Labels

Wednesday, February 19, 2014

မိဿ ရာသီဖွားများ၏ (2014) ခုနှစ် ကံဇာတာ




၂၀၁၄ ခုနှစ်ရဲ့ မိဿရာသီဖွားများရဲ့ ကံကြမ္မာကတော့ တိုးတက်မြင့်မားမယ့် အပိုင်းတွေ ရှိသလို အခက်အခဲတွေလည်း ရှိလာနိုင်တဲ့ နှစ်မျိုးဖြစ်တယ်။ မနှစ်ကလည်း မိဿရာသီဖွား အများစုဟာ ငွေကြေး ၊ အလုပ် နဲ့ ကျန်းမာရေး ကိစ္စတွေမှာ အတော်လေး ကသီလင်တ ရှိခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာလည်း မနှစ်ကနဲ့ ခပ်ဆင်တင်တူနေတဲ့ သဘောမျိုးကို တွေ့နေရပါသေးတယ်။ မနှစ်ကထက်စာရင် ဒီနှစ် အနည်းငယ် တိုးတက်မည့် လက္ခဏာများ ရှိပေမယ့် အပြတ်အသတ်ကြီး တိုးတက်ကောင်းမွန်မည့် လက္ခဏာတော့ မရှိလှသေးပါ။ အထူးသဖြင့် ဒီနှစ်မှာ ငွေရေးကြေးရေးပိုင်း နဲ့ ကျန်းမာရေးပိုင်းများမှာ အားနည်းချက်တွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ မနှစ်ကတည်းက ငွေကြေးကြပ်တည်း ခဲ့သူ ၊ ကျန်းမာရေး ညံ့ဖျင်းခဲ့သူများ ဒီနှစ်မှာလည်း ကံဇာတာ အနည်းငယ် ဆက်ညံ့နေဦးမယ့် သဘောမှာ ရှိနေပါတယ်။ သိသိသာသာကြီး တိုးတက်မယ့် အရိပ်လက္ခဏာ မမြင်လှသေးပါဘူး။

ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် မိမိလုပ်ငန်း အဖွဲ့အစည်းများအတွင်းမှာ မိမိကို ထောက်ခံတဲ့ အင်အားစုအရေအတွက် ကျဆင်း လာနိုင်တာကိုလည်း တွေ့ရပါတယ်။ ဒီနှစ်မှာ ကိုယ့်အနေနဲ့ အားကိုးရာ မှီတွယ်ရာ ရှာဖို့တောင်မှ ခက်ခဲနေတတ်ပါတယ်။ ကြုံဆုံလာတဲ့ ပြဿနာများအတွက် မိမိတစ်ဦးတည်း ဒိုင်ခံဖြေရှင်းရသလို ဖြစ်နေတတ်ပါတယ်။ သို့သော် ဒီနှစ်အတွက် မိမိအနေနဲ့ ကိုယ့်မာနကို ခ၀ါမချနိုင်ဘဲ "ငါ့လှေငါထိုး ၊ ပဲခူးရောက်ရောက်" ဆိုပြီး လုပ်နေလို့ မရပါဘူး။ ပိုပြီး အထီးကျန်ဖြစ်ကာ အများနဲ့ ပိုပြီး ကင်းကွာသွားနိုင်ပါတယ်။

ဒါကြောင့် ဒီနှစ်မှာ သင့်အနေနဲ့ အများရဲ့ စကားကို နားထောင်ရမယ်။ အများရဲ့ ဆန္ဒကို ဂရုပြုရမယ်။ အများနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ်။ ဒါမှ သင်ဟာ အထီးကျန်လမ်းစဉ်ကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ အဖွဲ့အစည်းတစ်ခုရဲ့ အကြီအကဲ ခေါင်းဆောင်လုပ်နေသူများအတွက် လက်အောက် လူများနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ဒီနှစ်တစ်နှစ်လုံး အများစုရဲ့ ရှောင်ကျဉ်ဖယ်ခွာမှုကို ကြုံတွေ့ ရနိုင်ပါတယ်။ သာမန် ၀န်ထမ်းများ နှင့် ကိုယ်ပိုင်စီးပွားရေး အငယ်စားများကို လုပ်ကိုင်နေသူများလည်း ဒီနှစ်ဟာ ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ ရကောင်းတဲ့ နှစ်မဟုတ်ပါဘူး။ ကိုယ်နဲ့ ဆက်ဆံနေရတဲ့ လူအများနဲ့ အတွေးအမြင် အယူအဆတွေကို အလေးဂရု ပြုသင့်တဲ့ နှစ်မျိုးလို့ ဆိုရပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာ
....................

ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုကို အထူးတောင့်တ နေတဲ့ နှစ်မျိုးဖြစ်မယ်။ ဒီနှစ်မှာ မိမိအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေဖြစ်တဲ့ ငွေကြေး ၊ အိုးအိမ်ခြံမြေ ၊ ပိုင်ဆိုင်မှု ၊ ရာထူးဘွဲ့ထူး . . စတဲ့ ကိစ္စတွေမှာ တိုးပွားများပြားလာမှုကို အာရုံစိုက်မှု များနေတတ်တယ်။ မိမိ မိသားစု ရဲ့ လုံခြုံစိတ်ချရမှုကို အလေးပေးလိုစိတ် များပြားနေတတ်တယ်။ ခပ်ရိုင်းရိုင်းပြောရရင် ဒီနှစ်မှာ "ဘယ်သူသေသေ ၊ ငတေမာပြီးရော" ဆိုတဲ့ စိတ်ထားမျိုး များနေတတ်တယ်။ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါ။ ဒီလို ရုပ်ပိုင်းလုံခြုံစိတ်ချမှုကို အလေးပေးလွန်းတာကြောင့် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေဖြစ်တဲ့ ကိုယ်ကျင့်တရား ၊ သနားဂရုဏာ နဲ့ လူသားအခွင့်အရေးများကို အလေးမထားနိုင်တဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်။ နောက်ဆက်တွဲအကျိုးတွေက ကိုယ့်ကို လူအကြည်ညို ပျက်လာခြင်း ၊ လူအလေးစားခံရမှု ကျဆင်းခြင်း ၊ မိမိကို တဖြည်းဖြည်းနဲ့ ဘေးထွက်သွား အောင် တွန်းအား(ဖိအား) ပေးခံရခြင်းများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မိမိရဲ့ စိတ်ခံစားချက်တွေကို အပြန်ပြန်အလှန်လှန် ဝေဖန်သုံးသပ်ဖို့ လိုမယ့် နှစ်မျိုးဖြစ်ပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုမိုဦးစားပေးရမယ့် နှစ်မျိုးဖြစ်ပါတယ်။


စီးပွားရေး နှင့် အလုပ်အကိုင်
....................................

ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်တွေမှာ တိုးတက်ရမယ့် အကြောင်းတရားတွေ အများကြီး ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်များပြားလာမယ့် နှစ်ဖြစ်ပါတယ်။ မိမိ ယခင်ကာလများက မတွေ့ဘူး မကြုံဘူးတဲ့ လုပ်ငန်းကိုင်ငန်း အသစ်တွေ ၊ အခွင့်အလမ်းအသစ်တွေ ၊ စိမ်ခေါ်မှု အသစ်တွေ တွေ့ကြုံလာရမယ့် နှစ်မျိုးဖြစ်သလို မိမိအနေနဲ့ လုပ်ကိုင်နိုင်စွမ်းလည်း ရှိမယ့် နှစ်မျိုးဖြစ်ပါတယ်။ သို့သော် ဒီနှစ်ဟာ အထက်က ပြောခဲ့သလို အခွင့်အလမ်းအသစ်များ ကြုံရတဲ့အခါ အများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ၊ ဝေစားမျှစား လုပ်ကိုင်ဆောင်ရွက်ဖို့ ၊ လူအများရဲ့ ဆန္ဒ နဲ့ အကြံပြုချက်တွေကို အလေးထားဆောင်ရွက်ဖို့တော့ လိုပါလိမ့်မယ်။ ဒီနှစ်ဟာ ကြုံဆုံလာတဲ့ အခွင့်အလမ်းတွေကို တစ်ဦးတည်း လက်ဝါးကြီးအုပ်လို့ မရတဲ့နှစ်မျိုးဖြစ်တာကို အထူးဂရုပြုဖို့လိုပါတယ်။ လက်ဝါးကြီးအုပ် လုပ်ကိုင်ပါက နောက်ဆုံးမှာ မိမိကို အများက ၀ိုင်းကျဉ်တာကို မလွဲမသွေ ခံရမယ့် နှစ်ဖြစ်ပါတယ်။ မိမိလုပ်တဲ့ လုပ်ငန်းဟာလည်း အဖျားရှုး သွားတတ်ပါတယ်။

ဒီနှစ်ဟာ စီးပွားရေး နဲ့ အလုပ်အကိုင်တွေမှာ "မိသားစု ပုံစံ" ကို ထင်ထင်ရှားရှားတွေ့ရလို့ တတ်နိုင်သရွေ့ လုပ်ဖော်ကိုင်ဖက်များအပေါ် မှာ မိသားစုစိတ်ဓာတ် မွေးဖို့လိုပါတယ်။ နောက်ပြီး ဒီနှစ်မှာ မိမိလုပ်ငန်းများကို ကိုယ့်မိသားစုထဲက ဇနီး ၊ သားသမီများကို ၀င်ရောက်ဆောင်ရွက် လိုတယ်ဆိုရင်ဆောင်ရွက်ခွင့် ပေးသင့်တဲ့ နှစ်မျိုးလည်း ဖြစ်ပါတယ်။ တိုးတက်မှု ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ နောက်ပြီး နှစ်ပေါင်းများစွာ နိုင်ငံရပ်ခြားများမှာ သားတကွဲ ၊ မယားတစ်ကွဲ အလုပ်လုပ်နေကြရသူများလည်း ဒီနှစ်မှာ ကိုယ့်နိုင်ငံမှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ပြီး အလုပ်သစ်အကိုင်သစ်များ လုပ်ကိုင်ခွင့် ရလာနိုင်တဲ့ နှစ်မျိုးလည်း ဖြစ်ပါတယ်။

မိဿရာသီဖွားများအတွက် ဒီနှစ်မှာ အုပ်ချုပ်ရေးနှင့် ပတ်သက်သော လုပ်ငန်းများ ၊ စီမံခန့်ခွဲမှု လုပ်ငန်းများ ၊ စာ/နယ်/ဇင်း လုပ်ငန်းများ ၊ သတင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ၊ အကျိုးဆောင်လုပ်ငန်း မျိုးစုံ ၊ ဟော်တယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ၊ အမျိုးသမီး အလှအပဆိုင်ရာ ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းဝယ်ခြင်း ၊ စတိုးဆိုင်လုပ်ငန်း ၊ စားသောက်ကုန် လုပ်ငန်း ၊ လှောင်ကုန်လုပ်ငန်း ၊ ဓာတ်သတ္တုလုပ်ငန်း ၊ ဓာတုဗေဒ ပစ္စည်းဆိုင်ရာ လုပ်ငန်း စတဲ့ လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အကျိုးကျေးဇူး မြင့်မားစွာ ခံစားရနိုင်တယ်။


ငွေကြေးဆိုင်ရာ
....................

မိဿရာသီဖွားများအတွက် ဒီနှစ်မှာတော့ ငွေကြေးကံဇာတာ ခက်ခဲမယ့် နှစ်မျိုးဖြစ်တာကို တွေ့ရပါတယ်။ မိဿရာသီဖွားများအတွက် ဒီနှစ်ဟာ လုပ်ငန်းကြီးတွေကို လုပ်ရတတ်တယ်။ ငွေကြေးအမြတ်အစွန်း ကြီးမားမယ့် လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့် ရတတ်တယ်။ ဒါပေမယ့် တကယ်တန်း ပိုက်ဆံဝင်သင့်တဲ့အချိန်မှာ ၀င်မလာဘဲ အကြောင်းအမျိုးမျိုးနဲ့ တစ်ဆို့ နေတတ်တယ်။ ၀င်စရာရှိတာ ဖြောင့်ဖြောင့်တန်းတန်း မ၀င်ဘဲ ရှိတတ်တယ်။ အကြောင်းအမျိုးမျိုးနဲ့ နှောင့်နှေး ကြန့်ကြာနေတတ်တယ်။ အချို့ ကံဇာတာ ညံ့လွန်းတဲ့ သူများကျတော့ အလုပ်ကြီး အကိုင်ကြီးများကို လုပ်ခွင့်ရလို့ "တွက်ရေးကတော့ စက်သူဌေး ၊ တွက်ကြည့်တော့ မမြတ်မရှိ" ဆိုတာမျိုးလည်း ဖြစ်တတ်တယ်။ တစ်ချို့ဆိုရင် အမြတ်ကြီး မြတ်မယ်လို့ မျှော်မှန်းထားတဲ့ အလုပ်များဟာ နောက်ဆုံးမှာ အမြတ်မရှိဘဲ အရှုံးနဲ့ အဆုံးသတ်သွားရတာမျိုး ရှိတတ်ပါတယ်။

ဒီနှစ်ဟာ အချို့သော မိဿရာသီဖွားများမှာ မိမိရစရာရှိတာလည်း မရ ၊ မိမိ ပေးစရာရှိတာလည်း မပေးနိုင်ဘဲ ကတိပျက် ၊ ယုံကြည်မှုပျက် ၊ နာမည်ပျက်ခြင်းများပါ ကြုံတွေ့နိုင်ပါတယ်။ အထက်က အကြိမ်ကြိမ်ပြောသလို ဒီနှစ်ဟာ ဝေမျှ စားထိုက်သူတို့နှင့် ဝေမျှ မစားဘဲ မိမိတစ်ဦးတည်း လက်ဝါးကြီးအုပ် လုပ်ကိုင်သူများမှာ အထက်က အခက်အခဲမျိုးတွေ တွေ့ကြုံလာနိုင်ဖွယ် ရှိပါတယ်။ ဒီနှစ်ဟာ မိဿရာသီဖွား တို့အတွက် ငွေကြေးနဲ့ ပတ်သက်ပြီး မိမိရဲ့ နာမည် ၊ ဂုဏ်သိက္ခာ အလွန်ကျဆင်းတတ်တဲ့ နှစ်မျိုးဖြစ်တာကြောင့် ငွေကြေးကိစ္စများကို အထူးသတိထား ကိုင်တွယ် လုပ်ဆောင်သင့်ပါတယ်။ ငွေကြေးအတွက် သူများကိစ္စမှာ ကိုယ်က၀င်ပြီး အာမ မခံသင့်တဲ့ နှစ်မျိုးလည်း ဖြစ်ပါတယ်။

ဒီကြားထဲမှာ ဂြိုဟ်စား အလွန်ညံ့သော နှစ်များအတွင်း ရောက်နေသူများမှာ မိမိရဲ့ ငွေကြေးပိုင်ဆိုင်မှုများကို ရန်သူမျိုး(၅)ပါး ဖျက်ဆီးခံ ရတဲ့ ကိန်းမျိုးလည်း ဒီနှစ်မျိုးမှာ ရှိနေလို့ အထူးသတိထားရမည့် နှစ်ဖြစ်ပါတယ်။

ပညာရေး
............

ပညာရေး နှင့် ပတ်သက်လျှင် မိဿရာသီဖွားများအတွက် ခဲရာခက်ဆစ် ကြိုးပမ်းအားထုတ်ပြီး ကိုယ့်ရဲ့ လိုအင်ဆန္ဒများ ပြည့်ဝ သွားတတ်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်မှာ ပညာရေးနှင့် ပတ်သတ်ပြီး အခက်အခဲ ရှိတယ် ၊ အနှောင့်အယှက်တွေလည်း ရှိတယ်။ ဒါပေမယ့် မိမိအပေါ် ကူညီမည့်သူများ ပေါ်လာပြီး အခက်အခဲများကို လွန်မြောက်သွားနိုင်တယ်။ ဒီနှစ်ဟာ ကိုယ့်ပညာရေးကို တိတ်တဆိတ် ကြိုးပမ်းရမယ့် နှစ်ဖြစ်တယ်။ ဟေးလားဝါးလား လုပ်နေလို့ မရဘူး။ ကိုယ်တစ်ယောက်တည်း စာကျက်တာမျိုးထက် စိတ်တူကိုယ်တူ (၃-၄)ယောက်ခန့် စုပြီး စာကျက်ဆွေးနွေးကြတာမျိုးက ပိုမိုကောင်းမွန်တယ်။ ဘာဘဲဖြစ်ဖြစ် ဒီနှစ်မျိုးဟာ ကြိုးစားအားထုတ်သူများအတွက် ပညာရေးမှာ အောင်ပွဲခံနိုင်မယ့် နှစ်မျိုးဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။


အချစ်ရေး
............

ဒီနှစ်အတွက် မိဿရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး ကံကြမ္မာ အလွန်ညံ့ဖျင်းနေပါတယ်။ ဒီနှစ်မှာ အကြောင်းမယ်မယ်ရရ မရှိဘဲ ကိုယ့်ချစ်သူက ကိုယ့်ကို အဆက်ဖြတ်သွားတာမျိုး မိဿရာသီဖွား အတော်များများ ခံကြရလိမ့်မယ်။ ဒါမှမဟုတ် ချစ်သူများကြားမှ မကြာခဏ အငြင်းပွား ၊ ခိုက်ရန်ဖြစ်မှုများလည်း ဆိုးဝါးစွာ ဖြစ်နိုင်တယ်။ အကြောင်းအမျိုးမျိုးနဲ့ ချစ်သူနှစ်ဦး လမ်းခွဲသွားတာမျိုး ဒီနှစ်မှာ ကြုံဆုံ နိုင်ပါတယ်။ နောက်ပြီး အိမ်ထောင်ပြုဖို့ ကြံရွယ်ထားသူများလည်း အခက်အခဲများ ကြုံနိုင်ပြီး အချို့ဆိုလျှင် မင်္ဂလာရက် သတ်မှတ်ပြီးမှ မင်္ဂလာပွဲ ပျက်သွားတာမျိုးအထိတောင်မှ ကြုံနိုင်ပါတယ်( ချစ်သူစုံတွဲတိုင်းတော့ မဟုတ်ဘူးနော် ၊ ၆၀% လောက် ကြုံရနိုင်တယ်)။ အချစ်ရေးကံ အလွန်ညံ့နိုင်ပြီး တစ်ဖက်သတ်အချစ်နဲ့ ချစ်ခွင့်တောင်းခံနေသူများမှာတော့ ဒီနှစ်မှာ အပြတ်အသတ် ငြင်းပယ်မှုကို ခံကြရဖို့ ကိန်းများလှပါတယ်။


အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................

အိမ်ထောင်ကျပြီးသားသူများ၊ မိသားစုများကတော့ ဒီနှစ်မှာ အိမ်ထောင်ရေးကံ အေးချမ်းသာယာဖို့ ရှိပါတယ်။ ဒီနှစ်မှာ ယခင်နှစ်များက မိသားစုနှင့် အတူမနေနိုင်လောက်အောင် အလုပ်များခဲ့သူများလည်း ဒီနှစ်မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေရဖို့ကံ များပါတယ်။ နောက်ပြီး သားသမီးမရနိုင်တဲ့ အိမ်ထောင်စုများမှာလည်း ဒီနှစ် သားသမီးရတနာများ ရရှိလာနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ ဒီနှစ်မှာ အိမ်ထောင်ရေး ၊ မိသားစုအရေး နဲ့ ပတ်သတ်ပြီး မိဿရာသီဖွားများမှာ ဆိုးဝါးတဲ့ ကံကြမ္မာမျိုး ရှိဖို့ အလွန်အားနည်းလှသည်ကို တွေ့ရပါတယ်။

ကျန်းမာရေး
...............

ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် ကျန်းမာရေး ပြဿနာ အကြီးစားကြီးတွေ မရှိနိုင်ပေမယ့် စနစ်တကျ ဆေးစစ်ခြင်း ၊ ဆေးဝါးကုသခြင်းများတော့ ပြုလုပ်သင့်တဲ့ နှစ်ဖြစ်ပါတယ်။ နဂို ရောဂါ အခံရှိသူများ ဒီနှစ်မှာ စနစ်တကျ ဆေးမကုသ ရင် ကျန်းမာရေး ပိုဆိုးလာနိုင်တယ်။ လူကောင်းများပင် စစ်ဆေးထိုက်တဲ့ ဆေးစစ်မှုများကို ပြုလုပ်ပြီး ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လိုက်စား မှုများ ပြုသင့်တယ်။ ဒီနှစ်မှာ ဆေးဝါးကုသခံယူမှု နဲ့ အချိန်မှန်မှန် ကိုယ်လက်လှုပ်ရှားမှုတို့ဟာ မိဿရာသီဖွားများအတွက် အရေးကြီးပါတယ်။ ပေါ့ပေါ့ဆဆ ကျန်းမာရေး မလိုက်စားဘဲနေရင် အလစ်ဝင် ၊ အငိုက်ဖမ်းမယ့် (သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ ၊ ဘီပိုး ၊ စီပိုး) စတဲ့ ရောဂါကြီးတွေ ပုန်းလျှိုးကွယ်လျှိုး ရှိနေတာကိုတော့ သတိပြုရပါမယ်။

ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................

မိဿရာသီဖွားများအတွက် ဒီနှစ်မှာ ခရီးနှင့် နိုင်ငံခြားကိစ္စများမှာ အလွန်ထူးခြားတဲ့ အခွင့်အလမ်းကြီးများ ကြုံဆုံနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်မှာ အလုပ်ကိစ္စနဲ့ဖြစ်စေ ၊ အပန်းဖြေခရီးဖြစ်စေ သွားလာရမှုများ များပြားတတ်ပါတယ်။ နိုင်ငံခြားခရီး (သို့) နိုင်ငံရပ်ခြားနှင့် ဆက်သွယ် လုပ်ကိုင်ရမှုများလည်း တွေ့ကြုံရဖို့အား အလွန်များလှပါတယ်။ နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်ရမှုများမှ ထူးခြားသော ကံကြမ္မာ အခွင့်အလမ်းများ နှင့် အကျိုးအမြတ်များ ရရှိလာနိုင်ပါတယ်။ အချို့မှာ မိမိကိုယ်တိုင်မဟုတ်ဘဲ မိမိ သားသမီးများဟာ နိုင်ငံရပ်ခြားနှင့် ပတ်သက်ပြီး ကံကောင်းမှုများ ကြုံရခြင်းလည်း ရှိပါမယ်။ ဘာဘဲပြောပြော ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် ခရီး နှင့် နိုင်ငံရပ်ခြားများမှ အလုပ်အကိုင်နှင့် ပတ်သက်ပြီး အကျိုးကျေးဇူး အခွင့်အလမ်းများ များပြားတတ်သည့် နှစ်မျိုးဖြစ်တာကို တွေ့ရပါတယ်။

လူမှုဆက်ဆံရေး
.....................

ဒီနှစ်အတွက် လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်မှု နှင့် ခရီးသွားလာမှုများဟာ ဆက်စပ်နေတာကို တွေ့ရပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားလာမှုများမှ လူမှုရေးနယ်ပယ်များ ကျယ်ပြန့်လာနိုင်ပါတယ်။ ဒီနှစ်ဟာ မတူညီတဲ့ နယ်ပယ်များက လူမျိုးစုံနဲ့ ဆက်ဆံရင်း မိမိရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ဟာ တိုးတက်မြင့်မားလာပါလိမ့်မယ်။ ခရီးများသွားလာခြင်းဖြင့် မိတ်ကောင်းဆွေကောင်းများ ပိုမိုရရှိလာနိုင်မှာလည်း ဖြစ်ပါတယ်။

နေ့သားအလိုက် ကံကောင်းမှုများ
...........................................

မိဿရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် ဓနုရာသီဖွားများထဲက တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ နှင့် စနေ နေ့သားသမီးများ ကံဇာတာမြင့်မားမှုကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး ၊ တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။

လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................

ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - မတ်လ ၊ မေလ ၊ သြဂုတ်လ နှင့် နိုဝင်ဘာလ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။

ဇန်န၀ါရီလ ၊ ဧပြီလ ၊ ဇွန်လ နှင့် ဇူလိုင်လ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - "အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး" ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)

ထီကံကြမ္မာ
...............

ဒီနှစ် ကံကြမ္မာအနေနဲ့ မိဿရာသီဖွားများဟာ ငွေကြေးကံ မကောင်းလှသော်လည်း ထီဆုကြီးများ ပေါက်နိုင်တဲ့ ကံကို မိဿရာသီဖွားများအတွင်းမှာ တွေ့ရှိနေရပါတယ်။ ထီဆိုတာ လူ(၁၀၀)မှာ တစ်ယောက်မပေါက်နိုင်တာမို့ အများစုကတော့ ပေါက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနှစ်အတွက် ဆုကြီးပေါက်နိုင်တဲ့ကံကို မိဿရာသီဖွားများအတွင်း မြင့်မားစွာ တွေ့နေရခြင်းကြောင့် အစိုးရထီများကို မှန်မှန် ထိုးသွားသင့်ပါတယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၁ ၊ ၆ ၊ ၄ ၊ ၉ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၁) နှင့် (၉) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၅)ဂဏန်း လုံးဝရှောင်ပါ။

နှစ်ချုပ် ကံကြမ္မာ
.....................

ယခုနှစ်တွက် မိဿရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် အဓိကကျတဲ့ အလုပ်စီးပွားပိုင်း နှင့် ငွေကြေးပိုင်းမှာ ဟန်ချက်မညီဖြစ်နေတာကို တွေ့ရပါတယ်။ ယေဘူယျအားဖြင့် အလုပ်အကိုင်ကောင်းလျှင် ငွေကြေးကံပါ မြင့်မားလာရစမြဲဖြစ်ပေမယ့် ဒီနှစ်မှာတော့ အလုပ်အကိုင်ကောင်းပါလျှက် ငွေကြေးကံ မြင့်မားမလာတာကို ထူးဆန်းစွာ တွေ့ရပါတယ်။ ငွေကြေးကံဟာ လုံးဝ မ၀င်တာမျိုး မဟုတ်ဘဲ ၀င်ဖို့ ရှိလျှက်နဲ့ နှောင့်နှေးကြန့်ကြာတာမျိုးဖြစ်ဖို့ ပိုများပါတယ်။ ကိုယ်ရဖို့ ကိစ္စသာမက ကိုယ်ပေးဖို့ ကိစ္စပါ နှောင့်နှေးတတ်လို့ " ငွေမရှိ ၊ ကတိမတည်" အဖြစ်မျိုးလည်း ကျရောက်တတ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ကိုယ့်ရဲ့ နာမည်မပျက်အောင် ထိန်းသိမ်းပါ။ နာမည်တော့ အပျက်မခံပါနှင့်။ နာမည်ပျက်လျှင် ရှေ့လာမည့် နှစ်များတွင် အလုပ်လုပ်ဖို့ ခက်ခဲသွားပါလိမ့်မည်။

အချို့သူများကျတော့လည်း ငွေကြေးမြောက်များစွာ ၀င်သော်လည်း အကြောင်းအမျိုးမျိုးသော ကိစ္စ ၊ ရန်သူမျိုး (၅)ပါး ကိစ္စများကြောင့် ငွေကြေး ပြန်လည် ဆုံးရှုံးတတ်တဲ့ ကံဇာတာလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ငွေဆုံးရှုံးမှု ၊ နှောင့်နှေးကြန့်ကြာမှုများကို မဖြစ်စေရအောင် ဗုဒ္ဓယတြာများကို ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်။ အဓိက လုပ်ရမယ့် ဗုဒ္ဓယတြာကတော့ "အလှူဒါန" ဘဲဖြစ်ပါတယ်။ မိမိထံက ထွက်သွားမည့်ငွေဟာ အလှူ နှင့် စွန့်ကြဲပေးကမ်းမှု ပုံစံအဖြစ် ပြောင်းသွားတဲ့အခါ ၊ ထူးဆန်းတဲ့ ကမ္မနိယာမ ဖြစ်လာပြီး ငွေကြေးကံမကောင်းမှုကို အတိုင်းအတာတစ်ခုအထိ ပြေပျောက်စေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ များများလှူဒါန်းပေးပါ။ ဘာအလှူဖြစ်ဖြစ်ပါ။ ဖြစ်နိုင်ရင်တော့ လူမှုရေးအလှူကို ပိုမိုဦးစားပေးပါ။

အလုပ်အကိုင်ကတော့ အထက်က ပြောသလိုဘဲ အလုပ်စီးပွားလုပ်ကိုင်ရာမှာ ငါတစ်ကော မကောဘဲ ၊ အများနှင့် တွဲဖက်လုပ်ကိုင်ပါ ။အများဆန္ဒကို ဂရုအလေးပြုပါ။ အများနှင့် ပူးပေါင်းဆောင်ရွက်ပါ။ ဒီလိုလုပ်ခြင်းဖြင့် ကံကြမ္မာအညံ့ကို တနည်းတလမ်း လွဲဖယ်သွားစေနိုင်မည် ဖြစ်ပါတယ်။ တစ်ကိုယ်ကောင်းစိတ် နှင့် လောဘစိတ်များကို မိမိသဏ္ဍန်မှာ ပေါ်လာတိုင်း ချိုးနှိမ်ပေးခြင်းဖြင့် မိမိရဲ့ ကံဇာတာကို မြှင့်တင်ပေးပါ။ မတရားသော အလုပ် ၊ သမ္မာအာဇီဝ မကျသော အလုပ်များကတော့ ဒီနှစ်မှာ ယောင်လို့တောင်မှ စိတ်မကူးပါနှင့်။ လုံးဝအကျိုးမပြုပါ။ အလျှော် အစားမှာ အလျှော်ပေးရမှု များတတ်ပါတယ်။ အဆင်မသင့်ရင် လူပါ ထိခိုက်တတ်ပါသည်လို့ သတိပေးလိုက်ရပါသည်ခင်ဗျား။

ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ အုန်းထမင်း နှင့် သရပ်သီးသနပ် ကို အနည်းဆုံး တစ်လတစ်ကြိမ် နေ့ဆွမ်းနှင့်အတူ ကပ်လှူပေးပါ။ မသန်စွမ်းသူများ ၊ မသန်စွမ်းကျောင်းများတွင် များများလှူဒါန်းပေးပါ။ ဒီနှစ်မှာ တောင်းရမ်းစားသူများအား (အချောင်သမားများ ၊ အလုပ်မလုပ်ချင်သူများဟု) မမြင်ဘဲ တစ်ပြားတစ်ချပ် စွန့်ကြဲပေးကမ်းလိုက်ပါ။ အခမဲ့ ဆေးရုံဆေးခန်းများကို လှူဒါန်းပူဇော်မှု ပြုလုပ်ပေးပါ။ ယခုနှစ်အတွင်း အနီရောင် ၊ လိမ္မော်ရောင် ၊ အစိမ်းရောင် ၊ နက်ပြာရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် ၊ အဖြူရောင် အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ ကြက်သွေးရောင် ၊ မီးခိုးရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။


(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။


                                                                ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)           

No comments:

Post a Comment