Labels

Wednesday, February 26, 2014

စက်ဝိုင်းကြီးကြီး ၀ိုင်းကြမယ်


ယောင်္ကျားတစ်ယောက်ဟာ ကိုယ့်ရဲ့ဇနီး၊သားသမီးလေးတွေအတွက် စက်ဝိုင်းကြီးတစ်ခုဆွဲ၊အဲဒီထဲမှာ မိသားစုကို ထည့်ထားပြီး ကိုယ့်မိသားစုအတွက် လုံခြုံမှု၊နွေးထွေးမှုတွေ ပေးနိုင်ရမယ်။ ရှေးတုန်းက အောက်လမ်းဆရာကြီးတွေ မြေကြီးပေါ်မှာ စည်းတားပြီး အဲဒီစည်းကို ကျော်ပြီး မထွက်ရလို့ စည်းတားသလိုပေါ့။

ဒီတော့ အမျိုးသားတစ်ယောက်ဟာ ယောင်္ကျားပီသဖို့ဆိုရင် မိသားစုအတွက် စက်ဝိုင်းတစ်ခုတော့ အနည်းဆုံးဆွဲနိုင်ရမယ်ပေါ့။

ယောင်္ကျားမပီသပဲ ညံ့ဖျင်းတဲ့ ယောင်္ကျားမျိုးကျတော့ မိသားစုအတွက် လုံခြုံမှုပေးနိုင်မယ့် မေတ္တာစက်ဝိုင်းကြီးကို မဆွဲနိုင်ပေဘူး။
ကိုယ့်တစ်ယောက်စာ လုံခြုံဖို့လောက်ပဲ စက်ဝိုင်းသေးသေးလေးတွေ ဆွဲနိုင်ကြတာ။

မြင့်မြတ်ထူးချွန်တဲ့ ယောင်္ကျားတွေကျတော့ သူဆွဲတဲ့စက်ဝိုင်းတွေဟာ ပိုပြီး ကြီးလာကြတယ်။ မိသားစုအပြင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် ဆွေမျိုးဇာတိစတာတွေကိုပါ လုံခြုံမှုပေးနိုင်မယ့် စက်ဝိုင်းမျိုးဆွဲကြတာပေါ့။ စက်ဝိုင်းပမာဏ ဘယ်လောက်ကြီးကြီးဆွဲနိုင်တယ်ဆိုတာအသက် အရွယ်၊ပညာအရည်အချင်းနဲ့ ဆိုင်သင့်သလောက် ဆိုင်တယ်ဆိုပေမယ့် အဓိကက မေတ္တာတရားနဲ့ ၀ီရိယအားထုတ်မှုတွေအပေါ်မှာပဲ မူတည် တတ်ကြတာ။

မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းဆိုရင် အသက် ၃၀ရွယ်မှာဆွဲခဲတဲ့ သူ့ရဲ့ စက်ဝိုင်းက သူ့မိသားစုအတွက်သာမက
မြန်မာတစ်နိုင်ငံလုံးအတွက် လွတ်လပ်ရေးအမွေကိုတောင် ပေးနိုင်ခဲ့တယ်။ မြန်မာတစ်နိုင်ငံလုံးပါဝင်တဲ့ စက်ဝိုင်းကြီးတစ်ဝိုင်း ဗိုလ်ချုပ် ဆွဲ
ပေးနိုင်ခဲ့တာပေါ့။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်လို မဟာလူသားတွေကျတော့ မေတ္တာစက်ဝိုင်း အ၀န်းအ၀ိုင်းကြီးကို လူသားတစ်ရပ်လုံးအတွက် အတိုင်းအဆမရှိ ဆွဲနိုင်ခဲ့ကြတာ မဟုတ်လား။ ပါရမီဆယ်ပါးမှာ တစ်ပါးအပါဝင်ဖြစ်တဲ့ မေတ္တာပါရမီစက်ဝိုင်းတော်ကြီးကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ဆွဲခဲ့ရတာ။

ဒီတော့ အရိုးရှင်းဆုံး ကြည့်ကြမယ်ဆိုရင် ယောင်္ကျားတစ်ယောက်၊လူသားတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ငွေကြေးဥစ္စာ၊ ရာထူးဂုဏ်သိမ်နဲ့ ပညာအရည်အချင်းတွေ မဟုတ်မူပဲ သူ့ဆွဲနေတဲ့၊ဆွဲခဲ့တဲ့ မေတ္တာစက်ဝိုင်းကြီးအတွင်းမှာ လူဘယ်နှစ်ဦး လုံခြုံမှုတွေရနေကြသလဲ၊အေးချမ်းတည်ငြိမ်မှုတွေ ရနေကြသလဲ ဆိုတာနဲ့ပဲ တွက်ချက်သင့်တယ်လို့ ကျွန်တော်ကတော့ထင်တယ်။

လူသားတိုင်းက စက်ဝိုင်းတွေကိုယ်စီ ဆွဲနိုင်အောင်ကြိုးစားရမှာ ဖြစ်ပြီး စက်ဝိုင်းကြီးတစ်ခုနဲ့ တစ်ခုက အပြန်အလှန် လွှမ်းခြုံနေဖို့လဲ
လိုတယ်။ ကိုယ်ဆွဲခဲ့တဲ့ စက်ဝိုင်းထဲက ကိုယ့်သားသမီးလေးတွေ အရွယ်ရောက်လို့ ကိုယ်စီစက်ဝိုင်းလေးတွေ ဆွဲကြတော့ ကိုယ်ကိုယ်တိုင်လဲ
သူတို့ မေတ္တာစက်ဝိုင်းထဲရောက်သွားရမှာ မဟုတ်လား။

ပြောချင်တာက လူ့အဖွဲ့အစည်းအတွင်းမှာ လူတိုင်းက စက်ဝိုင်းကိုယ်စီဆွဲနေကြပြီး အဲဒီစက်ဝိုင်းတွေ အချင်းချင်း Overlap ဖြစ်
လွှမ်းခြုံနေကြမှ တည်ငြိမ်းအေးချမ်းတဲ့ လူ့အဖွဲ့အစည်းဆိုတာရမယ်။ လူတိုင်းဟာ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် “ငါဆွဲနေတဲ့ မေတ္တာ၊ဂရုဏာစက်ဝိုင်းအတွက် အထောက်အကူဖြစ်ပါ့မလား” လို့ အတွေးလေးတစ်ခု တွေးပြီးမှ အဲဒီအလုပ်ကို လုပ်သင့်တယ်။

ကျွန်တော်တို့ မြန်မာပြည်သားတွေ ကိုယ့်မိသားစုအတွက်၊ကိုယ့်နိုင်ငံသားတွေအတွက် တော်တည့်မှန်ကန်ကောင်းမွန်တဲ့ စက်ဝိုင်း
တွေကိုယ်စီ ဆွဲနိုင်ကြပါစေ။


                                                                ဒေါက်တာလွှမ်းမိုးဟန်

No comments:

Post a Comment