၂၀၁၄ ခုနှစ်မှာ ပြိဿရာသီဖွားများရဲ့ ကံကြမ္မာကတော့ ကောင်းတယ်လို့ ပြောလို့မရသလို ဆိုးတယ်လို့လည်း ပြောလို့မရတာကို တွေ့ရပါတယ်။ ဒီနှစ်ဟာ ပြိဿရာသီဖွားများအတွက် ကိုယ့်အရေး ကိုယ့်ကိစ္စထက် လူအများအရေး ၊ လူအများကိစ္စ ဦးစားပေး လုပ်ဆောင်ရမယ့် နှစ်ဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီနှစ်မှာ သင်အနေနဲ့ သင်လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လူမှုရေးကိစ္စ ၊ အသင်းအပင်းကိစ္စ ၊ နိုင်ငံရဲ့ အရေးအခင်းကိစ္စတွေကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ရလိမ့်မယ်။ ဒီလို လုပ်ခြင်းဖြင့် အကျိုးယုတ်လျော့စရာတော့ မရှိဘူး။ ဒီလို အများနဲ့ စပ်ဆိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရင်း ကိုယ့်အရေးကိစ္စတွေလည်း အောင်မြင်သင့်သလောက် အောင်မြင်လာမယ့် နှစ်ဖြစ်တယ်။ ဒီနှစ်မျိုးဟာ ကိုယ်နဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့ လုပ်ငန်းများ ၊ စီးပွားရေးများ ၊ အသင်းအပင်းအဖွဲ့အစည်းများနှင့်ပါ အပေးအယူ လုပ်ပြီး အလုပ်အတူတစ်ကွ လုပ်ဆောင်ရမယ့် နှစ်မျိုးဖြစ်တယ်။ ဒီနှစ်မှာ ထီးတည်းကြီး တစ်ကိုယ်ကောင်းဆန်ဆန် လုပ်နေလို့ အလုပ်ဖြစ်မယ့် နှစ်မျိုးမဟုတ်ဘူး။ ကိုယ် မနှစ်သက်သော်လည်း အများကောင်းစားဖို့အတွက် ကိုယ့်ဖက်က အလျှော့ပေးတန်သလောက် လျှော့ပေးရမယ့် နှစ်မျိုးဖြစ်တယ်။ ဒီလို လုပ်မှသာ ဒီနှစ်မှာ ကိုယ့်အတွက် အကျိုးကျေးဇူး ၊ နာမည်ကောင်းများ ပေါ်ထွက်မှာဖြစ်တယ်။
ဒီနှစ်ဟာ စီးပွားရေး နှင့် အလုပ်အကိုင်တွေမှာ တေ့လွဲတေ့လွဲတွေ လွဲနေတတ်တယ်။ အတိတ်က ကိုယ်အမှားလုပ်ခဲ့တဲ့ ကိစ္စတွေဟာလည်း ဒီနှစ်မှာ ပြန်လည်ပေါ်ပေါက်နိုင်တယ်။ အလုပ်လုပ်ရာမှာ သိပ်ပျော်ပျော်ရွှင်ရွင် မရှိလှဘဲ စိတ်ဖိအားများစွာနဲ့ လုပ်ကိုင်ရ တတ်တယ်။ မိမိအနေနဲ့ ဖိအားပေးခံရမှု ၊ တွန်းအားပေးခံရမှုများလည်း ရှိနေမှာ ဖြစ်ပါတယ်။ မကြာခဏ စိတ်ဓာတ်ကျမယ်။ လက်မြှောက်အရှုံးပေး လိုစိတ်များ ပေါ်ပေါက်တတ်တယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ ရှေ့တို့ ဆက်လက်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ လူအများနဲ့ ၀ိုင်းဝန်းပူးတွဲ လုပ်ဆောင်ဖို့ပါဘဲ။ ဒီနှစ်မှာ လူအများနှင့် ပူးတွဲဖက်စပ် မလုပ်နိုင်ရင်တော့ တစ်ကိုယ်တည်း အထီးကျန် ဖြစ်ရမယ့် နှစ်မျိုးဖြစ်တယ်။ လူအများနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ကိုယ့်ဘက်က အလျှော့ပေးတန်သလောက် အလျှော့ပေးရမယ်။ ခွင့်လွှတ်သင့်သလောက် ခွင့်လွှတ်ရမယ်။ ကလေးများ မုန့်စားသလို ပြောရရင် ဒီနှစ်ဟာ မျှဝေခံစားရမယ့် နှစ်မျိုးဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာ
....................
ဒီနှစ်ဟာ ပြိဿရာသီဖွားများအတွက် စိတ်ပိုင်းဆိုင်ရာ အနေနဲ့ စိတ်ပျက်စရာ ကိစ္စများ တွေ့ကြုံရသော်လည်း ခဏမျှသာ စိတ်ဓာတ်ကျသည်မျိုး ရှိတတ်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှု ပိုများများလာမယ်။ မိမိကိုယ်ကို မိမိ ယုံကြည်စိတ်ချစိတ် များနေမယ်။ မိမိ ပင်ကိုစရိုက်များကို ပြောင်းလဲဖို့ ခက်ခဲနေတတ်ပြီး လုပ်ငန်းကိစ္စ အ၀၀ ဆောင်ရွက်ရာမှာ ကိုယ့်ရဲ့ ပုံစံဟောင်းကြီးအတိုင်း ဆောင်ရွက်လိုစိတ်က ပိုများနေမယ်။ ပြုပြင်ပြောင်းလဲဖို့ နှေးကွေးမယ်။ ကိုယ်လုပ်ချင်ရာကို တစ်ယူသန် နေမယ်။ ဒါပေမယ့် ဒီနှစ်မှာ သနားဂရုဏာစိတ် နဲ့ ကြင်နာစိတ်များ ၊ ကိုယ်ချင်းစာတရားများကလည်း တိုးတက်များပြားနေလိမ့်မယ်။ သတိထားရမှာက ဒီနှစ်ရဲ့ အပြောင်းအလဲ များ နှင့် အံဝင်ခွင်ကျဖြစ်ဖို့ရာ ကိုယ့်ရဲ့ စရိုက်ပုံစံကို ပြောင်းလဲဖို့လိုတယ်။ အများနှင့် ရေလိုက်ငါးလိုက် ဖြစ်ဖို့လိုတယ်။ လူအများရဲ့ အလိုဆန္ဒကို မဆန့်ကျင်ဖို့လိုတယ်ဆိုတာတော့ သတိအမြဲထားရလိမ့်မယ်။
စီးပွားရေး နှင့် အလုပ်အကိုင်
....................................
ဒီနှစ်ဟာ ပြိဿရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်များမှာ မနှစ်က ပုံစံနဲ့ သိပ်ကြီးမကွာခြားလှတာကို တွေ့ရတယ်။ မနှစ်ကလိုဘဲ တစ်ကိုယ်ကောင်း မဆန်ဘဲ အများနှင့် ပူးတွဲမျှဝေ ခံစားလုပ်ကိုင်ဖို့ လိုတယ်။ ဒီနှစ်ရဲ့ အလုပ်အကိုင်တိုင်းဟာ အများနဲ့ မျှဝေ ခံစားပြီး လုပ်ရမယ့် ပုံစံဘဲဖြစ်နေတယ်။ တစ်ကိုယ်ကောင်းဆန်စွာ လုပ်ကိုင်နေရင်တော့ ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို မခံစားရဘဲ ဖြစ်သွား နိုင်ပါတယ်။
ဒီနှစ်ဟာ ပြိဿရာသီဖွားများအတွက် ဆုံးဖြတ်ချက်ချဖို့ရာ ခက်ခဲတဲ့ အခြေအနေမျိုးများကို မကြာခဏ ရင်ဆိုင်ရဖွယ် ရှိပါတယ်။ မိမိအပေါ်မှာ ကိုယ့်ရဲ့ အထက်က လူကြီးများရဲ့ ဖိအားပေးမှုများကို တော်တော်လေးခံရမယ့် အနေအထားရှိပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်သူများပင် ဒီနှစ်မှာ ပြောင်းလဲလာတဲ့ စီးပွားရေးပုံစံများကြောင့် အလုပ်လုပ်ရာမှာ အကျပ်အတည်းကြုံမှု ၊ စိတ်တင်းကြပ်မှုများ၊ စိတ်ဖိအား များပြားမှုများဖြင့် လုပ်ကိုင် ဆောင်ရွက်ရမယ့် အနေအထားဖြစ်နေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ကိုယ့်ရဲ့ စိတ်ဓာတ်ဟာ ခိုင်မာပြီး မိမိကိုယ်ကို ယုံကြည်စိတ် များနေတာကြောင့် ကြုံတွေ့လာတဲ့ အခက်အခဲ ပြဿနာများကို အောင်မြင်အောင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ သို့သော် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့အတွက် အများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အကြံဥာဏ်များကို ရယူနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနှစ်မှာ ကိုယ့်ရဲ့ အလုပ်ကိုလုပ်ရာမှာ ပူးပေါင်းဆောင်ရွက်သင့် တဲ့ လူများနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရင် အလုပ်အကိုင်အောင်မြင်မယ့် နှစ်ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမားဖြစ်ဖြစ် ၊ အစိုးရ၀န်ထမ်းဘဲ ဖြစ်ဖြစ် ၊ ပုဂ္ဂလိက၀န်ထမ်းဘဲဖြစ်ဖြစ် အားလုံးအကျုံးဝင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ထားများဝင်လာရင် လက်မခံပါနှင့်။ ဒီနှစ်မှာ ကိုယ့်ကို ကောင်းကောင်း ဒုက္ခပေးမယ့် စိတ်ဖြစ်တယ်လို့ မှတ်ယူထားပါ။
ပြိဿရာသီဖွားများအတွက် ဒီနှစ်မှာ အစိုးရ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ၊ အိုးအိမ်ဆောက်လုပ်ရေး လုပ်ငန်း ၊ အိမ်အလှဆင် လုပ်ငန်းများ ၊ ကုန်မာဆိုင် ၊ အကျိုးဆောင်(ပွဲစား)လုပ်ငန်းများ ၊ စာ/နယ်/ဇင် လုပ်ငန်းများ ၊ သတင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ၊ စာအုပ်စာပေနှင့် ပတ်သက်နေတဲ့ လုပ်ငန်းများ ၊ ကွန်ပျူတာ လုပ်ငန်းမျိုးစုံ ၊ လှောင်ကုန်လုပ်ငန်း ၊ သစ်နှင့် သစ်တာထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း ၊ ဟော်တယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ၊ အမျိုးသမီးအလှအပဆိုင်ရာ လုပ်ငန်းများ စတဲ့ လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အကျိုးကျေးဇူး မြင့်မားစွာ ခံစားရနိုင်တယ်။
ငွေကြေးဆိုင်ရာ
....................
ပြိဿရာသီဖွားများအတွက် ဒီနှစ်ရဲ့ ငွေကြေးပုံစံဟာ ဘယ်ဘက်က တစ်ဆုပ်ကြဲ ၊ ညာဖက်က တလှည်းဝင် ဆိုတဲ့ ကိန်းမျိုး ကြုံနေပါတယ်။ ဒီနှစ်မှာ ငွေကြေးကံကောင်းဖို့ ကိုယ့်ဘက်ကအရင် စွန့်လွှတ်မှု ၊ လှူဒါန်းပေးကမ်းမှုများကို အရင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လူမှုရေး ဆိုင်ရာအဖွဲ့အစည်းများကို လှူဒါန်းခြင်းများကို အများဆုံးလုပ်ပေးသင့်ပါတယ်။ ကိုယ်ပြန်ရဖို့ လှူတာမျိုး မဟုတ်ပေမယ့် ဒီနှစ်ဟာ လှူနိုင်သလောက် အကျိုးများမယ့် နှစ်ဖြစ်တယ်ဆိုတာ (မယုံလျှင် လက်တွေ့လှူဒါန်းကြည့်) တွေ့ရှိရမှာဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီနှစ်မှာ ငွေကြေးကံအနေနဲ့ ပြိဿရာသီဖွားများဟာ နိမ့်ကျစရာ အကြောင်းသိပ်မရှိလှဘူး။ လှူဒါန်းပေးကမ်းမှု နည်းတဲ့သူ(မယုံကြည်တဲ့သူ) တောင်မှ သူ့အတိုင်းအတာနဲ့သူ ထိုက်သင့်တဲ့ ငွေကြေးဝင်ရောက်မှုများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ငွေရေးကြေးရေးအတွက် စိတ်ပူစရာ သိပ်မရှိနိုင်တဲ့ နှစ်မျိုး ဖြစ်တတ်ပါတယ်။ ငွေလိုနေ ငွေကြပ်နေပြီဆိုလျှင်လည်း လိုအပ်တဲ့ငွေဟာ သူ့အလိုလို ၀င်ရောက်လာတဲ့ ကံတရားများကိုလည်း ဒီနှစ်မှာ ထူးဆန်းစွာ တွေ့ရှိရနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်အတွက် ဒါနပါရမီကို များများ ဖြည့်ဆည်းဖို့ တိုက်တွန်းလိုပါတယ်။ နဂိုကတည်းက အလှူအတန်းဝါသနာပါပြီး ဒါနပါရမီ ရင့်ကျက်ခဲ့သူများကတော့ ဒီနှစ်မှာ ငွေကြေးကုသိုလ်ကံ မြင့်မားမှုကို အသေအချာ ခံစားရဖို့ ရှိပါတယ်။
ပညာရေး
............
ပညာရေး နှင့် ပတ်သက်လျှင် ပြိဿရာသီဖွားများအတွက် ပညာရေးကံ မြင့်မားမည့် နှစ်ဖြစ်ပါတယ်။ ပညာရေးကံ တိုးတက်ထွန်းပြောင် မည့် နှစ်မျိုးဖြစ်ပါတယ်။ စာမေးပွဲများကို အခက်အခဲမရှိ အောင်မြင်အောင် ဖြေဆိုနိုင်လိမ့်မယ်။ နဂိုကတည်းက စာမှန်မှန်ကျက်ခဲ့သူများ ၊ ၀ီရိယ မြင့်မားသူများအတွက် ဒီနှစ်ဟာ ပညာရေးအောင်ပွဲ ခံနိုင်မည့် နှစ်မျိုးဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကံကိုယုံကြည်ပြီး ဆူးပုံ မနင်းဖို့တော့ လိုပါတယ်။ ကံကောင်းတယ်ကွ ဆိုပြီး ၀ီရိယကို လျှော့ချလိုက်ရင်တော့ မစို့မပို့ အောင်မြင်မှုလောက်သာ ရရှိခံစားရမယ်ဆိုတာ မမေ့စေချင်ဘူး။
အချစ်ရေး
............
ဒီနှစ်အတွက် ပြိဿရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ ဆိုတဲ့ စကားလိုဘဲ - ကိုယ့်ဘက် ကသာ မှန်ကန်ပါစေ ၊ အချစ်ရေး ပြဿနာ တက်စရာ မရှိနိုင်ပါဘူး။ ခပ်ရှင်းရှင်း ပြောရရင် ဒီနှစ်မှာ အချစ်ရေးကိစ္စမှာ ကိုယ့်ဘက်ကသာ စပြီး ဖောက်ရင်ဖောက်လိမ့်မယ် ၊ ကိုယ့်ချစ်သူဖက်ကတော့ ဖောက်လွဲဖောက်ပြန်လုပ်စရာ မရှိလှဘူး။ ဒါကြောင့် ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့နိုင်တဲ့ နှစ်ဖြစ်တယ် ဆိုရမယ်။ အိမ်ထောင်ပြုလိုသူများကျပြန်တော့ အိမ်ထောင်ပြုရေးမှာ အခက်အခဲတွေ ကြုံတတ်တယ်။ လက်ထပ်ထိမ်းမြားဖို့ ကိစ္စကို ခက်ခဲစွာ အကောင်အထည်ဖော်ရမယ့် သဘောရှိတယ်။ အချစ်ရေးမှာ ပြဿနာ မရှိတတ်ပေမယ့် လက်ထပ်ထိမ်မြားရေးမှာ အခက်အခဲများတတ်တဲ့ နှစ်မျိုးဖြစ်တယ်။
အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................
အိမ်ထောင်ရှိသူများကတော့ ဒီနှစ်မှာ အိမ်ထောင်ရေး/အိမ်တွင်းရေး သယယာချမ်းမြေ့မှု များပြားမယ့်နှစ်လို့ ဆိုနိုင်တယ်။ မိသားစုနဲ့အတူ ပျော်ရွှင်ရတဲ့ နေ့ရက်တွေ များပြားလိမ့်မယ်။ ကွဲကွာနေကြတဲ့ မိသားစုများ ယခုနှစ်မျိုးမှာ ပြန်လည်ဆုံတွေ့ကြဖို့ ရှိတယ်။ မိသားစုများအတွင်း စည်းလုံးညီညွတ်မှု များပြားတတ်ပါတယ်။ သားသမီးရှိသူများအတွက် မိမိတို့ သားသမီးများအတွက် ပညာရေးမှာဖြစ်ဖြစ် ၊ အခြားကိစ္စများမှာဖြစ်ဖြစ် ဂုဏ်ယူဝမ်းမြောက်စရာ ကိစ္စများ ကြုံတွေ့ရတတ်ပါတယ်။ ပြိဿရာသီဖွား အများစုဟာ ဒီနှစ်အတွက် အိမ်ထောင်ရေး/အိမ်တွင်းရေး သာယာစိုပြေကြလိမ့်မယ်။
ကျန်းမာရေး
...............
ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ ယေဘူယျ ကျန်းမာရေး ကောင်းမည့်နှစ်ဖြစ်ပါတယ်။ ကျန်းမာရေး ထူးထူးခြားခြား ညံ့စရာ မရှိလှဘူး။ သို့သော် အချို့သော ပြိဿရာသီဖွားများမှာ ဒီနှစ် ခွဲစိတ်ကုသခံရမယ့် ကိစ္စမျိုး ကြုံရတတ်ပါတယ်။ ဒါပေမယ့် ဒီလို ခွဲစိတ်ကိန်းဟာ မကောင်းတာမဟုတ်ဘဲ ကိုယ့်မှာ စွဲကပ်နေတဲ့ ရောဂါဝေဒနာကို ပျောက်ကင်းအောင် အခြေအနေဖန်လာတာမို့ ၀မ်းမြောက်စွာ ခံယူသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်တဲ့ သူများကတော့ ဒီနှစ်မှာ ကျန်းမာရေး ထိပ်တန်းကောင်းနိုင်ပါတယ်။
ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................
ပြိဿရာသီဖွားများအတွက် ဒီနှစ်မှာ ခရီးသွားလာမှုနှင့် ပတ်သက်ပြီး သိပ်ကံကောင်းတဲ့ အခြေအနေမျိုး မတွေ့ရဘူး။ ခရီးစဉ်တွေ အစီအစဉ်ဆွဲပြီးမှ အစီအစဉ်ပျက်တတ်တယ်။ နောက်တစ်ခုက ဒီနှစ်ဟာ ခရီးလမ်းသွား များများလုပ်လို့ ကောင်းတဲ့နှစ်မဟုတ်တာကိုလည်း တွေ့ရပြန်တယ်။ ဒီနှစ်ဟာ တတ်နိုင်သလောက် အိမ်မှာဘဲ မြဲမြဲနေသင့်တယ်။ ခရီးသွားလာရင်းနဲ့ မတော်တဆ ထိခိုက်မှု ၊ နာဖျားမကျန်းဖြစ်မှု များလည်း ကြုံနိုင်တယ်။ ဒါကြောင့် ဒီနှစ်မှာ ခရီးသွားလာဖို့ရှိရင် မိမိကိုးကွယ်ရာ ဘာသာအလိုက် တရားစာများကို ရွတ်ဖတ်ရင်း ခရီးသွားလာဖို့ အကြံပေးလိုပါတယ်။ ခရီးသွားရင်းနဲ့ ဥပဒ်ဖြစ်တတ်တဲ့ နှစ်မျိုးဖြစ်တယ် ဆိုရပါမယ်။ နိုင်ငံရပ်ခြားနှင့် ပတ်သက်နေသော ကိစ္စများတွင်လည်း ကံမကောင်းနိုင်သေးတာကို တွေ့ရပါတယ်။
လူမှုဆက်ဆံရေး
.....................
ဒီနှစ်အတွက် လူမှုဆက်ဆံရေးကတော့ အရေးကြီးတဲ့ ကဏ္ဍဖြစ်လာပါတယ်။ ဒီနှစ်မှာ ကိုယ့်ဘ၀ တိုးတက်အောင်မြင်ရေးဟာ လူမှုဆက်ဆံရေးနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ဒီနှစ်ဟာ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို အများနဲ့ ပူးပေါင်းဆောင်ရွက်လေလေ အကျိုးများလေလေ ဖြစ်မယ့်နှစ်ဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်းများကို လူအား ၊ ငွေအား စိုက်ထုတ်လုပ်ဆောင်ပါ။ လူမှုရေး ကိစ္စများကြောင့် ကိုယ့်ရဲ့ ဂုဏ်သတင်းဟာ အထူးမွှေးပျံ့လာမယ့် နှစ်လည်းဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကိုယ့်ရဲ့ အခြေအနေဟာ မြင့်မားတိုးတက် လာပါလိမ့်မယ်။
နေ့သားအလိုက် ကံကောင်းမှုများ
...........................................
ပြိဿရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် ပြိဿရာသီဖွားများထဲက တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာ နှင့် စနေ နေ့သားသမီးများ ကံဇာတာမြင့်မားမှု ကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး ၊ တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး နေ့သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။
လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................
ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - ဇန်န၀ါရီလ ၊ ဖေဖေါ်ဝါရီလ ၊ မတ်လ ၊ ဧပြီလ နှင့် စက်တင်ဘာလ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
ဇူလိုင်လ ၊ အောက်တိုဘာလ နှင့် နိုဝင်ဘာလ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)
ထီကံကြမ္မာ
...............
ဒီနှစ် ကံကြမ္မာအနေနဲ့ ပြိဿရာသီဖွားများ ထီပေါက်ကံ ရှိပါတယ်။ သိပ် ထီဆုကြီးကြီးမဟုတ်ရင်တောင် ထီဆုအလယ်အလတ်နှင့် ဆုသေးများ ပေါက်ကိန်းရှိပါတယ်။ ။ ဒါကြောင့် အောင်ဘာလေထီကိုတော့ မှန်မှန်ထိုးသွားဖို့ တိုက်တွန်းလိုပါတယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၁ ၊ ၄ ၊ ၆ ၊ ၉ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၁) နှင့် (၄) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၇)ဂဏန်း လုံးဝရှောင်ပါ။
နှစ်ချုပ် ကံကြမ္မာ
.....................
ယခုနှစ်တွက် ဓနုရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် အဓိကကျတဲ့ ပထမ (၆)လပိုင်းမှာ ကံဇာတာမြင့်မားမှု ၊ အလုပ်အကိုင် အဆင်ပြေမှု ၊ ငွေကြေးဝင်ရောက်မှုများ များပြားနိုင်ပြီး ဒုတိယ (၆)လပိုင်းမှာတော့ ကံဇာတာ အနည်းငယ် ကျဆင်းသွားနိုင်တဲ့ အခြေအနေမျိုး ရှိနိုင်ပါတယ်။ (လူတစ်ဦးခြင်း တွက်ရင်တော့ ကွဲပြားနိုင်ပါသေးတယ်)။ ပထမ (၆)လပိုင်းမှာ ကြံတိုင်းအောင် ၊ ဆောင်တိုင်း မြောက်နိုင်ပြီး လူအများနှင့် ဆက်ဆံပူးပေါင်း လုပ်ကိုင်ရသော လုပ်ငန်းများတွင် အောင်မြင်မှုများ များပြားတတ်ပါတယ်။ ဒုတိယ (၆)လ ပိုင်းမှာတော့ လုပ်သလောက် အကျိုးသိပ်မရှိလှတာမျိုး ဖြစ်နိုင်ပါတယ်။ စိတ်ပျက်ရမှု ၊ ၀မ်းနည်းရမှုများ များတတ်ပါတယ်။ အချို့ တစ်ဦးခြင်း အနေနဲ့ ကံဇာတာညံ့လွန်းတဲ့ ပြိဿရာသီဖွားများမှာ ဒုတိယ (၆)လပိုင်းအတွင်း ငွေကြေးသော်၎င်း ၊ အခြား မြတ်နိုးတန်ဖိုးထားရမှု တစ်ခုခုသော်၎င်း၊ ဆုံးရှုံးရဖွယ် ရှိနေတာကို တွေ့ရပါတယ်။ ဘယ် ပြိဿရာသီဖွားမဆို ဇူလိုင်လ နှင့် အောက်တိုဘာလ များမှာ သတိတရားထားပြီး နေထိုင်ဖို့လိုပါတယ်။ အဆုံးအရှုံး တစ်ခုခု ရှိနိုင်ပါတယ်။
ဒါကြောင့် ဒီနှစ်ရဲ့ မကောင်းတဲ့ကံများကို ယုတ်လျော့စေနိုင်ဖို့ လူမှုရေး ပရဟိတ အလုပ်များကိုသာ များများ ဆောင်ရွက်ပေးပါ။ များများ လှူဒါန်းပေးပါ။ တစ်ကိုယ်ကောင်းစိတ် မမွေးပါနှင့်။ အများအကျိုး ၊ တိုင်းပြည်အကျိုးကို ဦးစားပေးပါ။ ကိုယ့်ဘက်မှ စွန့်လွှတ်သင့်တာ စွန့်လွှတ် ပေးပါ။ လျှော့သင့်တာ လျှော့ပေးပါ။ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် မျှဝေခံစားပေးပါ။ ဒီလို လုပ်ဆောင်မှုမျိုး များတယ် ဆိုရင်တော့ ပထမ (၆)လပိုင်းသာမက ဒုတိယ (၆)လ ပိုင်းမှာလည်း အကျိုးကျေးဇူးများ ဆက်လက် မျှော်မှန်းနိုင်ပါတယ်။ တစ်ကိုယ်ကောင်းစိတ် များပြီး မျှဝေပေးစားမှု ၊ အများအကျိုးကြည့်မှု နည်းရင်တော့ ဒုတိယ (၆)လပိုင်းမှာ ကံဇာတာ နိမ့်သွားတတ်တာကို အထူးသတိပေးရင် ၂၀၁၄ ခုနှစ်ကို အောင်မြင်စွာ ဖြတ်သန်းသွားနိုင်ပါစေဟု ဆုမွန်များစွာဖြင့် အဆုံးသတ်လိုက်ရပါသည်ခင်ဗျား။
ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ အုန်းထမင်း နှင့် သရက်သီးသနပ်ကို ကို တစ်လတစ်ကြိမ် နေ့ဆွမ်းနှင့်အတူ ကပ်လှူပေးပါ။ အသုဘ နှင့် နာရေးကူညီမှုများတွင် ငွေအား ဖြစ်စေ ၊ လုပ်အားဖြစ်စေ မကြာခဏ ကူညီပါ။ ကုသိုလ်ဖြစ် ဆေးရုံဆေးခန်းများကို လှူဒါန်းပူဇော်မှု ပြုလုပ်ပေးပါ။ မသန်စွမ်းသူများကို ဒါနအလှူဒါန ပြုပေးပါ။ ယခုနှစ်အတွင်း အစိမ်းရောင် ၊ အနီရောင် ၊ လိမ္မော်ရောင် ၊ နက်ပြာရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ အဖြူရောင် ကြက်သွေးရောင် ၊ မီးခိုးရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။
(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment