Labels

Wednesday, February 12, 2014

ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြား ဖြစ်နေပြီလား




ရွာအမည် “သမီးကလေးကျေးရွာ” အရပ်အခေါ် “သမီးလေးကျေးရွာ” သတင်းသည် ယခု တစ်ပတ်တွင် အတော်ကလေး သတင်းကြီးခဲ့သည်။ ထိုရွာနှင့်ပတ်သက်သော မျက်မြင် တွေ့ရှိချက်များ တွေ့ဆုံ မေးမြန်းချက် များအရ သိရှိခဲ့ရ သည်များကို ဘယ်ဘက်မှ မလိုက်ပဲ မြင်တွေ့ သိရှိခဲ့ရသည့်အတိုင်း တင်ပြလိုပါသည်။

မျက်မြင်တွေ့ရှိချက်များကို စတင်တင်ပြလိုပါသည်။ သမီးလေးရွာ အနောက်စုနှင့် အရှေ့စု နှစ်နေရာလုံးတို့တွင် သစ်ပင် ကြီးကြီးမားမား တစ်ပင်တစ်လေမျှပင် မတွေ့ရခြင်း၊ ရွာတစ်လျှောက် ရေမြောင်းများ အခြေအနေမှာလည်း ရေစီးရေလာ ရှိခဲ့ဟန် မရှိခြင်း၊ အုတ်အင်္ဂတေတို့ဖြင့် ဆောက်လုပ်ထားသည့် အုပ်ချုပ်ရေးမှူးရုံး၊ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းတို့မှာ လုံးဝ သစ်လွင်နေခြင်း၊ ဆေးပင် မသုတ်ရသေးခြင်း၊ ရေညှိတစ်စပင် မတွေ့ရခြင်း၊ ကားလမ်းတစ်လျှောက် စိုက်ထူထားသော စည်းရိုးကျောက်တိုင်များနှင့် သွပ်ဆူးကြိုးတို့မှာလည်း ထိုနည်းအတိုင်း တူညီနေခြင်း၊ ထိုရွာသားများ၏ စီးပွားရေး အခြေအနေများအရ ကျောက်တိုင်စည်းရိုးအသာထား ၀ါးစည်းရိုးပင် အနိုင်နိုင် လုပ်ရမည့် အခြေအနေတွင် ရှိနေခြင်း၊ တောင်ထန်းအမိုးများမှာလည်း အသစ်နီးပါး ဖြစ်နေခြင်း၊ စားပင်သီးပင်များ မရှိခြင်း စသည်တို့မှာ ထူးခြားလျှက်ရှိပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဖောင်ကြီးတွင် အရာထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေစဥ ၂၀၁၀ နှစ်ဦးပိုင်း ပဲခူးသို့ ထိုလမ်းမှ သွားခဲ့ဘူးစဉ်က ထိုနေရာတစ်ဝိုက်တွင် ရွာစဉ် မတွေ့ခဲ့ရသည်ကိုလည်း ပြန်လည် အမှတ်ရမိပါသည်။

