Labels

Wednesday, December 18, 2013

“ကျောင်းကို ဖျက်မယ့်ကောင်တွေ” တဲ့လား”



၎.၁၂.၂၀၁၃ နေ့ထုတ် 7 Day News ဂျာနယ်မှာ ကိုသီဟရဲ့ “ ပြည်သူ့ဝန်ထမ်း စိတ် ပြုစု ပျိုးထောင်ရေးနှင့် ဖောင်ကြီးပြုပြင်ပြောင်းလဲရေး” မျက်နှာဖုံး ဆောင်းပါးနဲ့၊ ၅.၁၂.၂၀၁၅နေ့က ကျနော့်ရဲ့ ဖေ့စ်ဘွတ်ဝေါမှာ တင်ခဲ့တဲ့ “၀န်ထမ်းခရိုနီများ သို့မဟုတ် အခွင့်ထူးခံ ၀န်ထမ်းများနှင့်ပြုပြင်ပြောင်းလဲရေး” နဲ့ “၀န်ထမ်းများ ကပြောတဲ့ ဦးညီညီစံ” တို့ကို အနီးကြည့်ဖြင့် ၀န်ထမ်းတက္ကသိုလ်များ ပြုပြင်ပြောင်းလဲ ဘို့ လိုအပ်တာလေးတွေ ရေးသားထားတဲ့ ဆောင်းပါတို့ကြောင့် ဖောင်ကြီး တက္ကသိုလ် အတွင်းမှာ ဆက်လက် ဂယက်ထနေကြောင်း ၈.၁၂.၂၀၁၃ ညနေပိုင်းက ထပ်မံကြားသိရပါတယ်။

ပြောပြသော ၀န်ထမ်းက “ဆရာရေ… ခုတစ်လော မျက်လုံးဒေါက်ထောက် ကြည့်နေကြတယ်။ ဟိုတစ်နေ့က ခေါ်မေးတဲ့ တစ်ယောက်ကို သောကြာနေ့ကလည်း ထပ်ခေါ်တယ်။ ပြီးတော့ ကြားရတာ ပါချုပ်ကြီးက ကျောင်းကို ဖျက်မယ့်ကောင်တွေ လား မသိဘူး ဆိုပြီး အစည်းအဝေးခန်းထဲမှာပြောတယ်တဲ့။ ဆရာနဲ့ တွေ့ရင် စကားပြောရင်ပဲ နိုင်ငံတော် ပုန်ကန်မှုကြီး လုပ်မယ့်အတိုင်းပဲ ဖြစ်နေကြတာ။ ကျနော်တို့မှာလည်း သူတို့ လက်အောက်က မလွတ်နိုင်သေးတာရယ် ဆရာတို့လို နောက်ခံအင်အား မရှိတာရယ်ဆိုတော့ ကြည့်ရှောင် နေရတယ်။ ခုလည်း ဆရာနဲ့ ဘယ်သူတွေတွေ့တယ်၊ ဘယ်တွေသွားတယ်၊ ဘာတွေ လုပ်တယ် ဆိုတာ စောင့်ကြည့်နေကြတာ။ ဆရာနဲ့တွေ့ချင်တာတောင် ၀န်ထမ်းတွေက မတွေ့ရဲဘူးဖြစ်နေတာ ဆရာလည်း ရိပ်မိမှာပါ။” လို့ ဆိုပါတယ်။

“ကျောင်းဖျက်မယ့်ကောင်တွေ” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး အခြား ၀န်ထမ်းတွေကို မေးမြန်းကြည့်လိုက်တော့ အသားလွတ် အတွေးပိုနေမှုများ၊ အပြောင်း အလဲကို မလိုလားမှုများကဲနေကြောင်း သိလိုက်ရသည်။ “အကောင်တွေ”ဆိုတဲ့ အသုံး အနှုန်းသည်ရင့်သီးလွန်းပါသည်။ လူယဉ်ကျေးများ သုံးသော အသုံးအနှုန်း မဟုတ်ပေ။ ကျည်လွတ်မြေမှ ကျည်လမ်းကြောင်းထဲသို့ တိုးမ၀င်သင့်ပေ။

ပြည်သူ့ဘဏ္ဍာကို ပျော်ပျော်ကြီး ခိုးစားနေသူများ၊ အုပ်စုဖွဲ့ပြီး အုပ်စုဝင် များကို နေရာပေး၊ အုပ်စုဝင်များကို ကာကွယ်၊ အုပ်စုဝင် မဟုတ်သူများကို နှိပ်ကွပ်ကာ အုပ်စုအကျိုးကိုသာ ရှေ့တန်းတင်ပြီး တက္ကသိုလ်၏ရည်ရွယ်ချက်မှ သွေဖယ် လုပ်ဆောင်နေကြသူများ၊ ပြည်သူ့လစာကို စားပြီး နိုင်ငံတာဝန် မထမ်းဆောင်သော ၀န်ထမ်း ခရိုနီများ၊ တက္ကသိုလ်၏ အရည်အသွေး၊ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည် မြင့်မားရေးထက် ကား၊ တိုက်တာ၊ ခြံမြေ၀ယ်နိုင်ရေး ပိုင်ဆိုင်ရေး ရှေ့တန်းတင်နေသူများ၊ ပြည်သူ့ဝန်ထမ်းများကို ၎င်းတို့၏ တိုက်တာ၊ ခြံမြေများတွင် ခိုင်းစေနေသူများ၊ ၀န်ထမ်းများကို ကျေးကျွန်ကဲ့သို့ ဆက်ဆံ ဆဲဆို ခိုင်းစေနေသူများ၊ ၀န်ထမ်းသက်သာ ရန်ပုံငွေများကို စာရင်းဖျောက်သူ၊ ကိုယ့်အိတ်ထဲသာ ထည့်နေသူများ၊ ၀န်ထမ်းများကို နေ့စဉ် လုပ်အားပေးခေါ်၊ မလုပ်နိုင်သူများက ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ပေးရပြီး ထိုငွေများကို အစုထည့်၊ ထိုစုငွေ ထုတ်သည့်အခါ လူကြီးတစ်ဦးကို ဆက်သ၊ ရသမျှအိတ်ထဲ ထည့်၍အားမရ၊ ၀န်ထမ်းများ၏ ချွေးနဲစာကိုပင် လည်မျိုနင်း ယူနေကြသူများ ထိုသူများကသာလျှင် ကျောင်းကို ဖျက်ဆီးနေသူများပင် ဖြစ်သည်။

တက္ကသိုလ်၏ဂုဏ်သိက္ခာ ပြန်လည် မြင့်မားရေး၊ ခေတ်စနစ်နှင့်အညီ
ပြုပြင်ပြောင်း လဲရေး၊ မတရားမှုများ ချုပ်ငြိမ်းရေး စသည်တို့အတွက် လှုံ့ဆော် ကြိုးပမ်းနေသူများသည် တက္ကသိုလ်ကို အမှန်တကယ် ချစ်ပြီ နိုင်ငံတိုးတက်ရေး အတွက်သာ ဖြစ်သည်။ အတွင်းလှိုက်စားနေသူများနှင့် တန်းမညှိသင့်ပါ။

ပကတိ အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း ရှုမြင်သုံးသပ် ကာ ပြုပြင်ပြောင်းလဲ ပေးရမည်ကို မေ့လျော့ကာ ရန်လိုနေမှုသည် ကောင်းကျိုးဖြစ် လာစရာ မရှိနိုင်ပေ။ ပကတိ မြေပြင်အခြေအနေကို နှံ့စပ် သိမြင်ရန် လိုသည်။ “မြေပြင်မပိုင် စစ်မနိုင်” ဟုဆိုပါသည်။ ထိုသို့မဟုတ်ပဲ ကျည်လွတ်မြေမှ ပစ်ကွင်း အတွင်း သက်ဆင်းလျှင် ၀င်သွားသူ၏ အပြစ်သာလျှင်ဖြစ်သည်။ စိုးရိမ်စိတ် လွန်ကဲပါလျှင် အမှားကျူးလွန်မိတတ်ပါသည်။


                                                                         မောင်စိမ်းသူ(ချယ်ရီမြေ) 
                                                                                 ၉.၁၂.၂၀၁၃

No comments:

Post a Comment