Labels

Monday, February 3, 2014

ကျောပြင်ကြီးနဲ့ ဆောရီးဗျာ




  ဒီနေ့ ၁၁-၃-၁၃ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ၊ နိုင်ငံတကာသတင်း ကဏ္ဍ မှာ သတင်း တိုလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
            ဪ အမေရိကန်နိုင်ငံလို ဥပဒေပညာမှာ တစ်ဖက်ကမ်းခတ်တဲ့ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေ မွေးထုတ်တဲ့ နိုင်ငံမှာတောင်မှ မှားယွင်းအပြစ်ပေးတာတွေ ရှိပါလား။ ဒါဆိုရင် ကျွန်တော် တို့လို နိုင်ငံမှာလည်း ရှိနေမှာ အသေအချာပေါ့။
            ဒီသတင်းတိုလေးကိုဖတ်ရတော့ ​ေး​ေးသွားတဲ့ ကျောပြင်ကြီးအကြောင်း ပြန်သတိ ရမိပြန်တယ်။
            ကျွန်တော် တရားသူကြီး ပေါက်စတုန်းကပေါ့ ။ ဧရာ၀တီတိုင်းထဲက သာပေါင်းဆိုတဲ့ မြို့လေးမှာ အဦးဆုံးတာ၀န်ကျခဲ့တုန်းကပါ။ တတိယတန်းအာဏာနဲ့ ဘာမှလည်း အလုပ်က မယ်မယ်ရရမရှိ တွေ့ရာလူ ဆရာတင်ပြီး စာအုပ်တွေပဲ သဲသဲမဲမဲဖတ်နေချိန်ပေါ့။ အသက်ခပ်ကြီးကြီးနဲ့ ဦးလေးကြီး တစ်ယောက် ကျွန်တော့ နားနေခန်းထဲ ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာတယ်။ ပုံစံကြည့်ရတာတော့ တည်ကြည်ခန့်ညားပါတယ်။
            "မောင်ရင်က တရားသူကြီးလား"
            " ဟုတ်ပ ဦးလေးရာ လာရင်းကိစ္စ"
            " ဖြောင့်ချက် ပေးချင်လို့ပါမောင်ရာ"
            " ဦးလေးနဲ့ ဘယ်သူတွေပါသေးတုန်း"
            " ဦးတစ်ယောက်ထဲပါ"
            ထိုင် လို့ မပြောရသေးဘူး။ ပုခုံးကလွယ်အိတ်ကို ကျွန်တော့ စားပွဲပေါ်တင်။ ချိုင်းကြားကထီးကို ကုလားထိုင်နောက်မှီမှာချိတ်ပြီး သူ့ဖာသူ ခုံဆွဲပြီးထိုင်လိုက် ပါပြီ။
            သူကကျွန်တော့ကို ကြည့်တယ်။ ကျွန်တော်ကလည်း သူ့ကိုကြည့်တယ်။
       ဖြောင့်ချက်ဆိုတာ က ပြစ်မှုကျုးလွန်တဲ့အကြောင်း တရားသူကြီးရှေ့မှောက်မှာ ၀န်ခံတာပါ။ တရားသူကြီးက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စာနဲ့ရေးမှတ်ယူရပါတယ်။ လုပ်ထုံးလုပ်နည်း အတိုရှင်းပြရရင် ရဲစခန်းမှူးက ဖြောင့်ချက်ပေးမယ့် အချုပ်သား တရားခံကို အကြောင်းကြားစာနဲ့တကွ တရားသူကြီးထံ အချုပ်နဲ့ တင်ပို့ရပါတယ်။ တရားသူကြီးက ဖြောင့်ချက်ကို သက်သေနှစ်ဦးရှေ့မှောက်မှာ ရေးမှတ်ယူရပါတယ်။ ဖြောင့်ချက်အကြောင်း သေသေချာချာ ရှင်းပြရပါတယ်။ ရဲမှာ ဖြောင့်ချက်ပေးမယ်ပြောပြီး တရားသူကြီးရှေ့ရောက်တော့ မပေးဘူးဆိုလည်း ရပါတယ်။ ဖြောင့်ချက် ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ တရားသူကြီးက ဥပဒေမှာ ပါတဲ့အတိုင်း တရားခံကို ကာကွယ် စောင့်ရှောက်မှုတွေ ပေးရပါတယ်။
            ဘယ်မှာလဲရဲ၊ ကျွန်တော် ဟိုကြည့် သည်ကြည့် လုပ်ပါတယ်။ ဘာရဲမှ မတွေ့ပါဘူး။
              " ဦးလေး ရဲစခန်းရောက်ပြီးပြီလား"
              " ရောက်ပြီးပါပြီကွယ်၊ တရားရုံးကိုလွှတ်လိုက်လို့ လာတာပါ"
              " ဖြောင့်ချက်က ဘာကိစ္စကို ပေးမှာလဲ"
              " လူသတ်မိတဲ့အကြောင်းပါ"
               " ဘာ. ဦးလေးက သတ်တာလား"
               " ဟုတ်ပါတယ် ငါ့တူရယ် အဖြစ်က ဒီလိုပါ"   ဆိုပြီး ကျွန်တော့ကို သူ့ဇာတ်လမ်း ပြောပြပါတယ်။
          ဒီဦးလေးကြီးနေတဲ့ ရွာလေးမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ တရားခံကိုလည်း ရဲက အလွယ်တကူ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တရားခံ ကိုလူရှုပ် နဲ့ မသေခင်ညက အတူအရက်ထိုင်သောက်ရင်း စကားများခဲ့ ကြတယ်ဆိုတဲ့ ထုံကြီး ဆိုတဲ့ကောင်ကို ရဲကဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။ နောက်ရက်တွေမှာ ထုံကြီးက တရားရုံးမှာ ဖြောင့်ချက်ပေးသတဲ့။ သူအရက်မူးမူးနဲ့ ဓားနဲ့ထိုးပြီး သတ်မိတဲ့အကြောင်း။ ဒါနဲ့ ခရိုင်တရားရုံးက ဖြောင့်ချက်ပေးတဲ့ ထုံကြီးကို ၁ နှစ်လောက် စစ်ဆေးပြီး ထောင်ဒဏ် ၅ နှစ်ချလိုက်ပြီးပါပြီ။
  ရွာမှာတော့ ထုံကြီးလူသတ်တယ်တဲ့ဟေ့ ဆိုပြီး အံ့သြနေကြတာပေါ့။ သဘောကောင်းထုံကြီး၊ လူအေးထုံကြီး၊ လူမှုရေးသမားထုံကြီး၊ ဘယ်လိုများဖြစ်ကြတာတုံးဆိုပြီး သို့လော သို့လော ပြောကြဆိုကြနဲ့ ၁ နှစ်ကျော် ၂ နှစ်လောက် ရှိသွားပြီပေါ့။ ထုံကြီးမှာက မိန်းမနဲ့ ကလေး ၃ ယောက်ရှိတယ်။ ထုံကြီးက ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်ရသူ ဆိုတော့ ထုံကြီး ထောင်ကျတဲ့အခါ ကျန်တဲ့မိသားစု အခက်တွေ့ရတယ်။ ထောင်မကျခင် တရားရုံးထုတ် သွားရတာနဲ့တင် သူတို့မိသားစု ခမျာ အတော်ကို ဒုက္ခရောက်ကြရရှာတယ်။ ထောင်ကျပြီးတဲ့နောက် ထုံကြီးကို ထောင်၀င်စာတောင်မှ သွားမတွေ့နိုင်ဘူး။ အခု ထုံကြီးလဲ မအူပင်ဘက်က ရဲဘက်စခန်းကို ရောက်သွားပြီ။ ထုံကြီးမိသားစုလည်း ငတ်ပြီ။ အကြီးလေးတွေက ၁၀ နှစ် ၇ နှစ် ဆိုတော့ ရွာထဲ လက်ကြိုလက်ကြား ခြေကြိုခြေကြား စားရနေရသေး။ နောက်ဆုံးတော့ ငတ်ပြီဟဆို ကလေးလေးတွေက စသေကြတာလေ။ အငယ်ဆုံးကလေး ၃ နှစ်က အဟာရပြတ် ဖျားနာပြီး သေပါလေရော။ ထုံကြီးဆိုတဲ့ကောင်ကလည်း လူသတ်မှုသာ ဖြစ်ရတာ။ ကူညီချင်စိတ်ရှိတဲ့သူတစ်ဦးဖြစ်ခဲ့လေတော့ ရွာမှာ လူချစ်လူခင်အများသား။ ကလေးအသုဘ ကိုရွာက စုပြီးတာ၀န်ယူပါတယ်။ အမေလုပ်သူက တောက်လျှောက် ငိုတာပေါ့။ အသုဘ မြေချတဲ့အခါ သင်းချိုင်းမှာ လူးလို့လှိမ့်လို့ပေါ့။ ထုံကြီးကို တ,တပြီး အော်လို့ဟစ်လို့ငိုတာပေါ့။ မယ်ဘဒ္ဒါ မြေလူးသလို လူးလှိမ့်နေရှာတဲ့ ထုံကြီးမိန်းမကို ကြည့်ပြီး အသုဘပို့တဲ့သူတွေခမျာလည်း မျက်ရည်မဆည်နိုင်ကြဘူး။ အသုဘကို ​မြေကျအောင် ဆောင်ရွက်ပေးတဲ့အဖွဲ့ကို ဒီဦးလေးကြီးက ဦးဆောင်တာလေ။ အဲသည်အသုဘကို လိုက်ပို့တဲ့အထဲ ပါတဲ့ ဦးလေးကြီးက စိတ်မကောင်းကြီးစွာ ဖြစ်သွားတယ်။ တကယ့်အဖြစ်ကို ဦးလေးကြီးဘဲသိတာလေ။ သေသူကို သတ်တဲ့သူက ထုံကြီးမဟုတ်ဘူး။ တကယ်သတ်ခဲ့တာက ကျုပ်ဗျတဲ့။
            ခုချိန်တော့ ဦးလေးကြီးက ဘာသာရေးသမား။ သာရေးနာရေးတွေမှာလည်း ဦးဆောင်သူ။ တကယ်တော့ ဟိုးရောင်စုံ သူပုန်ခေတ်က တောခိုခဲ့သူ တစ်ယောက်ပါ။ အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ အလင်း၀င်ခဲ့ပြီး ဒီရွာလေးမှာ ဇတ်မြှုပ်ပြီး အေးအေး ဆေးဆေး နေခဲ့သူပါ။  သေတဲ့လူ ကိုလူရှုပ်ကမှ တကယ့် အရှုပ်။ ရွာထဲ အရက်သောက် ဖဲရိုက် အနိုင်ကျင့် သူများသားမယားလည်း အလွတ်မပေး။ တစ်ရက်မှာ တောကပြန်လာတဲ့ ဦးလေးကြီးနဲ့ မူးနေတဲ့ လူရှုပ်တို့ တောလမ်းမှာဆုံတယ်။ ဦးလေးကြီးအိမ်မှာ လက်တိုလက်တောင်း အကူလုပ်ကိုင်ပြီး နေတဲ့ လူရှုပ်နှမ ဘယ်သူနဲ့မှန်းမသိ ရတဲ့ ကိုယ်၀န်ကို ဦးလေးကြီးကို စွပ်စွဲတယ်။ ပိုက်ဆံညှစ်တယ်။ ဦးလေးကြီး သွေးတွေဆူလာတယ်။ ဒေါသဖြစ်ကာမှ အရင်တုန်း က မိုက်သွေးပေါ်လာတယ်။ အေးအေး ဆေးဆေးနေ နေပေမယ့် လောကကြီးက နေလို့ မရပါကလား။ မခံချင်စိတ်ရှက်စိတ် ဒေါသစိတ်တွေနဲ့ စိတ်မထိန်းနိုင်တဲ့ ဦးလေးကြီးက အဲသည်ညက အရက်သောက်ပြီး ပြန်လာတဲ့ လူရှုပ်ကို လူအလစ်မှာ ပိပိယိယိရှင်း ပစ်လိုက်တယ်။
            ခုအသုဘမှာ ထုံကြီးမယား လူးလှိမ့် အော်ဟစ်ငိုယိုနေတဲ့ မြင်ကွင်းက မဟုတ်မခံ တည်ကြည်တဲ့ စိတ်ထားရှိတဲ့ ဦးလေးကြီးရင်ထဲ အလွန်ဘဲ ခံစားရတယ်။ ထုံကြီးက တကယ်မသတ်ဘဲ ခံရတယ်။ သူ့မိသားစုလေးလည်း ဒုက္ခပင်လယ် ​​ေရတယ်။ ငါမတရားဘူး။ အမှန်အတိုင်း ပြောပြပြီး ငါအပြစ်ကို ငါခံမယ်။  တိုတိုပြောရရင် အဲဒီလိုနဲ့ တရားသူကြီးပေါက်စ ကျွန်တော့ရှေ့ရောက်လာတာပေါ့ဗျာ။
            ကျွန်တော်ကအတွေ့အကြုံ မရှိတဲ့ တရားသူကြီးဆိုတော့ ဘာလုပ်ရမှန်း မသိဘူး။ ပြဌာန်းထားတဲ့ နည်းလမ်းတွေအရ ဖြောင့်ချက်ကို တော့ ရေးမှတ်ယူခွင့်မရှိဘူးဆိုတာတော့သိတယ်။ ထောင်ထဲက ထုံကြီးကို ဘယ်လိုပြန်ထုတ်မလဲ။ ဒီဦးလေးကြီး ကိုလည်း ဘယ်လိုပြန် အပြစ်ပေးမလဲ။ ဒီ နှစ်ယောက်အဖြစ်ကို ဘယ်လိုနည်းနဲ့ ကုစားလို့ ရမလဲပေါ့ဗျာ။
            "ဦးလေးကြီး အဖြစ်က အတော်ထူးဆန်းပါတယ်၊ ကျွန်တော်လည်း အတွေ့အကြုံနည်းသေးတော့ ဘယ်လို ဆောင်ရွက် ရမှန်း မသိပါဘူး၊ ကျွန်တော့ ဆရာတွေကို တွေ့ဆုံပြီး မေးမြန်း ဆောင်ရွက်ပေးပါ့မယ်။ နောက်တစ်ပါတ်ကြာရင် ပြန်လာပါ" ဆိုပြီးချော့မော့ပြီး ပြန်လွှတ်လိုက် ရပါတယ်။
            အဲသည်တုန်းက ပုသိမ်ခရိုင်တရားရုံး ခရိုင်တရားသူကြီးထံကို စနေရုံးပိတ်ရက်မှာ စက်လှေစီးပြီး သွားမေးခဲ့ရတာပါ။ ခရိုင်တရားသူကြီးက ဦးကြင်သောင်း ပါ။ ချင်းပြည်နယ်တရားသူကြီး တာ၀န်ထမ်းဆောင် ခဲ့ပါသေးတယ်။ အခုတော့ အငြိမ်းစားယူပြီး သာယာ၀တီမှာ နေပါတယ်။ ဆရာဦးကြင်သောင်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေစာအုပ် ဆွဲထုတ်လာပြီး ပုဒ်မ ၄၀၃  ကို ရှင်းပြပါတယ်။ ပြစ်မှုထင်ရှားစီရင်ခံရပြီးသူကိုဖြစ်စေ၊ အမှုမှ အပြီးအပြတ်လွှတ်ပြီးသူကို ဖြစ်စေ ၄င်းပြစ်မှုဖြင့် ထပ်မံမစစ်ဆေးရ လို့ပြဌာန်းထားတဲ့ အကြောင်း ရှင်းပြပါတယ်။ ကျွန်တော်ကလည်း ဒါဆိုရင် ခုလိုမှားယွင်း ပြီး အပြစ်ပေးခံရတဲ့ ထုံကြီး ကိစ္စမျိုးကျတော့ ဘယ်လိုကုစားပေးမလဲ။ ဒါဆိုဥပဒေရဲ့အားနည်းချက် ဖြစ်နေတာ ပေါ့ အစရှိသဖြင့် စောဒကတက်ပါတယ်။ ဆရာက မင်းပြောပြတဲ့အဖြစ်က မှန်ကောင်း မှန်ပါလိမ့်မယ်။ ဒါပေမယ့် ဥပဒေက ပိတ်ပင်ထားပြီ။ ထုံကြီးက ဘာလို့ဖြောင့်ချက် ပေးတာလည်း။ တရားရုံးအဆင့်ဆင့် အတည်ပြုထားတဲ့ ပြစ်ဒဏ်ကို ပြန်ပယ်ဖျက်ပြီး အစက ပြန်စစ်တဲ့ လုပ်ထုံးလုပ်နည်း မရှိဘူး။ အဲသည်လိုဆိုရင် နှစ်ရှည်ထောင်ဒဏ်တွေ ကျနေတဲ့ မူးယစ်ရာဇာတွေ ရာဇ၀တ်သားတွေ ကို ဒီလိုနည်းနဲ့ လူစားလဲကြမှာပေါ့ကွ စိတ်တိုတိုနဲ့ ငေါက်လိုက်မှ ကျွန်တော်လည်း သာပေါင်းပြန်ပြေးခဲ့ရပါတယ်။ ကျွန်တော်က အဲလောက် ဉာဏ်မမှီဘူးလေဗျာ။
            ချိန်းထားတဲ့နေ့ ဦးလေးကြီး ပြန်ရောက်လာတော့ ဦးလေးကြီး စိတ်ဓာတ်ကိုတော့ လေးစားတဲ့အကြောင်း၊ ဒါပေမယ့် ဘယ်လိုမှ အမှုကိုပြန် စစ်လို့မရတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။ ထုံကြီး မိသားစုကိုဘဲ တတ်နိုင်သမျှ ကြည့်ရှု စောင့်ရှောက် ပေါ့ဦးလေးကြီးရာ၊ ဦးလေးကြီးကိစ္စဘယ်သူ့မှ မပြောဘူး စိတ်ချလို့ဘဲ အကြံပေးနိုင်ပါတော့တယ်။ ဦးလေးကြီးလည်း ခေါင်းငိုက်စိုက်ချပြီး ပြန်သွားပါတယ်။ ကျွန်တော်လည်း သူ့ကျောပြင်ကို ငေးကြည့်ကျန်ခဲ့ရပါတယ်။ ကျောပြင်ကြီးက တဖြည်းဖြည်း ​ေး​ေးပြီး မြင်ကွင်းက ပျောက်ကွယ်သွားခဲ့တယ်။ ကျွန်တော့ ရင်ထဲမှာတော့ ဘယ်လိုမျိုးကြီး ခံစားရမှန်း ပြောမပြတတ်တော့ ပါဘူးဗျာ။
            အဲသည်လိုမျိုးကိစ္စကို ကျွန်တော်ဘ၀င်မကျပါဘူး။ စိတ်ထဲမှာ ဒီကိစ္စ ပြန်ပြန်သတိရနေတတ်ပါတယ်။ ဦးလေးကြီးရဲ့ ကျောပြင်ကိုလည်း မကြာခဏ မြင်ယောင်နေမိတာပါ။ ခုဆိုလုပ်သက် ၁၇-၁၈ နှစ်လောက်ရှိ ပါပြီ။ ဒီနေ့ သတင်းစာက သတင်းတိုလေးကို ဖတ်လိုက်မိတဲ့အခါ ဒီအကြောင်းကို ပြန်သတိရမိပါတယ်။ ခုလောက်ဆို ထုံကြီးတို့လည်း လွတ်လောက်ပါပြီ။ ဦးလေးကြီးလည်း လူ့ပြည်မရှိလောက်တော့ပါဘူး။
         နှစ်ကာလတွေကြာမြင့်လာတဲ့အခါ တိုင်းပြည်ကလည်း အခြေအနေပြောင်းလာပြီ။ ဟိုတုန်းကဆို သည်လို ပြဿနာမျိုးပေါ်ရင် ဘာမှ မတတ်နိုင်ပေမယ့် ခုချိန်ခါမှာ ကုစားလို့ရနေပြီ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ကို စာချွန်တော် ထုတ်ခွင့် အာဏာတွေ ပြန်ပေးထားပြီ။ ပြန်ပေးထားပြီလို့ ပြောရတာက တရားရုံးချုပ်မှာ စာချွန်တော် ထုတ်ပိုင်ခွင့် အာဏာဆိုတာ ပါလီမန်ခေတ်အထိ ရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းတဲ့ ကာလနောက် စာချွန်တော် ထုတ်ပိုင်ခွင့် အာဏာလည်း တစ်ခန်းရပ်ခဲ့ရတာပါ။
            အဲသည်တော့ စာချွန်တော် ဆိုတာကို အကျယ်ရှင်းပြရင် စာဖတ်သူ နားရှုပ်သွားမှာမို့ အတိုဘဲရှင်းပြပါ့မယ်။ စာချွန်တော် ၅ မျိုးရှိ ပါတယ်။
            (၁)       ရှေ့တော်သွင်း စာချွန်တော် အမိန့်
            (၂)       အာဏာပေး စာချွန်တော်အမိန့်
            (၃)       တားမြစ်စေ စာချွန်တော်အမိန့်
            (၄)       အာဏာပိုင်မေး စာချွန်တော် အမိန့်
            (၅)       အမှုခေါ် စာချွန်တော် အမိန့်
            စာချွန်တော်ဆိုတာ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကို ချိန်ညှိပေးထားတဲ့သဘောပါ။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေရဲ့လုပ်ရပ်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့အခါ လူ့အခွင့်အရေး စတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ မညီညွတ်တဲ့အခါမှာ တရားစီရင်ရေးက ၀င်ရောက်စွက်ဖက် ဆောင်ရွက်နိုင်တဲ့ သဘောတရားအပေါ် အခြေခံ ထားပါတယ်။
            အမှတ်စဉ် (၅) အမှုခေါ် စာချွန်တော်အရ စစ်ဆေးပြီးသားနဲ့ စစ်ဆေးဆဲ အမှုတွေကို ပြည်ထောင်စု တရားလွှတ်တော် က ခေါ်ယူကြည့်ရှုပြီး လိုအပ်မယ်ဆိုရင် ပြန်စစ်ဆေးဖို့ ဆောင်ရွက်နိုင်ပါတယ်။
            အဲသည်တော့ အနှစ်ချုပ်ရရင် အင်မတန်မှ ထောင်ထဲ၀င်ချင်ရှာတဲ့ဦးလေးကြီးခင်မျာ ခေတ်မကောင်းတော့ မ၀င်လိုက် ရရှာဘူး ပေါ့ဗျာ။ ခုလိုခေတ်မှာဆို ဦးလေးကြီးဆန္ဒပြည့်၀နိုင်တာပေါ့။ ခုနေဆို ထောင်ထဲ၀င်သွားတဲ့ ဦးလေးကြီးရဲ့ ကျောပြင်ကြီးကို ကျွန်တော်ငေးနိုင်ပြီပေါ့။ ထုံကြီးကိုလည်း အားလုံး ကတောင်းပန် ကြမှာပေါ့။ သူများတွေလို ဒေါ်လာ ၁၃ သန်း အလျော် မရလည်း ကိစ္စမရှိပါဘူး။ ​ဆောရီးဗျာဆိုလည်း ပြီးတာပါဘဲ။
            မြန်မာလူမျိုးတွေက တောင်းပန်လိုက်ရင် ကျေနပ်ကြရတာဘဲ မဟုတ်လား။   ။

                                                                                                            ညိုလွင်ဦး

No comments:

Post a Comment