Labels

Wednesday, February 19, 2014

ကုံရာသီဖွားများ၏ (2014) ခုနှစ် ကံဇာတာ

၂၀၁၄ ခုနှစ်ရဲ့ ကုံရာသီဖွားများရဲ့ ကံကြမ္မာကတော့ ကံကောင်းမှုတွေ များပြားတတ်ပြီး ကံဆိုးကံညံ့မှု အလွန့်အလွန် နည်းပါးနိုင်တဲ့ နှစ်တနှစ်ဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီနှစ် ကုံရာသီဖွားများရဲ့ ကံဇာတာကို ခြုံငုံ သုံးသပ်လိုက်ရင် ကျေနပ်အားရစရာတွေသာ များနေတာကို တွေ့ရပါတယ်။ ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် ကုသိုလ်ကံ ပွင့်လန်းလာမည့် နှစ်ဖြစ်ပြီး မနှစ်က ကံဇာတာ ညံ့ခဲ့သူများ ရှိခဲ့လျှင် ဒီနှစ်မှာ ကံဇာတာ တိုးတက်မြင့်မားမှုကို ရရှိခံစားရဖို့ ရှိပါတယ်။ ကုံရာသီဖွား အများစုဟာ ပြီးခဲ့တဲ့နှစ်က ကံဇာတာ အတော်အတန် မြင့်မားမှုကို ကြုံတွေ့ရသူ များပြားပါတယ်။ လူနည်းစုမျှသာ ကံကောင်းမှုတွေနဲ့ လွဲချော်ခြင်းမျိုး ရှိခဲ့ပါတယ်။ ဒီနှစ်တော့ မနှစ်က အဲဒီလို လွဲချော်ခဲ့သူများအတွက် ကံကောင်းမှုကို မျှော်လင့်နိုင်ပြီး မနှစ်က ကံကောင်းခဲ့သူများလည်း ဒီနှစ်မှာ ထပ်ဆင့် ကံကောင်းနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် မိမိရဲ့ ယဉ်ပြိုင်ဖက်များအပေါ်မှာ လိမ္မာပါးနပ်စွာ အနိုင်ယူပြီး အောင်မြင်မှုကို တက်လှမ်းရရှိနိုင်မယ့် ကံတရားတစ်ခု အသေအချာ ရှိပါတယ်။ ဒီလို ကံတရားမျိုးဟာ "အပြိုင်အဆိုင် ၊ အတိုက်အခံ" နဲ့ အလုပ်လုပ်နေရသူ ကုံရာသီဖွားများအတွက် သတင်းကောင်းတစ်ခုလို့ ဆိုရပါမယ်။ ဒီနှစ်ဟာကိုယ့်ရဲ့ ကိုယ်ခံစွမ်းအား ၊ စိတ်ဓာတ်အင်အားများ တိုးပွားများပြားမည့် နှစ်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ရော ၊ နာမ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးမည့် နှစ်ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကြောင့် ကျန်းမာခြင်း ၊ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ အလုပ်ရာထူး တိုးတက်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး နာမ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကြောင့် စိတ်ချမ်းသာခြင်း ၊ ပျော်ရွှင်ရခြင်း ၊ အကောင်းမြင်ဝါဒ ဖြစ်ပေါ်ခြင်း ၊ မိမိကိုယ် မိမိ ယုံကြည်စိတ်ချမှု များပြားခြင်းများ ဖြစ်ပေါ်နိုင်တယ်။

ဒါကြောင့် ဒီနှစ်မှာ သင့်ရဲ့ စိတ်ကူးစိတ်သန်းကောင်းများကို လက်တွေ့ဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်ပါ။ လက်တွေ့ကျကျ အလုပ်လုပ်ပါ။ ပျင်းရိခြင်း နှင့် စိတ်ကူးယဉ်မှုများကို မောင်းထုတ်ပစ်ပါ။ လူမှုဆက်ဆံရေး စွမ်းရည် မြင့်မားလာအောင် လေ့ကျင့်ပါ။ အတတ်ပညာ အသစ်များကို သင်ယူပါ။ ဒီနှစ်ဟာ ကံဇာတာမြင့်မားမှုကို လက်တွေ့အသုံးချရမည့် နှစ်ဖြစ်ပါတယ်။ စိတ်ကူးယဉ် ၊ စိတ်ဓာတ်ကျနေရမည့် နှစ်မဟုတ်ပါ။ မိမိရဲ့ ကြိုးစားမှုနဲ့ အလုပ်စွမ်းရည်ပေါ်မှာ မူတည်ပြီး ကုံရာသီဖွား တစ်ယောက်နဲ့တစ်ယောက် ၊ အောင်မြင်မှု ဒီဂရီခြင်း ကွဲပြားသွားမှာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ
....................

ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မြူးတူးမှု ၊ စိတ်လက်ပေါ့ပါးကြည်ရွှင်မှုများ အထူးရရှိနိုင်တဲ့ နှစ်ဖြစ်တယ်။ အသက်အရွယ် ငယ်ရွယ်သူများအတွက် စူးစမ်းသိလိုစိတ် ၊ အတတ်ပညာသင်ယူလိုစိတ် ၊ လူအများနှင့် ဆက်ဆံလုပ်ကိုင်လိုစိတ် ၊ အချစ်ရေး အချစ်ရာတွေမှာ ခံစားသိလိုစိတ်များ များပြားနေမယ်။ ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် လူကြီးလူငယ်မရွေး စိတ်ဓာတ် ရွှင်ပြလန်းဆန်း နိုင်တဲ့ နှစ်မျိုးဖြစ်တယ်။ အသက်အရွယ် ရသူများပင် ဒီနှစ်မျိုးမှာ "ငယ်မူငယ်သွေး" ပြန်တတ်ပြီး အချစ်စိတ်များ ပြန်လည်နိုးကြားလာတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ အချို့ကျပြန်တော့လည်း ဘာသာရေး ကိစ္စတွေမှာ နက်နဲစွာ တွေးတောကြံဆလိုစိတ်များ ပေါ်ပေါက်နေတတ်ပြန်တယ်။ ဘုရားသခင်ကို ကိုးကွယ်တဲ့ ဘာသာဝင်များအတွက် ဒီနှစ်ဟာ မိမိ နဲ့ ဘုရားသခင်တို့အကြားမှာ နီးစပ်တဲ့ စိတ်ခံစားချက်များ ဖြစ်ပေါ် နေတတ်တယ်။ ဘုရားသခင်ကို အထူးယုံကြည်နေတတ်တယ်။ ခြုံပြောရရင် ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် ကောင်းမြတ်တဲ့ စိတ်ခံစားချက် များသာ ဖြစ်ပေါ်နေတတ်တယ်။

စီးပွားရေး နှင့် အလုပ်အကိုင်
....................................

ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်တွေမှာ ကံကောင်းမှုတွေကို အထင်အရှားတွေ့နေရပါတယ်။ ဒီနှစ်ဟာ မြင့်မားတဲ့ ရည်မှန်းချက် နဲ့ လက်တွေ့ကျကျ အလုပ်လုပ်နေသူများအတွက် မြင့်မားတဲ့ အကျိုးကျေးဇူးတွေ ခံစားရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရှေ့နှစ်ပိုင်းတွေက လက်တွေ့ကျကျ အလုပ်လုပ်ခဲ့သူများအတွက် ဒီနှစ်ဟာ ကံကောင်းတိုးတက်မှုတွေကို အသေအချာ ခံစားရရှိပါလိမ့်မယ်။ အထူးသဖြင့် ဒီနှစ်ဟာ "ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအတွက်" ကံဇာတာ အထူးကောင်းမွန်တတ်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်ဟာ စီးပွားရေး ပုံစံအသစ်များကို တည်ဆောက်လုပ်ကိုင်ရတတ်တဲ့ နှစ်မျိုးလည်း ဖြစ်ပါတယ်။ စီးပွားတိုးတက်မှုနဲ့အတူ ထင်ပေါ်ကျော်ကြားမှု ၊ ငွေကြေးအဆင်ပြေ မှုများကိုလည်း ပူးတွဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးသမားမဟုတ်တဲ့ "အရာရှိငယ်တွေ" အတွက်လည်း မြင့်မားတဲ့ ရာထူးတိုးတက်မှုကို ရရှိ တတ်ပြီး ဘ၀တိုးတက်မြင့်မားလာနိုင်ပါတယ်။ ၀န်ထမ်းများအတွက်ကတော့ ဒီနှစ်ဟာ အလုပ်ကို ကြိုးစားလုပ်ဖို့လိုပြီး တကယ်ကြိုးစားသူအတွက် ထင်ပေါ်လို့ စင်တော်က ကောက်ခံရမယ့် ကိန်းများလည်း ရှိနေပါတယ်။

ဒီနှစ်ဟာ စီးပွားရေး နဲ့ အလုပ်အကိုင်တွေမှာ ရည်မှန်းချက် မြင့်မားမှု နဲ့ လက်တွေ့ကျကျ လုပ်ဆောင်မှုတို့ဟာ ဒီနှစ်အတွက် တော်တော် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ ဒီနှစ်မှာ "ရိုးရိုးကျင့်ပါ ၊ မြင့်မြင့်ကြံပါ ၊ လက်တွေ့လုပ်ပါ"- အောင်မြင်မှုက လက်တစ်ကမ်းမှာဘဲ ရှိနေပါတယ်။ ဖင့်နွဲလေးကန်ခြင်း ၊ ပျင်းရိခြင်း ၊ စိတ်ကူးယဉ်သက်သက်နဲ့ အချိန်ကုန်နေခြင်းများကို မိမိသဏ္ဍန်အတွင်းက မောင်းထုတ်ပစ်လိုက်ပါ။ အောင်မြင်တဲ့ နှစ်တနှစ် ဖြစ်လာပါလိမ့်မယ်။

ကုံရာသီဖွားများအတွက် ဒီနှစ်မှာ လူအများနှင့် ဆက်ဆံ လုပ်ကိုင်ရသော လုပ်ငန်းမျိုးစုံ ၊ ပွဲစား နှင့် အကျိုးဆောင်လုပ်ငန်း ၊ သတင်း နှင့် စာနယ်ဇင်း လုပ်ငန်း ၊ စာအုပ်စာပေ ထုတ်ဝေခြင်း လုပ်ငန်း ၊ ၀န်ဆောင်မှု လုပ်ငန်းအမျိုးမျိုး ၊ ဆက်သွယ်ရေး လုပ်ငန်း ၊ လှောင်ကုန် လုပ်ငန်း ၊ ဓာတုဗေဒ နှင့် ဓာတ်သတ္တုလုပ်ငန်း ၊ စက်မှုလက်မှု လုပ်ငန်း ၊ ဆေးဝါး နှင့် ဆေးကုသခြင်း လုပ်ငန်းများ ၊ ရေ နှင့် ရေထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း ၊ မီးဖိုချောင်သုံး ပစ္စည်းများ ၊ စားသောက်ကုန်များ ထုတ်လုပ်ရောင်းဝယ်ခြင်း လုပ်ငန်းများ အထူးအကျိုးရှိနိုင်မယ့် နှစ်ဖြစ်တယ်။

ငွေကြေးဆိုင်ရာ
....................

ကုံရာသီဖွားများအတွက် ဒီနှစ်ရဲ့ ငွေကြေးကံဇာတာဟာ အလုပ်နဲ့ တိုက်ရိုက်အချိုးကျမည့် နှစ်ဖြစ်တယ်။ အလုပ်ကောင်းရင် ကောင်းသလောက် ငွေကြေးကံလည်း မြင့်မားတိုးတက်လာရမည့် နှစ်ဖြစ်တယ်။ (မှတ်ချက်။ ။ နှစ်တိုင်း တိုက်ရိုက်အချိုးမကျပါ။ အချို့နှစ်များတွင် အလုပ်ကောင်းပြီး ငွေကြပ်နေသော နှစ်မျိုးလည်း ရှိတတ်ပါသည်)။ ငွေကြေးအတွက် စိတ်ပူရမယ့် နှစ်မျိုးတော့ မဟုတ်ပါဘူး။ မိမိအလုပ်ကိုသာ ဇောက်ချ လုပ်ကိုင်ပါလေ။ ငွေကြေးကံဇာတာဟာ "ဘေးထွက်အကျိုးတရား" တစ်ခုအနေနဲ့ သူ့အလိုလို ဖြစ်လာမည့် နှစ်မျိုးဖြစ်ပါတယ်။ သတိထားရမှာက ဒီနှစ်မှာ ငွေကြေးကို တိုက်ရိုက် ဖော်ဆောင်လို့ မရတတ်ပါ။ ငွေ ကို ငွေနဲ့ ပြန်ရှာတဲ့ သူများအတွက်တော့ ဒီနှစ်ဟာ ငွေကြေးကံ ကောင်းမည့်နှစ်လို့ အာမ မခံနိုင်ပါ။ ရချင်လည်း ရလိမ့်မည်။ သေချာပေါက် ရမည်ဟု အာမ မခံနိုင်ပါ။ သို့သော် အလုပ်ကြိုးစားခြင်းဖြင့် ရရှိလာသော ငွေကြေးကံက ပိုမိုထင်ရှားစွာ ရှိနေပါတယ်။