အနီးပတ်ဝန်းကျင်မှ ဒေသခံများနှင့် တွေ့ဆုံ မေးမြန်းစုံစမ်းကြည့်ရာတွင် ထိုရွာသည် မကြာသေးကြောင်း မိမိတို့ ဒေသမှလည်း မဟုတ်ကြောင်း၊ နောက်ပိုင်းမှသာ ဒေသခံအနည်းငယ် သွားရောက်နေထိုင်ကြကြောင်း၊ ယခုအခါ ထိုဒေသခံများလည်း သူတို့ရွာသူတို့ ပြန်လည်နေထိုင်ကြပြီဖြစ်ကြာင်း၊ အောင်သိဒိကျောင်းတွင် ခိုလှုံနေထိုင်သူများမှာ ပဲခူးတိုင်းဘက်မှဖြစ်ကြောင်း၊ အချို့မှာ ဧရာဝတီတိုင်းကလည်း ပါကြောင်း၊ ကြီးလေးကြီး လမ်းတစ်လျှောက်နှင့် တပ်များသို့ ဆက်သွယ်ထားသည့် လမ်းတစ်လျှောက်တွင် ရာဘာခြံများနှင့် သရက်ခြံများ ရှိကြောင်း၊ ထိုခြံများကို အဘယ့်ကြောင့် မရှင်းလင်းသည်မှာလည်း ထူးခြားလျှက်ရှိကြောင်း၊ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရဆိုပါက ထိုခြံများသည် တပ်ဧရိယာတွင် ပါဝင်နေကြောင်း၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့် ကြောင်း၊ ဖြိုဖျက်ခံရသည့် ရွာများမှာ အုတ်ဖို၊ ဒေါ်ဂါလီ၊ ကျွဲတဲရွာစပ်ပိုင်း၊ ၀ါးပငဲ့၊ တောင်လုံးပြောင်၊ သမီးလေး၊ အင်းမတီး စသည့် ရွာများဟု ကြားသိရကြောင်း၊ ကျွဲတဲရွာသည် ယခင်ကတည်းက တည်ရှိသောရွာဖြစ်ကြောင်း၊ ရှေးဟောင်း ဘုရားများလည်းရှိကြောင်း၊ ထိုရွာရှိ ကျန်ရှိသည့် အိမ်များကိုလည်း ဖျက်မည်ဟု သတင်းကြားကြောင်း၊ သမီးလေးရွာသည် မနှစ်က(၂၀၁၃) နောက်ပိုင်းမှ ပိုမိုများပြားလာကြောင်း၊ နောက်ကွယ်မှ စီစဉ်ပေးသူများ ရှိခဲ့ကြောင်း၊ ကျွဲတဲရွာသို့ လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိမ်း လာရောက်ခဲ့ကြောင်း၊ သို့သော် မိနစ်ပိုင်းလေးသာ နေပြီးပြန်သွားကြောင်း၊ တိကျသော ဆောင်ရွက်ပေးမည့် အစီအစဉ် ပြောကြားမှု မပြုခဲ့ကြောင်း၊ သမီးလေးရွာကို အိမ်အနည်းစု ကတည်းက မဖြေရှင်းခဲ့ပဲ ယခုမှ ဖြေရှင်းသည့်အတွက် အုတ်အော်သောင်းတင်း ဖြစ်ရကြောင်း သိခဲ့ရသည်။

ဖြစ်စဉ်ကို သုံးသပ်ရလျှင် အာဏာပိုင်များအနေဖြင့် Public Relation (PR) ကို နားမလည်သည်လား၊ အာဏာရှင် အလေ့အထ မပျောက်ကွယ်သေးသည်လား စဉ်းစားဘွယ်ရာ ဖြစ်ပါသည်။ Public Relation ကို နားလည်ပြီး အလေးထားနိုင်မည်ဆိုပါက ထိုသို့ ပြနာများ ကြီးထွားလာမည်မဟုတ်ပေ။ နိုင်ငံရေး လုပ်စားသူများ၏ ဂွင်ထဲသို့ ၀င်ရောက်မသွားစေရန် ကြိုတင်အစီအမံများချမှတ် လုပ်ဆောင်ခြင်းဖြင့် မိမိတို့ လိုအင်ဆန္ဒများ ပြည့်ဝလာစေနိုင် သလို ပြည်သူလူထု၏ ကျေနပ်လက်ခံမှုကိုလည်း ရယူနိုင်ပေမည်။ အစိုးရ မျက်နှာပျက်ရခြင်းမှလည်း ရှောင်လွှဲ နိုင်သည်။ ခေတ်ပြောင်း စနစ်ပြောင်းတွင် စစ်တပ်ပုံစံဖြင့် ဖြေရှင်း လုပ်ဆောင်ခြင်းသည် တပ်နှင့်ပြည်သူ ကင်းကွာ စေပြီး တပ်၏ ပုံရိပ်ကိုလည်း ပိုမိုကျဆင်းလာစေနိုင်သည်ကို အလေးဂရုပြုသင့်ပါသည်။

