Labels

Thursday, February 20, 2014

ဆူဇူကီးနဲ့ ဝါစတုသျှတ္တရ

တရုတ်ပြည်က ဖုန်းရွှေနည်းတူ အိန္ဒိယမှာလည်း ဂေဟဗေဒနဲ့ သက်ဆိုင်တဲ့ ရှေးဟောင်း ဗိသုကာ ပညာရပ်တစ်ခု ရှိပါတယ်။ ဒါကတော့ ဝါစတုသျှတ္တရပါပဲ။ ဒီပညာရပ်ကို ဟိုတစ်စ၊ သည်တစ်စ ကြားဖူး ဖတ်ဖူးပေမယ့် လူသိများ ကျော်ကြားလှတဲ့ ဖုန်းရွှေလောက် အကျွမ်းတဝင် မရှိခဲ့ပါဘူး။ အခုတော့ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် ဝါစတုသျှတ္တရဟာ အိန္ဒိယမှာ ယနေ့တိုင် ပန်းပန်နေဆဲ ဆိုတာ သိလိုက်ရပါတယ်။

မကြာသေးခင်က ဂျပန်ဆူဇူကီးကားကုမ္ပဏီရဲ့ လက်အောက်ခံ ၊ အိန္ဒိယက ထိပ်တန်းကားထုတ်လုပ်သူ မာရူတီ ဆူဇူကီးကုမ္ပဏီဟာ သူတို့ ယုံကြည်တဲ့ ဗေဒင်ဆရာတစ်ဦးဆီက ဂမ္ဘီရအစီအရင်တွေကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။

ပြီးခဲ့တဲ့လက မာရူတီဆူဇူကီးကုမ္ပဏီပိုင် စက်ရုံတစ်ရုံမှာ အလုပ်သမားတစ်ချို့ လုပ်ခ တိုးပေးဖို့ ဆူပူဆန္ဒပြရာက မန်နေဂျာဖြစ်သူကို မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် ဒီဖြစ်ရပ်မှာ အမှုဆောင်အရှာရှိတချို့လည်း ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အဲဒီလို အုံကြွမှုတွေ၊ သေဆုံးမှုတွေ ဖြစ်ပျက်ခဲ့တဲ့အတွက် ဗေဒင်ဆရာရဲ့ အကူအညီနဲ့ အစီအရင်တွေ လုပ်ပြီး စက်ရုံထဲမှာ ငြိမ်းချမ်းသာယာမှုတွေ ပြန်လည် ဖန်တီးဖို့ ကုမ္ပဏီဘက်က ကြိုးစားကြည့်ခဲ့တာ ဖြစ်ပါတယ်။

နယူးဒေလီမြို့တော် အပြင်မှာ တည်ရှိတဲ့ ဒီစက်ရုံမှာ အခုလို ဆူပူမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားတတ်တာကြောင့် မာရူတီဆူဇူကီးကုမ္ပဏီက သူ့ကို အလုပ်အပ်ခဲ့တယ်လို့ ဝါစတုသျှတ္တရ ကျွမ်းကျင်သူ၊ နက္ခတ်ဗေဒင်ဆရာ ဒေဗာဂျနာ ကေအန်ဆိုမာရာဂျီက မီဒီယာတွေကို ပြောပြပါတယ်။

သူ့အဆိုအရ ဒီစက်ရုံရဲ့ အခြေခံပုံစံဟာ ဝါစတုသျှတ္တရစနစ်နဲ့ တွက်ရင် အပြစ်အနာအဆာတွေ ရှိနေတယ်၊ တခြားစက်ရုံလုပ်ငန်းတွေဆီ ဒီလိုပြဿနာတွေ မပျံ့နှံ့စေဖို့ ဗာစတုသျှတ္တရနည်းနဲ့ ပြင်ဆင်ညှိနှိုင်းမှုတွေ လုပ်ရမယ်လို့ ဆိုထားပါတယ်။

ဝါစတုသျှတ္တရဟာ ဟိန္ဒိုတွေရဲ့ ဗိသုကာအတတ်ပညာ ဖြစ်ပြီး တရုတ်တွေရဲ့ ဖုန်းရွှေနည်းနဲ့ အလားသဏ္ဍာန် တူပါတယ်။ အဆောက်အအုံတွေရဲ့ စွမ်းအင်စီးဆင်းပုံကို အခြေခံ တွက်ချက်တဲ့ ဒီပညာရပ်ဟာ ရှေးခေတ်တုန်းက ဟိန္ဒိုဘုရားကျောင်းတွေ ဒီဇိုင်းချရာမှာ အသုံးပြုခဲ့သလို ဟိန္ဒိုလူမျိုးတွေ အနေနဲ့ ဒီပညာရပ်နဲ့ တည်ဆောက်တဲ့ အိုးအိမ်ဟာ ပျော်ရွှင်မှုနဲ့ ဥစ္စာဓနတွေကို ဖန်တီးပေးနိုင်တယ်လို့ အယူရှိကြပါတယ်။

တရုတ်တွေရဲ့ ဖုန်းရွှေကို ခရေဇီ ဖြစ်သူတွေဟာ အိန္ဒိယသားတွေရဲ့ ဝါစတုသျှတ္တရ ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ ဒီပညာရပ်ကို မြန်မာဘာသာနဲ့ အပြည့်အစုံ ပြန်ဆို တင်ဆက်ထားတဲ့ ကျမ်းမျိုး (ကျွန်တော် သိသလောက်) မတွေ့ရသေးပါဘူး။ ဂမ္ဘီရမဂ္ဂဇင်းမှာ ဆရာရန်အောင်ဟိန်း ဆိုသူက အနည်းအကျဉ်း ရေးဖူးတယ်လို့ ထင်ပါတယ်။

မှတ်ချက်-တစ်နေ့ကမှ စာအုပ်ဆိုင်ရောက်လို့ မွှေနှောက်ရာမှာ မြန်မာပြည်က ဆရာရန်အောင်ဟိန်းက ဝါစတုသျှတ္တရကို မြန်မာ့ရိုးရာအိမ်ခြံမြေပညာ ဆိုတဲ့ နာမည်နဲ့ စာအုပ် ထုတ်ထားတာ တွေ့ရပါတယ်။

ဘိုလို ကျွမ်းကျင်သူတွေအဖို့ကတော့ Vastu shastra ဆိုတဲ့ အမည်နဲ့ Google မှာ မွှေကြည့်နိုင်ပါတယ်။

ခုနက ဇာတ်လမ်းကို ပြန်ဆက်ရရင် မာရူတီဆူဇူကီးက တာဝန်ရှိသူက သူတို့ကုမ္ပဏီ အနေနဲ့ ဗေဒင်ဆရာတစ်ယောက်ဆီက လောကီအစီအရင်တွေ လုပ်ဖို့ အကူအညီ ယူ၊ မယူကို အတည်ပြု ပြောပြဖို့ ငြင်းဆန်ခဲ့ပေမယ့် ဗေဒင်ဆရာဆိုမာရာဂျီကတော့ သူဟာ ကုမ္ပဏီက ပုဂ္ဂိုလ်တချို့နဲ့ တွေ့ဆုံပြီး သူ့အလုပ်ကိုတောင် စနေပြီလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုးလ်ကတ္တားက ဝါစတုသျှတ္တရကျွမ်းကျင်သူ တစ်ဦး ဖြစ်တဲ့ သြောဒက်ရှ်အဂ္ဂါဝယ်လ်က မာရူတီဆူဇူကီး ဒီစက်ရုံမှာ အကျိုးမပြုတဲ့ ဆန့်ကျင်ဘက် အငွေ့အသက်တွေ ရှိနေတယ် တကယ်လို့ ဝါစတုသျှတ္တရနည်းနဲ့သာ မှားနေတာတွေ ပြင်လိုက်ရင် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနဲ့ ချမ်းသာမှုတွေ စက်ရုံမှာ ပြန်လည် ဖြစ်ထွန်းလာမယ်လို့လည်း သူက မှတ်ချက်ပြုသွားပါတယ်။

သတင်းအသေးစိတ်ကိုမှ ဘိုလို ဖတ်ချင်သူများအတွက် ဟောဒီလင့်ခ်မှာ သွားရှုနိုင်ပါတယ်။

ကဲ... နာမည်ကျော် ဂျပန်ဆူဇူကီးကားကုမ္ပဏီ လက်ခွဲ အိန္ဒိယဆူဇူကီးလို လုပ်ငန်းကြီးတစ်ခုက အခုလို ရှေးဟောင်းအတတ်ပညာတစ်ခုကို သူတို့ လုပ်ငန်း တိုးတက်ရေးအတွက် အသုံးပြုတယ်ဆိုတဲ့ သတင်းဟာ အိုင်တီခေတ်၊ သိပ္ပံခေတ်လို့ အသံဝင် မတတ် ကြွေးကြော်နေတဲ့ မျက်မှောက်ကာလမှာ နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းမနေဘူးလားဗျာ။

Ref:myastroview.com
Photo: ဆူဇူကီးနဲ့ ဝါစတုသျှတ္တရ

No comments:

Post a Comment