ကျွန်တော်ရေးသည့်
စာတိုပေစများကို ဖတ်ပြီး အရေးကောင်းတယ်ဆိုတာတစ်မျိုး၊
စာရေးဆရာလုပ်ရင်အောင်မြင်မှာဆိုတာ တစ်မျိုး အမျိုးမျိုးမြှောက်ပင့်ကြလေသည်။
လူမှန်လျှင် အမြှောက်ကြိုက်သည်ချည်းမို့ ကျွန်တော်လည်း ကျွန်တော့ကို မြှောက်ပြောတာတွေကို သဘောခွေ့ မနောတွေ့ပေါ့ဗျာ။
လူမှန်လျှင် အမြှောက်ကြိုက်သည်ချည်းမို့ ကျွန်တော်လည်း ကျွန်တော့ကို မြှောက်ပြောတာတွေကို သဘောခွေ့ မနောတွေ့ပေါ့ဗျာ။
ဘာဘဲ ဆိုကြဆိုကြ မြောက်ခြင်းသည် အပြစ်ကင်း၏။
တစ်ဖက်သားကို စိတ်ကျေနပ်မှု အများဆုံးပေးနိုင်သည့် ပညာရပ်မဟုတ်လား။
မြှောက်ပင့်ပြောဆိုခြင်းဖြင့် အသက်မွေးသူများ အခြားနိုင်ငံများတွင်ရှိသည် ဟု ကြားဖူးသည်။
ဥပမာ တိုက်ဂါးဝု လို အကျော်အမော်များတွင် မြှောက်ပြောမည့်သူကို ငွေကုန်ကြေးကျ များစွာကျခံကာ ငှားရမ်းထားကြသောဟူသည်။
ဂေါက်သီး ရိုက်သောအခါ ရိုက်လို့ကောင်းသည့် ရက်လည်းရှိသည်။ ဆိုးဝါးသည့်နေ့လည်းရှိသည်။ လက်ပျက်သည်ဟု ဆိုကြသည်။
လက်ပျက်သည့်နေ့ အခါများတွင် ထိုပညာရှင်များက ဖြေလျှော့ပေးကြရသည်။ အလုပ်လုပ်ကြရသည်။
ထိုအခါမှ လက်ကပြန်တက်လာသည်။ အမှတ်တွေပိုရလာသည်ပေါ့ဗျာ။
အမေရိကန်သမ္မတတွင်လည်း ထိုသို့ မြောက်ပင့်ပြောဆိုပေးရသူရှိသည်။ ထိုသူ ကို လစာအများကြီးပေးရသည်ဟု ဆိုသည်။
ဆိုက်ကို ပညာရှင်များဟုလည်း ခေါ်ပါသည်။ သမ္မတကြီး အကျပ်အတည်းများနှင့်တွေ့ချိန် စိတ်ဖိစီးမှုတွေ များချိန်မှာ ထိုပညာရှင်များ အရေးတကြီး လိုအပ်သည်။
မြန်မာနိုင်ငံတွင်လည်း ကိုယ့်အထက်အရာရှိကို မသိမသာ မြှောက်သူ၊ သိသိသာ မြှောက်သူများ ရှိကြပါသည်။ ဒါသဘာဝတရား ဖြစ်သည်။ အပြစ်ပြောစရာမလို။
သို့သော် မြန်မာပြည်တွင် ဆုကြေးစား အမြှောက်သမား တစ်ဦးရှိနေသည်ကို သင်တို့ကြားဖူးလိမ့်မည်မထင်။
လွန်ခဲ့သော ၁၀ နှစ်ခန့်က ရန်ကုန်မြို့ ကမ်းနားလမ်း ရွှေဘုံသာလမ်းထိပ်မှ ရွှေဘဲစားသောက်ဆိုင်တွင်ဖြစ်သည်။
အပေါ်ထပ် မီးရောင်မှိန်မှိန်အောက်က စားပွဲတစ်လုံးတွင် မျက်မှန်ထူထူ ဥပဓိရုပ်ကာင်းကောင်း လူကြီး တစ်ယောက်သည် စားပွဲတစ်ဖက်မှ လူငယ်နှစ်ဦးကို နှစ်ထောင်းအားရ ကြည့်ရှုလျှက် ရှိသည်။
