တက္ကသိုလ်တွင် သုတေသနဌာန မရှိသေးသည့်အတွက် ပါမောက္ခချုပ်ထံ တင်ပြရာမှ ဆောင်ရွက်ခွင့် ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံ ပညာရေးသုတေသနမှ ဆရာကြီး ဦးမြင့်ဟန်နှင့် ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ရာ ဆရာကြီး ဦးမြင့်နိုင်၊ ဆရာမ ဒေါ်နီနီစိန်တို့နှင့်အတူ တက္ကသိုလ်အတွက် သုတေသနလုပ်ငန်းများကို အုတ်မြစ်ချပေးနိုင်ခဲ့ ပါသည်။ အသိအမှတ် အပြုမခံခဲ့ရ။ နေရာရသူတွေ ရသွားကြပါသည်။
သူရိန်တပ်ခွဲမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည့် အချိန်တွင်လည်း တပ်ခွဲများစည်းကမ်းမဲ့ ပရမ်းပတာ ဖြစ်ချင်တိုင်း ဖြစ်နေခဲ့ကြသည့် အခြေအနေတွင် အပင်ပန်းခံ၊ အမုန်းခံကာ “စိတ်ဓါတ်၊ စည်းကမ်း၊ စွမ်းရည်” ပြည့်ဝသည့် စံပြတပ်ခွဲအဖြစ် ဦးဆောင်မှုပေးနိုင်ခဲ့သည်။ အကျင့်ပျက် ခြစားမှုများ လျော့နည်းသွားစေနိုင်ခဲ့သည်။ သင်တန်း ရည်ရွယ်ချက်နှင့် မကိုက်ညီသော ခေါက်ရိုးကျိုးနေမှု များကို ပြုပြင်ပေး နိုင်ခဲ့သည်။ တပ်ခွဲအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု စံနှုန်းများကို ပြသပေး နိုင်ခဲ့ သည်။ ယင်းသို့ လုပ်ဆောင် စံနမူနာပြခြင်းသည် အချို့သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသဖြင့် ရန်ငြိုးဖွဲ့ခြင်းကိုလည်းခံရသည်
အလယ်အလတ် သင်တန်းများ ဖွင့်လှစ်မည်ဆိုသောအခါ မျက်ကလူးဆန်ပြာ ဖြစ်ကုန်ကြသည်။ ပညာဝမ်းစာ မပြည့်သူများအတွက် အခက်တွေ့ကြရသည်။ အချို့အရာရှိများက တာဝန်အပေးမခံရရန် မသိမသာရှောင်ကြသည်။ ပညာရပ်တွင်ပျော်မွေ့သူပီပီ ထိုသူများကဲ့သို့ မရှောင်ပဲ ပညာဌာနမှူးကို ၀ိုင်းကူပေးခဲ့သည်။ ထိုကာလတွင် တစ်နေ့ အိပ်ချိန် ၂ နာရီခန့်သာရှိသည်။ နေ့တွင် အွန်လိုင်းတွင် ရှာဖွေခြင်း၊ ဖတ်ရှုခြင်း၊ ဆွေးနွေးခြင်း၊ ဒေါင်းလုတ်ဆွဲခြင်းများဖြင့် အချိန်ကုန်ပြီး ညပိုင်းတွင် နေ့ပိုင်းက ရလာသည်များကို အမျိုးအစားခွဲခြင်း၊ ဖတ်ရှုခြင်း၊ ရေးသားခြင်းတို့ဖြင့် အချိန်ကုန်ခဲ့ရသည်။ သင်ကြားမည့် ဘာသာရပ်များ ရုပ်လုံးပေါ်လာချိန်တွင် တာဝန်ပေးမည်စိုး သဖြင့် ရှောင်နေသူများ နေရာဝင်ယူလာကြသည်။ နေ့မအား ညမနား အအိပ်ပျက်ခံ အပင်ပန်းခံ ပြုစုခဲ့သူအတွက် ရလဒ်မှာ အလယ်အလတ် သင်တန်းတွင် ပို့ချခွင့်မရခြင်းပင်။ ဒုချုပ်(လေ့ကျင့်သင်ကြားရေး)၏ လှပသော အစီအမံများကို လိုက်၍ မမီနိုင်ခဲ့ပါ။ ဤသည်မှာ Phaunggyi Culture ပင်ဖြစ်ပါသည်။
ဝန်ထမ်းတက္ကသိုလ်များကို ခေတ်စနစ်နှင့်အညီ စနစ်တကျ ပြုပြင် ပြောင်းလဲလိုပါက တက္ကသိုလ်၏ လူသားရင်းမြစ် အခြေအနေကိုလည်း ပြန်လည် သုံးသပ်မှု ပြုလုပ်ရမည် ဖြစ်ပါသည်။ စာပေးစာယူဘွဲ့တစ်ခုဖြင့် ကထိကများ ဌာနမှူးများ ရှိနေသည်ကို မေ့ထား၍ မရနိုင်ပေ။ တက္ကသိုလ် သင်ရိုးပုံစံကို ခေတ်စနစ်နှင့် ကိုက်ညီစေရန် ကြိုးပမ်းသကဲ့သို့ပင် ဆရာဆရာမများကိုလည်း တက္ကသိုလ် ဆရာဆရာမများ ရှိသင့်ရှိထိုက်သော ပညာအရည် အချင်းများ ပြည့်ဝစေရန်လည်း စီမံချက်ချ လုပ်ဆောင်သင့်ပါသည်။ လုပ်ငန်းနှင့် ကိုက်ညီမည့် ပြည်တွင်း၊ ပြည်ပ မဟာဘွဲ့ရများ၊ ပီအိပ်ခ်ျဒီများ ဖြစ်လာစေရန် မည်သို့ လုပ်ဆောင်ပေးမည်ဆိုသည့် ဦးစားပေးအစီအစဉ် တစ်ရပ်ကို ကြိုတင် ရေးဆွဲထားသင့်ပါသည်။
မောင်စိမ်းသူ(ချယ်ရီမြေ)
No comments:
Post a Comment