တရားရုံးဆိုသည်မှာ
ငြင်းကြခုံကြ အော်ကြဟစ်ကြ ဆဲကြဆိုကြ ၊ အနိုင်လိုချင်သော ဇော ခုနှစ်တန် ၊
လောဘ ဒေါသ မောဟ သောက တို့ ပြွတ်သိပ်ကြပ် နေသော နေရာဌာနဖြစ်ပါသည်။
တရားသူကြီးများသည် ရုံးအလုပ် ရုံးမှာထား အိမ်မပါစတမ်း နေနိုင်ကာမှ အသက်ရှည် အဆင်းလှပေမည်။
သို့မဟုတ်က မိန်းကလေး တရားသူကြီးများမှာ မျောက်ရုပ်ပေါက်ကုန်ကြလိမ့်မည်ဖြစ်ပြီး ယောက်ကျားလေး တရားသူကြီးများမှာလည်း အက်ဖ်ဖိုးမင်းသားများကဲ့သို့သော ရုပ်ဆင်းအင်္ဂါဖြင့် အိုမင်းရင့်ရော် ကုန်ကြမည်မှာဧကန်။
ကျွန်တော်ကိုယ်တိုင် အပါအ၀င် တရားသူကြီး အများစုမှာ နှလုံးသား ကြံ့ခိုင်ကြသူများဖြစ်ကြသည်။
တရားခံတစ်ဦးကို ထောင်ချလိုက်သည်ဆိုပါစို့။ နှစ်ဖက်အပြန်အလှန် ဥပဒေက ပေးသော အခွင့်အရေး တန်းတူ ရရှိခဲ့ကြပြီး ကိုယ်ကိုယ်တိုင်လည်း ဘာမှပါဝင်ပတ်သက်ထားတာ မရှိဘူးဆိုလျှင် ကျွန်တော်တို့သည် ဘာမှဝမ်းနည်းဝမ်းသာ ခံစားနေစရာ မရှိပေ။
သူ့အပြစ်ကို သူခံရတာဘဲ ဖြစ်သည်။ ထို့ကြောင့် တရားသူကြီးများသည် တရားခွင်တွင် မျက်နှာသေကြီး တွေနှင့် ထောင်ဒဏ် ငွေဒဏ် သေဒဏ် အမျိုးမျိုး ချမှတ်နေနိုင်ကြခြင်းဖြစ်သည်။
x x x x x
သို့သော် . . . .
အချို့ အချို့သော အမှုများသည် လောကဓမ္မတာထက် ကျော်လွန်ထူးဆန်းသည်ဖြစ်ရာ အိမ်ပါရုံမျှမက တစ်သက်စာ အမှတ်ရနေမိတတ်ပါသည်။
ထိုနေ့က စီရင်ချက်ချမှတ်လိုက်သော အမှုအတွက် ကျွန်တော့တွင် အမျိုးအမည် အရောင်အသွေး မပြောပြနိုင်သော စိတ်ခံစားချက်တစ်ရပ်ကို ခံစားခဲ့ရပါသည်။
ချစ်ခြင်း မေတ္တာ ဆိုတဲ့အရာသည် ကျနော်တို့ ပညာတတ် ခေါင်းတွေ ဥနှောက်တွေနှင့် မမီ ယုတ္တိဗေဒ၏ အပြင်ဘက်က အရာပါတကား။
အမှုက ရိုးရိုးလေးပါ။ ချဲထီ လောင်းကစားသည့် အမှု။ လောင်းကစားဥပဒေပုဒ်မ ၁၅(က)။ ၁၅(က) ဆိုတော့ ဒိုင်လုပ်တဲ့ပုဒ်မပေါ့။
တရားခံနှစ်ဦးမှာ လင်မယား ဖြစ်ပါသည်။
ကိုစိန် နှင့် မနှင်းဆီ တို့ နှစ်ဦးသား ပေါင်းဖက်လာကြတာ ဘယ်တုန်းကတည်းကမှန်း ကျွန်တော်မသိပါ။
အမှုနှင့် ပတ်သက်သမျှကိုသာ ကျွန်တော်သိပါသည်။
ကျွန်တော် သိသလောက် ပြောပြရလျှင် . . ..
သူတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းက ရပ်ကွက်ဈေးထဲတွင် သားငါးရောင်းချခြင်းဖြစ်သည်။
ပထမတော့ ကိုစိန်က ဈေးထဲ ရေထမ်း ရောင်းသူဖြစ်သည်။ ငါးသည်မ မနှင်းဆီနှင့် အကြောင်းပါသည့်အခါမတော့ မနှင်းဆီလုပ်ငန်းများကို ဦးစီးလုပ်ကိုင်သည်။
မနှင်းဆီ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းပေးထားပြီး သူ့အနားမှာသာထိုင်နေ။ ကျန်တာသူအကုန်လုပ်သည်။
ရေခပ် တံမျက်လှည်း ထမင်းဟင်းချက် ဈေးရောင်း ဈေးသိမ်း၊ ဆိုပါစို့ဗျာ မနှင်းဆီ လုပ်စရာကို မကျန်အောင် သူအကုန်လုပ်သည်။
ဤသို့ဖြင့် တစနှင့်တစ စီးပွားရေးလေးလည်း ထိုက်သင့်သလောက် အဆင်ပြေလာသည်။
ယခုအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်သော ဘ၀ကို လူသားတိုင်း လိုလား တောင့်တပါသည်။
ဤနိယာမအတိုင်း ကိုစိန်နှင့် မနှင်းဆီတို့သည် အရချောင်သော ချဲထီနှစ်လုံးထီဒိုင် အဖြစ် လုပ်ငန်းကိုတိုးချဲ့ လုပ်ကိုင်မိလေသည်။
မနှင်းဆီက စာရေးတတ်ဖတ်တတ် တွက်တတ်ချက်တတ်ဖြစ်သည်။
သို့နှင့် တစ်နှစ်ခြောက်လအတွင်း ချက်ခြင်းလက်ငင်းဆိုသလို ပြောင်ပြောင်ရောင်ရောင်တွေ ဖြစ်လာသည်။
ခုတော့ခက်ပြီ။ သတင်းအရ ရဲက သူတို့အိမ်ကို ၀င်ရောက်ရှာဖွေဖမ်းဆီးသည်။ ချဲထီနှင့်ပတ်သက်သည့် ဘောက်ချာ၊ လယ်ဂျာ၊ ငွေကြေးမှ၍ ချဲထီလောင်းကစား ဒိုင် ပြုလုပ်သည့် စာရွက်စာတမ်းများ ဖမ်းမိသည်။
ဖမ်းဆီးသော ဒုရဲအုပ်သည် သဘောကောင်းသူဖြစ်သည်။
ဒီအိမ်မှာ နှစ်ယောက်တည်း ရှိတာ တစ်ယောက်ကို တရားခံအဖြစ် ဖမ်းဆီးလျှင်ရပါသည်။ သင်တို့ နှစ်ဦးအနက် မည်သူတရားခံအဖြစ် အဖမ်းခံမလဲ မေး၏ ။
ရဲအရာရှိရှေ့တွင် နှစ်ဦးသား အကြီးအကျယ် ငြင်းခုန်စကားများကြလေသည်။
ကိုစိန်က မနှင်းဆီကို . . .
``ဒီအိမ်မှာ ငါအိမ်ထောင်ဦးစီး ငါအဖမ်းခံမယ်။ ငါ့ တာဝန်ဖြစ်တယ်။ ဒါပေမယ့် မနှင်းဆီရေ မင်းကိုငါ အပြင်မှာ ထားခဲ့ရမှာ စိတ်မချဘူး။ ငါ့ကွယ်ရာမှာ အခြားသူနဲ့ ဖောက်ပြန်မှာပေါ့၊ အဲဒါမျိုးငါအရမ်းရွံတာ။ ထွီ ၊ သူများနောက်ကို နင်ပါသွားရင် ငါရင်ကွဲပြီ။ အဲတော့ နင် ၀င်လိုက်။´´
အင် ၊ မနှင်းဆီ အင်ကနဲဖြစ်သွားတယ်။
မနှင်းဆီက `` ကိုစိန် ရှင်ကျမကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ထားခဲ့တဲ့ ရှင့်ကျေးဇူးတွေက ကျမတစ်သက် ဆပ်လို့မကုန်ဘူး၊ ရှင်နဲ့ရမှာ ကျမမှာ အကုန်အဆင်ပြေတာ။ အဲသည်တော့ ရှင်ပြောသလို ကျမအထဲဝင်မယ်။ ဒါပေမယ့် ကိုစိန်၊ ကျမမရှိရင် ရှင်အငြိမ်နေပါ့မလား။ ရှင့်အကြောင်း ကျမအသိဆုံး။ ရှင်မရှိလို့ ကျမ မဖြစ်ဘူးကိုစိန်ရဲ့ ၊ အဲတော့ ရှင် ၀င်လိုက်။´´
အင် ၊ သည်တစ်ခါ အင်ကနဲဖြစ်တာက ရဲအရာရှိပါ။ ဦးထုတ်ကိုချွတ်လိုက်သည်။ လေးစားတဲ့အမူအယာကို ပြသလိုက်ခြင်းမဟုတ်။ ဦးထုတ်ချွတ်ပြီး ခေါင်းကို တစ်ဗျင်းဗျင်း ကုတ်တော့သည်။
``အော်ကြီး ဟစ်ကျယ်တွေ လုပ်မနေကြနဲ့ အပြင်မှာ လူတွေဝိုင်းကြည့်နေကြတယ်။ ကြာရင် ဒီကကောင် အလုပ်ပြုတ်လိမ့်မယ်။ ကဲ ဘယ်သူ လိုက်မှာလဲပြော။´´
ကိုစိန်က ကွမ်းတွေစားထားတဲ့ သွားရဲရဲကြီးတွေနဲ့ အံကြိတ်ပြီး ပြောလိုက်တယ် .. .