``ဟေ့ကောင် ညိုလွင်ဦး ဒီညတစ်ညလုံး မင်းငါ့ကို မြှောက် ။ ငါကျသလောက် ရှင်းမယ်။ သောက်ချင်သလောက် သောက်။ မှာချင်ရာမှာကွ။´´
`` အင်၊ တစ်ည လုံးမြှောက်ရ မှာလားဆရာရယ်´´
`` အေး မြှောက်နိုင်သလောက်သာ မြှောက်ကွ၊ မင်းမမြှောက်နိုင်တော့ဘူးဆိုပြီး လက်မြှောက်တဲ့ အခါမှ ငါတို့ ၀ိုင်းသိမ်းမယ်´´
`` ဟေး ဟေး ဟင်း ဟင်း ´´
ဥပဓိရုပ်ကောင်းကောင်းနှင့် လူကြီးလူကောင်း သည် ဆရာ ဦးထင်ဇော် ဖြစ်သည်။
ဟေးဟေးဟင်းဟင်းနှင့် မပွင့်တပွင့် ရယ်သွမ်းသွေးသူကား ဦးမင်းသိန်း ( ဒေါက်တာမင်းသိန်း) ဖြစ်လေသည်။
တစ်ညလုံးမြှောက်ရမှာလား ဆရာရယ်ဟု မသက်မသာ ညည်းညူသူမှာ ကား . . . . ။
ဆရာဦးထင်ဇော်သည် ထိုစဉ်က တရားရုံးချုပ် သုတေသန ဌာန၏ ညွှန်ကြားရေးမှူးဖြစ်သည်။
ကျွန်တော်က ရန်ကင်းမြို့နယ် တရားရုံး ဒုတိယမြို့နယ်တရားသူကြီး။ ဦးမင်းသိန်း (ဒေါက်တာမင်းသိန်း) မှာ သုတေသနဌာန၏ ဦးစီးအရာရှိဖြစ်သည်။ ဘယ်လိုရေစက်မှန်းမသိ။ ဆရာနှင့် ကျွန်တော်တို့ နှစ်ယောက် သည် ဆရာတပည့်မျှမက သားအဖတွေလို ချစ်ခင်ကြသည်။
ထို့ပြင် ဆရာဦးထင်ဇော်သည် ကျွန်တော်နှင့် မဆိုင်တာတွေကို ခေါ်ခေါ်ခိုင်းသည်။ ရန်ကင်းဆိုတာကလည်း အမှုမှ မရှိ အားလပ်နေတာကိုး။ ရုံးကလည်း မဝေးတော့ အလွယ်တကူ ခေါ်ခိုင်းလို့ ရသည်ပေါ့။
ဆရာဦးထင်ဇော်က စာအုပ်တွေထုတ်သည်။ သူ့သားကိုမိုးက ကွန်ပျူတာစာစီ ပေးသည်။ ကျွန်တော်က တောက်တိုမယ်ရ ကူညီရသည်။ အထူးသဖြင့် ပရက်ဇန်တေးရှင်း တွေအတွက်။
ကျွန်တော်က ဓာတ်ပုံသမားဖြစ်သဖြင့် ဆရာ့ပရက်ဇန်တေးရှင်းတွေကို ရုပ်ရှင်လိုလို ဘာလိုလို အရောင်အသွေးစုံ၊ အင်နီမေးရှင်း ခေါ်သည့် ဖန်တီးမှုလေးတွေနှင့် ဝေေ၀ဆာဆာဖြစ်အောင် လုပ်ပေးသည်။
အမှန်တော့ ပညာရှင်တွေ ပရက်ဇန်တေးရှင်း လုပ်ကြသည်အခါ ခုလိုမျိုး ကလေးကလားတွေ မလုပ်ကြပါ။
ကျွန်တော်က သိသော်လည်း ဆရာကမသိ။ ကျွန်တော် မြှောက်ပေးသည့်အတိုင်းသာ ဆရာလိုက် လုပ်လေသည်။ နိုင်ငံခြားသားတွေ ရယ်မောသည်ကို ဆရာက သူ့ ပရက်ဇန်တေးရှင်းတွေ ကိုသဘောကျလို့ဟု ထင်သည်။
ကျွန်တော်က ပါဝါပွိုင့် တစ်ခု၏ ending တွင် လက်ခုတ်သံတွေတစ်ဖြောင်းဖြောင်း ထည့်လွှတ်လိုက် သည်ကို ဆရာက အောက်ကပရိတ်သတ်တွေ သူ့ကို သဘောကျလို့ လက်ခုတ်တီးကြသည်ဟု ထင်ပြီး သဘောကျနေသည်။
မင်းသိန်းကလည်း ကျွန်တော်နှင့် အတွဲဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက် ညနေဖက်ဆို ဆိုင်ထိုင်တတ်ကြသည်။ တစ်နေ့တော့ ဆရာဦးထင်ဇော်က မြန်မာလိုရေးထားသည့် ဥပဒေတစ်ခုကို အင်္ဂလိပ်လို ပြန်ရေးခိုင်းလိုက်ကြောင်း မင်းသိန်းက ပြောပြသည်။
စာမျက်နှာ ၂၀ လောက်ကို နှစ်ရက်အတွင်း အပြီးလုပ်ခိုင်းသည်ဟုဆိုသည်။ မင်းသိန်း မျက်စေ့မျက်နှာပျက် လျှက်ရှိသည်။ ကျွန်တော်က ဟေ့ကောင်မပူနဲ့ သောက်မှာသာ သောက် မင်းဟာတွေ ငါ့ပေးလိုက် ငါလုပ်ထားလိုက်မယ် ဆိုပြီးယူထားလိုက်သည်။
မင်းသိန်းက ကျွန်တော့ကို မယုံတာတော့ မယုံပါ။ သို့သော် သူလည်း သောက်ချင်နေတာနဲ့ ကျွန်တောကလည်းတာဝန်ယူတယ် ဆိုတာနဲ့ ထားပစ်ခဲ့ပါသည်။
နောက်နေ့မနက် ကျွန်တော့ကို ဘယ်လောက်လုပ်ပြီးပြီလည်း မေးတော့ ကျွန်တော်က ဘာကိုပြောတာလည်း ပြန်မေးသည်။ မင်းသိန်း မျက်လုံးပြူးလေပြီ။
ဟေ့ကောင် ငါမနက်ရုံးတက်ရင်ပေးရမှာ ဟုဆိုကာမှ အိပ်ထဲကနှိုက်ကြည့်ရာ မနေ့က ကျွန်တော်ယူထားတာတွေ တွေ့သည်။
မင်းသိန်း သည်အင်မတန် တိကျသူဖြစ်သည်။ စကားအပိုမပြော အလုပ်ကို တိတိကျကျလုပ်သူ ဖြစ်သည်။ ကျွန်တော်က ဘာမှ မပူနဲ့ဆိုပြီး ဘားလမ်းထဲက ဘာသာပြန်သူကို သွားအပ်လိုက်သည်။
ပုံမှန် တစ်မျက်နှာ ၇၀၀ိ- မနက်ဖန်မနက်အပြီးဆို ၁၀၀၀ိ-။ နောက်နေ့ မနက် ပြာပြာသလဲနှင့် ဘာသာပြန်ထားတာတွေယူသွားပြီး ဆရာ့ကိုသွားပေးကြသည်။ ပြန်ဖတ်ချိန်လည်းမရတော့ပေ။ ဆရာက သေသေချာချာ ဖတ်ပြီး မျက်နှာကြီးရှုံ့လာသည်။
မင်းသိန်း ဘာသာပြန်သည်ဟုထင်ကာ စာရွက်တွေ လွှင့်ပစ်လိုက်လေသည်။
မင်းသိန်း မင်းကိုငါ အထင်ကြီးထားတာတွေ အလကားဖြစ်ကုန်ပြီ။ ဘာသာပြန်တဲ့အထဲ ဒီလောက်ညံ့တာ မတွေ့ဖူးဘူးကွဆိုပြီး ဆူလေဆဲလေသည်။ ကျွန်တော့် လက်ချက်ကြောင့် မင်းသိန်းခံလိုက်ရသည်။ ပိုက်ဆံလည်းကုန် အဆူဆဲခံရသည်။
ဘာဘဲပြောပြော ဘာဘဲလုပ်လုပ် ဆရာသည် ကျွန်တော်တို့နှစ်ယောက်ကို ချစ်ပါသည်။
ဆရာက တရား ရုံးချုပ်က စီရင်ချက်တွေ အကုန်ကူးပြီး အမှုခေါင်းစဉ်အလိုက် အက္ခရာစဉ်ခွဲကာ စာအုပ်တွေထုတ်သည်။ စာအုပ်ထုတ်သည့် အခါတိုင်း ကျွန်တော့်ကို ဝေဖန်ခိုင်းသည်။ မင်းသိန်းကို စကားနည်းသူဖြစ်သဖြင့် မခိုင်းချေ။
ထို့နောက် သူ့လက်မှတ်ထိုးကာ စာအုပ်တစ်အုပ်စီ ချီးမြင့်လေသည်။ ဝေဖန်ရတယ်ဆိုတာက စကားလုံးလှလှပြောတာပါ။ တကယ်တော့ မြှောက်ပင့် ပြောဆိုရခြင်းဖြစ်သည်။
ဆရာဦးထင်ဇော်သည် အရာရာနှံ့စပ်ကျွမ်းကျင်သူဖြစ်ပြီး အကင်းပါးလှသူဖြစ်သဖြင့် အပေါစား စကားလုံးများဖြင့် ဆရာ့ကို မြှောက်ပင့်၍ မရ။
ဆရာ့စာအုပ်က ကောင်းလိုက်တာ လောက်နှင့်မရ။ အကောင်းတကာ့ အကောင်းဆုံးတွေထက်တောင်မှ ကောင်းနေပါသေးတယ် ဆရာရယ် ဆိုတာ တောင်သိပ်မကြိုက်ချင်။ မင်းငါ့ကို သူငယ်နှပ်စားမှတ်နေလား ဆိုသည့်အကြည့်နှင့် အကြည့်ခံရမည်။
ထို့ကြောင့် ကျွန်တော့မှာ ဝေါဟာရ အသစ်တွေ ဆန်းသစ်တီထွင်ရသည်။
`` ဟေ့ကောင် ညိုလွင်ဦး ပြောစမ်း ငါ့စာအုပ် အတွဲအမှတ် ....´´
အမှန်တော့ စာအုပ်ကခုမှထွက်သည်။ ကျွန်တော် တစ်လုံးမှ မဖတ်ရသေးတာလည်း ဆရာ မသိတာမဟုတ်။
``ကောင်းလိုက်တာများဆရာရယ် ချောင်းရိုက်မှာတောင်စိုးရပါတယ်။´´
``ဟေ ဘယ်လိုတုန်းကွ မင်းပြောတဲ့ဟာ လင်းစမ်းပါဦး။´´
``အဆိုတော် ဂျွန်လင်နွန်ကို ဆရာသိတယ်မလား။ ´´
``သိတာပေါ့ကွ သူဆိုတဲ့ အင်မေးဂျင်း ဆိုတဲ့ သီချင်းဆိုငါသိပ်ကြိုက်။´´
``ဆရာ သူ သေနပ်နဲ့ပစ်ပြီး အသတ်ခံရတာ လည်းသိတယ်မလား။´´
``အေး လကွာ´´
``သတ်တဲ့ကောင်ကို ဘာမှ အပြစ်မရှိရှာတဲ့ ဂျွန်လင်နွန်ကို အငြိုးအတေးလည်း မရှိဘဲ မင်းဘာကြောင့် သတ်ရသလဲလို့ မေးတဲ့အခါ သူ့သီချင်းတွေ ကောင်းလွန်းလို့ ကျွန်တော် ကြိုက်လွန်းလို့ သူ့ကိုချစ်လွန်းလို့ သတ်တာပါ တဲ့ ဖြေတယ်လေ ဆရာရဲ့။´´
``အေး ငါနည်းနည်း သဘောပေါက်လာပြီ´´
``ကျွန်တော်တို့နိုင်ငံမှာက သေနပ်ကရှိတာမဟုတ်ဘူးဆရာရဲ့ ၀ါရင်းတုတ်ဘဲပေါတာ ´´
ဆရာ ပြုံးရမလို မဲ့ရမလို ဖြစ်သွားသည်။
``ဟေ့ကောင် တော်ပေတော့ ငါသဘောပေါက်ပြီ´´
`` ဟုတ်တယ်ဆရာ ဆရာ့စာအုပ်က ကောင်းလွန်းလို့ တော်ကြာ အရူးအမူးတွေဖြစ်ပြီး . . . . . .
အစရှိသဖြင့် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များဖြင့် မြှောက်ပင့်ပြောဆိုရသည်။
ဆရာ သဘောအလွန်ခွေ့သည့်အခါ တစ်အုပ်မက ကြိုက်သလောက် ယူကွာဖြစ်ကုန်၏။
ဆရာ့ စာအုပ်တွေကလည်း သိတဲ့အတိုင်း အဲသည်ခေတ်အခါ တွံတေးစိုးအောင် စီးရီးတွေနှင့်အပြိုင် ဆက်တိုက်ထွက်တော့ ကျွန်တော့မှာ မရပ်မနား ဝေဖန်ရသည်။
ကြာတော့ ကျွန်တော်လည်း လက်တွေတက်လာသည်။ ဤသို့ဖြင့် ကျွန်တော်သည် မြှောက်ပင့်ခြင်းအရာ၌ သူမတူအောင် ထူးချွန်ပြီးသကာလ အာမေချာအဆင့်မှ ပရိုအဆင့်သို့ ကူးပြောင်းရောက်ရှိခဲ့ လေသည်။
ဆရာ့ဇနီးက ဆရာ့ကို အစစအရာရာ ကလေးလို ဂရုစိုက်ထားသဖြင့် ဆရာဦးထင်ဇော်သည် ပိုက်ဆံ မသုံးတတ်ချေ။ ယခုကဲ့သို့ အင်မတန်အစားအသောက် ကောင်းသော ရွှေဘဲ စားသောက်ဆိုင်တွင် ကြိုက်သလောက်စား ကြိုက်သလောက်သောက်ကွ ဟုဆိုကာ ရက်ရက်ရောရောကျွေးမွေးနေသည်ကို ကြည့်ခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်အပေါ် အဘယ်မျှ သဒ္ဒါပေါက်နေသည်ကို ခန့်မှန်းနိုင်ပါသည်။
ထိုညက ဆရာတိုက်သည့် တိုက်ဂါးဘီယာ သောက်ပြီး တစ်ညလုံး ကျွန်တော်မြှောက်ပင့် ပြောဆိုသမျှကို ဆရာသည် ဟေးဟေး ဟားဟား နှင့် သဘောခွေ့လျှက်ရှိသည်ကို မှတ်မိသည်။
မြှောက်နေမှန်းသိရက်နဲ့ မြှောက်ပြောတဲ့စကားတွေ နားထောင်ရတာ အရသာရှိလိုက်တာ တပည့်ရယ်ဟု ဆိုသည်ကိုလည်းမှတ်မိ၏ ။
မင်းတို့နှစ်ယောက်နဲ့ ခုလိုဆိုတော့ ငါတောင် ပြန်သောက်ချင်လာပြီကွ ဟုပြောတာလည်းမှတ်မိသည်။ သောက်တော့ မသောက်ပါ။
မသောက်တာလည်းကောင်းသည်။
ဆေးတွေထိုးထားလို့ မသောက်တာဆိုတော့ သောက်ပြီး ဆေးထလျှင် ဒီဗလကြီးကို
ကျွန်တော်တို့ နှစ်ယောက်နိုင်မှာမဟုတ်။
ဆရာ့စကားကြွယ်ပုံကား ဘယ်သူနှင့်မှမတူ။ ဆရာသည် စကားပြောဆိုသည့် အရာ၌ပါရမီရှင်ဖြစ်သည်။ ဗမာစကားအရာတွင်မက အင်္ဂလိပ်လိုလည်း ရွှန်းရွှန်းဝေအောင် ပြောနိုင်သူဖြစ်လေသည်။
ဒေါက်တာမင်းသိန်းမှာ ထိုစဉ်ကတည်းက အလုပ်ထွက်ချင်သည်ဟု ခဏခဏ ညည်းညူ ပြောဆိုတတ် သူဖြစ်သည်။ တစ်နေ့တွင် ဆရာဦးထင်ဇော်က ကျွန်တော်တို့ နှစ်ယောက်ကို ပုံပြင်လေးတစ်ပုဒ် ပြောပြဖူး သည်။
No comments:
Post a Comment