Labels

Wednesday, December 18, 2013

ဝန်ထမ်းခရိုနီများ သို့မဟုတ် အခွင့်ထူးခံ ၀န်ထမ်းများနှင့် ပြုပြင်ပြောင်းလဲရေး (၃)


သင်ရိုး ပြုပြင်ပြောင်းလဲရေးအတွက်လည်း ပညာရှင်များ၊ ၀န်ကြီးဌာနအလိုက် ကိုယ်စားလှယ်ဝန်ထမ်းများ ပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပ အဖြေရှာသင့်ပါသည်။ နိုင်ငံ အ၀ှမ်းမှ ၀န်ထမ်းများ၏ အကြံညာဏ်များ ရရှိစေနိုင်မည့် နည်းလမ်းများကိုလည်း ဆောင် ရွက်ရယူသင့်ပါသည်။ တက္ကသိုလ်အုပ်ချုပ်ရေး၊ သင်တန်းကာလ၊ သင်ရိုး၊ ဖွဲ့စည်းပုံ၊ ဆရာဆရာမများ၏ အရည်အချင်း၊ နေထိုင်ရေး၊ စားသောက်ရေး၊ သွားလာရေး စသည်ဖြင့် ဘက်ပေါင်းစုံ လွှမ်းခြုံ စဉ်းစား အကောင် အထည်ဖေါ်ကြရမည်သာ ဖြစ်သည်။ ဆရာဆရာမများ၏ အရည်အချင်းကို စဉ်းစားကြရမည် ဖြစ်သကဲ့သို့ပင် အုပ်ချုပ်မှုပိုင်း၏ အရည်အချင်း သတ်မှတ်ချက်များကိုလည်း ရေးဆွဲ အကောင်အထည် ဖေါ်ပေးသင့်သည်။

စာမေးပွဲကို အားပြု စစ်ဆေးသည့် စနစ်ကို အတန်းတက်မှန်မှု၊ Assignments ၊ Term Papers၊ Individual Presentation ၊ Group Presentation အကဲဖြတ်ချက်များ ပေါင်းစပ် အမှတ်ပေးခြင်းအားဖြင့် ပို့ချမှုအပြင်ဘာသာရပ်နှင့် စပ်ဆိုင်သည်များကို လေ့လာ ရေးသားခြင်း၊ ရှင်းလင်းတင်ပြရခြင်း၊ အပြန်အလှန် ဆွေးနွေးရခြင်းများကြောင့် ပိုမိုကျယ်ပြန်စွာ လေ့လာသိရှိသွားနိုင်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဆရာဆရာမတို့၏ အရည်အချင်း မြင့်မားရန်လိုအပ်မည် ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ခုနှင့်တစ်ခု လက်ဆင့်ကမ်း ကူးယူ တင်ပြမှုမျိုးကို တားဆီးနိုင်မည့် စီမံလျာထားမှုများလည်း လိုအပ်ပါလိမ့်မည်။ သင်တန်းသူ၊ သင်တန်းသားများ အလွယ်တကူ ကိုးကားနိုင်ရန် ဘာသာရပ်အလိုက် လုံလောက်သော စာအုပ်စာတမ်းများ ထားရှိပေးနိုင်ရန်လည်း လိုအပ်မည် ဖြစ်ပါသည်။

လက်တွေ့ဘာသာရပ်တစ်ခုဖြစ်သော ကွန်ပျူတာဘာသာရပ် သင်ကြားရာတွင် ဆော့ဝဲလ်သွင်းခြင်း၊ ၀င်းဒိုး တင်ခြင်း၊ လုံခြုံရေး အစီအမံများ၊ ဖက်စ်ပို့ခြင်း၊ ပရင့်ထုတ်ခြင်း၊ အင်တာနက်၊ အီးမေး စသည်တို့ပါ သင်ကြားပေးနိုင်ပါက လက်တွေ့ လုပ်ငန်းခွင်များတွင် တွေ့ကြုံရနိုင်သည့် အခက်အခဲများ လျော့နည်းသွားစေနိုင်မည် ဖြစ်ပါသည်။ လက်နှိပ်စက် ဘာသာရပ်မှာ နည်းပညာခေတ်တွင် လိုအပ်မှု မရှိသင့်တော့ပေ။ မီးမရှိ လက်နှိပ်စက် သုံနေရသည်ဆိုသော နေရာများအတွက် ထည့်သွင်းစဉ်းစားရန် မလိုအပ်ဟု သုံးသပ်မိပါသည်။ ထိုသို့သော ဌာနများ နည်းပါးလာမှု၊ ထိုဌာနများအလိုက်လည်း အစီအမံများရှိနေမှုတို့အရ လက်နှိပ်စက်အချိန်များကို ကွန်ပျူတာအချိန်တွင် ပေါင်းထည့်ကာ အထက်တွင် တင်ပြခဲ့သည့် သင်ကြားမှု အသစ်များကို ထည့်သွင်းပေးခြင်းကသာလျှင် ပိုမိုထိရောက်နိုင် လိမ့်မည်ဖြစ်ကြောင်း ရှုမြင်ပါသည်။

ပညာဌာန တစ်ခုခြင်းအလိုက် ဘာသာရပ်များကို ပြန်လည် သုံးသပ်မည်ဆိုလျှင် မလိုအပ်သော ဘာသာရပ်များ ရှိနေခြင်း၊ အသစ်ထည့်သွင်းပို့ချရမည့် ဘာသာရပ်များ၊ ခေတ်စနစ်ပြောင်းလဲမှုနှင့် ဆီလျှော်အောင် ပြောင်းလဲပို့ချရမည့် ဘာသာရပ်များ၊ လက်ရှိဘာသာရပ်တွင် အချို့နှုတ်ပယ် ပို့ချရမည့် ဘာသာရပ်များ၊ ရှိပြီးဘာသာရပ်ကိုပင် ထပ်မံ ဖြည့်စွက် ပို့ချရမည့် ဘာသာရပ်များ၊ ပို့ချမှု နည်းစနစ်နှင့် ချဉ်းကပ်ပုံ လွဲမှား ပို့ချနေသော ဘာသာရပ်များ စသည်ဖြင့် တွေ့ရှိရပါသည်။ ယခင် အဆက်ဆက်က ပို့ချခဲ့သည်ကို ပုံတူကူး ပို့ချနေခြင်းများကိုလည်း ရပ်တန့်ရမည့် အချိန်၊ မိမိ ပို့ချမည့် ဘာသာရပ်ကို မိမိကိုယ်တိုင် ထဲထဲဝင်ဝင် နှံ့နှံ့စပ်စပ် လေ့လာ အားထုတ် ပြင်ဆင်ပို့ချကြရမည့် အချိန်ဖြစ်သည်။


                                                                               မောင်စိမ်းသူ(ချယ်ရီမြေ)

No comments:

Post a Comment