ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က မကာရရာသီ အတော်များများရဲ့ ကံကြမ္မာဟာ စိမ်ခေါ်မှုတွေများခဲ့ပြီး အမှုအခင်း ပြဿနာတွေ များခဲ့ပြီး အချို့မှာ ၀မ်းနည်းကြေကွဲစရာ ကိစ္စတွေနဲ့ ကြုံဆုံခဲ့ကြတာ များလိမ့်မယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ ကံကြမ္မာကတော့ မနှစ်ကထက် တိုးတက်မြင့်မား လာပြီလို့ ဆိုရတော့မှာဖြစ်တယ်။ ဒီနှစ်ဟာ မကာရ ရာသီဖွားများအတွက် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနိုင်မယ့် နှစ်ဖြစ်တယ်လို့ ဆိုရမယ်။ ဒီနှစ်ဟာ မကာရရာသီဖွားများအတွင် ငွေကြေး ၊ အချစ် ၊ အလုပ်စီးပွား ၊ ခရီး နှင့် နိုင်ငံရပ်ခြား ကိစ္စတွေမှာ တော်တော်လေး ကံဇာတာ မြင့်မားမယ့် အနေအထားမှာ ရှိနေတာကို ကြိုတင် ကနဦး သုံးသပ်ချက်အရ တွေ့ရှိရပါတယ်။
ဒီနှစ်ဟာ ငယ်ရွယ်သူများ ၊ အချစ် နှင့် မကင်းနိုင်သေး သူများအတွက် အချစ်ရေး အချစ်ရာမှာ အလွန်ထူးခြားမယ့် နှစ်ဖြစ်တယ်လို့ ထူးထူးခြားခြား တွေ့ရပါတယ်။ ဘုရားသခင်ဟာ တစ်ကိုယ်ထဲ ပျင်းရိ ငြီးငွေ့နေတဲ့ အာဒမ် ကို ဧ၀ ဆိုတဲ့ ဘ၀အဖော်မွန်တစ်ဦးကို ဖန်ဆင်းပေးခဲ့တဲ့ ကိန်းမျိုးဟာ ဒီနှစ် မကာရရာသီဖွားတွေ အတွက် ထူးခြားတဲ့ ကိန်း တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ အလုပ်စီးပွား ၊ ကျန်းမာရေး ၊ ပညာရေး နယ်ပယ်များတော့ စိမ်ခေါ်မှုတွေကတော့ မနှစ်ကလိုဘဲ ရှိနေနိုင်ပြီး ဒီနှစ်မှာ ပိုပြီး ပြင်းထန် လာနိုင်ပါတယ်။
ဒါပေမယ့် ကွာခြားတာက မနှစ်ကတော့ ကိုယ့်အနေနဲ့ စိမ်ခေါ်မှုတွေကို အောင်မြင်အောင် ဖြေရှင်းနိုင်စွမ်း နည်းနေတတ်ပြီး မအောင်မြင်ခဲ့တာမျိုး ဖြစ်လိမ့်မယ်။ ဒီနှစ်မှာတော့ စိမ်ခေါ်မှုတွေကို အောင်မြင်အောင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဘ၀ရဲ့ စိမ်ခေါ်မှုတွေ ကနေ အောင်မြင်ရေးပန်းတိုင်များကို တက်လှမ်းနိုင်ဖို့ရှိပါတယ်။ ဒီတော့ အချက် တစ်ခုခြင်းစီ သုံးသပ်ကြည့်ကြစို့လား။
စိတ်ပိုင်းဆိုင်ရာ
.....................
ဒီနှစ်ဟာ မကာရရာသီဖွားများအတွက် စိတ်ပိုင်းဆိုင်ရာ အေးချမ်းငြိမ်သက်မှု နည်းမယ်။ စိတ်တွေ မကြာခဏ ယောက်ယပ်ခတ် လှုပ်ရှားမှုများမယ်။ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်တွေ များနေမယ်။ အချစ် နဲ့ အမုန်း ၊ ရယူခြင်း နဲ့ ပေးဆပ်ခြင်းတို့ အကြားမှာ ဆောက်တည်ရာ မရဖြစ်နေ တတ်တယ်။ ဒီနှစ်မှာ လူငယ်ဘဲဖြစ်ဖြစ် ၊ လူကြီးဘဲဖြစ်ဖြစ် အချစ်ရေး အချစ်ရာကိစ္စ ၊ ကာမဂုဏ်အာရုံကိစ္စများ တနည်းနည်းနဲ့ ကြုံတွေ့ဖို့ ရှိနေတဲ့ အတွက် ဒီနှစ်ရဲ့ စိတ်ခံစားချက်များဟာ အချစ်ရေးအချစ်ရာကိစ္စများမှာ အများဆုံး ကျက်စားနေမိလိမ့်မယ်။
မိမိအလုပ်အကိုင် နဲ့ လူမှုဆက်ဆံရေး နယ်ပယ်တွေမှာလည်း အပြိုင်အဆိုင်နဲ့ စိမ်ခေါ်မှုတွေ များတဲ့အတွက် ဒေါသစိတ် ၊ မကြေမချမ်းဖြစ်စိတ် ၊ အနိုင်ယူလိုစိတ် ၊ လက်စားချေလိုစိတ် စတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကလည်း ဒီနှစ်အတွင်း မိမိရဲ့သဏ္ဍန်မှာ လွှမ်းမိုးမှု များနေလိမ့်မယ်။ ဒီနှစ်ဟာ မိမိရဲ့ စိတ်ဆင်ရိုင်း မုန်ယိုတဲ့ အဖြစ်မျိုး ဖြစ်နေတတ်လို့ သတိ ၊ ဥာဏ်ပညာဆိုတဲ့ ချွန်း နဲ့ အုပ်ချုပ်နိုင်မှ စိတ်နေ အေးချမ်းမှု ရရှိနိုင်လိမ့်မယ်ဆိုတာ သတိပြုပါလေ။
စီးပွားရေး နှင့် အလုပ်အကိုင်
......................................
ဒီနှစ်ဟာ မကာရရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်များမှာ အတိုက်အခံ အခက်အခဲ ၊ စိမ်ခေါ်မှုတွေ များပြားတတ်ပေမယ့် အခက်အခဲများကို အောင်နိုင်မယ့် နှစ်မျိုးလည်းဖြစ်တယ်။ ဒီနှစ်ဟာ အလုပ်စီးပွားတစ်ခု အခြေခိုင်မာစွာ အုတ်မြစ်ချနိုင်မယ့် နှစ်မျိုးလည်း ဖြစ်တယ်။ နာမည်တစ်လုံးနဲ့ လုပ်စားသူများ ၊ အနုပညာရှင်များ ၊ နိုင်ငံရေးသမားများ အတွက်တော့ ဒီနှစ်ဟာ လူထုရဲက ထောက်ခံမှု ၊ အားပေးမှုကို တခဲနက် ရနိုင်တဲ့ နှစ်မျိုးဖြစ်တယ်။ အပြိုင်အဆိုင် နှင့် အလုပ်လုပ်နေကြသူများမှာလည်း ဒီနှစ်မှာ မိမိပြိုင်ဘက်များအပေါ် ပြတ်သားစွာ အနိုင်ယူနိုင်မယ့် နှစ်မျိုးဖြစ်တယ်လို့ ဆိုရမယ်။ (ဒါမေယ့် လွယ်လွယ်ကူကူတော့ မဟုတ်ဘူးနော်၊ တိုက်ခိုက် ယူရလိမ့်မယ်)
ဒါပေမယ့် ဒီနှစ်မှာ အလုပ်အကိုင် နဲ့ ပတ်သတ်ပြီး ယှဉ်ပြိုင်တိုက်ခိုက် အနိုင်ယူရမယ့် နှစ်ဖြစ်တယ်။ ဒီနှစ်မှာ အေးအေးနေပြီး ပြဿနာ ရှောင်နေမယ်ဆိုရင်တော့ ဒီနှစ်ရဲ့ ကံကောင်းမှုတွေကို ခံစားရမှာ မဟုတ်ပေဘူး။ ဒီနှစ်ဟာ ပြဿနာ များမယ်။ အငြင်းအခုန် ပြုရမှု ၊ အတိုက်အခံ ပြုရမှု ၊ မိမိရပိုင်ခွင့်ကို ကာကွယ်ရမှုတွေကို အများဆုံး လုပ်ရလိမ့်မယ်။ ဒီနှစ်ဟာ ပြဿနာ ကြောက်သူများအတွက် အောင်ပွဲခံရမယ့် နှစ်မျိုးတော့ မဟုတ်ဘူး။ ကြောက်လျှင် လာဘ်လွဲ ၊ ရဲလျှင် မင်းဖြစ် ဆိုတာ ဒီနှစ်မှာ ကျင့်သုံးရမယ့် ဆောင်ပုဒ်ဖြစ်တယ်။
မကာရရာသီဖွားများအတွက် ဒီနှစ်မှာ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေး နယ်ပယ်များတွင် လုပ်ကိုင်နေသူများ ၊ အိုးအိမ်ဆောက်လုပ်ရေး လုပ်ငန်း ၊ ရွှေလုပ်ငန်း ၊ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် ဖြန့်ဖြူးမှုဆိုင်ရာလုပ်ငန်းများ ၊ စာ/နယ်/ဇင်း လုပ်ငန်းများ ၊ လျှပ်စစ် နှင့် ကွန်ပျူတာ ဆိုင်ရာလုပ်ငန်းများ ၊ ခရီးသွားလာရေး နှင့် ဟော်တယ်လုပ်ငန်းများ ၊ သတ္တုမျိုးစုံ ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ ၊ လှောင်ကုန် လုပ်ငန်းများ ၊ ၀န်ဆောင်မှု လုပ်ငန်းအမျိုးမျိုး ၊ စတဲ့ လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အကျိုးကျေးဇူး မြင့်မားစွာ ခံစားရနိုင်တယ်။
ငွေကြေးဆိုင်ရာ
.....................
မကာရရာသီဖွားများအတွက် ဒီနှစ်မှာတော့ ငွေကြေးကံဇာတာကို အမြင့်ဆုံး အမှတ်ပေးချင်ပါတယ်။ ဒီနှစ်မှာ မကာရရာသီ ဖွားများ အတွက် လူတန်းစားအမျိုးမျိုး ၊ ဘ၀အဆင့်အတန်း အစုံစုံ ရှိကြပေမယ့် ငွေကြေးကံဇာတာမှာ သူ့အဆင့်အတန်းနဲ့သူ ကောင်းစား ကြပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒီနှစ်ဟာ ငွေကြေးနဲ့ ပတ်သက်ပြီး အောင်ပွဲ ခံနိုင်မယ့် နှစ်မျိုးဖြစ်တယ်။ ငွေတွေ အလီလီ အခါခါ ၀င်တာ မျိုးလည်း ရှိနိုင်သလို တစ်ကြိမ်ထဲနဲ့ ငွေစုငွေပုံ ၀င်တာမျိုးလည်း ရှိနိုင်တယ်။ ဒီနှစ်မှာ ကံတရားဆိုတဲ့ မိခင်ကြီးဟာ သူ့ရဲ့ သားငယ်ကလေး (၁၂) ယောက်ထဲက မကာရရာသီဆိုတဲ့ သားငယ်လေးကို မုန့်ဖိုးတွေ ဖောဖောသီသီ ပေးမယ့် နှစ်မျိုးလို့ တင်စား ဆိုချင်ပါတယ်။ ရစရာ ရှိတဲ့ ငွေကြေး ၊ ရပိုင်ခွင့်များကိုလည်း ဒီနှစ်ထဲမှာ ရဖို့ ရှိတယ်။
သို့သော် ဒီနှစ်မှာ ငွေကြေး နဲ့ တန်ဖိုးရှိ ပစ္စည်းများ ရရှိမည့် ပုံစံဟာ အလိုလို မိုးပေါ်က ကျလာမယ့် ပုံစံမျိုးတော့ မဟုတ်ပေဘူး။ ရပိုင်ခွင့်အတွက် တိုက်ယူရမယ် ၊ တောင်းယူရမယ်။ ကံတရားဆိုတဲ့ မိခင်ကြီးဆီကို လက်ဖြန့်တောင်းဖို့ လိုလိမ့်မယ်။ ဒါမှ ကိုယ့်ရဲ ရပိုင်ခွင့်တွေ ရလာမှာ ဖြစ်ပါတယ်။ ထီပေါက်မယ် ဆိုရင်တောင်မှ ထီလတ်မှတ် သွားဝယ်ရသေးတယ် ၊ ထီလတ်မှတ် တိုက်ရသေးတယ်။ အဲဒီလိုဘဲ ဒီနှစ်ရဲ့ ငွေကြေးရရှိမှုပုံစံက တိုက်ယူ ၊ တောင်းယူရမယ့် ပုံစံလို့ မှတ်ထားပါ။ ဒါပေမယ့် လွယ်လွယ်ကူကူ ရလိမ့်မယ်။ ဒီနှစ်ဧပြီလ ၊ မေလ ၊ ဇူလိုင်လ နှင့် စက်တင်ဘာလများမှာ ငွေကြေးမြောက်များ စွာ ၀င်ကိန်း (သို့) အလုပ်အကိုင် တိုးတက်မြင့်မားကိန်းများ ရရှိနိုင်ရန် အခွင့်အလမ်းများပြားတာကို တွေ့ရပါတယ်။
ပညာရေး
............
ပညာရေး နှင့် ပတ်သက်လျှင် မကာရရာသီဖွားများအတွက် ကံဇာတာ အကောင်းကြီးဟု မဆိုနိုင်ပါ။ ဒီနှစ်မှာ ပညာရေး နဲ့ ပတ်သတ်လျှင် အပြိုင်အဆိုင်များမယ်။ အနှောက်အယှက်များမယ်။ ရန်များမယ်။ ကိုယ့်အောင်မြင်မှုအပေါ် မနာလို မရှုစိမ့်နိုင်သူ များမယ်။ ဒါကြောင့် ပညာကြိုးစားနေသူအတွက် စိတ်အနှောက်အယှက် ဖြစ်ရမှု များမယ်။ အရေးကြီးတာ ကိုယ်လုပ်စရာ ရှိတာကိုဘဲ စိုက်လိုက်မတ်တပ် လုပ်သွားဖို့ဘဲ။ သူများ နှင့် မယှဉ်ပြိုင်ပါနှင့်။ မိမိ နှင့်သာ မိမိ ယှဉ်ပြိုင်ပါ။ ကြိုးစားမှု ၊ ၀ီရိယ အားနည်းလွန်းသူများအတွက် ဒီနှစ်မှာ ပညာရေး နှင့် ပတ်သက်ပြီး အဆိုးရလဒ်များ ထွက်ပေါ်တတ်ပါတယ်။ ကံ ၊ ဥာဏ် ၊ ၀ီရိယ (၃)ပါးမှာ ဥာဏ် နှင့် ၀ီရိယကိုသာ အားကိုးရမယ့် နှစ်ဖြစ်တယ်။
အချစ်ရေး
.............
ဒီနှစ်အတွက် မကာရရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး ထူးခြားတဲ့ အခြေအနေများ တွေ့ရှိနေပါတယ်။ ဒီနှစ်မှာ လူငယ် ၊ လူလတ် ၊ လူကြီး ၊ ကျား/မ အားလုံးအတွက် အချစ်ရေး အချစ်ရာ ကိစ္စတွေ တွေ့ကြုံဖို့ အားအလွန်များတဲ့ နှစ်ဖြစ်တယ်။ စန်းအလွန်ပွင့် တဲ့ နှစ်မျိုးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အချစ်မရှိတဲ့ အပျိုကြီး လူပျိုကြီးများ စွံတတ်တဲ့ နှစ်ဖြစ်ပါတယ်။ စုတ်အား အလွန်ကောင်းတာမို့ အိမ်ထောင်ရှိသူများပင် နောက်ထပ်အချစ်ရေး အချစ်ရာများ ပေါ်ပေါက်လာတတ်ပါတယ်။ အိမ်ထောင်ရှိသူများအတွက် သိပ်တော့ ကောင်းတဲ့ ကိစ္စလို့တော့ မပြောနိုင်ဘူး။ အိမ်ထောင်ပြုရန် ကြံရွယ်ထားသူများ ဒီနှစ်မှာ အိမ်ထောင်ကျဖို့ အလွန်အားများပါတယ်။ အိမ်ထောင်ပြုရန် ကြံရွယ်မထားသူများပင် မရွယ်ဘဲနှင့်စော်ကဲမင်းဖြစ် ဆိုတာလို မထင်မှတ်ဘဲ ရုတ်တရက် အိမ်ထောင်ကျတတ်ပါတယ်။ စုတ်အား စန်းအား အလွန်ကောင်းနေတဲ့ နှစ်မျိုးလို့ ကိုယ့်ကိုယ်ကို ထိန်းနိုင်မှ တော်ကာကျပါလိမ့်မယ်။
အိမ်ထောင်ရေး/အိမ်တွင်းရေး
.......................................
အိမ်ထောင်ရှိသူများကတော့ ဒီနှစ်မှာ အထက်က ပြောသလို စုတ်အား ၊ စန်းအား ကောင်းနေတာမို့ အထူး သတိရှိရှိ နေထိုင်ဖို့လိုပါတယ်။ မစွမ်းရင်းကလည်း ရှိ ၊ ကန်စွန်းခင်းကလည်း ညိ ဆိုတာလို အနေနီးစပ်သူများနှင့် ညိစွန်းတတ်ပါတယ်။ တစ်ချို့ ကျလည်း မိမိတို့ရဲ့ အေးချမ်းသာယာနေတဲ့ အိမ်ထောင်ရေးကို နှောင့်ယှက်ဖို့ အကြံနဲ့ချည်းကပ်လာတာမျိုးလည်း ကြုံရတတ်ပါတယ်။ မိမိ အနေတတ်ပါမှ အိမ်ထောင်ရေး အေးချမ်းပါမယ်။ မဟုတ်ပါက အမှိုက်ကစ ပြဿဒ် မီးလောင်ဖြစ်ပြီး အိမ်ထောင်ရေး ပြဿနာများ ပေါ်ပေါက်တတ်ပါတယ်။ တစ်ချို့တစ်လေမှာ မိမိရဲ့ စုတ်အားဟာ မိမိအိမ်ထောင်ဘက်ကို ကူးစက်သွားပြီး မိမိက ပြဿနာမဖြစ်ဘဲ အိမ်ထောင်ဘက်မှာ ပြဿနာဖြစ် (စန်းထပွင့်) တာမျိုးလည်း ရှိနိုင်တယ်။ သတိပြုပါ။
ကျန်းမာရေး
................
ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ သတိထားရမယ့် နှစ်ဖြစ်ပါတယ်။ ကျန်းမာရေး မကြာခဏ ခြူချာညံ့ဖျင်း တတ်ပါတယ်။ ကူးစက်ရောဂါများ ဖြစ်ပွားလွယ်ပါတယ်။ ရာသီအလိုက် ရာသီအကူးအပြောင်းများမှာ ဖြစ်တတ်တဲ့ တုတ်ကွေး ၊ အဖျား ၊ ၀မ်းပျက်ဝမ်းလျှော ၊ ခေါင်းကိုက် ၊ ဗိုက်နာ ၊ ချောင်းဆိုး ရောဂါများ ဖြစ်ပွားတတ်ပါတယ်။ ရောဂါကြီး အခံရှိသူများအတွက် ဒီနှစ်မှာ ရောဂါ တိုးတတ်ပါတယ်။ ရုတ်တရက် ဒေါသအမျက်ထွက်ခြင်း ၊ စိတ်လှုပ်ရှားခြင်းများကြောင့် ဖြစ်တတ်တဲ့ သွေးဆောင့်တိုးခြင်း ၊ Heart Attack ဖြစ်ခြင်း ၊ မူးမိုက်လဲကျခြင်းများ ယခုနှစ်မှာ သတိထားပါ။ နောက်သတိထားရမှာ တစ်ခုကတော့ ဒီနှစ်မှာ Accident အသေးအဖွဲလေးများ ကြုံတတ်ပါတယ်။ ထိခိုက်ရှနာ သွေးထွက်သံယိုဖြစ်တတ်ပါတယ်။ လူအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် ဒဏ်ရာရခြင်း ၊ အနာတရ ဖြစ်ခြင်းများလည်း ကြုံရဖွယ် ရှိပါတယ်။
ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
.................................
ဒီနှစ်မှာ ခရီးသွားလာခြင်းနဲ့ ပတ်သက်ပြီး ကံကောင်းမှု တိုးတက်များပြားနိုင်ပါတယ်။ မိသားစုနှင့်အတူ အပန်းဖြေ ခရီး ၊ ဘုရားဖူးခရီးများ ထွက်ရတတ်ပါတယ်။ နိုင်ငံရပ်ခြားခရီးများလည်း သွားလာရကိန်း ရှိပါတယ်။ ဌာနဆိုင်ရာ ၀န်ထမ်းများ အစိုးရ အစီအစဉ် ဖြင့် နိုင်ငံရပ်ခြားများသို့ သွားရတတ်ပါတယ်။ နိုင်ငံရပ်ခြားများကို အစုအဖွဲ့ အသင်းအဖွဲ့များအနေနှင့်လည်း သွားရကိန်း ရှိနိုင်ပါတယ်။ နိုင်ငံခြား နှင့် ပတ်သတ်နေသော ကိစ္စများ အားလုံးနီးပါး ကောင်းတယ်ဆိုရပါမယ်။
လူမှုဆက်ဆံရေး
......................
ဒီနှစ်အတွက် လူမှုဆက်ဆံရေးပိုင်မှာ ပြဿနာကြီးများ မရှိနိုင်ပါ။ ရှိလာလျှင်လည်း မိမိဘက်က အသာရဖို့ ရှိပါတယ်။ ဒီနှစ်မှာ မိတ်ကောင်းဆွေကောင်း တွေ့တတ်တယ်။ မိမိကို အကူအညီ အထောက်အပံ့ပေးနိုင်သူများ ကြုံရတတ်တယ်။ အလုပ်ကိစ္စများတွင် မိမိ နှင့် အတိုက်အခံများ ယှဉ်ပြိုင်မှုမှာ မိမိဘက်က ရပ်တည် ကူညီမည့် မိတ်ဆွေကောင်းများ ရရှိတတ်ပါတယ်။
နေ့သားအလိုက် ကံကောင်းမှုများ
.............................................
မကာရရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် မကာရရာသီဖွားများထဲက တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာ ၊ စနေ သားသမီးများ ကံဇာတာမြင့်မားမှု ကို ပိုမိုကြုံဆုံနိုင်ဖွယ် ရှိပြီး ၊ တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။
လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
.................................................
ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - ဧပြီလ ၊ မေလ ၊ ဇူလိုင်လ နှင့် စက်တင်ဘာလ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
မတ်လ ၊ အောက်တိုဘာလ နှင့် ဒီဇင်ဘာလ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)
ထီကံကြမ္မာ
...............
