၂၀၁၄ ခုနှစ်မှာ ဗြိစ္ဆာရာသီဖွားများရဲ့ ကံကြမ္မာအခြေအနေဟာ အလုပ်အကိုင်ကိစ္စအပါအ၀င် ကိစ္စအတော်များများမှာ သတိကြီးကြီးထား ပြီး လုပ်ကိုင်ဆောင်ရွက်ရမည့် အနေအထားမျိုးဖြစ်နေပါတယ်။ ဒီနှစ်ဟာ စွန့်စာခြင်း နှင့် ရင်းနှီးမြုတ်နှံမှုများအတွက် ကောင်းလှတဲ့ နှစ်တော့ မဟုတ်ဘူး။ အိမ်ထောင်ရေး နှင့် ကျန်းမာရေးကိစ္စများမှာလည်း အထူးသတိထားရမယ့် နှစ်ဖြစ်တယ်။ ဒီနှစ်ဟာ ဗြိစ္ဆာရာသီဖွားများအတွက် ပဉ္စလက်ဆန်တဲ့ နှစ်မျိုးဖြစ်တတ်တယ်။ တစ်နှစ်လုံး အခက်အခဲတွေ ၊ ပြဿနာတွေ ၊ စိတ်ဓာတ်ကျစရာတွေ တစ်ပုံကြီး ရှိနေရာကနေ နှစ်လည်း ကုန်ခါနီးရော မျက်လှည့်ပြလိုက်သလို တမဟုတ်ခြင်း ကောင်းစားသွားနိုင်တဲ့ နှစ်မျိုးဖြစ်နေတာကို ဗြိစ္ဆာရာသီဖွား အများစု ကြုံကြရလိမ့်မယ်။
ဒီနှစ်ကို ကျော်ဖြတ်တဲ့ နေရာမှာ အရာရာတိုင်းကို "သတိ" ဆိုတဲ့ စကားလုံးကို ခေါင်းထဲမှာ ထည့်ထားဖို့ လိုတယ်။ စားသတိ၊ သွားသတိ၊ လာသတိ၊ လုပ်သတိ ဆိုပြီး သတိကပ်နေရမယ်။ ၀ိပဿနာ လုပ်ခိုင်းတာမဟုတ် - ဘေးဥပဒ် ကြီးကြီးမားမားတစ်ခု ကြုံရဖွယ် ရှိလို့ သတိတရား ထားဖို့ သတိပေးနေရခြင်းဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွား အားလုံး ဖြစ်မယ် မဆိုလို။ ဒါပေမယ့် ရာခိုင်နှုံးအတော်များများမှာ အလုပ်အကိုင် နဲ့ ကျန်းမာ ရေး ၊ အိမ်ထောင်ရေးတွေမှာ ပြဿနာကြီးတွေ ကြုံနိုင်တဲ့ နှစ်ဖြစ်တယ်။ ဒါပေမယ့် နှစ်မကုန်ခင်အတွင်းမှာဘဲ ရုတ်တရက် ကံဇာတာ ထိုးတက်သွားမယ့် အခြေအနေမျိုးကလည်း ရှိနေလို့ စိတ်ဓာတ်တော့ အရမ်းကျရမယ့် နှစ်မဟုတ်ဘူးလို့ ဆိုရပြန်မှာ ဖြစ်တယ်။
ဒီနှစ်ဟာ အရမ်းကာရောကြီး စွန့်စားရမယ့် နှစ်မျိုးမဟုတ်ဘဲ ကိုယ့်အခြေအနေအရပ်ရပ်ကို "ခံစစ်" အနေအထားနဲ့ ပြင်ဆင် ထားရမှာ ဖြစ်တယ်။ ဒီနှစ်မှာ တိုက်စစ် ပုံစံမျိုးနဲ့ ရဲဝံ့စွန့်စားဖို့ မသင့်တဲ့ နှစ်မျိုးဖြစ်တယ်။ တရားဥပဒေနဲ့ ညိစွန်းနေတဲ့ အလုပ်များကို လုပ်နေသူဖြစ်ရင်တော့ ဒီနှစ်မှာ သူ့ထက် အန္တရာယ်ရှိတာတောင်မှ သူလောက် အန္တရာယ် မရှိဘူးလို့ ဆိုရတော့မှာ ဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာ
....................
ဒီနှစ်မှာ အံ့သြတိုက်ဆိုင်စွာပင် ဗြိစ္ဆာရာသီဖွားများရဲ့ စိတ်ခံစားမှုဟာ တစ်စံတစ်ခုကို ကြိုသိနေသလို ဖြစ်နေတတ်တယ်။ စိတ်ထဲမှာ မသိုးမသန့် ဖြစ်နေတတ်တယ်။ အန္တရာယ်ကို ကာကွယ်လိုစိတ် မြင့်မားနေတာမျိုး ဖြစ်နေတတ်တယ်။ ဒီနှစ်မှာ သင်ဟာ စိတ်တည်ကြည်ခိုင်မာ နေလိမ့်မယ်။ မိမိရဲ့ အနေအထား ပိုင်ဆိုင်မှုကို တည်မြဲအောင် ကာကွယ်လိုစိတ် မြင့်မားနေမယ်။ အခက်အခဲများကို ရင်ဆိုင်ရသည့်တိုင်အောင် စိတ်ဓာတ် အလွယ်တကူ မကျဘဲ ရှိနေတတ်တယ်။ ခိုင်မာတဲ့ စိတ်ဓာတ် ရှိနေမယ်။ မိမိအတွက် အဆုံးအရှုံးများ နစ်နာမှုများ ကြုံရသည့်တိုင်အောင် မတုန်မလှုပ် ရှိနေတတ်တယ်။ ဒီနှစ်ဟာ ဗြိစ္ဆာရာသီဖွားများဟာ ဘ၀လောကဓံကို အကောင်းဆုံးအနေအထားနဲ့ ရင်ဆိုင်နိုင်မယ့် စိတ်ဓာတ်အခံမျိုး ရှိနေမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ပိုင်းအရ ဒီနှစ်မှာ လုံးဝ မကျရှုံးနိုင်တဲ့ နှစ်မျိုးဖြစ်လိမ့်မယ်။
စီးပွားရေး နှင့် အလုပ်အကိုင်
....................................
ဒီနှစ်ဟာ ဗြိစ္ဆာရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်ကိစ္စများဟာ အင်မတန် အရေးကြီးလာတဲ့ အနေအထား ရှိပါတယ်။ ဒီနှစ်မှာ ဗြိစ္ဆာရာသီဖွားများအတွက် အလွန်အရေးကြီးတဲ့ အလုပ်ပုံစံ (၂)ခုကို တွေ့မြင်ရပါတယ်။ အဲဒါကတော့ (၁) ဒီနှစ်မှာ အလုပ်သစ် ၊ အကိုင်သစ် တစ်ခု စတင်တည်ထောင်မည့် ဗြိစ္ဆာရာသီဖွား နှင့် ၊ နံပါတ် (၂) မိမိလုပ်ကိုင်နေသည့် အလုပ်သည် အစိုးရ နည်းဥပဒေများနှင့် တနည်းနည်း ညိစွန်းနေသည့် ဗြိစ္ဆာရာသီဖွားများဖြစ်လျှင် ဒီနှစ်မှာ အလွန်အရေးကြီးပါတယ်။
နံပါတ်(၁)ပုံစံဖြစ်တဲ့ အလုပ်သစ် ၊ အကိုင်သစ်ကို စတင်လုပ်ကိုင်မည့်သူဖြစ်လျှင် ဒီနှစ်မှာ ၀မ်းနည်းစွာနဲ့ သတင်းစကားပါးရမှာကတော့ ဒီနှစ်မှာ တည်ထောင်တဲ့ လုပ်ငန်း (၉၀)% ဟာ အရှုံးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဆုံးရှုံးမှုဟာ အလွန်များပြားနိုင်ပါတယ်။ သာမန်ဆုံးရှုံးမှု မဖြစ်နိုင်ပါ။ မိမိဘ၀ ပျက်သုန်းသွားနိုင်လောက်တဲ့ ဆုံးရှုံးမှုမျိုး ဖြစ်ပါလိမ့်မယ်။ (၁၀)% မျှသော ဂြိုဟ်ကောင်းထဲမှာ ရောက်နေကြသူများသာ လွတ်မြောက်ပါ လိမ့်မယ်။ ဒီလို စီးပွားပျက်သုန်းခြင်းရဲ့ အဓိက တရားခံကတော့ လုပ်ဖော်ကိုင်ဖက်ခြင်း နောက်ကျောကို ဒါးနဲ့ ထိုးခံရတာဘဲ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ခြင်း သစ္စာဖောက်ခံရတာမျိုးဖြစ်ပါလိမ့်မယ်။
နောက်ပုံစံတစ်ခုဖြစ်တဲ့ ကိုယ့်အလုပ်ဟာ အစိုးရ နည်းဥပဒေများနှင့် ညိစွန်းနေရင် ဒီနှစ်မှာ တရားဥပဒေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာလည်း အတော်ပြင်းထန်လောက်ပါတယ်။ မိမိပိုင် စီးပွားဥစ္စာများပါ ပျက်သုန်းယုံမက လူလည်း ထောင်တန်း ကျသွားနိုင်ပါတယ်။ ဒါကြောင့် ဘ၀ပေးအခြေအနေအရ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်များ လုပ်နေသူများ ဒီနှစ်မှာ အထူးသတိထားပြီး ကြိုတင်ကာကွယ်မှုတွေ ရယူထားပါ။
အဲဒီ အထက်က ပုံစံ(၂)မျိုးမှာ မပါတဲ့သူများဖြစ်တဲ့ - မိမိရဲ့ အလုပ်ဟောင်းကလေးကိုဘဲ စွဲစွဲမြဲမြဲ လုပ်နေသူများနှင့် သမာအာဇီဝကျတဲ့ လုပ်ငန်းများနဲ့ အသက်မွေးနေသူများအတွက်ကတော့ အထက်က ဘေးဥပဒ်များနှင့် လွတ်ကင်းမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ဗြိစ္ဆာရာသီဖွားများဟာ အလုပ်ကြီးအကိုင်ကြီး လုပ်သူများမှ အောက်ခြေသိမ်း ၀န်ထမ်းအလုပ် လုပ်ကိုင်သူများအထိ ရိုးသားဖြောင့်မတ်စွာဖြင့် ဘ၀ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကို မရိုးမဖြောင့်လုပ်ရင်လည်း အထက်က ပုံစံ(၂)မျိုးမှာ ပါသွားနိုင်ပါတယ်။
ဒါဆိုရင် ဗြိစ္ဆာရာသီဖွားများရဲ့ ဒီနှစ်ကံဟာ အလွန်ဆိုးသလားလို့ မေးပြန်ရင်တော့ - အထက်က ပုံစံ(၂)မျိုးသာ လွတ်ကင်းပါစေ။ ဒီနှစ်ဟာ ဗြိစ္ဆာရာသီဖွား အများစုဟာ မိမိရဲ့ နာမည်တစ်လုံးကျော်စောထင်ရှားပြီး လူအများရဲ ထောက်ခံမှုကိုလည်း တစ်ခဲနက် ရရှိမယ့် ကံဇာတာမျိုး ရှိနေပြန်ပါတယ်။ ဒီနှစ်ဟာ အနုပညာရှင်များ ၊ နိုင်ငံရေးသမားများ ၊ ကိုယ့်အလုပ်ဟာ နာမည်တစ်ခုဖောက်ပြီး လုပ်ကိုင်စားသောက်နေသူများ အတွက် ထူးခြားစွာ အောင်မြင်တိုးတက်ပြီး နာမည်တစ်လုံးပေါက်ရောက်ထင်ရှားမယ့် နှစ်လည်း ဖြစ်ပါတယ်။
အလုပ်ကို ရိုးသားကြိုးစားစွာလုပ်သည့် ၀န်ထမ်းများမှာလည်း ဒီနှစ်မှာ ရာထူးလစာ တိုးတက်မှု ၊ နေရာကောင်းများကို နေရာချထားခံရမှုများ ကြုံရပါမယ်။ အလုပ်ရှင် နှင့်သော် ၎င်း ၊ လုပ်ဖော်ကိုင်ဖက်များနှင့်သော်၎င်း အမြဲပြဿနာ တက်နေသူများကတော့ ဒီလို အခွင့်အရေးမျိုးကို မမျှော်မှန်းနိုင်ပါဘူး။ ဒါကြောင့် ဒီနှစ်မှာ ဗြိစ္ဆာရာသီဖွားများအတွက် အလုပ်နှင့်စီးပွားရေးကံကောင်းဖို့ မှန်ကန်ဖြောင့်မတ်မှုဟာ အလွန့်အလွန်အရေးကြီးလှပါတယ်။(မနှစ်ကလည်း ဒီလို အရေုးကြီးတဲ့နှစ်ဖြစ်နေခဲ့တာလည်း သတိပြုစရာပါ)
ဒီနှစ်အတွက် အမျိုးသမီး အလှအပ အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ ၊ ဖက်ရှင် ဒီဇိုင်း အ၀တ်အထည် လုပ်ငန်းများ ၊ ရေသန့် အချိုရည် လုပ်ငန်းများ ၊ ရေထွက်ပစ္စည်း နှင့် ဆားလုပ်ငန်း - ငါးလုပ်ငန်း များ လုပ်ကိုင်သူများ ၊ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက်ဆိုင်ရာ လုပ်ငန်းများ ၊ ၀န်ဆောင်မှု လုပ်ငန်းများ ၊ စာ/နယ်/ဇင်း လုပ်ငန်းများ ၊ ပညာသင်ကြားရေး နှင့် ပတ်သက်နေသော လုပ်ငန်းများ ၊ ဘဏ် လုပ်ငန်း များ ၊ အာမခံ လုပ်ငန်းများ ၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းများ ၊ တရားဥပဒေဆိုင်ရာ လုပ်ငန်းများ ၊ ယာဉ်ကား လုပ်ငန်းများ လုပ်ကိုင်သူများ အထူးကျေးဇူးများမယ့် နှစ်ဖြစ်တယ်။
ငွေကြေးဆိုင်ရာ
....................
ဗြိစ္ဆာရာသီဖွားများအတွက် ဒီနှစ်ရဲ့ ငွေကြေးကံဇာတာဟာ သိပ်ညံ့တဲ့အထဲမှာ မပါပါဘူး။ ဒါပေမယ့် ငွေစုငွေပုံကြီးတွေ ၀င်တတ်တဲ့ နှစ်မျိုးတော့လည်း မဟုတ်ပေဘူး။ ဒီနှစ်ဟာ မိသားစုဘ၀လေး ပျော်စရာကောင်းလောက်တဲ့ ၀င်ငွေမျိုးကတော့ ၀င်မှာပါ။ ငွေကြေးအတွက် စိတ်သောက ရောက်ရတတ်တဲ့ နှစ်မျိုးလို့တော့ မဆိုနိုင်ပါ။ ဒီနှစ်ရဲ့ နှစ်စပိုင်းမှာ တစ်ကြိမ် နှစ်ကုန်ခါနီးလေးမှာ တစ်ကြိမ် ငွေကြေးကံဟာ တိုးတက်စရာ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ဟာ ငွေကြေးကံ အလွန်အမင်း မမြင့်မားတတ်လို့ ငွေကြေးနောက်ကို အသည်းအသန် လိုက်နေလို့ မရနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်ဟာ ဘုရားသခင် ချီးမြှင့်သလောက် ၊ ကံပေးသလောက်ဘဲ ရောင့်ရဲ တင်းတိမ်သင့်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ အထက်က ဆိုခဲ့တဲ့ အလုပ်စီးပွားပုံစံ (၂)ခုမှာ ၀င်နေတဲ့ သူများကျတော့ ငွေကြေးအမြောက်အများပင် ဆုံးရှုံးကိန်း ရှိနေတာကို တွေ့ရပြန်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ငွေနောက်ကို လောဘတစ်ကြီး မလိုက်ပါနဲ့ - ကံတရားက သင့်ကို ပစ်ထားမှာ မဟုတ်ပါဘူးလို့ဘဲ ပြောချင်ပါတယ်။
ပညာရေး
............
ပညာရေး နှင့် ပတ်သက်လျှင် ဗြိစ္ဆာရာသီဖွားများအတွက် သူများကို ကူညီရင်းနဲ့ ကိုယ့်ရဲ့ ပညာရေးကံပါ မြင့်မားလာမည့် နှစ်ဖြစ်ပါတယ်။ ဒီနှစ်မှာ ပညာရေးနဲ့ ပတ်သက်ပြီး မတွန့်တိုပါနဲ့။ မနာလို ၀န်တိုစိတ်များ မဖြစ်ပါနဲ့။ ကိုယ့်ထက် သာသူများကို မုဒိတာ ထားပါ။ ကိုယ့်ထက် နိမ့်ကျသူများကို ကူညီပါ ။ ဒီလိုနဲ့ ကိုယ့်ရဲ့ ပညာရေးကံဟာ မြင့်မားလာပါလိမ့်မယ်။
အချစ်ရေး
............
ဒီနှစ်အတွက် ဗြိစ္ဆာရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး ကံကောင်းတိုးတက်မှု များမယ့်နှစ်ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး တကယ့်အချစ်စစ်နဲ့ ချစ်ကြသူများအတွက် အချစ်ရေးနှင့် ပတ်သက်ပြီး စိတ်ဝမ်းချမ်းမြေ့ရမယ့် နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးကိစ္စ ၊ လိင်ကိစ္စ များအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ ချစ်သူများမှာ ဒီနှစ် အလွန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်မျိုး ၊ ကြေကွဲစရာမျိုး ကြုံဆုံ တတ်ပါတယ်။ ဒီလိုနှစ်မျိုးမှာမှ အချစ်ရေးကံ မကောင်းဘူး ဆိုရင် ဘယ်သူမပြု မိမိမှုလို့သာ အောက်မေ့ရတော့မှာ ဖြစ်ပါတယ်။ လက်ထပ်ရန် ကြံရွယ်ထားသော ချစ်သူများမှာလည်း မင်္ဂလာကိစ္စ အခက်အခဲ သိပ်မရှိလှဘဲ အထမြောက် အောင်မြင်လိမ့်မယ်လို့ တွေ့ရပါတယ်။
အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................
ဒီနှစ်မှာ ဗြိစ္ဆာရာသီဖွားများအတွက် အိမ်ထောင်ရေး/မိသားစုအရေးဟာ အလွန်အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီနှစ်မှာ မိမိ အနေနဲ့ အိမ်ထောင်ရေး သစ္စာဖောက်မှု ခံရနိုင်ပါတယ်။ သို့မဟုတ်ရင်လည်း မိမိတို့ မိသားစုရဲ့ ပျော်ရွှင်မှုကို မနာလိုသူများက ကတုန်းကတိုက် လုပ်မှုကြောင့်လည်း အိမ်ထောင်ရေး ပြဿနာကြီးများ ၀င်နိုင်ပါတယ်။ နောက်ဆုံးဖြစ်နိုင်ချေ တစ်ခုကတော့ မိမိရဲ့ အိမ်ထောင်ဘက်ဖြစ်သူ အပြင်းအထန် နာမကျန်းမှု ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီနှစ် ဗြိစ္ဆာရာသီဖွားတို့ရဲ့ မိသားစု နဲ့ အိမ်ထောင်ရေးဘ၀ဟာ အထက်က ပြဿနာ တစ်ခုမဟုတ် တစ်ခု ကြုံနိုင်တယ်လို့ တွေ့ရပါတယ်။ ရာနှုံး (၇၀)မျှသော ဗြိစ္ဆာရာသီဖွားများ ကြုံရနိုင်ပါတယ်။ (၃၀)% ခန့်သာ အရိပ်အယောင် ပြယုံမျှလောက်ပြပြီး လွတ်ကင်းနိုင်ပါလိမ့်မယ်။ အထူးသတိထားပါ။
ကျန်းမာရေး
...............
ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ မိမိရဲ့ ကျန်းမာရေးထက် မိမိရဲ့ မိသားစု ကျန်းမာရေးက ပိုပြီး အရေးကြီး နေတတ်ပါတယ်။ အိမ်ထောင်ကျပြီးသူများ မိမိအိမ်ထောင်ဘက် နှင့် သားသမီးများရဲ့ ကျန်းမာရေး ဂရုစိုက်ပါ။ အိမ်ထောင်မကျသေးသူများ မိမိရဲ့ မိဘများ နှင့် ညီအစ်ကို မောင်နှမများရဲ့ ကျန်းမာရေးကို ဂရုပြုပါ။ ကိုယ်နဲ့ နီးစပ်စွာ သံယောဇဉ်ထားရသူများကြောင့် ကျန်းမာရေးအတွက် စိတ်သောက ပွေရတတ်တဲ့ နှစ်မျိုး ဖြစ်ဖွယ် ရှိပါတယ်။
ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................
ဗြိစ္ဆာရာသီဖွားများအတွက် ဒီနှစ်မှာ ပဉ္စလက်ပြလိုက်သလို ရုတ်တရက် ကောင်းစားသွားမယ့် ကိစ္စထဲမှာ ခရီးကိစ္စ ၊ နိုင်ငံခြားခရီးကိစ္စ ၊ နိုင်ငံရပ်ခြားများသို့ အလုပ်သွားရောက်ခြင်း ကိစ္စ ၊ နိုင်ငံရပ်ခြားများနှင့် အဆက်အသွယ်ကောင်းများ ရရှိတဲ့ ကိစ္စများ အများဆုံးပါဝင် နေပါတယ်။ ဒီနှစ် နိုင်ငံခြားခရီး ရှိဖို့များပါတယ်။ အစိုးရ၀န်ထမ်းများ ပညာတော်သင် နိုင်ငံခြားခရီးများ သွားလာရတတ်ပါတယ်။ နိုင်ငံခြားသို့ ပညာသွားရောက် သင်ကြားမည့်သူများလည်း အထမြောက်အောင်မြင်မည့် နှစ်ဖြစ်ပါတယ်။ ပြည်တွင်းခရီးများလည်း မကြာခဏသွားလာရတတ်ပြီး စိတ်ချမ်းသာရမှု များပြားတတ်တဲ့ နှစ်ဖြစ်ပါလိမ့်မယ်။
လူမှုဆက်ဆံရေး
.....................
ဒီနှစ်အတွက် လူမှုဆက်ဆံရေးကဏ္ဍမှာ မိမိရဲ့ (Role) ၊ မိမိရဲ့ အခန်းကဏ္ဍဟာ ပေါ်လွင်ထင်ရှားရမည့် နှစ်ဖြစ်ပါတယ်။ လူအများနှင့် ဆက်ဆံလုပ်ကိုင်နေသူများ ၊ နာမည်တစ်လုံးဖြင့် အသက်မွေးသူများ (အနုပညာရှင် ၊ စာပေပညာရှင် ၊ နိုင်ငံရေးသမားများ) အထူးကျော်စော ထင်ရှားမည့် နှစ်ဖြစ်ပါတယ်။ မိမိရဲ့ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် တိုးတက်အောင်မြင်လိမ့်မယ်။ လူမှုဆက်ဆံရေး မှာ အဖုအထစ် ၊ ပြဿနာများ နည်းပါးမည့် နှစ်ဖြစ်တယ်။
နေ့သားအလိုက် ကံကောင်းမှုများ
...........................................
ဗြိစ္ဆာရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် ဗြိစ္ဆာရာသီဖွားများထဲက သောကြာ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) နှင့် ကြာသပတေး နေ့သားသမီးများ ကံဇာတာမြင့်မားမှု ကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး အင်္ဂါ ၊ စနေ နှင့် တနင်္ဂနွေ သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။
လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................
ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - ဇန်န၀ါရီလ ၊ ဖေဖေါ်ဝါရီလ ၊ မတ်လ ၊ မေလ နှင့် ဒီဇင်ဘာလ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
ဇူလိုင်လ ၊ သြဂုတ် ၊ စက်တင်ဘာ ၊ အောက်တိုဘာလ နှင့် နိုဝင်ဘာလ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)
ထီကံကြမ္မာ
...............
ဒီနှစ် ကံကြမ္မာအနေနဲ့ ဗြိစ္ဆာရာသီဖွားများ ထီပေါက်ကံ ရှိပါတယ်။ ကံကောင်းရင် ထီဆု ခပ်ကြီးကြီးတောင် ပေါက်ကိန်းရှိပါတယ်။ ။ ဒါကြောင့် ထီမှန်မှန် ထိုးဖို့ လိုပါလိမ့်မယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၂ ၊ ၄ ၊ ၆ ၊ ၉ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၂) နှင့် (၆) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၃)ဂဏန်း လုံးဝရှောင်ပါ။
နှစ်ချုပ် ကံကြမ္မာ
.....................
ယခုနှစ်တွက် ဗြိစ္ဆာရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် ပထမ နှစ်ဝက်ပိုင်းလောက်မှာ သူသူကိုယ်ကိုယ် အနည်းနဲ့ အများ ကံကောင်းတိုးတက်မှု ရရှိကြပါလိမ့်မယ်။ ဒါပေမယ့် နှစ်ဝက်ကျော် ရောက်လာပြီဆိုတာနဲ့ အထက်က အလုပ်ပုံစံ (၂)မျိုးနဲ့ ညိစွန်းသူများမှာ သိသာတဲ့ ဆိုးကျိုးများ ပေါ်ပေါက်လာတာကို တွေ့ရပါလိမ့်မယ်။ တရားဥပဒေနှင့် ညိစွန်းသော အလုပ်များ လုပ်ကိုင်နေသူများ ဇူလိုင်လနဲ့ နောက်ပိုင်းကစပြီး အမှုအခင်းကြီးများ ပေါ်ပေါက်ဖွယ် ရှိပါတယ်။ ထို ဇူလိုင် ၊ သြဂုတ် ၊ စက်တင်ဘာ နှင့် အောက်တိုဘာလများမှာ ကံဆိုးမှု ဒဏ်ကို အလူးအလဲ ခံကြရပါလိမ့်မယ်။ အမှုကိစ္စများနှင့် ကင်းကင်းရှင်းရှင်း နေသူများပင် လုပ်ငန်းလုပ်ရာတွင် အဖုအထစ်များ ၊ အဆင်မပြေမှုများ ကြုံရနိုင်တယ်။ ကျန်းမာရေး ကိစ္စမျာ ပေါ်ပေါက်နိုင်ပါတယ်။
ဒါကြောင့် ဒီနှစ်ရဲ့ မကောင်းတဲ့ကံများကို ယုတ်လျော့စေနိုင်ဖို့ မိမိကိုးကွယ်ရာ ဘာသာတရားကိုသာ များများ ကိုးကွယ်ဆည်းကပ်ပါ။ အလုပ်ကို ရိုးသားစွာ ၊ စေတနာမြင့်မားစွာဖြင့် လုပ်ကိုင်ပါ။ ဥပဒေနှင့် မကင်းသော အလုပ်များကို စွန့်တန်သရွေ့ စွန့် ၊ လျှော့တန်သရွေ့ လျှော့ပါ။ ကံကောင်းထောက်မစွာဖြင့် ဒီဇင်ဘာလတစ်လဟာ ဘယ်သူမဆို ကံကောင်းတိုးတက်နိုင်သောကြောင့် နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ကိန်း ရှိတယ်လို့ ဆိုရပါမယ်။ ရေတွင်း ရေကန် တူးဖော်မှု အလှူများ ၊ သောက်ရေ အလှူများ မကြာခဏ ပြုလုပ်ပေးပါ။ နယ်ဒေသတွေမှာ နေထိုင်သူများအတွက် အရိပ်ကောင်း သစ်ပင်များမှာ မိမိ နာမည် နဲ့ ရေချမ်းစင် အလှူများ လုပ်ပါ။ အညံ့များ ပြေပျောက်တန်သရွေ့ ပျောက်ကွယ် သွားပါလိမ့်မယ်။
ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ ကြက်သားဆီပြန် ၊ သရက်သီးသနပ်ဟင်းနှင့် ဆွမ်းကို မကြာခဏ ကပ်လှူပေးပါ။ ရေချမ်းကို မပြတ်ကပ်လှူပေးပါ။ ရေအလှူများ ကြုံလျှင် ကြုံသလို ပြုလုပ်ပေးပါ။ ယခုနှစ်အတွင်း အဖြူရောင် ၊ အစိမ်းရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ အနီရောင် ၊ လိမ္မော်ရောင် ၊ နက်ပြာရောင် ၊ ကြက်သွေးရောင် ၊ မီးခိုးရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။
(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment