Labels

Wednesday, December 18, 2013

“မှားရင် တကယ်ခံမှာလား”


“ဦးကျော်သူကမှားရင်ခံမယ်ဆိုတဲ့ သတင်းတွေ ကျောင်းထဲမှာပျံ့နေတယ်” လို့ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) မှ ၀န်ထမ်းအချို့ကပြောကြပါတယ်။ ဒါဟာဦးကျော်သူရဲ့ စစ်သားပီသတဲ့ စိတ်ဓါတ်လို့ ပြောရမယ် ထင်ပါတယ်။ အမှားကို ၀န်ခံရဲတဲ့ သတ္တိ၊ အဲဒီအမှားအတွက် တာဝန်ယူရဲတဲ့ သတ္တိဟာတကယ်တော့ အတော်ကိုမလွယ်တဲ့ကိစ္စပါ။

တက္ကသိုလ်အတွင်းမှာပျံ့နှံ့နေတဲ့ဒီသတင်းတွေကို ပြီးခဲ့တဲ့အပတ်ကတည်းကကြားသိခဲ့ပေမယ့်ထပ်မံအတည်ပြုနေရတဲ့အတွက်ဒီနေ့မှပဲတင်ဖြစ်ပါတော့တယ်။

ဦးကျော်သူမှားတာကတော့ အသေအချာပါပဲဗျာ။ ၀န်ထမ်းဥပဒေ မထွက်သေးခင်ကကိစ္စဖြစ်တာရယ်၊ နည်းဥပဒေမထွက်သေးတာရယ်ကြောင့် ၁၉၈၅ “၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ” နဲ့ပဲပြောမယ်နော်။ အခန်း(၃)၊ ၀န်ထမ်း ကျင့်ဝတ်နှင့် စည်းကမ်းများခေါင်းစဉ်ကြီးအောက်က “စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် လိုက်နာရမည့် စည်းကမ်းများ” ခေါင်းစဉ်ခွဲပါ၊ အပိုဒ်(၄)၊ “(ခ) အခြေခံဥပဒေနှင့် တရားဥပဒေများကိုလေးစားလိုက်နာရမည်။ (င) တာဝန်နှင့် ၀တ္တရားများကို ရိုးသားဖြောင့်မတ်စွာထမ်းဆောင်ရမည်။ (ဆ) အလုပ်ခွင် စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များကိုလိုက်နာရမည်။” ဆိုတဲ့ အချက်တွေနဲ့ ၀န်ထမ်းးအဖွဲ့အစည်း၊ ၀န်ထမ်း အမျိုးအစားအလိုက် စောင့်ထိန်းလိုက်နာရန် သတ်မှတ်ထားသည့် အခြားကျင့်ဝတ်နှင့် စည်းကမ်းများကိုဖောက်ဖျက်ခြင်း စတာတွေကိုဦးကျော်သူဖောက်ဖျက်ခဲ့မိတာသိမယ်လို့ ယူဆပါတယ်။

ပြီးတော့ PE စစ်ဆေးတွေ့ရှိချက်အရ“တာဝန်ထမ်းဆောင်မှုနှင့် လုပ်ရည်ကိုင်ရည်ဆိုင်ရာပြစ်မှုများ” အပြင် “၀န်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ ပြစ်မှုများ”ပါ ဖောက်ဖျက် ကျူးလွန်ထားတဲ့ ရာထူးတိုးမြှင့်ရေးအဖွဲ့ကိုနောင်နှစ်တိုးများမရွေ့စေပဲ နှစ်တိုးတစ်ကြိမ်သာရပ်ဆိုင်းတဲ့ အပြစ်ဒဏ်ကိုသက်သက်ညှာညှာပေးခဲ့ပေမယ့်ဦးညွန့်လှိုင်ကိုတော့ ၀န်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာပြစ်မှုများအချက် တစ်ချက်နဲ့မတရားစွပ်စွဲခဲ့ပြီးဝန်ထမ်းဘ၀မှာ အကြီးလေးဆုံးသော ပြစ်ဒဏ်ဖြစ်တဲ့ ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်တဲ့ ပြစ်ဒဏ်ကိုပေးခဲ့ပါတယ်။

အခန်း(၄)၊ ၀န်ထမ်းဆိုင်ရာ ပြစ်မှုများမှာ (၁) အလုပ်ချိန်ဆိုင်ရာ ပြစ်မှုများ၊ (၂)တာဝန်ထမ်းဆောင်မှုနှင့်လုပ်ရည်ကိုင်ရည်ဆိုင်ရာ ပြစ်မှုများ(၃)၀န်ထမ်းကျင့်ဝတ်နှင့်စည်းကမ်းဆိုင်ရာ ပြစ်မှုများ(၄) တရားဥပဒေကိုဖောက်ဖျက်ခြင်းနှင့် ပတ်သက်သော ပြစ်မှုများဆိုပြီး ပြစ်မှု (၄) မျိုး ပြဌာန်းထားတာမှာ ပြစ်မှု (၂) မျိုးနဲ့ ငြိစွန်းနေတဲ့၊ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့ တာဝန်ရှိသူတွေကို အသက်ညှာဆုံးအရေးယူခဲ့ပြီး၊ ပြဌာန်းချက် ဘယ်တစ်ခုနဲ့မှ မငြိစွန်းတဲ့ ၀န်ထမ်းကိုတော့ တစ်ခုနဲ့ မရမက ငြိစွန်းအောင် လိမ်လည် လှည့်ဖြားပြီး ၀န်ထမ်းအဖြစ်ကနေ ထုတ်ပယ်တဲ့အထိအရေးယူခဲ့တယ်။

ထပ်မံပြီးတော့လည်းတက္ကသိုလ် အတွင်းမှာအရာထမ်းတစ်ယောက်အဖြစ် အမှုထမ်းနေတဲ့ ဇနီးသည်နဲ့ အတူနေထိုင်နေတာကိုလည်း တက္ကသိုလ်အတွင်း မနေရဆိုပြီးအမိန့်စာထုတ်ပြန်ပြီး နှင်ခဲ့ယုံသာမက လက်ရှိဝန်ထမ်းဖြစ်တဲ့ ဇနီးသည်ကိုလည်းအတင်းအကြပ်ခေါ်ပြီး ဦးညွန်လှိုင်ကို လုံးဝလာရောက်ခွင့် ပြုမည် မဟုတ်ကြောင်း ၀န်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းခဲ့တယ်။ မနေရတဲ့အပြင် ဦးညွန့်လှိုင် သူ့မိသားစုဆီခေတ္တခဏတောင် လာခွင့်မရှိစေရတဲ့ သဘောပါ။

အပြစ်မရှိတဲ့ ဦးညွန်လှိုင်နဲ့ သူ့မိသားစုမှာဘယ်လောက်တောင် သောက ပရိဒေ၀မီးတွေ တောက်လောင်နေကြမလဲ၊ သူတို့ ကလေးတွေရဲ့ ပညာရေး၊ အခြား လူမှုရေးကိစ္စတွေစဉ်းစားကြည့်မိပါသလားဦးကျော်သူ။ ဒါတွေကို ဦးကျော်သူ မသိပါ ဘူး လို့လည်း ငြင်းလို့ မရပါဘူး။ အဲဒီစာကိုဌာနကြီးမှူး ဒေါ်မူမူမြင့်က ဦးကျော်သူရဲ့ ရုံးအဖွဲ့မှူး ဦးကျော်စိုးဆီကိုမိတ္တူ ပေးပို့ထားပါတယ်။ဖြစ်စဉ်တစ်ခုလုံးကိုအစအဆုံး ကြိုးကိုင်ချယ်လှယ်သွားတဲ့ အဖွဲ့ဝင် ဦးခင်မောင်အေးဆီကိုလည်း အလားတူပေးပို့ ထားပါတယ်။

ဒါဟာလူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်မှုပါပဲ။ ဒီတော့ ဦးကျော်သူ မှားခဲ့သလား၊ မမှားခဲ့ဘူးလားဦးကျော်သူကိုယ်တိုင်ရော ဆက်စပ်ဝန်ထမ်းတွေ အားလုံးရော သိခဲ့ကြပြီးသားပါ။ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလို့ လုံရိုးမရှိပါဘူးနော်။

ပညာရှင် ၀န်ထမ်းမဟုတ်သူ၊ တက္ကသိုလ်မှ ၀န်ထမ်းမဟုတ်သူ၊ ပညာရပ်နဲ့ လုံးဝ မပတ်သက်တဲ့သူ အဖွဲ့ဝင် ဦးခင်မောင်အေးလူကိုလည်း တက္ကသိုလ်က ပညာရှင် ရာထူးနေရာမှာ တိုးပေးခဲ့တာလည်းအဂတိလိုက်စားမှုပါပဲ။

ဟုတ်ပြီနော်…။ ဒီတော့ စာမျက်နှာ (၉) က “ပြစ်မှုအလိုက် ထိုက်သင့်သည့် ပြစ်ဒဏ် ချမှတ်ခြင်း”၊ အပိုဒ် (၁၀) မှာ ပြဌာန်းထားတာလေးနဲ့ နိဂုံးချုပ် တင်ပြပါမယ်…

“၀န်ထမ်းကို အပြစ်ပေးရာ၌တရားမျှတစေရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်စေရေးအတွက် ချမှတ်သည့် ပြစ်ဒဏ်သည် ထိုက်သင့်သည်ထက် ပိုမို ကြီးလေးခြင်းသို့မဟုတ် လျော့ပေါ့ခြင်းမရှိစေပဲ ပြစ်မှုနှင့် ပြစ်ဒဏ် လိုက်လျောညီထွေ ရှိစေရန် ဂရုပြု၍ဆောင်ရွက်ရမည်။ အပြစ်ရှိသော ၀န်ထမ်းကို အပြစ်နှင့် လျော်ညီစွာ ထိုက်သင့်သည့် ပြစ်ဒဏ် ပေးရန်ဖြစ်သော်လည်း ၀န်ထမ်းဘ၀တွင် နာလန်မထူ အညွန့်တုံးစေမည့် အပြစ်ပေးခြင်းမျိုးမဖြစ်စေပဲ ၀န်ထမ်းကောင်း တစ်ဦး ပြန်လည်ဖြစ် လာစေရန် ပြုပြင်ပေးရေးကိုရှေးရှုရမည်။”


                                                                                 မောင်စိမ်းသူ(ချယ်ရီမြေ) 
Add caption

Add caption

Add caption

No comments:

Post a Comment