``ကျုပ်လိုက်မယ်။´´
မနှင်းဆီက သူ့နှုပ်ခမ်း ဖူးဖူးလေးကို ကိုက်ပြီး ပြောလေတယ်။
``မရဘူး ကျမလိုက်မယ်။´´
ကျူပ်လိုက်မယ် ကျမလိုက်မယ်နဲ့ အတန်ကြာအောင် ငြင်းခုန်ကြပြီး နောက် နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာပါသည်။
ကျွန်တော် ကျမတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြင်မှာ မထားခဲ့ရက်နိုင်ဘူး။ စိတ်မချနိုင်ကြဘူး။ ဒီတော့ နှစ်ယောက်စလုံးလိုက်မယ်။
``ဟိုက်ရှားလဘတ်´´
ဒီတစ်ခါရဲအရာရှိ ဦးထုတ်ချွတ်လိုက်တာက တော့ သူတို့နှစ်ဦးအပေါ် လေးစားသမှုကို ပြသလိုက်တာပါ။
ချဲမှု နှစ်လုံးထီမှု များတွင် ထုံးစံအားဖြင့် တစ်ယောက်ယောက်က ၀န်ခံလိုက်သည်။
ယောက်ကျားလုပ်သူ က ၀န်ခံတာလည်းရှိသည်။
မိန်းမဖြစ်သူ ၀န်ခံတာလည်းရှိသည်။
ယောက်ကျားဖြစ်သူက ကျားကျားယားယား မို့ အနေအစား ဆင်းရဲတဲ့ဒဏ်ခံနိုင်တယ်။ မိသားစုအတွက် အနစ်နာခံတယ်၊ ကလေးသူငယ်ရှိလျှင်လည်း မိန်းမက အပြင်မှာ ကြည့်ရှုစောင့်ရှောက်နိုင်တယ် ဆိုသည့်အယူအဆရှိသလို . . .
မိန်းမဖြစ်သူက ထောင်ကျလျှင် မိန်းမသားဖြစ်သဖြင့် အခွင့်အရေးတွေပိုရသည်။ အထူးသဖြင့် ယခင်ကဆို ရဲဘက်ကို မလိုက်ရ။ လူသားချင်း စာနာသည့် အကူညီများလည်း ပိုရတတ်သည်ဟူသော အယူအဆလည်း တစ်နည်းအားဖြင့် ရှိကြသည်။
ခုလို နှစ်ယောက်သား အကျေအလည် ညှိနှိုင်းပြီး နှစ်ယောက်စလုံး ၀န်ခံတာမျိုး မရှိပေ။
လင်မယားနှစ်ယောက်စလုံး ၀န်ခံကြလျှင် နှစ်ယောက်စလုံးသာ အတိ ဒုက္ခရောက်ဖွယ်ရှိသည်။ အကျိုးများစရာအကြောင်း ဘာတစ်ခုမှ မရှိပေ။
ဘယ်အရူးမှ ထိုသို့ဝန်မခံကြ ဟုသာပြောချလိုက်ချင်ပါတော့သည်။
ကိုစိန် နှင့် မနှင်းဆီတို့နှစ်ယောက် ရူးများနေကြလား။
သူတို့ နှစ်ယောက်သည် အရူးထက်ပင်ဆိုးသော အရူးများဖြစ်ကြပါသည်။
အဲလိုနဲ့ နှစ်ယောက်စလုံး ရဲစခန်း ရောက်ကြပါလေရောပေါ့ဗျာ။
ရဲစခန်းထဲရောက်တော့ အချုပ်ထဲကိုထည့်တော့တာပေါ့။
ပြဿနာက အဲသည်မှာ စတော့တာပဲဗျို့ ။
ညိုလွင်ဦး

No comments:
Post a Comment