Labels

Wednesday, February 19, 2014

ကျွန်တော့် ငယ်သူငယ်ချင်းများ(၂၄)

 
 
Saw Tun's photo.

စောလှထွန်း(ချောင်းဦး)

…ယခင်နေ့မှ အဆက်၊

ကျွန်တော်နှင့် ကိုသိန်းတန် - ၆

တစ်ရက်တွင် ကိုသိန်းတန်က ဖုန်းဆက် ပြောသည်။ “ ကိုစောလှထွန်း ကျုပ်ရှမ်းထူးလမ်း ခင်းပေးချင်တယ်ဗျာ မြေပုံအရင်ဆွဲပေးဦး “ တဲ့၊ ဒါနဲ့ ကျွန်တော်လည်း Goole Map ကနေပြီး ပုံတွေထုတ်ပေး ပါတယ်။ ပြီးတော့မှ သူ့ဆီပို့ဖို့ လုပ်ပါတယ်။ မဟုတ်ဖူးဗျ ခင်ဗျားဆွဲထားတာက အမြင့်လမ်းရဲ့ မြောက်ဖက်ဖြစ် နေတယ် ကျွန်တော်ပြောတာက တောင်ဘက်လို့ ပြောပါတယ်။ အဲဒီတော့မှ ဘလေးထွန်းနဲ့ အတူရောက်ဖူးခဲ့တဲ့ သူတို့ငယ်ငယ်က တောင်သူလုပ်ခဲ့ ပွဲစားလုပ်ခဲ့တဲ့ ကိုကြံဌေးတို့ ရှမ်းထူးတဲတိုက်ကို သတိရပါတယ် တောင်ဖီလာနဲ့လည်း တော်တော်နီး သွားပါတယ်။
လမ်းက ဆိုင်ကယ်ဘဲ သွားလို့ရပါတယ်။ လမ်းအူကြောင်းဖေါက်ဖို့ တော်တော်ခက်ပါမယ်။ တစ်ချို့နေရာတွေက ရှမ်းထူးချောင်းကမ်းနဖူးနား မှာဖြစ် ပါတယ်။ တစ်ချို့ ကျန်းမာရေးမကောင်းလို့ ဆိုင်ကယ်နဲ့ သွားရင်း ချောင်းထဲ ပြုတ်ကျလို့ ဒုက္ခရောက်သူတွေလည်း မရှားဘူးလို့ ပြောပါတယ်။ ဆိုင်ကယ်နဲ့ ၂ ခေါက်လောက် သွားကြည့်ရ ပါတယ်။ မြို့နယ်က တာဝန်ရှိသူတွေကို လည်းခေါ်သွားပါတယ်။ ပြသနာတော့ ရှိလိမ့်မယ်လို့ ကြိုတွက်မိပါတယ် ဒါပေမဲ့ သူကတောင်မှ ငွေကြေး အကုန်အကျခံနိုင်သေးတာ ငါက ဘာလို့ မလုပ်နိုင် ရမှာလဲ ဒီဒေသက လူတွေအတွက် စေတနာမှန်ရင် လက်ခံရမှာပဲလို့ သုံးသပ်ခဲ့ပါတယ်။

နောက်တော့ ရှမ်းထူး အမက ကျောင်းမှာ အစည်းအဝေးလုပ်ပါတယ်။ သဘောထားရယူပါတယ် လက်ခုတ်သံ တစ်ဖြောင်းဖြောင်းနဲ့ သဘောတူကြပါ တယ်။ နောက်နေ့ကြတော့ မယကရုံးမှာ တိုင်စာ ရောက်ပါတယ်။ ထပ်ပြီးတွေ့ဆုံပါတယ်။ ကိုယ်တိုင် ရှေ့ကရပ်၊ ကိုယ်တိုင် လမ်းအူကြောင်းငုတ်စိုက်ပြီး နောက်က စက်ကြီးနဲ့ လမ်းဖေါက်လိုက်တော့ ရက်ပိုင်း အတွင်းဘဲ ပြီးသွားပါတယ်။ စေတနာနဲ့လုပ်ရင် ဖြစ်တယ် ဆိုတာ လက်တွေ့သိရပါတယ် ။ အဲဒီအချိန်က ရွေးကောက်ပွဲ ကာလနဲ့လည်း အတော်နီးပါတယ် စေတနာမမှန်လို့ကတော့ နေပြည်တော်တောင် ရောက် စရာရှိတော့မှာ မဟုတ်ပါဘူး။ အခုဆို ကားတွေ၊ ထော်လာဂျီတွေ မောင်းနေကြပြီ၊ ကျေးဇူးတင် အသိအမှတ်ပြုကြတာတွေလည်း ရှိလာပါတယ်။

အခုတော့ နောက်တစ်တုန်(ကြိမ်) ဂျင်းခင်း ပြီးသွားပါပြီ လမ်းနယ်လည်းသတ်မှတ်ပြီးပါပြီ ကိုယ့်ပြည် သူတွေအတွက် ကိုသိန်းတန်ရဲ့ကျေးဇူးနဲ့ ဆောင်ရွက်ပေး နိုင်ခဲ့လို့ ၀မ်းသာလို့ မဆုံးပါဘူး။
အချိန်ယူပြီး ၂ နှစ်လောက်ပြင်ဆင်တည်ဆောက် ခဲ့တဲ့ ကိုသိန်းတန်ရဲ့ ဟိုတယ်လည်း ပြီးစီးအောင်မြင်လို့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ချောင်းဦးသားစစ်စစ် တစ်ဦးက ကမ္ဘာ့အဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်ကြီး တည်ဆောက် နိုင်တာ၊ ပိုင်ဆိုင်နိုင်တာဟာ ဂုဏ်ယူစရာ ကောင်းလှ ပါတယ်။ ချောင်းဦးမြို့က လူငယ်တော်တော်များများကို အလုပ်အကိုင်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ နေထိုင်စရာ အခက်ခဲ ဟိုတယ်အတွေ့အကြုံ၊ လုပ်ငန်းသစ်ဖြစ်နေ ခြင်းတို့ကြောင့် အများစုကို တာဝန်ပေး ခန့်ထားနိုင် ခြင်းတော့ မရှိခဲ့ပါဘူး။

ဟိုတယ်တည်ဆောက်နိုင်ဖို့ နိုင်ငံခြားကိုလည်း အကြိမ်ကြိမ် ထွက်ခဲ့ကြရပါတယ်။ တစ်ချို့ ပစ္စည်းများကို တိုက်ရိုက်ရွေးချယ် ၀ယ်ယူခဲ့ပါတယ်။ နောက်တစ်ခါ ဟိုတယ်အမည်ပေးဖို့ စဉ်းစားကြပါတယ်။ အစောပိုင်းက ပြောသလိုဘဲ ဘယ်လိုဘဲ စဉ်းစား စဉ်းစား ရွှေပြည်သာ ထက် ကောင်းတာ၊ ကြိုက်တာ မတွေ့ကြတော့ ဟိုတယ် ရွှေပြည်သာ အမည်ဘဲ ဖြစ်လာပါတယ်။ အခုတော့ ဟိုတယ်ရွှေပြည်သာရဲ့ ဘေးမှာ ၁၂ ထပ်အမြင့် ရေကူးကန် အပါအ၀င် ကုန်တိုက်ကြီး တည်ဆောက် နေပါတယ်။
တစ်ကယ်တော့ ဟိုတယ်လုပ်ငန်းကို စတင် လုပ်ကိုင်တာက ကိုမျိုး (ကိုမျိုးမြင့်သန်း) ဖြစ်ပါတယ်။ မိခင် ဒေါ်သန်းစိန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂရိတ်မားသား Great Mother Motel ဖြစ်ပါတယ်။ ဟိုတယ်နဲ့ မော်တယ်ရဲ့ကွာခြားချက်က စားသောက်ခန်းနဲ့ ကားရပ် နားရန်နေရာ စတဲ့ အင်္ဂါရပ်တွေ အပေါ်မှာဘဲ သတ်မှတ် ကြပါတယ်။ ညီအစ်ကိုနှစ်ယောက် ပူးပေါင်းပြီး လှူဒါန်း တာတွေ ရှိသလို၊ သီးခြားစီ ကုသိုလ်ပြုကြ တာတွေလည်း ရှိပါတယ်။ ရမည်းသင်းမှာ ဘုရားတည်ပြီး ထီးတင်ပွဲနဲ့ အလှူပွဲကြီးလည်း ကျင်းပခဲ့ပါတယ်။ ဘလေးထွန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကိုလည်း အမှတ်ရနေမိပါတယ်၊ “ မျိုးမြင့်သန်းဆိုတဲ့ကောင်က မိသားစုထဲမှာ အပင်ပန်းဆုံး မိသားစုအပေါ်မှာလည်း သံယောဇဉ် အကြီးဆုံးဗျ“ တဲ့၊ အခုလည်း သူ့မိသားစုအပေါ်မှာရော သူ့ညီ ကိုသိန်းတန် အပေါ်မှာရော အင်မတန် ချစ်တယ်ဆိုတာ မျက်မြင်ပါဘ။ဲ

ကိုသိန်းတန်နည်းတူ ကိုမျိုးမြင့်သန်းရဲ့ အလှူဒါန များနဲ့ အခမ်းအနားများကိုလည်း တက်ရောက် ခဲ့ရပါတယ်။ စီးပွားရေးမှာလည်း ပူးတွဲ လုပ်ကိုင်တာ တွေလည်း ရှိပါတယ်။
ကိုသိန်းတန်ရဲ့ အလှူထဲမှာ ထူးခြားတဲ့ အလှူတစ်ခုလည်း ရှိပါသေးတယ်၊ အဲဒါကတော့ ပခုက္ကူမှာရှိတဲ့ နွားဘေးမဲ့ စခန်းဆီကို သတ်မည့် နွားများအား ၀ယ်ယူ လှူဒါန်းခြင်း၊ နွားစာများလှူခြင်း၊ နွားစာတိုက် ဆောက်လုပ် လှူဒါန်းခြင်းတွေလည်း ပါဝင်ပါတယ်။

ရတနာရွှေဂူ ဘုရားကြီး ထီးတင်ပွဲအကြောင်း ဆက်ပါဦးမယ်။ ဒီဆောင်းပါးကို ရေးရတာကလည်း ချောင်းဦး တစ်မြို့နယ်လုံးရဲ့ အသည်းနှလုံးဖြစ်တဲ့ ရတနာရွှေဂူဘုရားကြီး ဘက်စုံ ပြင်ဆင်မွန်းမံခြင်းနဲ့ ရွှေထီးတော်ဖြစ်မြောက်ရေး၊ စိန်ဖူးတော်နဲ့ ငှက်မြတ်နား တော် တို့ကို ရွှေသားနဲ့ ကုသိုလ်ပြုပေးတဲ့ ကိုသိန်းတန် မိသားစုကို ဂုဏ်ပြု ရေးသားပေးရခြင်းဖြစ်ပါတယ်။

ရွှေပြည်သာ ဘုရားပွဲ အပြီးမှာ ဘုရားကြီးရဲ့ ထီးတော်အဟောင်းကို အရင် ချပါတယ်။ ဒီလိုချဖို့ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာဖို့ အများပြည်သူ ယုံကြည်မှု သဒ္ဓ`ါကို မထိခိုက်စေဖို့ ဆောင်ရွက်ပါတယ်။ ပထမဦးဆုံး ဓမ္မာရုံဆရာတော်၊ ရွှေတောင်ဆရာတော်၊ ရွှေသိမ်တော်ဆရာတော်နဲ့ မိုးကဲဆရာတော်တို့ကို ပင့်ပါတယ်။ ဦးညွန့်မြ အမှူးပြုတဲ့ ဂေါပက အဖွဲ့၊ ဦးအောင်မြင့်၊ ဦးသောင်းဌေး၊ ဦးသန်းဒန်၊ ဦးချစ်ဆွေ၊ ဦးကြည်ဝင်းတို့နဲ့ လက်သမားအဖွဲ့၊တို့က သြ၀ါဒခံယူပြီး စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်တို့ကို အရင်ချပါတယ်။ ဆရာတော်များရှေ့မှာဘဲ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ မှူး၊ ဘဏ်မန်နေဂျာများကို ခေါ်ပြီး ဘဏ်မှာ ကျွန်တော့် အမည်နဲ့အပ်ခဲ့ ပါတယ်။

ထီးတော်အတွက် စစ်ကိုင်းရွာထောင်က ရွှေပြား ကပ်သူကို ၀င်ခေါ်ပြီး ထီးတော်နှင့်အတူ ကိုသိန်းတန် ဆီကို သွားခဲ့ကြပါတယ်။ ဦးညွန့်မြ၊ ဦးချစ်ဆွေ၊ ဦးကြည်ဝင်းနှင့် ဦးဒန်ကြီးတို့ လိုက်ခဲ့ ကြပါတယ်။ လက်ရှိထီးနဲ့ ဆောင်ရွက်လို့ မရဘူးလို့ ပညာရှင်က ပြောပါတယ်။ သဒ္ဓါထက်သန်နေတဲ့ ဦးညွန့်မြ က မျက်နှာ သိပ်မကောင်းပါဘူး ။ ဖြစ်အောင် လုပ်မယ် လို့ဘဲ အားခဲထားခဲ့ကြပါတယ်။ နောက်ဆုံး ကိုသိန်းတန် က ရွှေပြားခတ်ပေးဖို့ အပ်ခဲ့ကြပါတယ်။ ကိုသိန်းတန် ကလည်း စေတနာနဲ့ ၀ိန့်စိန် ရွှေဆိုင်ကို တာဝန်ပေးပြီး လုပ်ပေးပါတယ်။

မဖြစ်ဖြစ်အောင်လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့ စတင် ဆောင်ရွက်ခဲ့ကြရာ ယခင်ရွှေပြားများ ကပ်ပေးခဲ့တဲ့ ခင်မွန်က ကိုမင်းအောင်ကဘဲ တာဝန်ယူရပါတယ်။ ဒီမှာ သမိုင်းကြောင်းတစ်ခု ပေါ်လာပါတယ်။ ထီးတော် န၀မဘုံအဆင့်မှာ အလှူရှင် ဦးစိန်ဝင်း+ ဒေါ်စော (အမေကြီးစော) ညောင်ရပ်အရှေ့ပိုင်းအပါအ၀င် ရွှေပြား ၉ ပြား(ခန့်) ကပ်ပေးခဲ့တဲ့ လက်ရာရှင်ဖြစ်ပါတယ်။

တာဝန်ခံဆောင်ရွက်ပေးတဲ့ ရွှေပန်းထိမ်က ဦးကြည် ဆောင်+ဒေါ်နီတို့ရဲ့ မေတ္တာဝါဒီ ရွှေပန်းထိမ်ဖြစ်ပါတယ်။ “ မင်းအောင် မင်းက ဒါဖြင့် ရွှေပြားခတ်ရင်း ဦးကြည်ဆောင်သမီးကို ပိုးခဲ့တာပေါ့“ ဆိုပြီး အစ် အောက်မေးကြတော့ “ဟဲဟဲ ဟုတ်တယ်ဗျ “ တဲ့။

ဂေါပကအဖွဲ့ကို လက်ရှိ ဦးဆောင်နေတဲ့ ဦးညွန့်မြ က နဲနဲလောက် ကျန်နေမှာစိုးတယ်ဆိုပြီး ရှိတဲ့ငွေနဲ့ မလောက်မှာကို ပူပန်နေပါတယ်။ “ လေးညွန့်မြရယ် မပူပါနဲ့ ဘုရားကြီး တန်ခိုးနဲ့ ဖြစ်သွားမှာပါ “ ဟူ၍ အားပေးရသည်။ အများပြည်သူကလည်း တစ်ဖွဲဖွဲနှင့် ကုသိုလ်ပြုကြသည်။ အောက်ဆုံးက ပန်းအရစ်လေး တွေပဲကျန်တော့တာနှင့်ပင် တဖြည်းဖြည်း ပြည့်သွား သည်။

ကိုသိန်းတန်က ရွှေဟင်္သာကို ပင့်သွားပြီး ရွှေများ အပြည့်ဖြည့်ကာ ပြုပြင်ပေးသည်။ မူလထက် အတော်ကြီးသပ်ပယ်လာပါသည်။ ရွှေလည်း အတော် ကုန်ပြီး ရတနာအစစ်များကို စီချယ်ပေးထားသည်။ ခေတ်အဆက်ဆက်က လှူခဲ့သည့် ကျောက်မျက်မျိုးစုံ လက်ဝတ်လက်စားမျိုးစုံကို ထီးတော်တွင် မင်းအောင်က ဆင်ပေးထားသည်။

စိန်ဖူးတော်အတွက် တစ်ရက်တွင် ပြင်ဆင်ရန် ကိုသိန်းတန်ဆီသို့ ယူသွားကြသည်။ စိန်အစစ် တင်ချင်တယ်။ ဘုရားကြီးကိုလည်း ဖွင့်ချင်တယ်။ ပိတ်ထား တာတွေအားလုံးကို ဖွင့်လိုက်မယ်။ မြို့လည်း ပွင့်သွားမယ်လို့ ပြောပါတယ်။

ဆက်လက်ဖတ်ရှုပေးပါရန်…
Saw Tun's photo.
Saw Tun's photo.
Saw Tun's photo.

No comments:

Post a Comment