ဒါကြောင့် ကုံရာသီဖွားများ ဒီနှစ်မှာ ငွေကို အထူးပြု ရှာဖွေတာမျိုး သိပ်အားမပေးလိုပါ။ ရလဒ် မသေချာနိုင်သောကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီနှစ်မှာ ကုံရာသီဖွားတွေအနက် အချို့သောသူများမှာ လျှို့ဝှက်သော နေရာ/ကိစ္စများမှ ငွေကြေးရရှိနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဥပဒေနဲ့ မညိစွန်းရင် ဒီနှစ်အတွက် ဒီလိုရရှိမှုမျိုးကို ကန့်ကွက်စရာ မရှိပါ။ မတရားသဖြင့်ရတဲ့ငွေမဟုတ်ရင် ဒီနှစ်မှာ ရယူလို့ ရပါတယ်။ စိတ်စေတနာ မှန်စွာနဲ့ မိမိရဲ့ ကြိုးစားလုပ်ဆောင်မှုများအတွက် ရရှိလာတဲ့ ငွေမျိုးဖြစ်ရင် ဒီနှစ်အတွက် အ၀င်ကောင်းလို့ဘဲ သတ်မှတ် ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် စိတ်ထားဖြူစင်စွာနဲ့ လုပ်ဆောင်မှုမျိုးကနေ ရရှိလာတဲ့ ဘယ်လို ငွေကြေးမျိုးကို မဆို လက်ခံလို့ ရပါတယ်။ ဘေးဥပဒ် ဖြစ်စရာ မရှိပါ။

ပညာရေး
............

ပညာရေး နှင့် ပတ်သက်လျှင် ကုံရာသီဖွားများအတွက် ကံဇာတာ တိုးတက်မှု ရှိပါတယ်။ ဒါပေမယ့် အထက်က ပြောခဲ့သလို ဒီနှစ်မှာ ကြိုးစားအားထုတ်ရပါမယ်။ အချောင်တော့ မရပါ။ ဇွဲ ၀ီရိယနှင့် ပြည့်စုံရင် ဒီနှစ်မှာ ပညာရေး ရလဒ်တွေ ကောင်းမွန်ပါလိမ့်မယ်။ ကြိုးစားရဲ့သား နဲ့ ခြေချော်လက်ချော် ဖြစ်ရမှုမျိုး ဒီနှစ်မှာ မရှိနိုင်ပါ။ ပညာရဲရင့် ပွဲလယ်တင့်မည့် နှစ်မျိုးဖြစ်ပါတယ်။ ပညာသင်ကြားမှု ပြီးဆုံးပြီးသော အသက်လတ်ပိုင်း လူရွယ်များပင် ဒီနှစ်မျိုးမှာ ပညာရပ်အသစ်များ ၊ သင်တန်းများ ၊ ဒီပလိုမာများ သင်ယူရတတ်ပါတယ်။ ဒီနှစ်မျိုးဟာ ကုံရာသီဖွားများအတွက် ပညာရှာဖို့ အကောင်းဆုံးနှစ်မျိုးဖြစ်ပါတယ်။

အချစ်ရေး
............

ဒီနှစ်အတွက် ကုံရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး ကံကောင်းတိုးတက်မည့် နှစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်ဟာ ချစ်သူများအတွက် အေးချမ်းသာယာစွာနဲ့ ဖြတ်သန်းရတတ်တဲ့ နှစ်မျိုးဖြစ်ပါလိမ့်မယ်။ လက်ထပ်မည့် ချစ်သူများအတွက် တင့်တယ်ကောင်းမြတ်တဲ့ မင်္ဂလာ အခမ်းအနားများ ပြုရဖွယ် ရှိပါတယ်။ နောက်ပြီး ဒီလိုနှစ်မျိုးဟာ ချစ်သူစုံတွဲများအတွက် သားသမီး ရလွယ်တတ်လို့ လက်မထပ်လိုသေးတဲ့ ချစ်သူများ အနေအထိုင် သတိပြုဖို့ လိုပါလိမ့်မယ်။ လက်ထပ်ပြီး စုံတွဲများကတော့ ဒီနှစ်မှာ လက်ထပ်ပြီး သိပ်မကြာခင်မှာဘဲ သားသမီး ရတနာ အမြန်ရရှိတတ်ပါတယ်။

အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................

အိမ်ထောင်ကျပြီးသားသူများ၊ မိသားစုများကတော့ ဒီနှစ်မှာ အိမ်ထောင်ရေးကံ အေးချမ်းသာယာဖို့ ရှိပါတယ်။ ဒီနှစ်မှာ မိမိရဲ့ စီးပွားရေး/ အလုပ်အကိုင်အောင်မြင်မှု ရလဒ်များကို မိသားစုနှင့်အတူတစ်ကွ ခံစားရဖို့ ရှိပါတယ်။ ဒီနှစ်ဟာ အိမ်ထောင်ရှင်များအတွက် မိမိတို့ ကိုယ်တိုင် အတွက်ဖြစ်စေ ၊ သားသမီးများအတွက်ဖြစ်စေ ရှေ့လာမည့်နှစ်များအတွက် "ဘ၀စီမံကိန်းတွေ" ချမှတ်ဖို့ ကောင်းမွန်တဲ့ နှစ်မျိုးဖြစ်ပြီး အောင်လည်း အောင်မြင်တတ်ပါတယ်။ ဒီနှစ်မျိုးဟာ လက်ထပ်ပြီးပေမယ့် အိုးအိမ်မပိုင်ဆိုင်သေးတဲ့ အိမ်ထောင်ရှင်များအတွက် အိုးသစ်အိမ်သစ်များ ဖြစ်ထွန်း တတ်တဲ့ နှစ်မျိုးလည်းဖြစ်ပါတယ်။ အိုးအိမ်အဆောက်အဦ ပိုင်ဆိုင်တတ်တဲ့ နှစ်မျိုးလည်း ဖြစ်ပါတယ်။

ကျန်းမာရေး
...............

ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် ကျန်းမာရေး ပြဿနာ အကြီးစားကြီးတွေ မဖြစ်ပေါ်နိုင်ပါ။ (လူများစုအတွက်ဖြစ်ပါတယ်)။ ဖြစ်လာလျှင်လည်း ပေါ့ပေါ့ပါးပါး ရောဂါများသာ ဖြစ်ဖွယ် ရှိပါတယ်။ ကျန်းမာရေး ပြဿနာဟာ မိမိအတွက်သာ မဟုတ် ၊ မိသားစုအတွင်းမှာလည်း နည်းပါးနိုင်ပါတယ်။ နာတာရှည်ရောဂါ ရှိသူများပင် ဒီနှစ်မှာ ရောဂါ တိုးမှု နည်းပါးတတ်ပြီး ကျန်းမာရေး မြင့်မား လာဖွယ် ရှိပါတယ်။ တစ်ခုသတိထားရမှာက "ယမကာလုလင်" များအတွက် ဒီနှစ်မှာ နဲနဲ လျှော့သောက်ပါလို့ အကြံပြုလိုပါတယ်။ ဒီနှစ်မှာ အရက်သေစာ သောက်စားတတ်သူများအတွက် အရက်နှင့် ဆိုင်သော ရောဂါများ ခံစားရဖွယ် ရှိနေလို့ အသောက်လျှော့ပါလို့ တိုက်တွန်း လိုပါတယ်။

ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................

ကုံရာသီဖွားများအတွက် ဒီနှစ်မှာ ခရီးနှင့် နိုင်ငံခြားကိစ္စများမှာ ကံဇာတာ မြင့်မားမည့် နှစ်ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းကို နိုင်ငံခြားများနှင့် ဆက်သွယ် လုပ်ကိုင်နေသူများ ဒီနှစ်မှာ အကျိုးကျေးဇူး များပြားတတ်ပါတယ်။ နိုင်ငံရပ်ခြားများသို့ မကြာခဏ သွားရတတ်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ ခရီးသွားလာရင်းနဲ့ မိမိလုပ်ငန်းအတွက် တိုးတက်ရာ တိုးတက်ကြောင်းများ ပေါ်ထွက်တတ်လို့ ဒီနှစ်မှာ ပြည်တွင်း ပြည်ပ ခရီးများ များများသွားလာဖို့လည်း တိုက်တွန်းလိုပါတယ်။ ဒီနှစ်မှာ ခရီးသွားလာဖို့အတွက် ဗီဇာကိစ္စလိုမျိုးက စပြီး အခြားကိစ္စများပါ အခက်အခဲ နည်းပါးပါလိမ့်မယ်။ ခရီးကံ ကောင်းတတ်တဲ့ နှစ်မျိုးဖြစ်ပါတယ်။

လူမှုဆက်ဆံရေး
.....................

ကုံရာသီဖွားများဟာ ဒီနှစ်အတွက် လူမှုဆက်ဆံရေးနယ်ပယ်မှာတော့ "အဖုအထစ်ကလေးတွေ" ရှိနိုင်ပါတယ်။ မပြေလည်မှု အငြင်းပွားရမှု များလည်း ဖြစ်နိုင်ပါတယ်။ မိမိအား နာမည်ပျက်စေရန် ကြံရွယ်မှု ၊ မိမိအလုပ်အကိုင်များကို ထိခိုက်စေရန် ရည်ရွယ်မှု နဲ့ လုပ်ကိုင်ကြံစည်မှုများ ယခုနှစ်တွင် ကြုံရနိုင်ပါတယ်။ သို့သော် ယခုနှစ်မှာ မိမိရဲ့ ကံဇာတာဟာ တိုးတက်မြင့်မားနေလို့ သူတို့ကြံရွယ်သလို ထိခိုက်ပျက်ပြားစရာ မရှိပါ။ မိမိရဲ့ ဒီနှစ်ကံဇာတာမြင့်မားမှုကို လုပ်ကြံတိုက်ခိုက်သူများ ကျော်လွှားနိုင်စရာ မရှိဘဲ ထိုအဖြစ်အပျက်များကြောင့် မိမိဂုဏ်သတင်းပင် ပိုမို မြင့်မား သွားစရာ ရှိပါတယ်။ အရေးကြီးသည်မှာ "ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ မရွေ့" ဟု သဘောထားနိုင်ရန် သာဖြစ်ပါတယ်။ လုပ်ကြံတိုက်ခိုက်မှုများ ကြောင့် စိတ်ထိခိုက်မှု ၊ စိတ်နာကျည်းမှုများ မဖြစ်ဘဲ ပေါ့ပေါ့ပါးပါး နေနိုင်ရန် အရေးကြီးပါတယ်။ ဒီနှစ်မှာ မိမိကို ဘယ်သူမှ လုပ်ကြံတိုက်ခိုက်လို့ မအောင်မြင်နိုင် ဆိုသည့်အချက်ကို စိတ်ထဲတွင် စွဲထားပြီး ကိုယ့်အလုပ် ကိုယ် ဇောက်ချ လုပ်ရန်သာ ဖြစ်ပါတယ်။

နေ့သားအလိုက် ကံကောင်းမှုများ
...........................................

ကုံရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေတဲ့ အနက်က ဒီနှစ်အတွက် - "တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး နှင့် စနေ" နေ့သားသမီးများ ကံဇာတာမြင့်မားမှုကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး ၊ "တနင်္ဂနွေ ၊ ကြာသပတေး ၊ သောကြာ" သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။

လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................

ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - "ဇန်န၀ါရီလ ၊ ဖေဖေါ်ဝါရီလ ၊ ဇွန်လ ၊ စက်တင်ဘာလ နှင့် ဒီဇင်ဘာလ" များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။

"မတ်လ ၊ ဧပြီလ နှင့် မေလ" များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - "အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး" ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)

ထီကံကြမ္မာ
...............

ဒီနှစ် ကံကြမ္မာအနေနဲ့ ကုံရာသီဖွားများဟာ ထီပေါက်ကိန်း အတော်အတန် ရှိနေတာကို တွေ့ရှိနေရပါတယ်။ ကုံရာသီဖွား ကံကောင်းသူများ အနည်းနှင့် အများဆိုသလို ပေါက်ကြပါလိမ့်မယ်။ ဒါကြောင့် အစိုးရထီများကို မှန်မှန် ထိုးသွားသင့်ပါတယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၄ ၊ ၉ ၊ ၀ ၊ ၂ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၄) နှင့် (၂) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၁)ဂဏန်း လုံးဝရှောင်ပါ။

နှစ်ချုပ် ကံကြမ္မာ
.....................

ယခုနှစ်တွက် ကုံရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် အဓိကကျတဲ့ အလုပ်စီးပွားပိုင်း နှင့် ငွေကြေးပိုင်းမှာ ဟန်ချက်ညီ နေတာကို ထင်ရှားစွာ တွေ့ရပါတယ်။ အလုပ်အကိုင် တိုးတက်မြင့်မားမှုက "ရှေ့သွား" ဖြစ်ပြီး ငွေကြေးအဆင်ပြေမှု ၊ ငွေကြေးဝင်ရောက်မှုက "နောက်လိုက်" ဖြစ်ပါတယ်။ "ရှေ့သွားနောက်လိုက်" ညီပါမယ်။ ဒီနှစ်မှာ ကုံရာသီဖွား အများစုဟာ အလုပ်စီးပွား တိုးတက်မှု ၊ ရာထူးတိုးမြင့်မှု ၊ ဘ၀အခြေအနေ တိုးတက်မြင့်မားမှု ၊ နာမည်ကျော်ကြားမှု တို့ကို ဖြစ်စေနိုင်သော ကံတရားများ အဆင်သင့် ရှိနေပါတယ်။ ဒါကို "ဥာဏ် ၊ ၀ီရိယ ၊ ကြိုးစားအားထုတ်မှု" များနှင့် ရယူရမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ အလွန်ကို ကံညံ့တဲ့ အသက်အပိုင်းအခြားထဲကို ရောက်နေသူများမှ လွဲပြီး ကုံရာသီဖွား အတော်များများ ကံကောင်းတိုးတက်အောင်မြင်မည့် နှစ်ဖြစ်ပါတယ်။ ဒီနှစ်အတွက် (၁၂)ရာသီခွင်ဖွားများအနက် ကံဇာတာ အကောင်းဆုံးဖြစ်ဖွယ် ရှိတဲ့ ရာသီ (၄)ခုထဲမှာ ကုမ်ရာသီက "တတိယလောက်" လိုက်ပါမယ်။

ဒီနှစ်မှာ ကုံရာသီဖွားများအတွင်း ကံဇာတာ နိမ့်ပါးဖွယ် ရှိတာတစ်ခုကတော့ လူမှုဆက်ဆံရေးအပိုင်း လောက်ပါဘဲ။ လူမှုဆက်ဆံရေး ပိုင်းမှာ ရန်သူပေါ်တတ်ပါတယ်။ မိမိကို ဦးတည်တိုက်ခိုက်မှု ၊ ကြိုတင်ကြံစည်ပြီး အပုပ်ချ ၊ မကောင်းသတင်း လွှင့်ထုတ်ခံရမှုများ ကြုံရနိုင်ပါတယ်။ သို့သော် မိမိအတွက် ထိခိုက်လောက်အောင် မဖြစ်နိုင်ပါ။ အချို့မှာ ထိုကိစ္စကြောင့် မိမိနာမည် ပိုကျော်ကြားသွားနိုင်ပါတယ်။ စိုးရိမ်စရာ ကိစ္စတော့ မဟုတ်ပါ။ သို့သော် မိမိဘက်မှ စတင်ပြီး အမှားအယွင်းမရှိအောင်တော့ သတိထားပြီး ဆက်ဆံပြောဆိုရမှာ ဖြစ်ပါတယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဆိုသလို ကိုယ့်ဘက်ကလည်း ကောင်းနေမယ် ၊ အနေမှန်နေမယ် ဆိုရင် ဘယ်လို တိုက်ခိုက်မှုမျိုးမှ ကြောက်စရာ မရှိလှပါဘူး။

ဒါကြောင့် ဒီနှစ်ဟာ ကျန်တဲ့ အရေးကိစ္စများပါ ခြုံငုံသုံးသပ်ရလျှင် ကုံရာသီဖွားများအတွက် ဒီနှစ်ဟာ "ပျော်ရွှင်ရမယ် ၊ စိတ်နှလုံး ချမ်းမြေ့ရမယ် ၊ စိတ်အား တက်ကြွရမယ် ၊ အချစ်ရေး အချစ်ရာတွေနဲ့ တွေ့ကြုံပြီး စိတ်လှုပ်ရှားရမယ် ၊ အတွေးသစ်အမြင်သစ်တွေ ပေါ်ထွက် လာမယ် ၊ စိတ်ကူးယဉ် အိပ်မက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်မယ် ၊ အခွင့်အရေးကောင်းတွေ - အခွင့်အလမ်းကောင်းတွေ တွေ့ကြုံရမယ် ၊ နာမည်ကျော်ကြားမယ် ၊ လူကြိုက်များမယ် ၊ ကိုယ့်ကို ထောက်ခံသူများမယ် ၊ ကိုယ့်ရဲ့ ပြိုင်ဖက်တွေကို ပရိယာယ်နဲ့ အနိုင်ယူ နိုင်မယ် ၊ သူ့ဖက်ကိုယ့်ဖက် မျှတအောင် ဆောင်ရွက်နိုင်မှုကြောင့် လုပ်ငန်းတွေ အောင်မြင်မယ် ၊ ရှေ့လာမည့် နှစ်များအတွက် အနာဂါတ် စီမံကိန်း များကို အုတ်မြစ်ချနိုင်မယ်" . . . ကဲ - ဘာမကောင်းတာ ရှိသေးတယ်။ အားလုံးဟာ သူ့ဟာနဲ့သူ အိုကေသွားမှာပါ။ အလွန်ညံ့တဲ့ သက္ခတ်များ အတွင်း ကျရောက်နေသူများလည်း မိမိစိတ်ဓာတ်အင်အားကို မြှင့်တင်လိုက်ပါလေ။ သူ့ဟာနဲ့သူ ဖြစ်စရာ ရှိတာ ဖြစ်လာမှာပါ။

ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ ကြက်သားထမင်းဟင်း နှင့် နာနတ်သီး (သို့) နာနတ်သီးဖျော်ရည်များ ကို အနည်းဆုံး တစ်လတစ်ကြိမ် ကပ်လှူပေးပါ။ တန်ခိုးကြီးဘုရားများတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။ စိတ်ကျန်းမာရေး ဆေးရုံများတွင် လူနာများအား ထမင်းကျွေးခြင်း (သို့) အခြားလှူဘွယ်များ လှူခြင်းများကိုလည်း အလျဉ်းသင့်သလို ပြလုပ်ပေးပါ။ စိတ်ကျန်းမာရေး ဆေးရုံများသို့ မသွားနိုင်လျှင် အရူးတစ်ယောက်ကို ထမင်းကျွေးလိုက်ပါ။ ယခုနှစ်အတွင်း အစိမ်းရောင် ၊ ကြက်သွေးရောင် ၊ မီးခိုးရောင် ၊ နက်ပြာရောင် ၊ အဖြူရောင် အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ အနီရောင် ၊ လိမ္မော်ရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် ၊ ပန်းရောင် ၊ မိုးပြာရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။

(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။

                                                      ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

Photo: ကုံရာသီဖွားများ၏ (2014) ခုနှစ် ကံဇာတာ
------------------------------------------------

Preview

မှတ်ချက်။     ။ မိမိဟောကိန်းများကို ကူးယူဖော်ပြလိုပါက ရေးသားသူ - ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ) အမည်ကို ထည့်ပေးခြင်း အားဖြင့် ကူညီပေးပါရန်။

No comments:

Post a Comment