စောလှထွန်း(ချောင်းဦး)
ကျွန်တော်နှင့် ကိုသိန်းတန် - ၅
“ကိုစောလှထွန်း မင်းအဲဒီအလုပ်တွေ ဆက်ပြီး လုပ်မနေပါနဲ့တော့ မင်းလူတွေနဲ့ စီးပွားရေးလိုင်းကို ပြောင်းလိုက်ပါ့လား“
တစ်ရက်တွင် ဦးလှထွန်းက ပြောလာပါသည်။ ထိုစကားကို ကိုသိန်းတန်နှင့် ကိုမျိုးမြင့်သန်းတို့က လည်းပြောဘူးသည်။ ထို့ကြောင့် “ ဘလေးထွန်းရယ် စီးပွားရေးကတော့ အချိန်မရွေးဝင်လုပ်ရင် ရပါတယ် ကျွန်တော်တွေးမိတာက အခုလုပ်နေတဲ့ လုပ်ငန်းတွေက အချိန်အခါပေးတုန်းလုပ်ရတာပါ နိုင်ငံရေးမှာ အချိန်အခါ ပေးရင် မလုပ်လို့ မရသလို အချိန်အခါမပေးရင်လည်း လုပ်ချင်လို့ မရပါဘူး..ကျွန်တော်က ဒီဘက်မှာ ရှိနေတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုပြီး အထောက်အပံ့ ရတာပေါ့ ကျွန်တော်တို့ လူခံမရှိတော့ ဘာအဆင့်မှ မရှိတဲ့လူကိုလည်း အောက်ကြို့နေခဲ့ရတယ်လေ နောက်ပြီး အနှစ် ၂၀ လောက် ပြည်သူတွေကို လုပ်ပေးခဲ့တော့ ပြည်သူတွေအတွက် ယုံကြည်တဲ့လူ လုပ်ပေးမဲ့လူကလည်း စေတနာသန့်သန့်နဲ့ မရှိဘူး ဖြစ်နေတယ်“
နောက်တော့ ဘလေးထွန်းလည်း လက်ခံသွား သည်။ ကျွန်တော်လည်း ဒီအတိုင်းဘဲ ဆက်လုပ်သွား ခွင့်ရသည်။
ဦးလှထွန်းက ငါးယှန်တောင်မှနေပြီး ပြန်လာ ကာ ချောင်းဦးမြို့ ချောင်းဦးမြောက် ရပ်ကွက်ရှိ ၀င်္ခရ မကျီးတောကျောင်းကို ပြန်လာကာ မိမိနောက်သို့ ပါမည့်လုပ်ငန်းများ စတင်လုပ်ဆောင်ပါသည်။ ဓမ္မာရုံအား ပြင်ဆင်ခြင်း၊ တရားစခန်းဆောက်လုပ်ခြင်း ငယ်စဉ်က အားထုတ်ခဲ့ဘူးသည့် လယ်တီဝိပသနာ ပြန့်ပွားရေး အတွက် လယ်တီကျောင်းတိုက်နှင့် ဆက်သွယ်ခြင်း၊ တရားပွဲများကျင်းပခြင်း၊ တရားစခန်းဖွင့်ခြင်း၊ လိုအပ် သော ဓမ္မရိပ်သာများ ဆောက်လုပ်ခြင်း၊ ဘုရားပြင်ခြင်း တို့ကို ဆက်တိုက်ဆောင်ရွက်ပါသည်။ သူ၏ အလှူကို သားနှစ်ဦးကလည်းထည့်ဝင် ကုသိုလ်ပြုကြသည်။ နဂိုက အေးအေးနေတတ်သော ဆရာတော်ပင်လျှင် အအားမနေ နိုင်ရှာချေ။
ဘလေးထွန်းဆုံးပါးသွားတော့ သူ၏ အလှူကို သားများက ဆက်လက်ထမ်းဆောင်သည်။ ဦးလှထွန်း ကိုရည်စူးပြီး ပိုင်ဆိုင်သမျှကို လှူသည်။ လှူသမျှ ကုသိုလ် များထဲတွင်အရေးပါဆုံး ကုသိုလ်မှာ လယ်တီဝိပသနာ ပြန့်ပွားရေးအသင်းချုပ်က ဦးစီးပြီး တရားပြဆရာ တော်များအား မွန်းမံသင်တန်း၊ တရား စခန်းဖွင့် ပေးခြင်းနှင့် ဆင်ခံဘုရားလှူဒါန်းခြင်းဖြစ် ပါသည်။
ယနေ့အထိ တာဝန်မကျေသေးသော ကိစ္စရပ် တစ်ခုလည်းရှိနေပါသေးသည်။ ယင်းမှာ ဦးလှထွန်း၏ ဘ၀အကြောင်းမှတ်တမ်းတင် ပေးရန်ကိစ္စဖြစ်ပါ သည်။ နောက်ထပ်ထူးခြားချက်တစ်ရပ်မှာ “ ခင်ဗျားညီတွေလို့ သဘောထားပြီး စောင့်ရှောက်ပါ “ ဟူသော မှာကြားချက်ဖြစ်ပါသည်။ လောလောဆယ်တော့ ဘလေး ထွန်း သားတွေ စောင့်ရှောက်ပေးနေလို့ ဒီအလုပ်တွေ လုပ်နေနိုင်တာပါဗျာဟုသာ ပြောရချေဦးမည်။
(ဦး)ကိုသိန်းတန်+ဒေါ်သန်းသန်းနွဲ့ (သီရိသုဓမ္မ သိင်္ဂီ၊ သီဟသုဓမ္မသိင်္ဂီ) သားမောင်မိုးမြင့်သာ၊ သမီး မစုပြည့်သာ မိသားစုနှင့် အတူ အလောင်းတော် ကဿပသို့ ခရီးထွက်ကြသည်။ ရွှေပြည်သာကျောင်း ဆောင်ရေစက်ချအလှူပွဲအတွက်ဖြစ်သည်။ အလှူတစ်ခု လုပ်ပြီးလျှင် ထွက်ပေါ်လာသော သဒ္ဓါစိတ်ဖြင့် တစ်ခုတည်း ပြီးလေ့ မရှိသော ကိုသိန်းတန်သည် နောက်ထပ်တာဝန်တစ်ခု ပေးအပ်လှူဒါန်းရန် ဖြစ်ပေါ် လာသည်။
“ လှိုဏ်ဂူတော်အဆင်းက မကောင်းဘူးဗျ သက်ကြီးဘိုးဘွားတွေအတွက် အတော်ခက်ခဲတယ် အဲဒါလှူရရင်ကောင်းမယ်“ ဟူ၍ ကိုသိန်းတန်က ထုတ်ပြောပါသည်။ ဆရာတော်များကို လျှောက်ထား ကြည့်တော့ အစောင့်အရှောက်များက သဘာဝ လှိုဏ်ဂူတော်ကို ပြင်တာမကြိုက်ဟု အမိန့်ရှိသည်။
ကျွန်တော်သည် ကိုယ်တိုင်သာလျှင် မလှူနိုင်ဘဲ ရှိရမည် လှူဒါန်းလိုသူများအတွက် ပါရမီဖြည့်ရာတွင် ကုသိုလ်ထူးသည်လား မပြောတတ်ချေ၊ ကိုသိန်းတန်၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သုံးနှစ်ဆက်တိုက် ပြင်ဆင်ကုသိုလ်ပြုရာတွင် ဆောင်ရွက်ပေးခဲ့ပြီး လှိုဏ်ဂူရှေ့ ကျောင်းဆောင်ကိုပါ ပြင်ဆင်နိုင်ခဲ့ကာ ညသန်းခေါင်ကျော်အချိန် လှိုဏ်ဂူအတွင်း အသစ်အ ဟောင်း လဲလှယ်တပ်ဆင်ပေးခဲ့သည်။ မည်သည့် အနှောက် အယှက်မျှ မတွေ့ခဲ့ရချေ။
ယင်းအလှူကို အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးကလည်း ပါဝင်ကုသိုလ် ပြုခဲ့ပါသည်။
တိုင်းမှူး၏ အမြင့်ခရီးစဉ်တွင် ရွှေကြိုးရစ် ဘုရား ကို ပြန်လည်ပြင်ဆင်စေရန် လမ်းညွှန်ခဲ့ရာ ကျွန်တော်က ကိုသိန်းတန်ထံ ပြောပြအကူညီတောင်းခံရန် တင်ပြခဲ့ သဖြင့် တိုင်းမှူးက ချက်ခြင်းဖုံးဆက်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကိုသိန်းတန်ကိုယ်တိုင် လာရောက် ဖူးမျှော်ပြီး ဂန္ဓကုဋီအပါအ၀င် ပြင်ဆင်ရန်ကိစ္စများကို ပြောပြပြီး ကျွန်တော့်ကို လွှဲအပ်ခဲ့ပါသည်။
ကိုသိန်းတန်က ကုသိုလ်ပြုရာတွင် အုတ်တံတိုင်း အစ၊ ဂန္ဓကုဋီအလယ် ဘုရားခန်းအဆုံး ပြင်ဆင် ကုသိုလ်ပြုပေးသည့်အပြင် ညတိုင်းမီးပူဇော်ရန် ဆိုလာ လျှပ်စစ်အထိ လှူဒါန်းပေးခဲ့သည်။ ရေစက်ချပွဲကိုသာ တိုင်းမှူးနှင့် မဆုံလိုက်ကြရသော်လည်း နှစ်ဦးစလုံး ခင်မင်ရင်းစွဲ ရှိကြသည်ကို လက်တွေ့သိရှိရသည်။
တမြန်မနှစ်က (၁၃၇၃ ခုနှစ် ) ရွှေပြည်သာ ဘုရားပွဲတွင် ရတနာရွှေဂူဘုရားကြီး ဂေါပကအဖွဲ့မှ ဦးလေးမြ (ဦးညွန့်မြ)က ကိုသိန်းတန်ကို ထီးတော် ရွှေချဖို့ ကမကထပြုဖို့ ပြောလိုကြောင်း ပြောသဖြင့် ထီးတော်ကို ရွှေပြည်သာသို့ ပင့်ခဲ့သည်။ ဘုရားပွဲတွင် ယင်းထီးတော် အား ဂေါပကအဖွဲ့ ရန်ပုံငွေ (အများပြည်သူ ထည့်ဝင်ငွေ) ကျပ်သိန်း ၈၀၀ ခန့်ဖြင့် ရွှေထီးသစ် တင်လိုကြောင်း ပြောကြသည်။
ကိုသိန်းတန်က ရွှေပြားခတ်ပြီး ပူဇော်လျှင် ဘယ်လောက်ကုန်မည်ကို သိနေဟန်တူသည် စဉ်းစား ပြီးမှ အသေးစိတ်တိုင်ပင်ရန်၊ ထီးတော်ကို မန္တလေးပင့်ခဲ့ရန် ရွှေဆိုင်းပညာရှင်များနှင့် ညှိရန် ပြောခဲ့ရာ ကျွန်တော်နှင့် ကိုဒန်ကြီး၊ ဘချစ်တို့ တာဝန်ကျလာပြန်သည်။
“ ဘုရားကြီးကို ဘာလှူရရင် ကောင်းမလဲလို့ စဉ်းစားနေတုန်း ကိုစောလှထွန်း ခင်ဗျားတို့က ထီးကိစ္စပြောတော့ ဟန်ကျသွားတယ်“ဟု ဆိုပါသည်။
ဆက်လက်ဖေါ်ပြပါမည်…

No comments:
Post a Comment