၂၀၁၄ ခုနှစ်ရဲ့ ဓနုရာသီဖွားများရဲ့ ကံကြမ္မာကတော့ လွယ်ကူသက်သာစွာ ဖြတ်သန်းရမယ့် နှစ်တနှစ်တော့ မဟုတ်နိုင်ဘူး။ ဒီနှစ်မှာ မိမိဟာ ရည်မှန်းချက် ကြီးလျှင် ကြီးသလောက် တာဝန်ဝတ္တရားများ ၊ ၀န်ထုပ်ဝန်ပိုးများ ၊ မနိုင်ဝန်များကို ထမ်းရွက်ရမယ့် အနေအထား ရှိပါတယ်။ ဒီနှစ် ဓနုရာသီဖွားများအတွက် ကိုယ်စိတ်နှစ်ဖြာ အလွန်တရာ ပင်ပန်းနွမ်းနယ်တတ်တဲ့ နှစ်မျိုး ဖြစ်ဖို့များပါတယ်။ မိမိက လိုလားစွာ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားများ ရှိသလို ၊ မိမိ မထမ်းဆောင်လိုတဲ့ တာဝန်ဝတ္တရာများကိုလည်း ပူးတွဲထမ်းဆောင်ရတတ်ပါတယ်။ သို့သော် ဓနုရာသီဖွား အတော်များများကတော့ ပေးအပ်သည့်တာဝန်များ (သို့မဟုတ်) မိမိကလိုလိုချင်ချင် တောင်းဆိုတဲ့ တာဝန်ဝတ္တရာများကို အောင်မြင်အောင် ထမ်းဆောင် နိုင်ဖို့ ရာခိုင်နှုံးများပါတယ်။ ရာခိုင်နှုံး အနည်းငယ်မျှသော ဓနုဖွားများကတော့ ထို တာဝန်ဝတ္တရားများကို အောင်မြင်အောင် မထမ်းဆောင်နိုင်ဘဲ ရှိတတ်ပါတယ်။
ဒီနှစ်ဟာ ဓနုရာသီဖွားများအတွက် မိမိရဲ့ သဏ္ဍာန်အတွင်းမှာဖြစ်စေ ၊ မိမိရဲ့ အဖွဲ့အစည်း အလုပ်အကိုင်ထဲ မှာဖြစ်စေ ရှင်းလင်းသုတ်သင်မှု တွေကိုလည်း ပြုကြရလိမ့်မယ်။ ဆိုလိုတာက မိမိရဲ့ အတွေးအကြံ အကျင့်စရိုက်များအတွင်းက မကောင်းသော စရိုက် နဲ့ မကောင်းသော အတွေးအခေါ်များကို ဖယ်ရှားရှင်းလင်းရမယ့် နှစ်မျိုးလည်း ဖြစ်လိမ့်မယ်။ နောက်ပြီး လုပ်ငန်းကြီးများကို ဦးဆောင်နေသူများ အတွက်လည်း မိမိအဖွဲ့အစည်းအတွင်းမှာ အမှိုက်သဖွယ် ဖြစ်နေတဲ့ ၀န်ထမ်းများကို မညှာမတာ ရှင်းလင်း ဖယ်ထုတ် ရလိမ့်မယ်။ မဟုတ်ရင် ဒီနှစ်မှာ ဒီမကောင်းတဲ့ စိတ်အမူအကျင့် နဲ့ မကောင်းတဲ့ လူများက ကိုယ့်ဘ၀ရဲ့အောင်မြင်မှုကို ကောင်းကောင်းကြီး ဒုက္ခပေးတာကို ခံရလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာ
....................
ဒီနှစ်ဟာ ဓနုရာသီဖွားများအတွက် စိတ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှု များမယ်။ ရည်ရွယ်ချက်ကြီးမားပြီး အကြံအစည် ကြီးမားတတ်တယ်။ ခက်ခဲတဲ့အလုပ်တွေကို စိမ်ခေါ်နေတဲ့ ကိစ္စများလို့ သဘောထားပြီး ရင်ဆိုင်တိုက်ခိုက်လိုတဲ့ စိတ်များ ကြီးထွားနေမယ်။ နောက်ပြီး ဒီနှစ်မှာ မိမိလုပ်သမျှ ကိုင်သမျှဟာလည်း အောင်မြင်လိမ့်မယ် ဆိုတဲ့ အကောင်းမြင်ဝါဒကလည်း မိမိသဏ္ဍန်မှာ ကြီးစိုးနေလိမ့်မယ်။ ဒီနှစ်မှာ ဓနုရာသီဖွားများဟာ ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်သန်းလိုတဲ့ စိတ်ထားများ တဖွားဖွား ထက်သန်ကြီးမားနေလိမ့်မယ်။ ဒါဟာ ကောင်းမွန်တဲ့ စိတ်ထားများလို့တော့ ပြောနိုင်ပါတယ်။ သို့သော် ဒီနှစ်ဟာ အလုပ်ကြီးအကိုင်ကြီး လုပ်ရင် လုပ်သလောက် တာဝန်ကြီးကြီးမားမား ထမ်းဆောင်ရလိမ့်မယ်ဆိုတာကိုတော့ မမေ့စေချင်ဘူး။ ကိုယ်ထမ်းနိုင်တဲ့ အလေးချိန်ထက် ပိုမထမ်းမိအောင် သတိထားပါ။ မဟုတ်ပါက မနိုင်ဝန် ထမ်းမိတာကြောင့် ဒုက္ခရောက်တတ်တာကို သတိပြုစေချင်တယ်။ ဒီနှစ်ဟာ အချို့သော ဓနုရာသီဖွားများအတွက် ဖြစ်နိုင်သည်ထက် ပိုပြီး စိတ်ကူးယဉ် နေမိတတ်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင်
....................................
ဒီနှစ်ဟာ ဓနုရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်များမှာ အပြိုင်အဆိုင်နဲ့ ရင်ဆိုင်ရမယ်။ ကိုယ့်ထက် အင်အားကြီးမားတဲ့ ပြိုင်ဖက်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမယ်။ မိမိရဲ့ ရပိုင်ခွင့်အတွက် တိုက်ယူရမယ်။ ဒါပေမယ့် ကံတရားက ကိုယ့်ဘက်မှာ အသာစီးရနေဖို့များတယ်။ မယုံကြည်နိုင်လောက်အောင် ကိုယ့်ထက် အင်အားကြီးတဲ့ လုပ်ငန်းပြိုင်ဖက်များကို အနိုင်ယူ နိုင်လိမ့်မယ်။ လူအများက ကိုယ် ဘယ်လိုမှ မလုပ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့ လုပ်ငန်းကြီးတွေကို အောင်မြင်အောင် လုပ်ပြနိုင် လိမ့်မယ်။ ဒါဟာ ကောင်းတဲ့ အချက် မဟုတ်ပါလား။
ဒီနှစ်ဟာ ဓနုရာသီဖွားများအတွက် အလုပ်ကြီး အကိုင်ကြီးများ လုပ်ကိုင်ခွင့် ရတတ်တယ်။ မိမိ အင်အားနဲ့ အလုပ်အကိုင်များကို ပေးအပ်တာ ခံရတတ်တယ်။ ဒါဟာ ကိုယ့်အတွက် စိမ်ခေါ်နေတဲ့ ကိစ္စများဖြစ်ပြီး မိမိ အောင်မြင်အောင် လုပ်နိုင်တာနှင့်အမျှ ကိုယ့်ရဲ့ အဆင့်အတန်း ရပ်တည်မှုဟာလည်း တဖြည်းဖြည်း မြင့်တက်လာလိမ့်မယ်။ ဒီနှစ်ထဲမှာ အလုပ်ကိစ္စနှင့် ပတ်သက်လို့ အချောင်ရကိန်း ၊ အချောင်ပွကိန်းများတော့ မမျှော်လင့်စေချင်ဘူး။ ဒီနှစ်မှာ မရှိနိုင်ဘူး။ ဒီနှစ်ဟာ အောင်မြင်မှု နဲ့ ခံစားခွင့်တွေ ၊ ရပိုင်ခွင့်တွေအတွက် တန်ရာတန်ဖိုး ပေးပြီးမှ ရနိုင်မယ့် နှစ်တနှစ်လို့ မှတ်ယူရလိမ့်မယ်။
ဓနုရာသီဖွားများအတွက် ဒီနှစ်မှာ စက်မှုလက်မှု လုပ်ငန်း ၊ ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှု လုပ်ငန်း ၊ ဟော်တယ် နှင့် ခရီးသွားလာမှု လုပ်ငန်း ၊ ယာဉ်ကား လုပ်ငန်း ၊ အမျိုးသမီး အလှအပ အသုံးအဆောင်ဆိုင်ရာ လုပ်ငန်းများ ၊ ဟော်တယ်နှင့် စားသောက်ဆိုင် လုပ်ငန်းများ ၊ ရေ နှင့် ရေထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်း ၊ အဖျော်ယမကာ လုပ်ငန်း ၊ အိုးအိမ်ဆောက်လုပ်ရေး လုပ်ငန်း ၊ စတိုးဆိုင်လုပ်ငန်း ၊ စစ်ဘက်ဆိုင်ရာ အမှုထမ်းလုပ်ငန်း စတဲ့ လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အကျိုးကျေးဇူး မြင့်မားစွာ ခံစားရနိုင်တယ်။
ငွေကြေးဆိုင်ရာ
....................
ဓနုရာသီဖွားများအတွက် ဒီနှစ်မှာတော့ ငွေကြေးကံဇာတာ မြင့်မားတဲ့ အနေအထားမှာ မရှိနိုင်ပါဘူး။ ဒီနှစ်ရဲ့ ငွေကြေးကံဟာ ဓနုရာသီဖွားများအတွက် ခက်ခဲစွာ ရယူရမယ့် အနေအထားမှာ ရှိပါတယ်။ လုပ်ငန်းကြီးတွေ လုပ်ခွင့်ရသော်လည်း ငွေကြေးပိုင်း ဆိုင်ရာမှာတော့ အားနည်း ချုခြာနေတတ်တယ်။ အလောင်းအစား နှင့် အလောင်းအစားဆန်သော လုပ်ငန်းများကို လုပ်ကိုင်သူများအတွက် ကတော့ ဒီနှစ်မှာ ငွေကြေးပမာဏ မြောက်များစွာ ဆုံးရှုံးရတတ်တဲ့ နှစ်ဖြစ်တယ်ဆိုတာ သတိပေးလိုပါတယ်။
ပုံမှန် ဖြောင့်တန်းတဲ့ ၀င်ငွေရှိသူများပင် ဒီနှစ်မှာ အိတ်ပေါက်နှင့် ဖားကောက်ရသလို ရှိတတ်တယ်။ ဘယ်ဖက်က ၀င်ပြီး ညာဖက်က ပြန်ထွက်တတ်တယ်။ ၀င်သမျှ ငွေဟာ လူမှုရေး ၊ ကျန်းမာရေး ၊ သားရေးသမီးရေး ၊ ဆွေမျိုးသာချင်းအရေး ၊ မိတ်ဆွေများအရေးတွေနဲ့ ထွက်ပြီးရင် ထွက်နေတတ်တယ်။ ဒီနှစ်မျိုးဟာ များသောအားဖြင့် ငွေကြေး စုဆောင်းလို့ မရတတ်တဲ့ နှစ်မျိုးဖြစ်နေတတ်တယ်။ ဒီနှစ်ထဲမှာ ငွေကြေး ချေးငှားမှု ၊ ချေးယူမှုများကို သတိပြုစေချင်တယ်။ မိမိက ချေးယူလျှင်လည်း အချိန်ကျတဲ့အခါ ပြန်ဆပ်ဖို့ ခက်ခဲတတ်တယ်။ ကတိက၀တ် ပျက်တတ်တယ်။ မိမိက သူများကို ချေးငှားလိုက်လျှင်လည်း ပြန်ရဖို့ ခက်ခဲတဲ့ နှစ်မျိုးဖြစ်တာကို သတိထားဖို့လိုပါတယ်။ ဒီကြားထဲ မတော်လောဘ ထားမိရင် မိမိအနှစ်နှစ် အလလက စုဆောင်းထားတဲ့ ငွေကြေးများ လိမ်လည် ခံရတတ်တာကိုတော့ အထူးသတိပြုစေချင်ပါတယ်။
ပညာရေး
............
ပညာရေး နှင့် ပတ်သက်လျှင် ဓနုရာသီဖွားများအတွက် အလွန်ခက်ခဲတဲ့ နှစ်မျိုးဖြစ်တယ်။ ဒီနှစ်မှာ အလွန်ကြိုးစားနိုင်ပါမှ တော်ကာကျမှာ ဖြစ်ပါတယ်။ မိမိဦးနှောက်က လက်ခံနိုင်သည့်အားထက် သင်ကြားမှုများက ပိုလွန်ကြီးမားခက်ခဲနေလို့ စာမလိုက်နိုင်ဘဲ ဖြစ်တတ် သည့် နှစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်ဟာ ၀ီရိယ အားကြီးလွန်းပါမှ ပညာရေး အောင်မြင်မည့် နှစ်ဖြစ်ပြီး ကံကို အားကိုးသူများအတွက် ပညာရေး ကျရှုံး တတ်တဲ့ နှစ်မျိုးဖြစ်တာကို သတိပြုစေလိုပါတယ်။
အချစ်ရေး
............
ဒီနှစ်အတွက် ဓနုရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး တစ်ဦး နှင့် တစ်ဦးအကြား မယုံသင်္ကာဖြစ်မှု နဲ့ အကဲဆတ်မှု လေးတွေကြောင့် ပြဿနာ အနည်းအကျဉ်းရှိတတ်ပေမယ့် ယေဘူယျ အချစ်ရေးကံ ကောင်းတယ်လို့ ဆိုရပါမယ်။ ကြီးမားတဲ့ ပြဿနာ ဖြစ်ဖွယ် မရှိပါ။ တစ်ဖက်သတ် အချစ်သမားများအတွက် ဒီနှစ်မှာ ချစ်တုန့်ပြန် ခံရဖို့ အခြေအနေကောင်းတွေ ရှိပါတယ်။ ဒီနှစ်အတွက် မိန်းမသားများက ယောင်္ကျားသာများထက် အချစ်ရေးကံ ပိုကောင်းနိုင်ပါတယ်။ လက်ထပ်ရန် ကြံရွယ်ထားသူများလည်း အခက်အခဲ သိပ်မရှိနိုင်ဘဲ အောင်မြင်တဲ့ မင်္ဂလာ အခမ်းအနားများနှင့် လက်ထပ်ရတတ်ပါတယ်။
အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................
အိမ်ထောင်ရှိသူများကတော့ ဒီနှစ်မှာ လင်နဲ့မယား လျှာနဲ့သွား ဆိုတာလို ပြဿနာ အနည်းအကျဉ်း ရှိတာကလွဲလို့ အိမ်ထောင်ရေး ပြဿနာကြီးများ ပေါ်ပေါက်ဖွယ် မရှိနိုင်ပါ။ အိမ်ထောင် သာယာအေးချမ်းမှု များမယ်လို့ဘဲ တွေ့ရပါတယ်။ အိမ်ထောင်ကျတာ ကြာပြီး သားသမီးမရနိုင်သေးသူများ ဒီနှစ်မှာ သားသမီး ရတနာများ ရရှိတတ်ပါတယ်။
ကျန်းမာရေး
...............
ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ ဓနုရာသီဖွားများအတွက် ကျန်းမာရေး အထူးတလည် ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ အသက်အရွယ် ကြီးသူများထက် ငယ်ရွယ်သူများမှာ ကျန်းမာရေး ပိုမိုသိသာမယ်။ သာမန်လူများအတွက် ရောဂါကြီးများ မကျရောက် နိုင်တဲ့ နှစ်ဖြစ်တယ်။ အသက်အရွယ်ကြီးရင်သူများ ၊ ကျန်းမာရေး ညံ့သူများပင် ဒီနှစ်မှာ ခါတိုင်းနှစ်များထက် ကျန်းမာရေး တိုးတက်နေတာကို တွေ့ရှိခံစားရပါမယ်။ ရောဂါဝေဒနာ ကျရောက်ခံစားနေရသူများအတွက် ဒီနှစ်ဟာ ဆေးကောင်း ၊ ဆရာကောင်းများတွေ့ပြီး ရောဂါ သက်သာ ပျောက်ကင်းနိုင်တဲ့ နှစ်မျိုးဖြစ်တယ်လို့ တွေ့ရပါတယ်။
ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................
ဓနုရာသီဖွားများအတွက် ဒီနှစ်မှာ ခရီးသွားလာရမှု များနိုင်တယ်။ ကုန်းလမ်းခရီးတွေ သွားလာရမှု ပိုများနိုင်တယ်။ များသောအားဖြင့် အလုပ်ကိစ္စနှင့် ပတ်သက်နေတတ်တဲ့ ခရီးများဖြစ်လိမ့်မယ်။ နိုင်ငံရပ်ခြား ခရီးများလည်း သွားလာရဖို့ရှိတယ်။ မိသားစု နဲ့ အတူ ပြည်တွင်း ဘုရားဖူးခရီးများ ထွက်ဖြစ်လိမ့်မယ်။ ဒီနှစ်မှာ ခရီးနှင့် ပတ်သတ်လို့ ကံကောင်းတိုးတက်မှုတွေ များပါလိမ့်မယ်။
လူမှုဆက်ဆံရေး
.....................
ဒီနှစ်အတွက် လူမှုဆက်ဆံရေးပိုင်မှာ ပြဿာနာ အတိုက်အခံများ ကြုံရဖွယ် ရှိသော်လည်း စိုးရိမ်ဖို့ မရှိပါ။ အတိုက်အခံ များ ၊ မိမိအား ဆန့်ကျင်ကန့်ကွက်သူများ ၊ မလိုမုန်းထားသူများအပေါ်မှာ မိမိက အနိုင်ရမယ့် နှစ်ဖြစ်ပါတယ်။ မိတ်တုမိတ်ယောင်များအပေါ်မှာ အနိုင်ယူပြီး မိတ်ကောင်းဆွေကောင်းများ တိုးပွားတတ်တဲ့ နှစ်ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ လူမှုဆက်ဆံရေး ပုံစံဟာ စီးပွားရေး ပုံစံနဲ့ ဆက်စပ်ပတ်သက်မှု အများဆုံး ရှိနေလိမ့်မယ်။ ကိုယ့်ထက် အင်အားကြီးမားသူများကို အနိုင်ယူရာမှာ သိမ်မွေ့ညင်သာပြီး ပရိယာယ် ရှိရှိ အနိုင်ယူတတ်ဖို့ လိုတယ်။ နိုင်ထက်စီးနင်း အနိုင်ယူရင် နောက်ပိုင်းမှာ လျှို့ဝှက်ရန်သူတွေ ပိုမိုများပြားလာတတ်တယ်။
နေ့သားအလိုက် ကံကောင်းမှုများ
...........................................
ဓနုရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် ဓနုရာသီဖွားများထဲက တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ သောကြာ နေ့သားသမီးများ ကံဇာတာမြင့်မားမှု ကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ စနေ သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။
လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................
ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - ဧပြီလ ၊ ဇွန်လ ၊ ဇူလိုင်လ ၊ စက်တင်ဘာလ နှင့် နိုဝင်ဘာလ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
ဇန်န၀ါရီလ ၊ ဖေဖေါ်ဝါရီလ နှင့် သြဂုတ်လ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)
ထီကံကြမ္မာ
...............
ဒီနှစ် ကံကြမ္မာအနေနဲ့ ဓနုရာသီဖွားများ ထီပေါက်ဖို့ အင်မတန် ခဲယဉ်းလှပါတယ်။ (သို့သော် ယခုအဟောကတော့ လူအများအတွက် ရည်ရွယ်တာမို့ တစ်ဦးခြင်း ကံမှာတော့ ကွဲပြားမှု ရှိနေမှာ ဖြစ်ပါတယ်) ။ ဒါကြောင့် ဘာဘဲဖြစ်ဖြစ် အောင်ဘာလေထီကိုတော့ မှန်မှန်ထိုးသွားဖို့ တိုက်တွန်းလိုပါတယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၁ ၊ ၆ ၊ ၃ ၊ ၈ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၃) နှင့် (၁) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၉)ဂဏန်း လုံးဝရှောင်ပါ။
နှစ်ချုပ် ကံကြမ္မာ
.....................
ယခုနှစ်တွက် ဓနုရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် အဓိကကျတဲ့ အလုပ်စီးပွားပိုင်းမှာ တာဝန်ကြီးလွန်းမှု ၊ မနိုင်ဝန် ထမ်းဆောင်ရမှုများ များတတ်သော်လည်း အောင်မြင်မည့် ကံ ရှိနေခြင်းကြောင့် အလုပ်စီးပွားကို အကောင်းပေးရမှာ ဘဲဖြစ်ပါတယ်။ ငွေကြေးကံကတော့ သိပ်မကောင်းဘူး ဆိုရပါမယ်။ ငွေကြေး များစွာ ၀င်သည့်တိုင် ပြန်ထွက်တတ်တဲ့ ကံမျိုး ရှိနေပါတယ်။ နောက်တစ်ခုက ဒီနှစ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကိုယ်ဟာ ရိုးသားကြိုးစား စိတ်ကောင်းထားခဲ့သူဖြစ်ရင် ဒီနှစ်မှာ ဘုရားသခင်ရဲ့ စီရင် ဆုံးဖြတ်မှုအရ ကောင်းစားရမယ့် နှစ်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက မရိုးမသား ၊ အချောင်လမ်းစဉ်လိုက် ၊ တစ်ကိုယ်ကောင်းစိတ်ထား ပွားများခဲ့သူ ဖြစ်လျှင် ဒီနှစ်မှာ ကံမကောင်းမှုများကို ပေါ်လွင်ထင်ရှားလာတတ်ပြီး ဘုရားသခင်က အပြစ်ပေးတာကို ခံစားရတတ်ပါတယ်။
ဒါကြောင့် မကောင်းမှုများ လုပ်လက်စ ရှိလျှင် ဒီနှစ်မှာ ဖြတ်တောက်ဖို့ သတိပေးလိုပါတယ်။ မဟုတ်လျှင် ဒီနှစ်မှာ အမှုအခင်းဖြစ်ပြီး ထောင်တန်း ကျသည် အထိ ဖြစ်တတ်ပါတယ်။ တရားဥပဒေ (တနည်း - ဘုရားသခင်) ရဲ့ အပြစ်စီရင်ခြင်းကို ခံရတတ်ပါတယ်။ ကြိုတင် သတိပေးထာခြင်း ဖြစ်ပါတယ်။ ဒီနှစ်ဟာ ဓနုရာသီဆိုတဲ့ ရာသီခွင်အတွင်းမှာ မွေးဖွားလာကြသူများကို မကောင်းသူပယ် ၊ ကောင်းသူကယ် ခံရမည့် နှစ်ဖြစ်ပါတယ်။ ဒီနှစ်မှာ စိတ်ကောင်းထားပြီး ကိုယ့်ထက် အားနည်းသူ ၊ နိမ့်ကျသူများကို ကူညီစောင့်ရှောက်ပေးခြင်းဖြင့် ဒီနှစ်ရဲ့ မကောင်းတဲ့ ကံများကို ရှောင်ရှားနိုင်ပါလိမ့်မယ်။
ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ ဇီးယို နှင့် သီဟိုစေ့ ကို တစ်လတစ်ကြိမ် နေ့ဆွမ်းနှင့်အတူ ကပ်လှူပေးပါ။ အသုဘ နှင့် နာရေးကူညီမှုများတွင် ငွေအား ဖြစ်စေ ၊ လုပ်အားဖြစ်စေ ကူညီပါ။ အခမဲ့ ဆေးရုံဆေးခန်းများကို လှူဒါန်းပူဇော်မှု ပြုလုပ်ပေးပါ။ ယခုနှစ်အတွင်း အနီရောင် ၊ လိမ္မော်ရောင် ၊ ကြက်သွေးရောင် ၊ မီးခိုးရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ အဖြူရောင် အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ အစိမ်းရောင် ၊ နက်ပြာရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။
(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment