အုပ်ချုပ်မှု အရည်အသွေး ( Quality of Government )
ဒီတစ်ပတ် The Voice weekly ဆောင်းပါး။ လက်ရှိအစိုးရ လက်ရှိလွှတ်တော်ကို
ရည်ညွှန်းရေးသားခြင်းမျှသာမဟုတ်ဘဲ ဒီမိုကရေစီခိုင်မာရေး နဲ့ နိုင်ငံတော်
ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်တဲ့
သဘေတရားများသာဖြစ်ပြီး အစိုးရအဆက်ဆက် လွှတ်တော်သက်တမ်း
အဆက်ဆက်အတွက် အထောက်အပံ့ဖြစ်စေမယ့် အချက်အလက်တချို့
ကို တတ်စွမ်းသမျှ စဉ်းစားရေးသားဖော်ထုတ်တင်ပြခြင်းသာဖြစ်ပါကြောင်းဗျာ။ )
အုပ်ချုပ်မှု အရည်အသွေး ( Quality of Governance ) က စွမ်းဆောင်ရည် ၊
အကျင့်ပျက် ခြစားမှု ၊ အခွန်ငွေရရှိမှုနဲ့ဘတ်ဂျက်သုံးစွဲနိုင်မှု ၊
လုပ်ပိုင်ခွင့် ခွဲဝေပုံ နဲ့ဥပဒေများ၏ ပံ့ပိုးမှု
စတဲ့ အချက်တွေအပေါ်
အဓိကအားဖြင့် မူတည်ပြီး အရည်အသွေး အနိမ့်အမြင့် ကွဲပြားနိုင်ပါတယ်။
အုပ်ချုပ်မှုအရည်အသွေးက ဖွံ့ဖြိုးတိုးတက်မှုအပေါ်သက်ရောက်မှု လုံးလုံးလျားလျား
ရှိပါတယ်။ အုပ်ချုပ်မှု အရည်အသွေးနိမ့်နေရင် ဘယ်လိုပဲ ကြိုးစားအကောင်အထည်ဖော်ပေမယ့် ဖွံ့ဖြိုးတိုးတက်ဖို့ ဖင့်နှေးနေမှာဖြစ်ပါတယ်။
ဒီမိုကရေစီက နိုင်ငံတော် ( State ) နဲ့ ဥပဒေပြုရေး ( legislature ) ဆိုတဲ့
institution နှစ်ခုကို ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အနေအထားအတိုင်း
တောင့်တင်းအောင်တည်ဆောက်နိုင်တာနဲ့
ဖြစ်ထွန်းနိုင် ရှင်သန်နိုင်တယ်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီစနစ်ကသာ အာမခံချက်ပေးနိုင်တယ်ဆိုတဲ့
အယူအဆကတော့ အခုရာစုသစ်မှာ သိပ် ပေါ်ပြူလာ
ဖြစ်မနေတော့ဘူး။ ဒီမိုကရေစီ
မကျင့်သုံးဘဲ ဒါမှမဟုတ် ဒီမိုကရေစီကို လုံးဝထည့်မစဉ်းစာဘဲ အောင်မြင်တဲ့
စီးပွားရေး မော်ဒယ်သစ်တွေ အလျှိုအလျှို ပေါ်ပေါက်လာနေတာကြောင့်
ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေး အဆက်အစပ်ကို တသမတ်ထဲ
အမှန်တရားအဖြစ်ယူဆချက်တွေနေရာမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အုပ်ချုပ်မှုအရည်အသွေးကသာ အခရာကျတယ်ဆိုတဲ့
ယူဆချက်အသစ်က သိသိသာသာ
အစားထိုးဝင်ရောက်လာနေပါတယ်။ Ideology ခေတ် အဆုံးသတ်ခြင်းနဲ့လည်း ဆက်စပ်နေ