လူ (၁၀)ဦးမှာ (၇)ဦးလောက်က ထီဝါသနာ ပါသူများ ဖြစ်ခြင်းကြောင့် ဒီနှစ်မှာ ထီကဏ္ဍလေးကို တိုးချဲ့ လိုက်ပါတယ်။ ဒီနှစ် ကံကြမ္မာအနေနဲ့ မကာရရာသီဖွားများ ထီပေါက်ကိန်း ရှိနေပါတယ်။ (လူတစ်ဦးခြင်း ကံကြမ္မာအပေါ်တွင်လည်း တည်ဦးမည်) ။ ဒါကြောင့် ဒီနှစ်မှာ ထီထိုးဖို့ တိုက်တွန်းလိုပါတယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၁ ၊ ၆ ၊ ၄ ၊ ၉ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၁) နှင့် (၄) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။
နှစ်ချုပ် ကံကြမ္မာ
......................
ယခုနှစ်တွက် မကာရရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် ကံကောင်းမှု များပြားမည့် နှစ်ဟုပင် သတ်မှတ်ရမည်ဖြစ်သည်။ ယခုနှစ်တွင် အလုပ်ကိစ္စ နှင့် ပတ်သတ်ပြီး အပြိုင်အဆိုင် အတိုက်အခိုက်များ ၊ ရန်ပြုခံရမှုများ ရှိနိုင်သော်လည်း မိမိကံဇာတာ မြင့်မားခြင်းကြောင့် အနိုင်ရမည့် နှစ်ဟု ဆိုရပါမယ်။ ဒီနှစ်ဟာ ငွေကြေး ကိစ္စ နှင့် အချစ်ရေးအချစ်ရာ ကိစ္စများဟာ မကာရရာသီဖွား များအတွက် ထူးခြားစွာ ကြုံရမည့် ကိစ္စဟု ဆိုနိုင်ပါတယ်။
ထိုကိစ္စများသည် ကောင်းသော ကိစ္စများဟု ဆိုနိုင်သော်လည်း ၀င်ရောက်မည့် ငွေများဟာ ငွေမည်းများ ၊ တရားမ၀င်ငွေများဖြစ်လျှင်တော့ နောက်ဆက်တွဲ ပြဿနာများကို ကိုယ့်ဟာကိုယ် ရှင်းကြရပါလိမ့်မယ်။ အချစ်ရေး ကိစ္စများကလည်း လူလွတ်များအတွက် သင့်တော်သော်လည်း အိမ်ထောင်ရှိသူများအတွက်မူ နောက်ဆက်တွဲ ပြဿနာများ ၀င်ရောက်မည်မှာ ဧကန်ဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ် တာဝန်ယူနိုင်လျှင် လုပ်ကြပေရော့။
အချစ်ရေး နှင့် ငွေကြေးကိစ္စမှာ အညစ်အကြေး မစွန်းထင်လျှင် ယခုနှစ်တွင် မကာရရာသီဖွားများအတွက် မိသားစုနှင့်အတူ ပျော်ရွှင်မှု ၊ အောင်မြင်မှုများကို မျှဝေခံစားရမည့် နှစ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါတယ်။ မိသားစုနှင့်အတူ အလှူရေစက် လက်နှင့်မကွာ ပြုရင်း မင်္ဂလာရှိသော (၂၀၁၄)ခုနှစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေသတည်း။
ယတြာပြုလုပ်လိုပါက
............................
မိမိနေအိမ်ဘုရားမှာ အုန်းထမင်း နှင့် သရက်သီးသနပ်ကို တစ်လတစ်ခါခန့် နေ့ဆွမ်း ကပ်လှူပေးပါ။ လေလွင့်လူငယ်များအား လှူဒါန်းကူညီပါ။ ရှေးဟောင်းဘုရားများကို ရွှေသင်္ကန်း ကပ်လှူပေးပါ။ ယခုနှစ်အတွင်း အနီရောင် ၊ လိမ္မော်ရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ အစိမ်းရောင် ၊ နက်ပြာရောင် အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ ကြက်သွေးရောင် ၊ မီးခိုးရောင် ၊ အဖြူ ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါ ၊ များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။
(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment