Labels

Thursday, December 19, 2013

“အဘတွ အမတွကိုပဲ မ မနေကြပါနဲ့”


ကြက်တူရွေးကတော်တော် မယ်ဘော်တွေကကဲကဲ. . .
ဟုတ်တယ်. . .ကျနော်တို့ ပတ်ဝန်းကျင်မှာ ရွှေဂဲက တော်တော် သူ့အိမ်က မယ်ဘော်တွေက သည်းသည်းလှုပ် ကဲနေကြတာ ကြာလာတော့ ဘေးအိမ်က မြင်ရတွေ့ရတဲ့ သူတွေရဲ့ မျက်လုံးထဲမှာ စပါးမွှေး စူး စူး လာပါတော့တယ်။ ပြောတော့ ကျနော်တို့ တိုင်းပြည်ကြီးလည်း ဒီမိုကရေစီ တိုင်းပြည်ပြောင်းလို့ နေပြီ။ ဒါပေမယ့် ၀ါးလုံးခေါင်းထဲ လသာနေတုန်း။ နွားခြေရာခွက်ကို ပင်လယ်ကြီးလို့ ထင်နေကြတုန်းပါပဲ။
အကြီးအကဲ အထက်လူမှားနေလဲ အမှားတွေ ခိုင်းနေလည်း ဟုတ်ကဲ့ အဘ ဟုတ်ကဲ့ အဘ နဲ့ လိုက်လုပ်နေရတုန်းပဲ။ တစ်ခါ တစ်ခါ ကျနော် စဉ်းစားကြည့်တယ်။ ကိုယ့် အိမ်က အဖေက ခိုင်းရင်တောင် အဲဒီလောက် ပျာပျာသလဲ ဟုတ်ကဲ့ အဖေ ဟုတ်ကဲ့ ဟုတ်ကဲ့ ဖြစ်အောင် လုပ်လိုက်ပါမယ်လို့များ ရဲရဲကြီး အာမခံပြီး ပြောကာ အကောင်အထည်ဖော် လိုက်လုပ်သလားဆိုတာ တွေးကြည့်မိတော့ ကြက်သီးတဖြန်းဖြန်း ထမိသား။
ဒါဟာ ဘာလဲဆိုတော့ လူ့တန်ဖိုးကို လူတွေကိုယ်တိုင်က ပြန်ချနေတာပါလား။
အဲဒါ ဘာကြောင့်လဲ. . .ဒီမိုကရေစီဆိုတာကို ပါးစပ်က ပြောနေပြီး တကယ့်လက်တွေ့ ဒီမိုကရေစီဆိုတာကို နားမလည်သေးဘူးဆိုတာ သူတို့လုပ်ရပ်နဲ့ သူတို့ပါးစပ်က ၀န်ခံလိုက်သလိုပါပဲ။

ကိုယ့်အိမ်တွင်းမှာ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားနေပါစေ။ သူများအိမ်သွားလို့ ကိုယ်က ဧည့်သည်လုပ်ရရင် ဧည့်သည်လို နေရမှာပေါ့။ ဒါကိုအားမရပဲ ကိုယ့်အိမ်မှာ စားသောက်သလို ရွှေရေးပန်းကန်၊ ရွှေဇွန်း၊ ရွှေခွက်များနှင့် စားလို့တော့ မရချင်ပါ။ ဘေးက ယပ်ခပ်ပေးမယ့်သူ။ အရိုးနွှာပေးမယ့်သူ။ တစ်ရှုးကမ်းမယ့်သူ အဲလိုတွေကို သူများအိမ်မှာသွားလုပ်ရင် ဘေးလူအမြင်မှာ ဘယ်လိုနေမလဲ။ အဲဒါကို ကာယကံရှင်ကိုယ်တိုင်ကရော မရှက်တတ်တော့ဘူးလား။ ရှက်ရကောင်းမှန်း မသိဘူးလား။ ဘေးက မယ်ဘော်တွေ သဲသဲလှုပ်ကဲနေလည်း မင်းတို့ အဲဒီလောက် မလုပ်ကြနဲ့ သူ့နေရာနဲ့သူ ရောမ ရောက်ရင် ရောမလို ကျင့်ကြကွာလို့ တခွန်းတောင် မပြောဘူးလား။ အိုး…လား ပေါင်းစုံနဲ့ စဉ်းစားမိရင်. . . .ခေါင်းကိုက်တာပဲ အဖတ်တင်ပါတယ်။
ဒီကြားထဲ မနေ့တစ်နေ့ကမှ ရာထူးရာခံလေးရ။ စကားပြောတော့ အထက်စီး လေသံလေးနဲ့ ချိုချိုသာသာလေးပြောတတ်တဲ့ လူတွေကို တွေ့ရပြန်တော့ ကိုယ်လည်း သူ့လို မပြောတတ်ပေမယ့် အားတော့ မကျပါဘူး။ ဘာလို့လဲဆို ပျားရည်ပေါ် သကာဖုံးပြီး စိတ်ထဲမပါပဲ ပြောနေတာ အထင်းသား တွေ့နေရလို့ပေါ့။
အိမ်လည်သွားတဲ့ နေရာအခြေအနေနဲ့ အဲဒီအိမ်ကလူတွေရဲ့ စိတ်နေစိတ်ထားကို သိထားပြီးပေမယ့်လည်း မျက်စိမှိတ်ပြီး ပထွေးကို ကြောက်နေရတဲ့ သား သမီးမျိုးတွေကိုလည်း တွေ့ရတော့ ကိုယ်ပိုင်ဦးဏှောက်နဲ့ ရပ်တည်နေပေမယ့် တခြားသူရဲ့ ကွန်ထရိုးနဲ့ လုပ်နေတဲ့သူမျိုးကို မျက်ဝါးထင်ထင် တွေ့လိုက်မိတော့ ကတော့ပါရဲ့ အထင်ကို မကြီးတာ အစကတည်းက မကြီးထားတဲ့ အထင်က တစ်စက်မှကို အထင်မကြီးမိတော့တာ။
လုပ်ရည် ကိုင်ရည်ဆိုတာ ဘယ်လိုများပြောရမလဲ မဖြစ်သင့်တာကို ဖြစ်အောင် အတင်းတောင်းဆိုနေသလို မဟုတ်မဟတ် နေရာမှာ အဟုတ်တွေ လုပ်နေတာ သူကတော့ မရှက်ပေမယ့် ဘေးက ကြည့်နေ ကြားနေရတဲ့ သူမှာတော့ မဆီမဆိုင် မျက်နှာတွေ ပူလိုက်တာ ဆောင်းတွင်းကြီး ၈ ဒီဂရီ အေးစက်နေပေမယ့် ပူလိုက်တဲ့ မျက်နှာ ဘယ်နား ထားရမလဲကို မသိတော့တာ။
အင်း… ပြောချင်တာတွေက အများကြီးပါ ပွင့်ပွင့်လင်းလင်း ပြောချင်ပါသေးတယ်။ ကျနော်လည်း ဒီမိုကရေစီ မရသေးပါဘူး။ ဒါကြောင့် အမှတ်တရ ပိုစ့်တစ်ခုအနေနဲ့သာ ရေးလိုက်ပါတယ်။
မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်း မရှိပါ။ မဖြစ်သင့်တာလေးတွေကို ပြုပြင်စေချင်တဲ့ စေတနာနဲ့ အမြင်မတူတာတွေကို ဝေဖန်တယ်ပဲ သဘောထားကြပါ။ လူတွေ. . . လူတွေ အပြောနဲ့ အလုပ်ညီကြပါစေ။ လူ လူချင်း တန်ဖိုး ထားတတ်ပြီး အဘ တွေ အမ တွေ ကိုပဲ မ မနေပဲ ကိုယ့်အိမ်က ကိုယ့်မိဘကိုလည်း ပြန် မ တတ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်ပါ။


                                                                                         Alvis Wayne

No comments:

Post a Comment