ကိုက်ညီနေတဲ့ လက်တွေ့ကျသော သဘောတရားအသစ်ပါ။
နိုင်ငံရေး ဝါဒ အယူများက
သိပ်မတွင်ကျယ်တော့ဘဲ Free Market ကို ကျကျနန ထူထောင်နိုင်တာနဲ့ ဘယ်လို
နိုင်ငံရေးစနစ်မျိုး ဖြစ်နေပစေ နိုင်ငံတစ်ခုဟာ
ဖွံ့ဖြိုးတိုးတက်ဖို့အခြေခံကောင်းတွေ ပေါ်လာပြီး တခြား ပညာရေး၊
ကျန်းမာရေးနဲ့ယဉ်ကျေးမှု စတာတွေ တိုးတက်ဖို့ပါ လမ်းတွေပွင့် သွားတဲ့
သဘောရှိလာပါတယ်။ စီးပွားရေးတောင့်တင်းရင်
ဒီမိုကရေစီလည်းတောင့်တင်းမယ်ဆိုတဲ့ အယူအဆကိုလည်း ပိုပြီးတော့
လက်ခံစဉ်းစားလာပါတယ်။
အရင်ကလို ဒီမိုကရေစီမှပဲ
စီးပွားရေးတိုးတက်နိုင်ပြီး လူနေမှုအဆင့်အတန်းလည်းမြင့်မားနိုင်မယ်လို့
ပြောဆိုမှု ယူဆမှုတွေ လျော့နည်းလာပါတယ်။
ဒီနေရာမှာ ဒီမိုကရေစီဆိုတာ
လူ့အဖွဲ့အစည်းကောင်းကျိုးအတွက်မလိုအပ် ဘူးလို့ဆိုလိုခြင်းမဟုတ်ဘဲ
ဖွံ့ဖြိုးတိုးတက်ရေးကိုစဉ်းစားရင် ဒီမိုကရေစီ ခိုင်မာပြီးသား နိုင်ငံတွေမှာ
နိုင်ငံရေးစနစ်ရဲ့အထောက်အပံ့
ကောင်းစွာရရှိတာက အမှန်ပဲဖြစ်ပြီး
ဒီမိုကရေစီ ထူထောင်ခါစ နိုင်ငံတွေမှာတော့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကိုသပ်သပ်
ဖွံ့ဖြိုးတိုးတက်ရေးကို သပ်သပ်ဆိုတဲ့
စဉ်းစားပုံစဉ်းစားနည်းကလည်း အလုပ်ဖြစ်နိုင်စရာရှိတယ်လို့ ပြောချင်တာဖြစ်တဲ့အပြင်
အုပ်ချုပ်မှုအရည်အသွေးက ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် မြင့်မားဖို့လိုအပ်ကြောင်း ထောက်ပြလိုရင်းပါ။
လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှခွင့်အတွက်ကတော့ ဒီမိုကရေစီဆိုတာ
မရှိမဖြစ်လိုအပ်နေသေးတာအမှန်ပဲ။ ဒီမိုကရေစီ ကို အယောင်ပြထားတဲ့ စင်္ကာပူ
မော်ဒယ်နဲ့ ဒီမိုကရေစီကို
လုံးလုံးဘေးဖယ်ထားတဲ့
ဗီယက်နမ်နဲ့တရုတ်မော်ဒယ်များက ( အခုအခြေအနေအတိုင်း
မှန်မှန်ဖွံ့ဖြိုးတိုးတက်နေကြမယ်ဆိုရင် ) ဒီမိုကရေစီမပါလည်း အုပ်ချုပ်မှု
အရည်အသွေးကောင်းရင်ကောင်းသလောက်
ဖွံ့ဖြိုးတိုးတက်မှုကို
ဖန်တီးတည်ဆောက်နိုင်တယ်ဆိုတာ သက်သေကောင်းကောင်းပြနိုင်မှာဖြစ်ပေမယ့်
လူ့ဘောင်အဖွဲ့အစည်းရဲ့ လွတ်လပ်ခွင့်များ တန်းတူညီမျှခွင့်များကို
ဒီမိုကရေစီ မဟုတ်သရွေ့
ဘယ်လိုမှ အာမခံချက်ပေးနိုင်မှာမဟုတ်သလို
