ရဲစခန်းထဲရောက်တော့ ထုံးစံအတိုင်း အချုပ်ခန်းထဲဝင်ပေါ့။
ရဲစခန်းမှူးက
`` မနှင်းဆီ မိန်းမအချုပ်ထဲဝင်´´
`` ဟုတ်´´
``ကိုစိန် ယောက်ကျားအချုပ်ထဲဝင်´´
``ဟင် မ၀င်နိုင်ဘူးဗျ´´
``ဘာလို့တုန်း ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ နော် ဘာမှတ်လဲ´´
`` ကျနော်က ယောက်ကျားမှ မဟုတ်တာ။´´
ပြောပုံကြည့် ၊ ကျနော်က ယောက်ကျားမှ မဟုတ်တာတဲ့။
စခန်းမှူးက
``ဘာ ယောက်ကျားမဟုတ်ရမလဲ၊ မိန်းမကျလှလှပပကို ရအောင်ယူထားပြီးတော့။
ခင်ဗျားတစ်ခါ မူးယစ်ရမ်းကားမှုနဲ့ တစ်ည အချုပ်ခံရတုန်းက ကိုစိန်ကွ ဘာမှတ်လဲ ယောက်ကျားဆိုတာ ကိုယ်လုပ်တာ ကိုယ်ခံရဲတယ် ဘာညာနဲ့ လက်သီးလက်မောင်းတန်းပြီး ယောက်ကျားအချုပ်ခန်းထဲ ဂျိုင်းနှစ်ဖက်ကားပြီး ၀င်သွားတာလေ။
အချုပ်ခန်းစောင့်တဲ့ ရဲတောင် ခင်ဗျားလက်သီးနဲ့ထိုးလို့ နှုပ်ခမ်းပေါက်သွားသေးတယ် မရဘူး ၀င်။´´
``အဲဒိတုန်းကတော့ အချုပ်ထဲ တစ်ယောက်မှ မရှိတာကိုးဗျာ ကျွန်တော် တကယ်ယောက်ကျားမဟုတ်ရပါဘူးဗျာ။ မယုံရင် ဒီမှာကြည့်ပါ။ ´´
`` ဟင် ခင်ဗျားက ဘာပြမှာတုန်းဗျ´´
``ဒီမှာကြည့် ကျနော့မှာ လဇိ မပါဘူးဗျ´´
အော် တော်ပါသေးရဲ့ လည်ပင်းက အစေ့ လည်စေ့ကိုပြောတာကိုး။
စခန်းမှူးဘဲဗျာ။ မသိရှိမလား။ တမင်နောက်နေတာ။ ကိုစိန်ခမျာ ပြာပြာသလဲနဲ့ ရှိတာတွေ အကုန်ထုတ်ပြမယ် လုပ်တော့တာပေါ့။
မှတ်ပုံတင်တို့ ဘာတို့ပေါ့။
သူ့အတွက်က မိန်းမအချုပ်ခန်းထဲမှာ မနှင်းဆီနဲ့အတူ နေရဖို့ကလွဲလို့ ဘာကိုမှ မစဉ်းစားတော့ဘူး။
စခန်းမှူးကလည်း သူတို့ကို သနားတာနဲ့ သိပ်မကျပ်ပါဘူး။ နှစ်ယောက်စလုံး မိန်းမ အချုပ်ခန်းထဲ ထည့်လိုက်တော့တယ်။
ကဲ ခုလောက်ဆို ဒီဇတ်လမ်းထဲက တရားခံ လင်မယားနှစ်ယောက်ဟာ ယောက်ကျားနဲ့ မိန်းမ မဟုတ်ဘဲ ဖီးမေးဟုခေါ်သော မိန်းမများသာ ဖြစ်ကြကြောင်း စာဖတ်သူ သဘောပေါက်လောက်ပါပြီ။
တရားရုံးမှာ တရားစွဲတဲ့အခါ တော့ ဒီမြို့ရဲ့ ရှေ့နေအကျော်အမော် ဦးစံမတူ တရားခံလင်မယား ဘက်က ပါလာတယ်။
ဦးစံမတူ ငှားတာဆိုတော့ ဈေးက မသက်သာလောက်ဘူး။
ဦးစံမတူကလည်း ကျိုးစားပမ်းစား မလိုက်ပါဘူးဗျာ။ သူ့တပည့်တွေနဲ့ လွှတ်ထားတာများပါတယ်။
ကျွန်တော် ဦးစံမတူကို မေးကြည့်တယ်။
`` ခင်ဗျား တခြားအမှုတွေ အဲလို မဟုတ်ပါဘူး။ ခုအမှုကျမှ ပေါ့နေသလိုဘဲ´´
`` ဟုတ်ပါ့ ဆရာရေ။ ကိုစိန်တို့လင်မယား နှစ်ယောက်က ငှားကတည်းက လွတ်မှာလား အရင်မေးတယ်။
နင်တို့ဟာ လက်ပူးလက်ကျပ်မိတာဆိုတော့ နှစ်ယောက်စလုံး လွတ်ဖို့က မဖြစ်နိုင်ဘူး၊ အနည်းဆုံး တစ်ယောက်ယောက်တော့ ကျမှာဘဲလို့ပြောလိုက်တယ်။
အဲလိုတော့မဖြစ်ဖူး ကျမယ့်ကျရင် နှစ်ယောက်စလုံးကျအောင် လုပ်ပေးပါဆရာရယ် လို့ဆိုတာနဲ့´´
`` ဟိုက်´´
ကျနော် တကယ်သနားသွားတယ်။ ဒီလောက် သံယောစဉ်ကြီးနေကြတာ။ ဘာဆိုဘာမှ မမြင်ကြဘူး။ ညည်းတို့တွေ ဟယ် ။
အချစ်ဆိုတာ အမျိုးမျိုးရှိကြတာပေါ့။ အချို့တွေက ခုတ်ဖြတ်ထားတဲ့ သစ်ပင်သစ်လုံးကြီးတွေကို ဖက်ပြီး ငိုယိုကြတယ်။ သစ်တောသစ်ပင် ကိုချစ်သူများပေါ့။
အချို့က ခွေးလေးကြောင်လေးတွေ၊ အချို့က မြွေတွေ၊ အချို့က အင်းဆက်တွေ။ အချို့က ပင်လယ်ပြင်၊ အချို့က အာကာသ။ အချို့ကရှေးဟောင်းပစ္စည်း၊ ချစ်ကြသူတွေ အမျိုးအစား အများကြီးပေါ့။ ပြောလို့တောင်ကုန်မှာ မဟုတ်ဘူး။
လူအချင်းချင်းတောင်မှ အချိုက ကိုယ့်ထက်အသက်ကြီးသူ ကိုချစ်။ အချို့က ကိုယ့်ထက်ငယ်တဲ့သူတွေချစ်။ တစ်ချို့က မဲမဲတုံးတုံးကိုချစ်၊ အချို့က ဖြူဖြူဖွေးဖွေးကိုချစ်။
ခု ကိုစိန် နဲ့ မနှင်းဆီကတော့ မိန်းမချင်းကိုမှ ချစ်တဲ့ လိင်တူချစ်သူတွေ ပေါ့ဗျာ။
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လိမ်ညာချစ်နေကြတာမဟုတ်ဘူး။
ချစ်ဟန်ဆောင် နေကြတာ မဟုတ်ဘူး။
တာဝန် ၀တ္တရား တစ်ရပ်အနေနဲ့ ချစ်နေကြတာလည်း မဟုတ်ဘူး။
ကိုယ့် ဘ၀ ကိုယ်သိရက်သားနဲ့ မခွဲနိုင် မခွာရက်ဘဲ ချစ်နေကြတာ။
သူတို့ နှစ်ယောက်ကို အပြစ်ပြောကြမှာလား။
ကျွန်တော့ အမြင်မှာတော့ ဘယ်အချစ်ကိုမှ အပြစ်ပြောလို့ မရနိုင်ပါဘူးဗျာ။
သူတို့ဖာ သူတို့ချစ်နေကြတာ ကျွန်တော်တို့က ဘာတတ်နိုင်မတုန်း။
တတ်နိုင်တာလေးတွေဘဲ လုပ်ပေးကြရမှာပေါ့။
ဒီလိုနဲ့အမှုစစ်ရောဗျ။
ဦးစံမတူတို့ တော်လိုက်ပုံများ လက်ရေးလက်မှတ်ကို နှစ်ယောက်လုံး တူတယ်လို့ အဖြေထွက်အောင် ဘယ်လိုများ လုပ်လိုက်တယ် မသိဘူး။ ဒါကြောင့် နံမယ်ကြီးပေတာ။
အခုလို နှစ်ယောက်စလုံး ထောင်ကျအောင် ဆောင်ရွက်ပေးရတာလည်း သိပ်တော့ မလွယ်ဘူးထင်တယ်။
ကျွန်တော့ အမြင်တော့ ကိုစိန်က သိပ်စာမရေးတတ်ပါဘူး။
ကဲ ဒါတွေထား။
ကျွန်တော် သူတို့ကို ဘာလုပ်ပေးနိုင်သလဲ။
ဒီနေရာမှာ လောင်းကစား ဥပဒေ အကြောင်းလေးကို နည်းနည်း ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အစောဆုံးအနေနဲ့ ဘိုးတော်ဘုရားလက်ထက် ပြန်တမ်းတွေမှာ လောင်းကစား မလုပ်ဖို့ ကြပ်တည်းစွာတားမြစ်သည် ဆိုတဲ့ အမိန့်တော်တွေ ထုတ်ခဲ့တာ လေ့လာတွေ့ရပါတယ်။
အင်္ဂလိပ်လက်ထက်မှာတော့ ၁၈၉၉ ခုနှစ်မှာ The Burma Gambling Act ကို ပြဌာန်းခဲ့ပါတယ်။
အဲသည်ဥပဒေဟောင်းမှာတုန်းက ပြစ်ဒဏ်တွေက အလွန်ပျော့တဲ့အပြင် အချို့ပြည်နယ်တွေနဲ့ ဒေသတွေကိုတောင် အာဏာသက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဘောလုံးပွဲ ၊ မြင်းပွဲ နဲ့ လက်ဝှေ့ပွဲတွေလည်း လောင်းလို့ရပါတယ်။
အဲသည်ဥပဒေက နှစ်ပေါင်း ၁၀၀ လောက်တည်ခဲ့ပြီး ၁၉၈၆ ခုနှစ် ဆိုရှယ်လစ်ခေတ်မှာ အခုလောင်းကစား ဥပဒေကို ပြဌာန်းခဲ့တာပါ။ သိကြတဲ့အတိုင်း ၁၉၈၈ မှာ တိုင်းပြည်အခြေအနေ လုံးဝ ယိမ်းယိုင်ပြိုလဲခဲ့ပါတယ်။
၁၉၈၆ လောက်မှာကို သွေးပျက်နေပါပြီ။ စီးပွားရေးစီမံကိန်းတွေ မအောင်မြင်ဘဲ ရုတ်တရက်ချက်ခြင်းကြီး တိုင်းပြည်ချွတ်ခြုံကျ သွားတာကို သူ့ကြောင့် ငါ့ကြောင့် လက်ညိုးထိုးနေတဲ့ အချိန် ဖြစ်ပါတယ်။
ချဲထီဆိုတဲ့ လောင်းကစားနည်း တစ်မျိုးကလည်း ဆင်းရဲတာရယ် အလုပ်လက်မဲ့နှုန်းတွေ မြင့်မားတာရယ်ကို အခွင့်ကောင်းယူပြီး ထိုင်းနယ်စပ်ကနေ မြန်မာပြည်ထဲကို ထိုးဖောက်ဝင်ရောက် လာပါတယ်။
အမှန်တော့ အလုပ်မရှိတဲ့လူတွေ ဆင်းရဲတဲ့သူတွေသာ ချဲဆိုတာကို စိတ်ဝင်စားတာပါ။ ဆင်းရဲတွင်းက လွတ်ချင်ကြတာကိုး။ ကျွန်တော်တို့ ခင်ဗျားတို့လို မအားမလပ်အောင် အလုပ်များတဲ့သူတွေက ချဲ ဘာမှန်းတောင်မသိဘူး။
အဲသည်ခေတ် ဥပဒေပြုသူတွေက ချဲထီလောင်းကစားခြင်းကလည်း ဆင်းရဲရတဲ့အကြောင်းရင်းဘဲ ဆိုပြီး ခုပြဌာန်းထားတဲ့အတိုင်း ထိရောက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ပြဌာန်းတာပါ။
ခုနှစ်ပေါင်း ၃၀ လောက် ဒီဥပဒေနဲ့ လောင်းကစားမှုတွေကို နှိပ်ကွပ်လာခဲ့တာ လောင်းကစားတွေ ပပျောက်သွားပြီလား။
ပိုတောင်ဆိုးလာသေးသလား။ ခုခေတ်ဆို ချဲ ထီနောက်ပိုင်း နှစ်လုံးထီ၊ ဘောလုံးပွဲလောင်းတာကို တစ်လုံး၊ နောက်ရွှေဘောလုံး၊ ဂိန်းစင်တာ၊ ဖန်လုံးအ၀ိုင်းကြီးထဲက ဂေါ်လီနှိုက်တဲ့ ဟာ တွေက အဲသည် ဥပဒေ ပြဌာန်းပြီးနောက် အသစ်ပေါ်ပေါက်လာသော လောင်းကစား နည်းများ ဖြစ်ကြပါတယ်။
အောင်ဘာလေထီ ကို ဈေးပိုရောင်းပြီး သိန်းတစ်ထောင်ပေါက်လျှင် နောက်ထပ်သိန်း ဘယ်လောက်။ အရက်တွေသောက် ကံစမ်းမဲတွေပေါက် သင်းချိုင်းကုန်းကိုရောက် ဆိုတာတွေလည်း ဥပဒေ လက်တစ်လုံးခြားဖြစ်တဲ့ လောင်းကစားလုပ်ငန်းတွေပါ။
ကျွန်တော်တို့ မဟာဗုဒ္ဒ၀င်မှာ ဘုရင်ကြွေအံကစားတာ ရှုံးလို့ အမတ်ကြီး မြင်းနောက်က ကြိုးနဲ့အဆွဲခံရတဲ့ ၀ိဓူရ ဇာတ်ရှိပါတယ်။ ဒါဆို သမိုင်းမတင်မီ ကတည်းက လောင်းကစားလုပ်ငန်း ရှိနေတာလို့ ပြောရမှာပေါ့။
အဲတော့ ဒီလောက်ရှေးကျတဲ့ လုပ်ငန်းကို ဘယ်လိုသုတ်သင်ကြမလဲ။ ဒီထက်ပိုပြင်းထန်တဲ့ဥပဒေ ပြဌာန်းရင်ရော။ ပျောက်သွားမှာလား။
လောင်းကစားခြင်းကို အမြစ်ပြတ်ချေမှုန်းဖို့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားစရာတွေ ရှိနေပါတယ်။
လောင်းကစားကို မပစ်ပယ်နိုင်ကြတော့ ဥပဒေကိုကြောက်ပြီး ပုန်းလျိုးကွယ်လျိုး လုပ်ကြခြင်းဖြင့် ပြစ်မှုကျူးလွန်တဲ့အကျင့်ကို လူတွေကို လေ့ကျင့်ပေးသလို ဖြစ်နေတယ်ထင်ပါတယ်။
ကဲ ဒီအကြောင်းဆိုရင် စာတမ်းကြီး တစ်စောင် ဖြစ်သွားနိုင်တာမို့ ဒီလောက်နဲ့ဘဲ ရပ်ကြပါစို့ရဲ့ ။
ဇတ်လမ်းကို ပြန်ကောက်ရရင် ကိုစိန်တို့လင်မယား . . . .
