● နှစ်စ်ပါင်း(၆၀)ကျော်၊ အခြေခံဥပဒေ သုံးခု ●
လွတ်လပ်ရေးရရှိပြီးနောက် တည်တံ့ခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ၁၉၆၂ ခုနှစ်တွင် ပျက်ပြယ်သွားခဲ့ရပြီး ၁၉၇၄ အခြေခံဥပဒေ ပေါ်ထွက်လာခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ်တွင် ပျက်ပြယ်ခဲ့ရပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာ ခဲ့သည်။ ၁၉၄၇ အခြေခံဥပဒေသည် စုစုပေါင်း သက်တမ်း ၁၅ နှစ်ခန့် ကြာရှည်ခဲ့ပြီး ၁၉၇၄ အခြေခံဥပဒေ မှာ စုစုပေါင်း သက်တမ်း ၁၆ နှစ်ခန့် ကြာရှည်ခဲ့သည်။ ခြုံ၍ကြည့်လျှင် မြန်မာနိုင်ငံတွင် အခြေခံဥပဒေ တစ်ခုသည် အနည်းဆုံး ဆယ်စုနှစ်တစ်နှစ်ကျော်သာ တာရှည်ခံခဲ့သည်။ တစ်ဖန် အဆိုပါ အခြေခံဥပဒေ နှစ်ရပ်စလုံးသည် တပ်မတော်၏ ၀င်ရောက်ထိန်းကျောင်းမှုဖြင့် ပျက်ပြယ်ခဲ့ရသည်ချည်း ဖြစ်သည်။
၁၉၄၇ အခြေခံဥပဒေသည် နိုင်ငံတော်၊ ဈေးကွက်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း သီးခြားအား ကောင်းစေခဲ့သော လစ်ဘရယ်အုပ်ချုပ်ရေးစနစ်၊ ပါလီမန်ဒီမိုကရေစီနိုင်ငံရေးစနစ် ဖြစ်သည်။ ၁၉၇၄ အခြေခံဥပဒေသည် ဈေးကွက်၏အခန်းကဏ္ဍထက် နိုင်ငံတော်ကအလုံးစုံထိန်းချုပ်ခဲ့သော ဆိုရှယ်လစ် စနစ်၊ တစ်ပါတီ ဆိုရှယ်ဒီမိုကရေစီနိုင်ငံရေးစနစ် ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေတွင်ကား အားလုံးပြောင်း လဲခဲ့ပြီ ဖြစ်သည်။ ပါလီမန်စနစ် ဟူသော ရှင်ငယ်ဝမ်း၊ တစ်ပါတီစနစ်ဟူသော ရှင်ကြီးဝမ်းကို ကြုံတွေ့ခဲ့ရ သော မြန်မာနိုင်ငံသည် ယခုအခါ ပါတီစုံဒီမိုကရေစီနှင့် သမ္မတစနစ် ပေါင်းစည်းထားသော မြန်မာပုံစံ နိုင်ငံ ရေးစနစ်ကို ၂၀၀၈ အခြေခံဥပဒေဖြင့် လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ဤစနစ်တွင် နိုင်ငံတော်၊ ဈေးကွက် နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတို့ ပြန်လည်နိုးကြားအသက်ဝင်လာခဲ့သည်။ နှစ်ပေါင်း(၆၀)ကျော်တွင် အခြေခံ ဥပဒေ(၃)ခုဖြင့် ကြုံတွေ့ခဲ့ရသော မြန်မာ့လူ့ဘောင်အဖွဲ့အစည်းသည် အနိမ့်အမြင့် သံသရာကို လည်း မျက်မြင်ကိုယ်တွေ့ ဖြတ်သန်းခဲ့ကြပြီး ဖြစ်သည်။
“မြန်မာ့နွေဦး” ဟု အရပ်ရပ်တိုင်းအပြည်ပြည် ခေါ်တွင်ခဲ့ကြကုန်သော ဒီမိုကရေစီအသွင်ကူးပြောင်း ရေးမှာ ခရီးရှည်ကြီး ဖြစ်သော်လည်း ထိုက်သင့်သည့် အပြောင်းအလဲများလည်း ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ သည်မှာ အမှန်တရားတစ်ခုပင် ဖြစ်သည်။
● စံနှုန်း ပြဿနာ ●
မြန်မာ့နိုင်ငံရေးဓလေ့၏ သွင်ပြင်လက္ခဏာများတွင် စံနှုန်းပြဿနာများလည်း တွဲလျက် တည်ရှိနေ ကြောင်း အကွဲအပြဲသံသရာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ပြန်ပြောင်းတွေ့မြင်နိုင်သည်။ ထီးပြိုင်နန်း ပြိုင် မြို့ပြနိုင်ငံများခေတ်တွင် ဧကရာဇ်ဘွဲ့ခံကာ စကြာဝတေးမင်း ပလ္လင်ရရှိနိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြ သည်လည်း ရှိသည်။ “ဘုရင်ကို သတ်လျှင် ဘုရင်ဖြစ်သည်” “ရာဇပလ္လင်ကို ကိုင်လှုပ်မည့် မင်းလောင်းဆို လျှင် သုတ်သင်ရမည်” ဟု ဆိုကြကုန်သော နန်းတွင်းထုံးတမ်းအစဉ်အလာများသည်လည်း ပြင်းထန်လှ သော ပဒေသရာဇစ်စနစ်၏ သင်္ကေတများ ဖြစ်ခဲ့ကြသည်။ ရာဇ၀ံသ-ရှင်ဘုရင်တို့၏ အထုပ္ပတ္တိသာလျှင် ရာဇ၀င်သမိုင်း ဖြစ်ခဲ့သော နိုင်ငံများတွင် ပြည်သူလူထုဟူသည် ကမ္ဗည်းမတင် စာမတင်သော ဇာတ်ရံများ အဖြစ်သာ တည်ရှိခဲ့လေ၏။
ကိုလိုနီခေတ်တစ်လျှောက်လုံး စကြာမင်းလောင်းပေါ်မည့်အရေး နက်နက်ရှိုင်း ရှိုင်း ယုံကြည်ခဲ့ကြပြီး နှစ်ပေါင်းတစ်ရာကျော် မင်းလောင်းမျှော်ရင်း ကျွန်သဘောက်ဘ၀တွင် အနည်ထိုင်ခဲ့ ကြသည်။ ထိုမှသည် ကမ္ဘာ့သမိုင်း တော်လှန်ရေးလှိုင်းနှင့် ဒုတိယကမ္ဘာစစ်တို့ ဆုံမှတ်တစ်ခုသို့ ရောက်ရှိ ချိန်တွင် လွတ်လပ်ရေးကို လက်တွေ့ကျကျ ကြိုးပမ်းခဲ့ကြသည်။ လွတ်လပ်ရေး ဟု ဆိုကြရာတွင်လည်း လုံးဝ လွတ်လပ်ရေး၊ လွတ်လပ်ရေးစစ်စစ် စံနှုန်းပြဿနာ ပေါ်ခဲ့ရ၏။ ကိုလိုနီနယ်ချဲ့ကို တော်လှန်ရာတွင် ရှေ့ဆောင်ဝါဒ ဖြစ်သော လက်ဝဲလှိုင်းလုံးကြီးသည် နီခြင်း မနီခြင်းနှင့် အဆင့်ဆင့်ကွဲထွက်ကုန်ကာ ပြည်တွင်းစစ်နွံအတွင်း သက်ဆင်းစေခဲ့သည်။ အဓိက ဇစ်မြစ်မှာ လွတ်လပ်ရေးအစစ်၊ လွတ်လပ်ရေး အတု ဟု အငြင်းပွားခဲ့ကြသော စံနှုန်းပြဿနာသာ ဖြစ်သည်။
လွတ်လပ်ရေး ကြိုးပမ်းစနိုင်ငံငယ်များ၊ လွတ်လပ်ပြီးစနိုင်ငံငယ်များ အကြားတွင်လည်း နယ်ချဲ့ တော်လှန်ရေးမှသည် အရင်းရှင်တော်လှန်ရေးသို့ ရွေ့လျောကာ လက်ဝဲစနစ်ဖြင့် တိုင်းပြည်တည်ဆောက် အံ့ ဟု အရင်းမဲ့လူတန်းစား ကြွယ်ဝချမ်းသာရေးကို ချီတက်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး လက်ဝဲတော် လှန်ရေးဖြင့် ဟိုမှာလည်း အနီ၊ ဒီမှာလည်း အနီ အာရှတစ်လွှား အနီရောင်နိုင်ငံများ အပြိုင်းအရိုင်း ပေါ် ထွက်လာခဲ့ကြသည်။ ပစ္စည်းမဲ့တော်လှန်ရေး၊ ယဉ်ကျေးမှုတော်လှန်ရေး၊ မြေယာတော်လှန်ရေး စသည် အားဖြင့် အရောင်အသွေးတို့ကို ကိုယ်စားပြုသော တော်လှန်ရေးလှိုင်းလုံးကြီးပေါ်တွင် နိုင်ငံငယ်ကလေး များ ပေါလောပေါ်နေခဲ့ကြသည်။ ယင်းကာလတွင် လက်ဝဲအစစ်၊ လက်ဝဲအတုတို့ဖြင့် ရောင်စုံမုန်တိုင်း များကြောင့် ဤမြေ ဤနိုင်ငံနှင့် ဤပြည်သူတို့သည် ပြည်တွင်းစစ်နှင့် တည့်တည့်တိုးခဲ့ကြရသည်။ ၁၉၆၂ ခုနှစ်တွင် စစ်ဘက်ဝင်ရောက်လာခြင်း၏ အရင်းခံကို ပြန်ကြည့်လျှင် ပြည်ထောင်စုအစစ်-အတု၊ ဖက်ဒရယ် အစစ်-အတု ဟု အငြင်းပွားခဲ့ကြသော စံနှုန်းပြဿနာသာ ဖြစ်သည်။
● အရွေ့ကို ကြည့်ပါ●
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလများကို ပြန်ပြောင်းတွေးကြည်လျှင် ဒီမိုကရေစီစစ်သလား၊ ဒီမိုကရေစီ တုသလား အငြင်းပွားမှုများကို တွေ့မြင်ရပေလိမ့်မည်။ ထို့ကြောင့်လည်း ဒီမိုကရေစီ၏ ရှေ့တွင် စစ်မှန်သာ နာမ်စားထည့်၍ စစ်မှန်သောဒီမိုကရေစီ ဟု ကြွေးကြော်ကြသည်။ တပ်မတော်အစိုးရကိုယ်နှိုက် ကလည်း စည်းကမ်းပြည့်ဝသော ဟူသော နာမ်စားကို ထည့်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟု ပညတ် ပြုခဲ့ကြပါ၏။ စင်စစ်တွင်မူ ဒီမိုကရေစီ ဆိုလျှင် ပြီးပြည့်စုံပြီး ဖြစ်သည်။ သို့သော်လည်း စံနှုန်း ပြဿနာ အခြေခံ၍ အစစ်-အတု အငြင်းပွားမှုတို့ ဖြစ်ပေါ်လာရခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗဟိုပြု၍ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ ထိုကာလတွင် အလုပ်ဖြစ်ရေးလမ်းကြောင်းကို တွန်းတင်လို သော အီလစ်များက Political Space ကို မက်လုံးပေး၍ တိုက်တွန်းခဲ့ကြသည်။ စံနှုန်းကို ဖက်တွယ်ထား လိုသူများကလည်း “စစ်မှန်သော” နာမ်စားကို အလေးအနက် ကာကွယ်ခဲ့ကြသည်။ ယင်း၏ အကျိုးဆက် ဖြင့် “၀င်ရေး” “မ၀င်ရေး” ရပ်တည်ချက်များ ကွဲထွက်သွားကာ ၂၀၁၀ အုပ်စုနှင့် ၂၀၁၂ ကြားဖြတ်အုပ်စု ဟူ၍ ဖြစ်ပေါ်လာခဲ့ကြသည်။
ဒီမိုကရေစီတွင် လွှတ်တော်သည် နိုင်ငံရေး ပင်မရေစီးသာ ဖြစ်ရပေမည်။ ပြည်သူကရွေးချယ်၍ ပြည်သူတို့ကတင်မြှောက်ကြကုန်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်စေသော စနစ်တွင် လွှတ်တော်သည်သာ ဒိုင်ယာလော့စင်မြင့် ဖြစ်ကြပါ၏။ အပြောင်းအလဲသည် အထက်မှလာသောအပြောင်း အလဲ၊ အောက်မှလာသောအပြောင်းအလဲ၊ အထက်နှင့်အောက် ပေါင်းစပ်ဖန်တီးသော အပြောင်းအလဲ စသည်အားဖြင့် ဒီမိုကရေစီသုခမိန်အများအပြားက မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို သီအိုရီများ၊ သုတေသနများဖြင့် ဆန်းစစ် ကင်ပွန်းတပ်ကြသောအခါ “မြန်မာ့နွေဦး” ဟူ၍ ပေါ်ထွက်လာခဲ့သည်။
မြန်မာ့ နွေဦး ဟူသော အမည်ပေးခေါ်တွင်မှုတွင် ပထ၀ီနိုင်ငံရေး၊ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ၊ အနီလက်ကျန် နိုင်ငံများ၊ အင်အားချိန်ခွင်လျှာ၊ ပရိုးမိုးရှင်းဖြင့် ဆွဲဆောင်ရေး စသည်အားဖြင့် ကျယ်ပြန့်နက်ရှိုင်းလှသော မြင်ရ မမြင်ရ နှစ်မျိုးသော နောက်ခံအကြောင်းတရားများစွာ ရှိနေပေသည်။ မြန်မာ့နွေဦး၏ ရှေ့ခရီး အတွက်လည်း အချို့က စံနှုန်းများ မသိမသာ ထည့်သွင်းကြသလို အချို့ကလည်း စံနှုန်းများ သိသိသာသာ ထည့်သွင်းကြကုန်၏။ အချို့ကလည်း “သူ့အရပ်သူ့ဇာတ်” သဘောကို လက်ခံကာ လွတ်ပ်လပ်စွာရွေး ချယ်ဆုံးဖြတ်ပိုင်ခွင့် ပေးကြသော်လည်း အချို့ကလည်း “ဟိုမှာ ဒီဖော်မြူလာ၊ ဒီမှာ ဒီဖော်မြူလာ၊ ထို့ကြောင့် ဤနိုင်ငံမှာ ဒီဖော်မြူလာ” ဟူ၍ ဒီဆေးသောက် ၉၆ ပါး အကုန်ပျောက် ဟူ၍ ဆေးညွှန်းကြ သည်များလည်း ရှိနေကြသည်။
တစ်ကယ်တမ်း စစ်စစ်ပေါက်ပေါက် ပြန်လေ့လာကြည့်လျှင် ပါလီမန်ခေတ်က မြန်မာ့ဒီမိုကရေစီ သည် ပတ်ဝန်းကျင်နိုင်ငံများ နမူနာယူ အတုယူကာ မြန်မာလျှောက်သောလမ်း ထပ်တူလျှောက်လှမ်းခဲ့ကြ သည်အထိ အောင်မြင်ခဲ့သည်။ သို့သော် မြန်မာတို့၏ ပါလီမန်ဒီမိုကရေစီသည် ဗြိတိန်ပါလီမန်ဒီမိုကရေစီ ကို ပုံတူကူးယူကာ ဖော်ဆောင်ခဲ့ခြင်းတော့ မဟုတ်ခဲ့ပါလေ။ အလားတူပင် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ် လစ် လမ်းစဉ်သည်လည်း ဆိုရှယ်လစ်နိုင်ငံအများအပြားက အတုယူ စံနမူနာပြုခဲ့ရသည်အထိ ၀ါဒရေးရာ အရ အားကောင်းခဲ့ပါ၏။ ဈေးကွက်ယန္တရား လုံးဝ အပြုတ်ဖြုတ်ရေးသဘောတရားကြောင့်သာ စီးပွားရေး မဏ္ဍိုင် ယိမ်းယိုင်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာတို့၏ ယဉ်ကျေးမှုဗီဇအရ အဘိဓမ္မာသန်သော ဓလေ့စရိုက် သည် အိုင်ဒီယိုလော်ဂျီအစွဲ ပြင်းထန်မှုကို ဖြစ်ပေါ်စေခဲ့သလို အစွဲပြင်းထန်မှုကြောင့် အကွဲအပြဲစစ်ခင်း ရသည့် နိုင်ငံရေးပုံသဏ္ဍာန်ကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
ပါလီမန်ဒီမိုကရေစီလူ့ဘောင်သည် အရွေ့များစွာ ရွေ့နိုင်ခဲ့သော်လည်း ဖက်ဒရယ်အစစ်-အတုဖြင့် ပြိုကွဲခဲ့ရသည်။ ဆိုရှယ်လစ်လူ့ဘောင်သည်လည်း ပဒေသာပင် မသီးနိုင်သည့် စီးပွားရေးစနစ်ဖြင့် ပြိုလဲခဲ့ရ ကာ အရွေ့များ နည်းပါးခြင်းဖြင့် LDC စာရင်းသို့ သက်ဆင်းခဲ့ရပြန်သည်။ ၂၀၁၀ ရွေးကောက်ပွဲအကြို ကာလများတွင် ဒီမိုကရေစီအတု-အစစ် ပြဿနာဖြင့် ၀င်ရေး၊ မ၀င်ရေး ကွဲလွဲခဲ့ကြသည်။ ၂၀၁၂ တွင် တော့ “အတုကို အစစ်ဖြစ်အောင်လုပ်ရေး” ဟူသည့် သဘောတူညီချက်ဖြင့် Political Space ကို ၀င်ခဲ့ကြ သည်။
ယခုအချိန်တွင် မြန်မာ့နွေဦး ခရီးမည်မျှ ရွေ့ခဲ့ပြီ ဟူသည်ကို ပြန်လည်သုံးသပ်ကြည့်ပါလျှင် မည်မျှ လျှောက်၍ မည်မျှခရီးပေါက်ခဲ့ပြီကို တွေ့ရှိနိုင်ပေလိမ့်မည်။ သို့သော် (၂)နှစ်ခွဲကျော်ကာလဟူသည့် အချိန် အတိုင်းအတာကို သတိပြုမိကြရန်တော့ လိုပေလိမ့်မည်။ မြန်မာ့နွေဦး အသွင်ကူးပြောင်းချိန် မည်မျှ ယူရ မည် ဟူသည်မှာလည်း ရွေ့ခဲ့ပြီးသော အရွေ့တို့ကို တန်ဖိုးထားမှုအပေါ် မူတည်နေပါလိမ့်မည်။
● စံနှုန်းအဓိကလား၊ အရွေ့အဓိကလား●
မြန်မာ့နွေဦး၏ ၂၀၁၅ ခြေလှမ်းသည် အခြေခံဥပဒေပြင်ဆင်ရေးဒီဘိတ်သည် စံနှုန်းနှင့် အရွေ့ ရွေးချယ်မှုတို့အပေါ်တွင် မူတည်နေပါလိမ့်မည်။ စံနှုန်းသမားက စံကိုက်နှုန်းစံတို့ဖြင့် အကဲဖြတ်ကြမည် ဖြစ် သလို အရွေ့သမားကလည်း မည်မျှရွေ့နိုင်သည်ကို မှန်းဆကြပါလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေဖြင့် ယနေ့ ရောက်ရှိနေသော အနေအထား၊ လက်ရှိအရွေ့အထိ ရွေ့ခဲ့မည်ဟု မည်သူကမျှ ထင်မထားခဲ့ကြပါ။ ၂၀၀၈ ကို လက်ခံပြီး ကစားကွင်းကို ချဲ့ရန် တိုက်တွန်းအကြံပြုခဲ့သူများသည်ပင်လျှင် ဤရွေ့ဤမျှအထိ ရွေ့လာလိမ့်မည် ဟု မှန်းဆထားခဲ့ခြင်း မရှိကြပါ။ သို့သော် မြန်မာ့နွေဦး၏ (၃)နှစ်သား ခြေလှမ်းကို နှစ်များ စွာ လျှောက်လှမ်းခဲ့ကြပြီး ဖြစ်သည့် အခြားသော ဒီမိုကရေစီချန်ပီယံကြီးများ၏ အရွေ့များနှင့် ယှဉ်လျှင် တော့ နှေးနေသေးသည်၊ ဘာမှမပြောင်းလဲ ဟု ဆိုကြပါလိမ့်မည်။ ယနေ့ မြန်မာ့နွေဦးသည် ယမန်နေ့က အိမ်တံခါး အလုံပိတ်ကာလနှင့် နှိုင်းယှဉ်ကြည့်လျှင်တော့ အတော်ကလေး ရွေ့ခဲ့ကြပြီ ဟု ဆိုကြပါလိမ့် မည်။
အနာဂတ်သည် ကွက်ကွက်ကွင်းကွင်း မမြင်နိုင်သောကြောင့် ဒါဆိုရင်ဘယ်လို၊ ဒီလိုဆိုရင်ဘယ်သို့ စသည်အားဖြင့် မှန်းဆမြင်ယောင် ပုံဖော်ကြရခြင်းသာ ဖြစ်သည်။
သို့သော် စံနှုန်းသမားတို့၏ တရားမျှတမှု သည် နိုင်သူ-ရှုံးသူ အခြေအနေသို့ ရောက်ရှိစေမည် ဆိုပါက အရွေ့ရှိမည် မဟုတ်ပါ။ သူနိုင်ကိုယ်နိုင်အခြေ အနေကို ဖန်တီးနိုင်ရေး ရှေ့ရှုမှသာ စံကိုက် နှုန်းစံသို့ မည်မျှ ရွေ့နိုင်မည်ကို မြင်နိုင်ပါလိမ့်မည်။
ရှေ့ဆက်မည့် (၂)နှစ်တာကာလသည် ဤနိုင်ငံ၊ ဤပြည်သူနှင့် မြန်မာ့နွေဦး၏ ရှင်သန်ခွင့်ကို အဆုံးအဖြတ်ပေးတော့မည် ဖြစ်သည်။
မြန်မာ့နွေဦး ဘယ်လောက် ဝေးဝေး လျှောက်နိုင်၍ ဘယ်လောက် ဝေးဝေး ခရီးပေါက်မည်လဲ ဟူသည်မှာလည်း အရွေ့များကို ဗဟိုပြုမှု အပေါ် မူတည်နေပါလိမ့်မည်။ ယူနီ ဗာဆယ် စံကိုက် ပုံစံခွက်အတွင်းသို့ သွတ်သွင်း၍ ရချင်မှရမည် ဖြစ် သော်လည်း မြန်မာပုံစံ မြန်မာဟန်ဖြင့် ရင့်ကျက်ခိုင်မာလာသည့် ဒီမိုကရေစီသည်သာ ဤအရပ်ဤဇာတ်နှင့် သဟဇာတ လိုက်လျောညီထွေ ရှိပါ လိမ့်မည်။ ပြည်တွင်းစစ်နွံနှင့် ဆင်းရဲမှုချောက်အတွင်းမှ မြန်မာပြည်သူ သန်း(၆၀)တို့မှာ နှစ်ပေါင်း (၆၀) ကျော် စောင့်ဆိုင်းခဲ့ရပြီးနောက် မြန်မာ့ ထွက်ရပ်လမ်းကို အမြန်ဆုံးရောက်ရှိလို၊ ရွေ့လိုကြသည်မှာလည်း သဘာဝ ကျပါ၏။
သို့သော် စံနှုန်းကို ဗဟိုပြုမလား၊ အရွေ့ကိုဗဟိုပြုမလား ဟူသော နိုင်ငံရေးရွေးချယ်မှု သည် ၂၀၁၅ အလွန် မြန်မာ့နွေဦးအတွက် အသက်တမျှ ဆုံးဖြတ်ချက် ဖြစ်လာမည် ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Source : The Voice Weekly, 17-23 Feb 2014]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
No comments:
Post a Comment