တစ်ချိန်ချိန်မှာ နိုင်ငံရေးကို ဖြေလျော့ပေးတာမျိုးမလုပ်ခဲ့ရင်
တစ်ကယ်တမ်းဖွံ့ဖြိုးတိုးတက်မှု အလွန်အမင်းမြင့်မားလာတဲ့အခါမှာ
အဲဒီလိုနိုင်ငံမျိုးတွေမှာရှိတဲ့ လူထုက လွတ်လပ်ခွင့်နဲ့
တန်းတူညီမျှခွင့်ကို တောင်းဆိုလာမှာ မုချဖြစ်တယ်။ ဒီတော့
ဒီမိုကရေစီနဲ့ယှဉ်တွဲတည်ဆောက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးက အာဏာရှင်ဆန်ဆန်
အုပ်ချုပ်ပြီး တည်ဆောက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးထက် ပိုပြီးရေရှည်
တည်တံ့နေနိုင်တယ်။ စဉ်ဆက်မပြတ်လည်းဖွံ့ဖြိုးတိုးတက်နေနိုင်ဖို့ သေချာရေရာမှုရှိတယ်လို့ဆိုနိုင်ပါတယ်။
ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တစ်ပြိုင်နက်တည်ဆောက်နေတဲ့
နိုင်ငံများမှာ အုပ်ချုပ်မှု အရည်အသွေးတွေ နိမ့်ကျနေခဲ့ရင်
ဒီမိုကရေစီရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုရဲ့ ဆန္ဒများ
ဖြည့်ဆည်းပေးဖို့နှောင့်နှေးနေတဲ့
အခါတိုင်း အစိုးရအပေါ်ကိုပဲ
အာရုံစိုက်ပြီး အပြစ်တင်ခြင်းခံရတတ်ပါတယ်။ နိုင်ငံရေးရော တခြားစီးပွားရေး ၊
ပညာရေး၊ကျန်းမာရေးစတဲ့ ကိစ္စများဖွံ့ဖြိုးရေးကိုပါ
အစိုးရတာဝန်ပဲလို့မြင်လာတတ်ပါတယ်။ အာဏာသုံးရပ်ကို ခွဲထုတ်လိုက်ခါစမှာ
ချက်ချင်းလက်ငင်း ပီပီပြင်ပြင်မရှိနိုင်သေးတာနဲ့ အချိန်ကြာမြင့်စွာ
နိုင်ငံရေးစနစ်ဆိုးတစ်ခုခု လွှမ်းမိုးထားခဲ့ခြင်းတို့က လူ့အဖွဲ့အစည်းများရဲ့
နိုင်ငံရေး အသိရေချိန်ကို ထိခိုက်ပျက်စီးစေခဲ့ခြင်းတို့ကြောင့်
ဒီလိုဖြစ်နေရခြင်းပါ။ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ
တစ်ခုနဲ့တစ်ခု ဆက်စပ်နေ အမီသဟဲပြုနေရတာမှန်ပေမယ့် ပါဝါအဝန်းအဝိုင်းကို
တိတိကျကျ
သိရှိပြီး ကိုယ့် လုပ်ပိုင်ခွင့်နယ်ပယ်ထဲကနေ
အကောင်းဆုံးလုပ်နိုင်ကြရင် အကောင်းဆုံးရလဒ်တွေ
မြန်မြန်ထွက်ပေါ်နိုင်တာဖြစ်ပါတယ်။ ဆိုလိုတာကစောစောက ပြောခဲ့သလိုပဲ
ဒီမိုကရေစတင်ဖြစ်ထွန်းရေး ခိုင်မာတည်တံ့ရေးအတွက်
နိုင်ငံတော်နဲ့
ဥပဒေပြုရေး ( လွှတ်တော်များ ) ကို ခိုင်မာတောင့်တင်းစေပြီး ကဏ္ဍစုံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်မှု အရည်အသွေး မြင့်သထက်မြင့်လာအောင်
အစွမ်းကုန် ဆောင်ရွက်ဖို့ပါ။တာဝန်ရှိတဲ့သူတွေ ကွဲပြားသလို
တာဝန်တွေလည်းကွဲပြားနေတာဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ အုပ်ချုပ်မှုနယ်ပယ်ရဲ့
စွမ်းဆောင်ရည်မြင့်မားဖို့ဆိုရင်
လေ့ကျင့်သင်ကြားရေးနဲ့လူမှန်နေရာမှန်တာဝန်ပေးအပ်ရေးတို့လိုအပ်ပါတယ်။
အစိုးရအဖွဲ့များကနေစလို့ အောက်ခြေအဆင့် စီမံခန့်ခွဲသူများအထိ
စွမ်းဆောင်ရည်ရှိအောင်စနစ်တကျ
မတည်ဆောက်ဘဲ ဖွံ့ဖြိုးတိုးတက်ရေးက
အကောင်အထည်ပေါ်လာမှာမဟုတ်ပါဘူး။ အကျင့်ပျက် ခြစားမှုလျော့နည်းဖို့နဲ့
ဘတ်ဂျက်သုံးစွဲနိုင်မှုတို့က ဆက်စပ်နေပါတယ်။ အကျင့်ပျက်ခြစားမှုက ပမာဏကြီးလေ
ထိထိရောက်ရောက်
ပြင်းပြင်းထန်ထန် မြန်မြန်ဆန်ဆန်
ဖြေရှင်းဖို့လိုအပ်လေဖြစ်ပါတယ်။ အခွန်အကောက်တွေ တိတိကျကျ
ကောက်ယူနိုင်ခြင်းမရှိဘူး ၊ သယံဇာတများကို နည်းပညာအသုံးချမှုနဲ့
ထုတ်လုပ်သုံးစွဲနိုင်မှုမရခြင်းတို့ကချည့်နဲ့တဲ့
အစိုးရဘတ်ဂျက်အခြေအနေကို ဖြစ်ပေါ်စေတတ်ပါတယ်။ Jeffery Sachs ကတော့
ဒီအခြေအနေကို Poor Governance လို့ အမည်ပေးပါတယ်။ Low Quality of
Governance ကိုဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းလို့ဆိုပါတယ်။
တစ်ကယ်တမ်းကတော့ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို စတင် ကြိုးပမ်းစ
ကာလမှာ စွမ်းဆောင်ရည်၊ ခြစားမှု နဲ့ ဘတ်ဂျက်အခြေအနေတို့ အပြင်
လုပ်ပိုင်ခွင့် ခွဲဝေမှုနဲ့ ဥပဒေရဲ့ အထောက်အ့ပံ့တို့က ဆတူ
အရေးပါတယ်လို့ဆိုရမှာပါ။
လုပ်ပိုင်ခွင့်ခွဲဝေမှုကအလွယ်ဆုံးပြောရင်
Decentralization ပါပဲ။ ထိထိရောက်ရောက်ခွဲဝေဖို့လိုပါတယ်။
နိုင်ငံတော်အဆင့်နဲ့ ပြည်နယ် တိုင်းဒေသကြီးအဆင့်မှာတင်မဟုတ်ဘဲ
အငယ်ဆုံးအဆင့်စီမံခန့်ခွ့မှု အထိ ခွဲဝေဖို့လိုပါတယ်။ Meritocracy
ဆိုတဲ့
လူမှန်နေရာမှန် အယူအဆကို လက်တွေ့ ကျင့်သုံးမှ ထိရောက်မှာဖြစ်ပြီး
အကြောင်းတစ်စုံတစ်ရငဲ့ကွက်လို့ မသင့်တော်တဲ့သူတွေ ( မကျွမ်းကျင်တဲ့သူတွေ )
တာဝန်ပေးမှုကို ရုပ်သိမ်းရပါမယ်။လူနဲ့နေရာ လွဲချော်မှုများမရှိအောင်လည်း
ရေရှည်အတွက် ကာကွယ်ထားရပါမယ်။ Meritocracy ကိုမကျင့်သုံးနိုင်သရွေ့
ဖွံ့ဖြိုးရေး စီမံကိန်းတွေကိုလက်တွေ အကောင်အထည်ဖော်နိုင်ဖို့
ခဲယဉ်းနေမှာပါပဲ။
ဥပဒေရဲ့အထောက်အပံ့ဆိုတာကတော့
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးမဏ္ဍိုင်က( အစိုးရများနဲ့
အုပ်ချုပ်ရေးယန္တယားများက ) အထိရောက်ဆုံး အသွက်လက်ဆုံး
လုပ်နိုင်ကိုင်နိုင်ဖို့ ဥပဒေပြုမဏ္ဍိုင်က ထိထိရောက်ရောက်
ဆောင်ရွက်ပေးဖို့ပါပဲ။ စီးပွားရေး၊ ပညာရေး၊
ကျန်းမာရေး
စတဲ့ကဏ္ဍများနဲ့သက်ဆိုင်ပြီးတော့ ခေတ်နောက်ကျလွန်းနေတဲ့ ဥပဒေများကို
ရဲရဲဝံ့ဝံ့ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ် ပြဌာန်းခြင်းတို့ကို
ထိထိရောက်ရောက် လုပ်ရပါမယ်။ လွှတ်တော်များရဲ့ လုပ်ငန်းဆောင်တာတွေက
နှေးကွေးလွန်းနေ၊ အကျိုးသက်ရောက်မှုနည်းလွန်းနေ ၊ လွှတ်တော်များရဲ့
ကျွမ်းကျင်မှုနဲ့စွမ်းဆောင်ရည် လျော့နည်းလွန်းနေမယ်ဆိုရင် အုပ်ချုပ်ရေးက
လုပ်ရမယ့် ဖွံ့ဖြိုးတိုးတက်ရေး ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ
ထိခိုက်မှု ရှိနိုင်တာဖြစ်ပါတယ်။ ဒီနေရာမှာ သက်ဆိုင်ရာ
လွှတ်တော်ကော်မတီများရဲ့ စွမ်းဆောင်ရည်က လွန်စွာမှ ပဓါနကျပါတယ်။
ဒီမိုကရေစီရော ဖွံ့ဖြိုးတိုးတက်ရေးပါ တစ်ပြိုင်နက် အကောင်အထည်ဖော်ခွင့်ရရင်
အဲဒီလူ့အဖွဲ့အစည်းဟာ ကောင်းမွန်တဲ့ အနာဂါတ်ကို မျှော်မှန်းနိုင်ပါတယ်။
အဲသလို လူထုမျိုး ဟာ နိုင်ငံရေးစနစ်ကောင်းကို ထူထောင်ဖို့ ငြင်းပယ်ထားပြီး
ဖွံ့ဖြိုးတိုးတက်ရေးတစ်ခုကိုသာ ခွင့်ပြုတဲ့ အစိုးရမျိုးထက် ပိုကောင်းတဲ့
အစိုးရမျိုး ရနေပြီလို့လည်းပြောလို့ရပါတယ်။ ဒီမိုကရေစီဖြစ်ထွန်းဖို့နဲ့
ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်စရာတွေအားလုံးက အတူတူပဲလို့
ထင်မြင်ယူဆချက်များကို စွန့်ပယ်သင့်ကြောင်း ၊
် ဖွံ့ဖြိုးတိုးတက်မှုကို
အမြန်ဆုံး ရရှိခံစားနိုင်ကြဖို့ အဓိက မောင်းနှင်အားဖြစ်တဲ့ အုပ်ချုပ်မှု
အရည်အသွေးမြင့်မားစေရေးအတွက် အထက်မှာဖော်ပြထားတဲ့ အခြေခံလိုအပ်ချက်များကို
အာရုံစိုက်ပြီး တွေးခေါ်မြော်မြင်နိုင်ကြဖို့သင့်ပါကြောင်း နဲ့ Quality of
Governance ကို လက်တွေ့ကျကျ ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်ကြစေရေး
တိုက်တွန်းလိုရင်းဖြစ်ပါတယ်။ ။
ပိုက်တင်
No comments:
Post a Comment