လင်မယားလို့သုံးရတာ လျှာယားပေမယ့် သူတို့က ဒီလိုခေါ်လိုက်ရင်ကို ကျေနပ်နေကြတာဆိုတော့ ဒီအတိုင်းဘဲ ကောင်းပါတယ်။
အဲဒိလင်မယား ဘယ်လွတ်လိမ့်မတုန်းဗျာ။
ကျွန်တော့ အလုပ်က ကိုစိန်တို့ နှစ်ယောက်ကို လောင်းကစားဥပဒေနဲ့ အပြစ်ပေးဖို့ဘဲရှိတာပေါ့။
အနည်းဆုံး တစ်နှစ် အများဆုံး ၃ နှစ်ပြဌာန်းထားတဲ့ ပုဒ်မဆိုတော့ စဉ်းစားရတော့တာပေါ့။
နည်းရင်လည်း သိတော်မူကြတဲ့အတိုင်း။ များရင်လည်း မဖြစ်သင့်ဘူးဗျ။ တစ်နှစ်နဲ့ သုံးနှစ်ကြား ၂ နှစ်စီပေါ့ဗျာ။
စီရင်ချက်ကို ဖတ်နေရတဲ့အချိန် ကျွန်တော်စိတ်မကောင်းဘူး။ ချဲမှုတိုင်း စိတ်မကောင်းပါဘူး။
သူတို့ဟာ အကျင့်စာရိတ္တ ပျက်ပြားကြတဲ့သူတွေ မဟုတ်ဘူး။ သူတစ်ပါးပစ္စည်း စည်းစိမ်ဥစ္စာတွေကို ဆိုးခိုးတိုက်ခိုက် နေသူတွေ ဒုစရိုက်သမားတွေ လည်း မဟုတ်ဘူး။
ဒီလူတွေကို နှစ်နဲ့ချီပြီး ထောင်ထဲ ထည့်ထားလို့ ဘာအကျိုးထူးမှာလည်း။ ထောင်ထဲဆိုတာ ကောင်းတာရှိသလို ဆိုးတာတွေ တတ်လာတာလည်း ရှိတယ်။
တစ်ချို့ဆို မိသားစု ဆင်းရဲရှာလို့ လုပ်မိတာ။ စာပေးစာယူ တက်နေတဲ့ ကျောင်းသူ သနားကမားလေးလည်း ချခဲ့ရတာဘဲ။ အညွန့်ကျိုးရောပေါ့ဗျာ။
စီရင်ချက် ချပြီး
သူတို့နှစ်ယောက်က တော့ နှစ်ယောက်စလုံး ကျတယ်ဆိုတော့ ပျော်နေကြတယ်ဗျာ။ အရူးထက်ဆိုးတဲ့ အရူးတွေ။
တစ်ယောက် ပုခုံးတစ်ယောက်ဖက်ပြီး ထွက်ခွာသွားတော့ ကျောပြင်တွေကိုကြည့်ပြီး ကျန်ခဲ့တာပေါ့။
အေး . . မင်းတို့ကို ကြိုဆိုနေတယ်ဟေ့ ။ တကယ်တော့ ထောင် ဆိုတာ သူတို့က ဘာမှန်းမသိဘူး။ မခွဲချင်တာဘဲ သိကြတာ။
သူတို့နှစ်ယောက်ကို ကြည့်ပြီး ကျွန်တော် မျက်ရည်လည်ခဲ့မိတယ်။
ကျွန်တော် မျက်ရည်လည်တာ သူတို့နှစ်ယောက်အတွက် ၀မ်းသာလို့လား၊ သူတို့ချစ်ခြင်းမေတ္တာအပေါ် နက်နက်နဲနဲ နားလည်ခံစားမိလို့လား၊
သူတို့ရဲ့ အတိတ်ကံကုသိုလ်ကြောင့် ဖြစ်ရတဲ့ ခုအဖြစ်အပျက်တွေကို သနားမိပြီး ၀မ်းနည်းလို့လား၊ သာမန် မိန်းမနှစ်ယောက်ကို နစ်နစ်နာနာ ထောင်ချလိုက်ရလို့လား ကျွန်တော်ကိုယ်တိုင် နားမလည်ပါဘူး။
ယနေ့ထိလည်း နားမလည်ပါဘူး။ ။

No comments:
Post a Comment