Labels

Wednesday, December 18, 2013

နံရံကို ခေါင်းနဲ့ တိုက်ပစ်တယ် (၁)


“အုတ်နံရံကို ခေါင်းနဲ့လာတိုက်လို့ကတော့ ခေါင်းပဲကွဲသွားမှာပေါ့” လို့ ရာထူးဝန်အဖွဲ့ရုံးက အရာရှိကြီး တစ်ယောက်ကပြောခဲ့ဘူးပါတယ်။ ဒါပေမယ့် ကျနော်က လူမိုက်လေ။ ခေါင်းကွဲတာထက် အပြောင်းအလဲကို မျှော်ကိုးပြီး အဲဒီ အုတ်နံရံကို ခေါင်းနဲ့ ပြေးဆောင့်ပစ်လိုက်တယ်။

လူတွေမှာ လူမိုက်ရယ်၊ လူလိမ္မာရယ်၊ လူဆိုးရယ် ဆိုပြီးတော့ လူ (၃) မျိုးရှိတယ်လို့ ခံယူထားမိပါတယ်။

လူမိုက်ဆိုတာ ဆရာတော်ကြီးတွေက ဗာလဆိုတဲ့ ပါဋိကို လူမိုက်လို့ ပြန်ဆို ဟောပြောနေတဲ့ လူမိုက်မျိုးလို့ ကျနော် မခံယူဘူး။ အများအတွက် လုပ်သင့် လုပ်ထိုက်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာကို မိမိအကျိုးစီးပွား ထိခိုက်နစ်နာစေမယ် ဆိုတာကိုတောင် သိနေပေမယ့် ပြတ်ပြတ်သားသား မိုက်ရဲတာ၊ ရင်ဆိုင်ရဲတာ။ ဒါ ကျနော် ခံယူထားတဲ့ လူမိုက် ၀ိသေသပါ။

လူလိမ္မာဆိုတာကတော့ သူ့အကျိုးစီးပွား ထိခိုက် နစ်နာလိမ့်မယ်ဆိုတာ သိတာနဲ့ အမှားကို အမှန်လုပ်ဘို့ ၀န်မလေးတတ်သလို၊ အမှန်ကိုလည်း အမှား လုပ်လိုက်ဘို့လည်း ၀န်မလေးတတ်သူတွေပါ။ မှန်ပေမယ့် သူ့ကို ထိခိုက်မယ်၊ လူကြီးတွေ ငြိုငြင်နိုင်တယ်ဆိုရင် အဲဒီအမှန်တရား၊ မှန်ကန်တဲ့ မိတ်ဆွေ သူငယ်ချင်းကိုတောင် ရှောင်ဖယ်ဖို့ ၀န်မလေးတတ်သူတွေပါ။

လူဆိုးဆိုတာကတော့ အထူးပြောဘို့ လိုအပ်လိမ့်မယ်လို့ မထင်ပါဘူး။ ဘယ်သူ့အပေါ်မဆို မတော်တရား ပြုလုပ်ဘို့ ၀န်မလေးတတ်သူတွေပါ။ မတရားမှုတွေကိုလည်း မြိန်ရေယှက်ရေ လုပ်တတ်သူတွေပါ။

အဲဒီ လူ(၃)မျိုးအနက်က လူမိုက်ဘ၀ကို ကျေကျေနပ်နပ် ရွေးချယ်ခဲ့၊ လုပ်ဆောင်ခဲ့တဲ့အတွက် တက္ကသိုလ်ဝန်ထမ်းတွေက အမည်ပေးခဲ့တဲ့ ဒါဘာညွန့်လှိုင် အမည်ကို ရခဲ့ပါတယ်။ ကိုယ်နဲ့ မဆိုင်ပေမယ့် နစ်နာသူတွေဘက်က ရပ်တည်ပြီး ဒါဘာတွေမှာ တင်ပြတတ်လွန်းလို့ ရခဲ့တာပါ။ ကျနော် လူမိုက်လုပ်ခဲ့တဲ့အတွက် တက္ကသိုလ်မှာ ပြောင်းလဲမှု အသီးအပွင့် အချို့ကို ၀န်ထမ်းတွေ ခံစားနေကြရပါပြီ။ အချို့ မတရား အပြစ်ပေးခံရသူတွေလည်း လွတ်ကင်းခွင့် ရသွားကြပြီး ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နေကြပါပြီ။

အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြုပြင် ပြောင်းလဲ လာစေဘို့ ဆက်လုပ် ရမှာတွေ ရှိနေပါသေးတယ်။ ကျောင်းကိုဖျက်နေတဲ့ အဖျက်ပိုးတွေကိုလည်း အပြတ်ရှင်းပစ်ရပါဦးမယ်။ အုပ်စုဖွဲ့ ဗိုလ်ကျနေတာတွေကိုလည်း ရိုက်ချိုး ဖျက်ဆီးပစ်ရပါမယ်။

တစ်ချိန်က ဗိုလ်ချုပ် ပြောခဲ့တဲ့ “လူမိုက်အလိုရှိသည်” ဆိုတဲ့စကားလေးကို အမှတ်ရမိပါတယ်။ လွတ်လပ်ရေး တိုက်ပွဲဝင်နေချိန် လူလိမ္မာတွေများပြီး သူတို့အကျိုးအတွက် အင်္ဂလိပ်ကို ဘုရားထူးနေသူတွေ များနေချိန်မှာ ပြောခဲ့တဲ့ စကားလေးပေါ့။ “ဒီအချိန်ဟာ လူမိုက်တွေ အများကြီး လိုနေတယ်။ လူမိုက်အလိုရှိနေတယ်။” ဆိုတာလေးပါ။

လူလိမ္မာတွေ များနေသမျှတော့ အမှန်တရား လှေကြီး တအိအိပဲ ရွေ့နိုင် ပါလိမ့်မယ်။ ပြိုင်တူ လှော်ခတ်နိုင်ကြမယ်ဆိုရင်တော့ အရွေ့မြန်ပါလိမ့်မယ်။
ကျနော် မျှော်မှန်းထားတဲ့ အပြောင်းအလဲတွေအထိ မရောက် လာသေးပါ ဘူး။ ရောက်လာဘို့ ဖြစ်လာဘို့လည်း ကျနော် ဆက်မိုက်နေမှာပါ။

အဲဒီကိစ္စတွေ ပြီးပြတ်သွားတဲ့ အချိန်မှပဲ ကျနော် နိုင်ငံရေးလောကထဲ ကို ခြေချသွားမှာပါ။ နိုင်ငံရေးလောကထဲ မရောက်ခင်မှာ လက်လှမ်းမီသလောက် နစ်နာသူတွေ၊ မတရားမှုတွေ ခံစားနေရသူတွေအတွက် တတ်နိုင် သလောက် ဆောင်ရွက်နေသလို ရှေ့ဆက်လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

                                                                           မောင်စိမ်းသူ(ချယ်ရီမြေ)

No comments:

Post a Comment