Labels

Wednesday, December 18, 2013

ချစ်၍ ပြောတယ်မှတ်ပါ။


ဆရာအောင်သင်း စကားငှားပြောပါမယ်။ ချစ်၍ ပြောတယ်မှတ်ပါ။
Activity Based ဖြစ်နေတာကို ဖြစ်နေမှန်းမသိအောင် ညံ့ချက်ကတော့ ကမ်းကုန်တော့ “ငါတို့ ဒီပါချုပ်ရောက်မှ နားရတယ်မရှိဘူး။ပင်ပန်းလိုက်တာ။
လူလည်းသေချင်စော်နံရော”တဲ့ဗျာ။ လူကြီးမင်းတို့ထက် နဖူးကချွေး ခြေမကျအောင် လုပ်ပေးနေရတဲ့ အောက်က ၀န်ထမ်းတွေကို တချက်လောက်တော့ စောင်းငဲ့ ကြည့်လိုက်စေလိုပါတယ်။ ကြောက်လို့သာ လုပ်နေကြပေမယ့် ဘယ်လောက် ခံပြင်းနေကြမယ်ဆိုတာ ကြည့်တတ်မြင် တတ်ရင် အသေအချာတွေ့ပါလိမ့်မယ်။

လူကြီးမင်းတို့အနေနဲ့ အတော်ကိုအလုပ်လုပ်နေတယ်ပေါ့။ အဖွဲ့အစည်းအတွက် တအားကိုကြိုးစားလုပ်နေကြတယ်ပေါ့။ သနားစရာကောင်းလိုက်ပါဘိ။

တကယ်တော့ ကိုယ်တိုင်ကစီမံခန့်ခွဲမှုကိုရေလည်ပတ်စေ့အောင် မသိ၊ ခေါင်းဆောင်မှုလည်းမပေးတတ်၊ ဒီနေရာဒီရာထူးကိုအခြေခံမကောင်းခဲ့ပဲရောက်လာခဲ့ကြတော့ စီမံခန့်ခွဲသူ၊ ခေါင်းဆောင်သူမဟုတ်တော့ဘဲအလုပ်သမားခေါင်း ဖြစ်မှန်းမသိ ဖြစ်နေကြတာလေ။

Result Based Management ကိုနားလည်ခဲ့ကြမယ်ဆိုရင် Internal Customer တွေဖြစ်တဲ့ ၀န်ထမ်းတွေကို ဘယ်လိုခေါင်းဆောင် မှုတွေပေးပြီး ရလဒ်ကောင်းတွေ ရဖို့ ဘယ်လိုတွေ ဆောင်ရွက်မယ်ဆိုတာ ဖြစ်ရမယ်။ ခုတော့ အထက်ဖားအောက်ဖိအလှုပ်သမားလုပ်နေတာကိုအလုပ်သမားလို့ ထင်မြင်နေတာကိုကလွဲနေပါတယ်။
…………………………………………………………………..

အဲဒီကိစ္စတွေကနေပညာဌာနတွေနဲ့ ပတ်သက်ပြီးဒီကနေ့ ကျုပ် အတွေးတစ်ခု ၀င်လာတယ်။

စီမံခန့်ခွဲမှု ဘာသာရပ်အတွက် သင်တန်းမှာစာတမ်းပြုစုခိုင်းတဲ့အခါ “နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှု ဘယ်လောက်အရေးပါ ပုံ”၊ ခေါင်းဆောင်မှု ဘာသာရပ်အတွက် “နိုင်ငံတိုးတက် ဖွံ့ဖြိုးရေး အတွက်ခေါင်းဆောင်မှုဘယ်လောက်အရေးပါပုံ” ဆိုပြီးရေးခိုင်းရင် မကောင်းလား။

နိုင်ငံဝန်ထမ်းတွေဟာ ကျောင်းသားဘ၀ ကျော်လွန်လာသူတွေပါ။ စာမေးပွဲအစားသင်တန်းမှန်မှုအတွက် စာပေ ၁၀ မှတ်၊ တစ်ရက်ပျက်ရင် ၁ မှတ်လျော့။ ပါဝင်ဆွေးနွေးမှုအတွက် ၁၀ မှတ် သို့မဟုတ် အမှတ် ၂၀ ပေးပြီးမဆွေးနွေးရင် ဘယ်လောက်လျှော့မယ်။

စာတမ်းရေးသားမှုအတွက် ၂၀ မှတ်။ စည်းကမ်း(စာသင်ဆောင်၊ တပ်ခွဲ၊ သွားလာမှု…စသည်) စာပေအမှတ် ၁၀ မှတ် သို့မဟုတ် ၂၀ မှတ်။ ဒါဆိုတပ်ခွဲအုပ်ချုပ်ရေး၊ သင်ကြားရေး၊ လက်တွေ့ ပါဝင်လုပ်ဆောင်မှု၊ သူတို့ကိုယ်၊ စိတ်၊ နှလုံးထိန်းသိမ်းမှုတွေ ကောင်းလာမယ်။

တစ်ချိန်မှာရာထူးကြီးတွေ ရောက်သွားတဲ့အခါ အဲဒီသင်တန်းသူ၊ သင်တန်းသားတွေကိုနိုင်ငံတော်အဆင့်က တိုက်ရိုက် ရာထူးတွေပေးရင် ၀န်ထမ်းတက္ကသိုလ်တွေမှာ သင်တန်းတက်ခဲ့စဉ်ကမှတ်တမ်း၊ ရလဒ်ကို ကြည့်မှာရယ်၊ တက္ကသိုလ်ရဲ့ “စိတ်ဓါတ်၊ စည်းကမ်း၊ စွမ်းရည်” လေ့ကျင့်ရေး ရည်မှန်းချက် Achievement ဖြစ်မှာရယ် အတွက် ဘာပြောစရာလိုဦးမှာလဲ။ ကြက်တူရွေးစာအံနည်းနဲ့ ဆုရတာထက် အများကြီးသာပါလိမ့်မယ်။ ဘက်ပေါင်းစုံက ရှုမြင် အမှတ်ပေးရာ လည်းရောက်ပါလိမ့်မယ်။

အဲဒီလိုသင်ကြားလေ့ကျင့်မှု စနစ်သစ်ကို အကောင်အထည်ဖေါ် သလိုပညာဌာနတစ်ခုချင်းစီရဲ့ လက်ရှိသင်ကြားနေတဲ့ ဘာသာရပ်များနဲ့ သင်ကြားနေတဲ့စာတွေကိုလည်း ပြန်လည် သုံးသပ်သင့်တယ်လို့ ယူဆမိပါတယ်။ ခေတ်စနစ်နဲ့ ကိုက်ညီမှုရှိမရှိ၊ သင်တန်းအမျိုးအစားနှင့် လိုက်ဖက်မှု ရှိမရှိ၊ သင်ကြားမှု နည်းစနစ်နှင့် အံဝင်ဂွင်ကျ ဖြစ်မဖြစ်တွေကိုလည်းမေ့ထားလို့မရနိုင်ပါဘူး။
ကျနော်တွေ့သလောက် မြင်သလောက်လေးပြောကြည့်မယ်နော်။ သေချာသုတေသနမပြုရသေးတဲ့အတွက် ပြည်စုံမှု ရှိမယ်လို့တော့မထင်မိပါဘူး။ ဌာနအစွဲကြီးသူတွေကတော့ လက်ခံနိုင်ဘို့ အတော်ခက်ပါလိမ့်မယ်။ Bird Eye View နဲ့ ကြည့်မိရင်တော့ ကျနော် ဘာ့ကြောင့် ဒီလိုမြင်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

ဥပဒေဌာနကကော “၀န်ထမ်းများအတွက် အသုံးချဥပဒေများ” ကိုသင်ကြားနေပါပြီလား။ ဘယ်ဥပဒေတွေကို ၀န်ထမ်းများအတွက် Focus လုပ် သင်ပေးနေပါသလဲ။ ခု ကြားသိနေရတာက ၀န်ထမ်းဥပဒေကို ဥပဒေဌာနက သင်မယ်တဲ့။ ကောင်းပါတယ်။ ၀န်ထမ်းဥပဒေ ဆိုတာလေး ကိုပဲ မြင်နေတယ် ထင်ပါရဲ့။ နည်းဥပဒေ အပိုင်းကိုရော သတိပြုမိပါသလား။ ၀န်ထမ်းဥပဒေကို လွှတ်တော်က အတည်မပြု ခင်ကတည်းက စီမံက သင်နေတဲ့ဘာသာပါ။ ၀န်ထမ်းတွေအတွက် အသေးစိတ် အမှုတွဲတွေ နဲ့ လေ့ကျင့်သင်ကြားပေးရမယ့် ဘာသာပါ။ ခုမှ ဖုတ်ပူ မီးတိုက် လေ့လာပြီး သင်မယ့်အစား စီမံကပဲ ဆက်ပို့ချတာ ကောင်းမယ် ထင်ပါရဲ့။

လူမှုရေးဌာနကကောတစ်ခါလာလည်းသားသမီးနဲ့မိဘပို့ချမှုတွေကနေခွဲထွက်ပြီး“ရုံးတွင်းဆက်ဆံရေး၊ ရုံးတွင်းအချစ်ပြဿနာ၊ ဌာနအချင်းချင်း ဆက်ဆံရေး” ဆိုတာတွေကိုပို့ချပေးနိုင်ပါပြီလား။ PR ဆိုတဲ့ Public Relation ကိုရောဘယ်ပုံနဲ့ သင်ကြားနေသလဲ။

PRကိုအရင်လူတွေ ရေးထားတာလောက်နဲ့ ပြီးပြည့်စုံနေပါသလား။ “ပြည်သူ့ ဆက်ဆံရေး” ဆိုတဲ့ လက်ရှိသင်နေသောဘာသာရပ်သည် တကယ့် PRကိုလွှမ်းခြုံမိပါသလား။

စီးပွားရေးပညာဌာနကကော Planning ပဲလား။ နိုင်ငံတော် စီးပွားရေးနဲ့ ပတ်သက်ပြီးနိုင်ငံတော် မူဝါဒက ဘယ်ကို ဦးတည် ဇောင်းပေးနေလဲ။ ပညာရှင် တစ်ယောက်ရဲ့ အမြင်အရ ဘယ်လိုမြင်လဲ။ လက်ရှိ မူဝါဒအရ SMEကိုဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားနေပါပြီလား။

နိုင်ငံရေးသိပ္ပံ ဌာနကတော့ အရင်လိုပဲသမိုင်းတွေ ရာဇ၀င်တွေ သင်နေပါသလား။ နိုင်ငံရေးသိပ္ပံဆိုတာဘာလဲ။ သမိုင်းတွေ၊ ရာဇ၀င်တွေက နိုင်ငံရေးသိပ္ပံပါလို့ အရင်လိုဖင်ပိတ် ငြင်းမနေပဲရိုးရိုးစင်းစင်းလေးတွေးကြည့် ရအောင်။ သမိုင်းတွေ၊ ရာဇ၀င်တွေကို ပညာရေးဝန်ကြီး ဌာန တက္ကသိုလ်တွေက သမိုင်းဌာန သင်နေပါတယ်။ သင်လိုက်ပါပြီ။

နိုင်ငံ့ဝန်ထမ်းတွေ တက္ကသိုလ်မှာသင်ခဲ့ရပါပြီ။ ၀န်ထမ်းတက္ကသိုလ်က နိုင်ငံတွေရဲ့ အရေးအရာတွေ၊ မူဝါဒတွေ၊ ဖြစ်စဉ်တွေကိုသိပ္ပံနည်းကျကျ ချဉ်းကပ်လေ့လာသင်ကြားရမှာပါ။

ကျနော် တက္ကသိုလ်တွင်းက အရာထမ်း ညီအစ်ကိုမောင်နှမတွေကို အင်္ဂလိပ်စာသင်တန်းပေးခဲ့ရစဉ်ကသင်တန်းခန်းမှာ out of box thinking အကြောင်းဆွေးနွေးရင်းစကားစပ်မိရာမှာနိုင်ငံရေးသိပ္ပံပညာဌာနကတပည့်တစ်ယောက်က Political Thought နဲ့ ပတ်သက်ပြီးအရစ္စတိုတယ်၊ ပလေတို့ကိုပဲကိုးကားတယ်လို့ပြောခဲ့တယ်။ ဒါဆိုဟန်တင်တန် သိသလား။ ဖူကူယားမားတို့ တွိုင်ဘီတို့ကိုရောသိသလားလို့မေးလိုက်တော့၊ အဲဒါ ဘယ်သူတွေလဲတဲ့။အဟောင်းထဲကမထွက်နိုင်သေးတာပါပဲ။

အမှန်တော့ Third Wave ကို ဆရာကျော်ဝင်း မိတ်ဆက်ပေးလို့ ရင်းနှီးခဲ့တာပါ။ သဘောကျမိပြီးမူရင်းစာအုပ် ရှာဖတ်မိတာပါ။ ဆရာက ဘာသာပြန်တော်ပါပေတယ်။ မူရင်းစာရေးဆရာရဲ့ အာဘော်ကိုအပြည့် အ၀ ဖေါ်ပြပေးနိုင်ပါတယ်။ ဘာသာပြန်ဆိုရင် ဆရာမြသန်းတင့်ပဲစွဲခဲ့တာပါ။ ထက်အောင်ဆိုတဲ့ ကလောင်နဲ့ ရေးတာကိုတောင် အလွတ်မပေးခဲ့ပါဘူး။

နိုင်ငံရေးသိပ္ပံသင်ကြားနေသူတွေအနေနဲ့ ဖူကူယားမား၊ဟန်တင်တန်၊ တွိုင်ဘီတို့လောက်တော့ ရင်းနှီးနေသင့်ပါတယ်။ ကျနော် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု နယ်ပယ်ကလူတောင် လေ့လာတယ်ဆိုရင် နိုင်ငံရေးသိပ္ပံနယ်ပယ်ကလူကပိုတောင် လေ့လာသင့်ပါတယ်။

သုတေသနဌာနက ကျနော် ရောက်စအထိ မရှိခဲ့ပါဘူး။ ဦးဝင်းမောင်ကို ကျနော် တင်ပြရာကနေ တာဝန်ပေးလို့ Founder အနေနဲ့ ပညာရေးသုတေသနက ဆရာကြီး ဆရာမကြီးများနဲ့ ပူးပေါင်း အကောင်အထည်ဖေါ်ပေးခဲ့တာပါ။ လူသားအရင်းအမြစ် ဌာနဆိုတာလည်း ကျနော့်လက်အောက်မှာ စာရေး ၈ ယောက်နဲ့ စတင်ဖွဲ့စည်းပြီး လုပ်ငန်းတွေ အကောင်အထည်ဖေါ်ပေးခဲ့ပြီး ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်နဲ့အညီ Project ရေးတင်ပေးခဲ့ရာကနေ ပေါ် ပေါက်လာခဲ့တာပါ။

သုတေသနဌာနက သုတေသန စာတမ်းတွေ ဖတ်နေတယ်ဆိုလို့ ချီးကျူးမိခဲ့ပါတယ်။ ဒါပေမယ့် နှိုင်းယှဉ်ပြတာလောက် ဂရပ်တွေ ရေးဆွဲပြတာလောက်က သုတေသန မဟုတ်သေးပါဘူး။ ဒါဟာ သတင်းအချက်အလက် အဆင့်ပဲ ရှိပါသေးတယ်။ အများကြီး လိုပါသေးတယ်။ အိမ်ဖြည့် သဘောမျိုးမဟုတ်ပဲ တကယ်သုတေသန လုပ်ကြမယ်ဆိုရင် အများကြီးလုပ်ကြရပါဦးမယ်။ ဒီဌာနက ၀န်ထမ်းတွေဟာ ပညာဌာနက ၀န်ထမ်းတွေထက်ကို ပိုသိနေရပါမယ်။ ပညာရှင် ပိုဖြစ်နေရပါမယ်။ ဆရာကြီး ဦးညွန့်သန်းကတော့ သဘောပေါက်မယ် ထင်ပါတယ်။ လူမှန် နေရာမှန် ဟုတ်မဟုတ်လည်း ပြန်သုံးသပ်ရမယ် ထင်ပါတယ်။

စီမံခန့်ခွဲမှု ပညာဌာနကတော့ ဆရာမကြီးဒေါက်တာနနမ့်ခင်သင်းစု ဌာနမှူးဆိုတော့ အားတက်စရာပါပဲ။ ဒါပေမယ့် လက်ရှိကထိကတွေထဲမှာ စီင်္မံခန့်ခွဲမှုနယ်ပယ်ကိုလေ့လာခဲ့ဘူးတာသူငယ်ချင်းမှုံကြီးပဲရှိနေတယ်။ သူလည်း ထဲထဲဝင်ဝင်တော့ မဟုတ်ပေမယ့် ကျန်တဲ့သူတွေနဲ့ စာရင်တော်သေးတာပေါ့။တစ်ယောက်ကတော့ ဒုချုပ်(လကရ)ရဲ့ သမီးတော်၊ ကျန်တစ်ယောက်ကတော့….. ဆိုမှတော့…။

ခုဆင်းသွာတဲ့ အလယ်အလတ်မှာခေါင်းဆောင်မှုဘာသာရပ် သင်ခဲ့ပြီး ပြဿနာဖြစ်တော့ တခြားသူတွေကို ငါးစိမ်းသည် လေသံနဲ့ ပြောဆိုဆူပူလေ့ရှိသူဒုချုပ်(လကရ) ရေငုံနှုတ်ပိတ်နေခဲ့တာအံသြစရာတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဦးညီညီစံ ဖြစ်ကြောင်း ကုန်စဉ် မသိရှာတော့ မဆိုင်တဲ့ ဆရာတစ်ယောက်ကိုသွားပြောမိသွားတယ်။ အဲဒီနေရာမှာသမီးတော်မဟုတ်ခဲ့ရင် ၀ါးကူလို့ ထိုးနှစ်မယ့် ဒုချုပ် ကရေငုံနှုတ်ပိတ်နေသွားတာဟာသတိပြုရမယ့်အချက်ပါ။

အမြီးအမောက် မတည့်လိုက်ပုံကလက်ထောက်ကထိကကျနော်ရေး ခဲတဲ့ ခေါင်းဆောင်မှု ဘာသာရပ်ကို ကထိကရာထူးယူထားတဲ့ သူက သင်နေရတာပါပဲ။

စီမံခန့်ခွဲမှု ပညာဌာနက ရုံးလုပ်ငန်းကို နိုင်ငံတကာ ရုံးလုပ်ငန်းတွေနဲ့ ယှဉ်တွဲမသင်နိုင်သေးပါဘူး။ ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းမှာလည်းပါတဲ့ အတိုင်းပဲပြောနိုင်ပါသေးတယ်။ ဥပမာခွင့်မှာဂျပန်၊ ဂျာမဏီက ဘယ်လိုပေးသလဲ။ ပြင်သစ်ကကော။ ဒါဟာခွင့်နဲ့ ပတ်သက်လို့ ကွဲပြားတဲ့ နိုင်ငံတွေပါ။ ပြစ်မှု ပြစ်ဒဏ်မှာကောဘယ်နိုင်ငံတွေကဘယ်လိုဆောင်ရွက်နေလဲ။

စာရေးဝန်ထမ်း သင်တန်းမှာ ၀န်ထမ်းဥပဒေအတိုင်း ပြောသွားနိုင်ပေ မယ့် မြင့်လာတဲ့ သင်တန်းတွေမှာတော့ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့် တွေးတတ်၊ မြင်တတ်အောင် လေ့ကျင့် သင်ကြားပေးဖို့လိုပါတယ်။ ဘဏ္ဍာရေးစည်းမျဉ်းကိုကနေ့ထိ Case Study နဲ့ မသင်နိုင်သေးပါဘူး။

စာရေးကနေအရာထမ်းအထိဒီစာတွေပဲ ပြန်တွေ့နေရပါတယ်။ လာတက်တဲ့ ၀န်ထမ်းတွေရဲ့ Voice ကိုလည်းနားထောင်ကြည့်သင့်ပါတယ်။

အထွေထွေစီမံခန့်ခွဲမှုလည်းကနေ့အထိ 6M ကနေမတက်နိုင်သေးတာ ကိုတွေ့ရပါတယ်။ Motion Management၊ (Minute) Time Management ဆိုတာတွေဟာမနေ့တနေ့ကမှ ပေါ်လာတာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ရဲရဲဝံ့ဝံ့ တောင်းဆိုရဲရသလို ကိုယ်ဘက်ကလည်းပေး ထားတာထက်တန်အောင် စွမ်းဆောင်ပေးနိုင်တာဟာနိုင်ငံအတွက် အားထားရတဲ့ ၀န်ထမ်းကောင်းပါ။ အချိုအချောင် အမြဲတမ်းရနေမှာပဲဆိုတဲ့ အမြင်တွေ လျော့နည်းပပျောက်သွားဘို့ လိုနေပါပြီ။ အမှီနဲ့ တက်နေကြတာကိုကြည့်ပြီးစိတ်ဓါတ်မကျပဲ ကြံ့ကြံ့ခံရပ်တည်ပြီး နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးဂုဏ်ယူနိုင်ကြပါစေ။

                                                                                   မောင်စိမ်းသူ(ချယ်ရီမြေ)

No comments:

Post a Comment