၆.၂.၂၀၁၄ နေ့က ကြီးလေးကြီးလမ်းပေါ် လှည်းကူးမြို့နယ်အဆုံးနှင့် မလှမ်းမကမ်းတွင် လမ်းပိတ်ထားသည်ကို ဖြတ်ကျော်ရာ အရပ်ဝတ်ဖြင့် ၂ ဦးအနက် တစ်ဦးက ၀ါရင်းတုတ် ကိုင်ထားပြီး လူမိုက်ဟန်အပြည့်ဖြင့် လည်းကောင်း၊ တစ်ဦးကလည်း လူမိုက်စတိုင် အပြောအဆိုဖြင့်လည်းကောင်း ပြောဆို ဆက်ဆံသည်ကို ကြုံတွေ့ခဲ့ရသည့် အနေအထားအရ  PR ကို နားမလည်ကြောင်း ပိုမိုထင်ရှားနေသည်ကို သုံးသပ်မိသည်။ ကွပ်ကဲနေသည့် ဗိုလ်မှူး ကမူ PR ကို နားလည်ကြောင်း တွေ့ရှိခဲ့ရပြီး အပြန်တွင်လည်း ဗိုလ်ချုပ်များ၏ ပြောဆို ဆက်ဆံမှုမှာ ညက်ညောသည်ကို တွေ့ရသည်။ သို့သော် Public Speech အားနည်းကြောင်း သုံးသပ်မိသည်။ တပ်က မှန်သည်ဆိုလျှင် ဘာ့ကြောင့် မှန်သည်၊ ဘယ်အချိန်က ကျူးကျော်လာသည်၊ စတင် မည်သို့ဆောင်ရွက်ခဲ့သည်၊ နောက်ဆုံး မည်သို့ ဆောင်ရွက်သည် စသည်ဖြင့် ခြုံငုံရှင်းပြနိုင်မည်ဆိုပါက မီဒီယာများတွင် တစ်ဘက် အမြင်သာမက နှစ်ဘက် အခြေအနေမှန်ကို သုံးသပ် ရေးသားနိုင်ကြမည်  ဖြစ်သည်။ မီဒီယာ၏ အရေးပါပုံကို သိမြင်ပြီး မီဒီယာကို အသုံးပြုနိုင်စွမ်း ရှိခဲ့သင့်ပေသည်။

မီဒီယာသည် ကြားခံ တစ်ခုသာဖြစ်ပြီး မှားခြင်းမှန်ခြင်းကို ဆုံးဖြတ်ပေးမည့် ခုံရုံးလည်း မဟုတ်ပေ။ ရရှိသည့် သတင်းအရင်းအမြစ်အပေါ် အခြေခံ ရေးသားတင်ပြကြရသည်သာ။ အချို့သော အာဏာပိုင်များက မီဒီယာ၏ အသုံးဝင်ပုံကို မသိပဲ မီဒီယာကို ရန်သူလိုမြင်ကာ သတင်းအမှောင်ချကြသည့်အတွက် မီဒီယာများအနေဖြင့် တစ်ဘက်သတ် ရေးသကဲ့သို့ ဖြစ်နေရသည်။ အမှန်မှာမူ တစ်ဘက်ကပဲ သတင်းရသဖြင့် ထိုသို့ ဖြစ်ရခြင်းပင်။ ချွင်းချက် မရှိမဟုတ်ပါ။ အားလုံးကို မဆိုလိုပါ။

ကဲ… ပြီးပြီးသားတွေ ထားလိုက်ပါတော့။ လက်ရှိ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသူတွေကို ဘယ်လို ကုစားပေးကြမလဲ။ ဒါကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်လိုသူတွေကလည်း အကွက်ကျကျ လှုပ်ရှားနေတာတွေကိုလည်း တွေ့နေရပြီ။ သတိပြုမိလို့လည်း လမ်းတွေ ပိတ်ပြီး လုံခြုံရေးယူထားရပြီ။ ဒါဟာ ရေတို ဖြေရှင်းနည်း တစ်ခုသာဖြစ်ကြောင်းလည်း သဘောပေါက်သင့်ပြီ။ ပြည်သူတွေက ဆူးကြားက ဘူးခါး ဘ၀ပါ။ နိုင်ငံရေး လုပ်စားများ(နိုင်ငံရေးသမား စစ်စစ်များကို မဆိုလိုပါ။)၊ မြို့ပေါ်နှင့် ကျေးရွာ ရပ်ကွက် များမှ လူလည်လူနပ်များ၏ အယုံသွင်း လှည့်စားမှုများနောက် မသိနားမလည်စွာ ရောယောင်ပါလာခဲ့ပြီး တိုင်းဒေသကြီး အစိုးရ၏ အင်အားသုံး ဖြေရှင်းမှုကို ကျောကော့အောင် ခံလိုက်ကြရသည်။ လူလည်လူနပ်များကတော့ မြေများကို သူပိုင်လို လက်ညှိုးထိုး လုပ်စား၊ ရောင်းစားခဲသည့် စည်းစိမ်များဖြင့် ဇိမ်ကျနေလျှက် ရှိပါကြောင်းနှင့် အလားတူ လုပ်စားနေမှုများသည် စာဗူးတောင်း အုပ်စုသာမက ဖောင်ကြီးအုပ်စုနှင့် မင်းကုန်းအုပ်စုများတွင်လည်း ဖြစ်ပွားနေသည်ဟု ကြားသိရ ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment