင်းမနေရသေးပေမယ့် စာတွေစိတ်ဝင်စားနေပြီဟူသော ပီတိဖြင့်သားကိုဖတ်ပြရ၊ရှင်းပြရသည်မှာအမောတစ်ခုဟုမထင်မှတ်ခဲ့။ခုသူမမျက်လုံးများဇရာနှိပ်စက်မှုအောက်တွင် အရာရာကိုကြည့်မြင်ရသည်မှာမှုန်တဝါးဝါးဖြစ်နေသည်။သားကိုဘာရေးထားတာလဲမေးတော့ သားနှုတ်ဖျားကထွက်ကျလာသည့် 'ဒီလောက်စာလုံးအကြီးကြီးနဲ့ရေးထားတာမမြင်ရဘူးလားအမေရာ 'ဆိုသောစိတ်မရှည်သံသည် မာရသွန်ပြေးပြီးပြန်လာသောကစားသမားတစ်ဦးလိုသူမရင်ကိုမောစေခဲ့သည်။သားငယ်ငယ်က ညအိပ်ခါနီးမိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှသားအိပ်ပျော်တတ်သည်။သူမသည်သားအတွက် ပုံပြောဆရာတစ်ဦးဖြစ်ခဲ့ရသည်။သားမေးသမျှကိုစိတ်ရှည်လက်ရှည်ရှင်းပြခဲ့သည်။ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူအညီတောင်းမိတော့ 'အမေကလည်းတရားခွေတွေရှိနေတာပဲနားထောင်ပါလား 'ဟူသောသားအပြောသည်မှုန်ဝါးဝါးဖြစ်နေသောသူမမျက်လုံးအစုံကိုခေတ္တခဏမိုးရွာစေခဲ့သည်။သားသည်ငယ်စဉ်ကမိမိ၏ ဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်။မိမိ၏လက်ရှိအသက်အရွယ်သည် လူ့ဘဝ၏နေဝင်ချိန်ကိုရောက်နေပြီဆိုတာ သားသတိမထားမိခဲ့။ဇရာထောင်းလာသောသူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘဝကလို သူတစ်ပါးအကူညီမပါဘဲ လုပ်ကိုင်ဖို့ခဲယဉ်းသည်ဆိုတာသားမသိ။အကူညီပေးသောထိုသူတစ်ပါးသည်မိမိရင်မှ မွေးဖွားသည့်တစ်ဦးတည်းသောသားလေးဖြစ်စေချင်သည်ကိုသားမေ့နေခဲ့သည်။ထိုဆန္ဒသည် အသက်အရွယ်ကြီးရင့်၍လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်းမဟုတ်ပါ။သားရင်ခွင်ထဲတွင်နေ၍သား၏ပြုစုယုယမှုကိုတောင့်တမိသည်။ကြင်နာမှုကိုလိုချင်သည်။သား၏မေတ္တာကိုမျှော်လင့်မိသည်။မိမိဘဝ၏နောက်ဆုံးအချိန်များကိုသား၏ကြင်နာနွေးထွေးသော ဂရုစိုက်မှုများအောက်တွင်ကုန်ဆုံးချင်မိသည့်မိဘတစ်ယောက်၏စိတ်ဆန္ဒသက်သက်သာဖြစ်သည်။သို့သော် အထီးကျန်ဆန်လှသောသူမ၏ဘဝသည် သူမစိတ်ကူးနှင့်လွန်စွာခြားနားလှသည်။မိမိရင်ခွင်ထဲတွင်ပျော်ရွှင်မြူးတူးဆော့ကစားခဲ့သောသား၏ငယ်စဉ်ကာလပုံရိပ်လေးကိုပြန်လည်မြင်ယောင်ရင်းသူမ၏မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှ်ထမင်းပန်းကန်ထဲသို့ပေါက်ကနဲ....(သင်၏ကြင်နာနွေးထွေးသောမေတ္တာတရားကို သင့်မိဘများကမျှော်လင့်နေကြသည်။)
ဇူးဇူးမွန်

No comments:
Post a Comment