Labels

Monday, February 3, 2014

ကိုသီလ နှင့် မတာတေအမှု

 
            "ယောက်ကျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားကို မကွာဘဲထားလည်း ရတာပါဘဲဗျာ။ ကျုပ်တို့ရုံးမှာလည်း အမှုတွေက များလွန်းနေလို့ပါ။"
            "မဖြစ်ဘူးဆရာ။ ကွာမှ ဖြစ်မှာ"
            "ခင်ဗျားကို ကျွန်တော်မေးမယ်။ ယောက်ကျားချင်းဘဲဗျာ။ ခင်ဗျားနောက်မိန်းမလိုချင်လို့လား။ ဒီမှာ မြန်မာဗုဒ္ဒဘာသာ ယောက်ကျားတစ်ယောက်က မိန်းမအများအပြား ယူလို့ရတယ်ဗျ။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေက ခွင့်ပြုထားတယ်။ တကယ်လို့ မကွာဘဲထားရင် ခင်ဗျား မိန်းမက နောက်ယောက်ကျား ယူချင်တယ်ဆိုရင်တောင် ခင်ဗျားကို လာပြီး ခွင့်တောင်း နေရဦးမှာ။ မကွာဘဲ ထားတာကမှ ကိုယ့်ဖက်က အသာချည်းဘဲ။"
            " မဖြစ်လို့ပါ တရားသူကြီးရယ်။ ကျေးဇူးပြုပြီး ကျွန်တော့ အမှုလေးကို လက်ခံပေးပါ"
            " နောက်မိန်းမလိုချင်လို့လားဗျာ။ ခင်ဗျားယူမယ့် မိန်းမက ကွာပေးမှ ဖြစ်မယ် ဆိုလို့လား"
          " မဟုတ်ရပါဘူးတရားသူကြီးရယ်၊ ဘယ်မိန်းမမှ မယူပါဘူး၊ ကွာချင်လို့ပါဆရာရယ်.. ကွာချင်လို့ပါဆရာရဲ့။ ဟီး . . .ဟီး။"
            " အမလေး ငိုတော့မငိုပါနဲ့ဗျာ။ ယောက်ကျားကြီးတန်မယ့် ကြည့်လို့လည်း မကောင်းဘူး။ ကဲ စာရေးမကြီးရေ့ ။ အမှု သာ ဖွင့်ပေးလိုက်ပေတော့"
            အမှုကား ကွာလိုမှုဖြစ်သည်။ တရားလိုကယောက်ကျား တစ်ဖက်တရားပြိုင်က မိန်းမဖြစ်သည်။ ကွာလိုမှုအများ အပြားမှာ မိန်းမက ယောက်ကျားဖြစ်သူကို စွဲကြခြင်းဖြစ်သည်။ ယောက်ကျားမှာ လုပ်ကိုင်မကျွေးမွေး၊ အရက်သောက်၊ ဖဲရိုက်၊ လောင်းကစားလုပ်ကြောင်း၊ ရိုက်နှက်နှိပ်စက်ကြောင်း၊ မယားငယ်ထားကြောင်း၊ အခြားယောက်ကျား နှင့် သမုတ်ကြောင်း အစရှိသည်တို့မှာ ကွာလိုမှုလျောက်ထားကြသည့် မိန်းမများ၏ အကြောင်းပြချက်များ ဖြစ်ကြသည်။ တရားသူကြီး ၏ လုပ်သက် တလျောက် မတွေ့ဘူးသဖြင့် အထူးအဆန်းဖြစ်ကာ အမှုမဖွင့်မီ တရားလိုကို ရှင်းပြနေရခြင်း ဖြစ်သည်။
            တရားလိုယောက်ကျားဖြစ်သူသည် စကားဲသံကိုကြည့်၍ ရခိုင်လူမျိုးမှန်းသိရ၏။ သူရေးသားလာသော တိုင်လျောက် ချက်(အဆိုလွှာ)ကို တရားသူကြီးက ဖတ်ကြည့်သည်။ အလွန်စိတ်၀င်စားစရာ ကောင်း၏။
            အဆိုလွှာအရ တရားလိုမှာ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်သည်။ အမည်က ကိုသီလ။ ဇနီးဖြစ်သူမှာ မြို့စျေးတွင် သားငါးရောင်းသူ (ငါးစိမ်းသည်) ဖြစ်သည်။ မနက်လင်းတိုင်း တရားလိုက ပရိတ်ကြီး ၁၁ သုတ်ကို အစမှအဆုံး မပျက်မကွက်ရွတ်သည်။ ထိုအချိန် ဇနီးဖြစ်သူက ငါးတွေထု၊ ကြက်တွေသတ် အမွေးနုတ် ခုတ်ရ ထစ်ရ၏။ တရားလိုမှာ ထိုအသံ ဗလံများကို မခံစားနိုင် ဆိုသည်က တစ်ချက်။
            မိန်းမသည် နေ့လည်နေ့ခင်း အားလပ်ချိန်လေးတွင် သူလိုကိုယ်လို အိမ်နီးနားချင်း အပေါင်းအသင်းများ နှင့် ဖဲရိုက်သဖြင့် သီလ သမာဓိ နှင့်နေသော မိမိအတွက်  အနေရခက်သည် ဟုဆိုသည်လည်း တစ်ချက်။
            မိန်းမသည်အရက်သောက် တတ်ပြီး အရက်မူးလာလျှင်လည်း စိတ်မထင် မထင်သလို ဆဲဆိုရမ်းကားတတ်သည်။ တစ်ခါတစ်ရံ လင်ဖြစ်သူကို ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်တတ်သေးသည် ဆိုသည်မှာလည်းတစ်ချက်။
            အဆိုပါအကြောင်းပြချက်များကြောင့် တရားလိုယောက်ကျားခမျာ ကိုယ်စိတ် နှလုံး သုံးပါးစလုံးဆင်းရဲရရှာသည်။ ထို့ကြောင့် မယားဖြစ်သူ မတာတေကို ကွာရှင်းခွင့်ပေးပါ။
            အင်း .  ခက်တော့ခက်ပြီ။ ကွာလိုမှုဟုဆိုသော်လည်း သူ့ကွာလိုမှုက မယားကိုလင်ကကွာလိုမှုပေါ့။ ဒါမျိုး စွဲခွင့်မရှိလို့ ဥပဒေက ကန့်သတ်ထားတာမှ မရှိတာ။ အမှုကိုလက်ခံပြီး မယားဖြစ်သူထံ အကြောင်းကြားစာထုတ်ဖို့သာရှိသည်။ ကိုင်း . . ထုတ်စေဗျား။
                                                +                      +                      +                      +
            " ဟ  လာပြန်ပဟ"
            ခေါ်လိုမှု။ ဆင့်စာထုတ်ပြီး မကြာမီ တရားလို မတာတေက တရားပြိုင် ကိုသီလကို ခေါ်လိုမှုစွဲခြင်းဖြစ်သည်။
            ခေါ်လိုမှုဆိုသည်မှာလည် တရားသူကြီး လုပ်သက်တလျောက် ကြုံဖူးသည်မှာ လင်ဖြစ်သူကသာ မယားဖြစ်သူကို စွဲဆိုလေ့ရှိကြသည်။ အကြောင်းပြချက်အများစုမှာ လင်ဖြစ်သူက မိသားဖသားပီပီ လုပ်ကိုင်ကျွေးမွေးသော်လည်း မယားဖြစ်သူမှာ အကြောင်းမဲ့ အိမ်ပေါ်က ဆင်းသွားကြောင်း၊ မိဘများ သို့မဟုတ် အမျိုးများအိမ်မှာနေပြီး ဘယ်လိုမှ ပြန်ခေါ်မရ ပြန်လည်ပေါင်းသင်းရန် ငြင်းဆန်နေသဖြင့် တရားရုံးအနေ ဖြင့် မယားခေါ်လိုမှု တစ်နည်း ပြန်လည် ပေါင်းသင်းလိုမှုကို ခွင့်ပြုပြီး ဒီကရီချပေးပါ . .  စသည်ဖြင့် စွဲကြဆိုကြ၏။ ခုတော့  ကြည့်ကြ ပါဦးဗျာ။
            မတာတေ၏ အဆိုလွှာတွင်  လင်ဖြစ်သူကိုသီလ ကို မိမိက ဘ၀တစ်လျောက်လုံး သမာအာဇီ၀ဖြင့် စျေးရောင်း ကျွေးမွေး လာခဲ့ရကြောင်း၊ အိမ်တွင် ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေရသူ ဖြစ်ကြောင်း၊ စီးပွားရေးလည်း ဘာမှမလုပ်တတ် မည်သည့် အသက်မွေး၀မ်းကြောင်းအတတ်ကိုမှ မယ်မယ်ရရ မတတ်ကြောင်း၊ ထိုသို့ မိသမီး ဖသမီး ပီပီ လုပ်ကိုင် ကျွေးမွေးထား သော်လည်း အိမ်တွင်အေးအေးဆေးဆေးမနေ။ ယခုအခါ ကိုသီလမှာ အကြောင်းမဲ့ အိမ်ပေါ်က ဆင်းသွားပြီး ဘုန်းကြီးကျောင်းတွင် ကပ်နေကြောင်း၊ မိမိမှာ ဘုန်းကြီးကို ကြောက်ရသဖြင့် သွားမခေါ် ရဲကြောင်း၊ တရားရုံးအနေ ဖြင့် ခေါ်လိုမှု တစ်နည်း ပြန်လည် ပေါင်းသင်းလိုမှုကို ခွင့်ပြုပြီး ဒီကရီချပေးပါ  ဟု ဖော်ပြစွဲဆို၏။
            ဒါလည်းခေါ်လိုမှုတော့ ခေါ်လိုမှု။ ဒါပေမယ့် လင်ခေါ်လိုမှုပေါ့။ ဒီလိုအမှုမျိုးလည်း တစ်ခါမှမကြုံဘူးတာတော့ အမှန်။ သို့ပေသော်လည်း တရားမစွဲရလို့ ဥပဒေက ကန့်သတ်ထား တာလည်း မရှိ။ တစ်ဖက်အမှုကိုလည်း လက်ခံထားလက်စ ရှိလေတော့ လက်ခံလိုက်ပေါ့ စာရေးမကြီးရေ့  ။
                                    +                      +                      +                      +
            ဤသို့ဖြင့် အမှုကို စတင်စစ်ဆေးရန် သတ်မှတ်သော ရုံးချိန်းရက်သို့ ရောက်လာသည်။
            နှစ်ဖက်စစ်ဆေးချက်ကား ဤသို့တည်း  .
            " မနက်မနက် ငါးထု ကြက်သတ်နဲ့  တရားလို ကိုသီလ နားမခံ နိုင်အောင် လုပ်တယ်ဆိုတာ ဟုတ်သလား မတာတေ"
            " ကြက်သတ်၊ ငါးထု လုပ်ရတာတော့မှန်ပါတယ်။ သူနားမခံ နိုင်တာတော့ ကျမ မတတ်နိုင်ဘူး။ ကျမတို့က ဒါလုပ်မှ ထမင်း စားရတာရှင့်။ သူ့ကိုလည်းတစ်ခါမှ ၀င်မလုပ်ခိုင်းပါဘူးရှင်။ သူ့အလုပ်ကရေနွေးအိုး ကြိုပေးပြီး ဘုရား ရှစ်ခိုး။ ဒါမလုပ်လို့ ကျမတို့မိသားစု ဘာသွားစားမလဲ တရားသူကြီး"
            ဒါလည်းဟုတ်တာပဲ ဟု တရားသူကြီး တွေး၏။
            "  ကဲထားပါတော့၊ နောက်တစ်ခုက အပေါင်းအသင်းတွေနဲ့ ဖဲရိုက်တယ်ဆို"
            " နေ့လည်နေ့ခင်း ပျင်းတယ်ရှင့်။ ကျမယောက်ကျားက တစ်နေ့လုံး စကားသုံးခွန်းတောင်ပြည့်အောင်မပြော တဲ့ ဘုန်းကြီးလူထွက်ကြီးရှင့်။ အိမ်မှာဘဲ ကုတ်ချောင်းကုတ်ချောင်းနဲ့ တရားစာအုပ်ချည်းဖတ် နေတာ။ သူ့ကိုလည်း အဖော်စပ် မရတော့ အိမ်နီးနားချင်း တွေနဲ့ တစ်ခါတစ်လေ အပျင်းပြေဆော့မိပါတယ်။"
            "  ဒါနဲ့ အရက်ကလည်းသောက်သေးဆို "
            " ညနေစောင်း သားငါးလက်ကားစျေးက မနက်စျေးအတွက် စျေး၀ယ်ပြီး အပြန် နည်းနည်းပါးပါး သောက်မိ ပါတယ်။  အလုပ် ပင်ပန်းလို့ပါ တရားသူကြီးရယ်။ ဒါလည်း တစ်ခါတစ်လေပါ။"
            ဟိုက်.. တရားသူကြီး နဖူးကို လက်ါးနှင့် ရိုက်မိတော့မလို ဖြစ်ပြီးမှ သတိနှင့် ထိန်းလိုက်ရသည်။
            " အဲသည်လိုအခါမျိုး လင်ယောက်ကျားကို ကိုယ်ထိလက်ရောက် ရိုက်တာနှက်တာလည်း လုပ်မိသလား။"
            " လင်မယားချင်းဘဲရှင်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တဲ့ပုံစံမျိုး မဖြစ်တဲ့အခါ မြိုသိပ်ထားရတာတွေ များတဲ့အခါ ပေါက်ကွဲမိတာပေါ့။ ကိုယ်ထိလက်ရောက်ဆိုပေမယ့် ကျမကသူ့ကိုချစ်တော့ နာအောင်မလုပ်ရက်ပါဘူး။ များသောအားဖြင့် အိမ်မှာ ရှိတဲ့ အိုးခွက်ပန်းကန် တီဗွီ အောက်စက် တွေကိုဘဲ ပေါက်ခွဲပစ်လိုက်မိတာပါ။ ဒါတွေလည်း ကျမဘဲ ပြန်ရှာရ တာလေ။ သူမနစ်နာပါဘူး တရားသူကြီးရယ်။"
            " ကဲ မတာတေအလှည့်တော့ ပြီးပြီ။ ကိုသီလ  ခင်ဗျားကို မေးရမယ်။"
            " ဟုတ်ကဲ့ပါခင်ဗျ"
            " ခင်ဗျားကို ခင်ဗျားမိန်းမက သမာအာဇီ၀ နဲ့ စျေးရောင်းကျွေးရ ဆို"
            " မှန်ပါတယ်ခင်ဗျ"
            " အိမ်မှာလည်း ဘာမှ မလုပ်ရ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် တင့်တောင်းတင့်တယ်နေရဆို"
            "ဘာမှ မလုပ်ရတာတော့ မဟုတ်ပါဘူး တရားသူကြီးမင်းခင်ဗျား။ ဘုရားပန်းလဲ၊ ဆွမ်းတော်တင်၊ ထမင်းဟင်းချက်၊  အ၀တ်လျှော် မီးပူတိုက်၊ ရေခပ် တံမျက်လှည်း အိမ်ဗာဟီရ တောက်တိုမယ်ရ အားလုံးလုပ်ရပါတယ်။ အော် မေ့လို့ခင်ဗျ ဒါးတွေလည်း သွေးပေးရ ပါ​သေးတယ်"
            အော်- အတော်ပင်ပန်းရှာမှာဘဲ ဟုကိုတာတေအား သနားစိတ်များ တဖွားဖွား ယိုဖိတ်မိလေသည်။
            " ကိုင်း နောက်ဆုံးမေးခွန်း၊  အိမ်ပေါ်ကဆင်းသွားပြီး ဘုန်းကြီးကျောင်း မှာ ကပ်နေတယ်ဆိုတာရောဟုတ်သလား "
            " မှန်ပါတယ်ခင်ဗျ၊ အားကိုးစရာမရှိလို့ပါ"
            " နှစ်ဖက် စစ်ဆေးလို့တော့ ပြီးပြီ။ လျှောက်လဲချက် ကြားနာမယ်၊ ကဲ ကိုသီလကစ လျှောက်လဲတင်ပြစေ"
            " တရားသူကြီးမင်း ခင်ဗျား။ ကျွန်တော်က ဘုန်းကြီးဘ၀ါအတော်ရခဲ့ပါတယ်။ မတာတေနဲ့ တွေ့ဆုံပြီး ကိလေသာ အမှောင်တိုက် အတွင်း သက်ဆင်းကျရောက်လို့ လူထွက် အိမ်ထောင်ပြုခဲ့မိတာပါ။ ခုတော့ဖြင့် သားသတ် ငါးသတ်တဲ့အသံတွေ မခံနိုင်၊ အရက်သောက် ဖဲရိုက်နဲ့ မူးရူးပြီး သောင်းကျန်းတဲ့  ဒဏ်လည်း မခံနိုင်။ ဒီလို လောကီဘ၀မျိုး ကိုအစက်ဆုပ်ကြီး စက်ဆုပ်လို့ အမြင်မှန်ရပြီး အေးအေးချမ်းချမ်း တရားအားထုတ် နိုင်တဲ့ ရဟန်းဘ၀ကို ပြန်လိုချင်ပါတယ်။ ဒါကြောင့်  အိမ်ပေါ်က ဆင်းလို့ ဘုန်းကြီးကျောင်းမှာ သွားကပ်နေတာပါ။ နောက်မိန်းမလိုချင်လို့မဟုတ်ပါဘူးဗျ။ မိန်းမဆိုဘယ်မိန်းမမှ မယူတော့ပါဘူးခင်ဗျ။ မှတ်လောက်သားလောက်လည်း ရှိပါပြီ။ မယားနဲ့ မကွာရသေးရင် ရဟန်းပြန် ခံလို့မရလို့ပါ ။ ကျွန်တော့ဘ၀ကို ကယ်တော်မူပါ တရားသူကြီးရယ်"
            " တရားသူကြီးမင်းရှင့်။ ကျမကလည်း ကိုသီလကို လူရည်လူသွေးလေး နည်းနည်းပါးပါးတော့ရှိမှာဘဲဆိုပြီး ယူခဲ့မိတာပါ။ ယူပြီးမှ ဘာဆိုဘာမှ မယ်မယ်ရရ မလုပ်တတ် မကိုင်တတ်တဲ့သူ ဖြစ်နေမှန်း သိရပါတယ်။ သို့သော်လည်း ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး ကျမဘ၀ကို ရေစုန်မျှောခဲ့ရတာပါ။ မှားမိတဲ့အမှားကိုလည်း နောင်တ ရပြီး အရက်သောက် ဖဲရိုက်နဲ့ စိတ်အလေ လိုက်မိပါတယ်။ ခွင့်လွှတ်တော်မူပါ။ နောက်ဆို ဖဲရိုက် အရက်သောက် မလုပ်တော့ပါဘူး။ ကျမဘ၀မှာလည်း မျက်နှာမများချင်ပါဘူး။ ကိုသီလတစ်ယောက်ကိုဘဲ လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းသင်းလိုပါတယ်။ စောင့်ရှောက် တော်မူပါ။ ကိုသီလရှင့်။ ရှင့်သမီးနှစ်ယောက်က ကျမနဲ့ အိပ်နေကျမဟုတ်ဘူး။ ငယ်ငယ်ကတည်းက အဖေ နဲ့ပဲ အိပ်နေကျ ဖြစ်လို့ မို့ တစ်ညလုံး မအိပ်ကြဘူး အဖေကို တ တ ပြီး ငိုနေကြတယ် ရှင့် ။ ရှင့်သမီးတွေကို ရှင် မသနားဘူးလား။ အီး  ဟီး ... ဟီး  .. "
            " ဟေ- တကယ်လား မိန်းမ"
            " ကဲ တရားရုံးမှာ  အပြန်အလှန် အချီအချ ပြောခွင့် မရှိဘူး။ ဟုတ်ပြီလား။ နှစ်ဖက် လျောက်လဲစရာမရှိတော့ရင် အမှုစစ်ဆေးတာ ဒီမှာတင် ပြီးပြီ။ စီရင်ချက်ကို နောက် ရုံးချိန်းမှာချမှတ်မယ် "
            တရားသူကြီးမှာ ရုံးချိန်းရက်သတ်မှတ်ပေးပြီး တရားခွင်မှဆင်း၍ နားနေခန်းသို့ ၀င်လေ၏။ တစ်ခါမှ မကြုံဘူးသော အပြန်အလှန်မှုကြီးကို စစ်ခဲ့ရပြီး မောသွားသည်ထင့်။ ထိုင်ခုံတွင် ထိုင်မိသည့်အခါ သက်ပြင်းရှည်ကြီးကို မျက်နှာကျက်သို့ မှုတ်ထုတ်လိုက်သည်။ ယခုအမှုအကြောင်း စဉ်းစားခန်း၀င်လိုက်မိသည်။ လူ့လောကသည် ကျယ်၀န်းသည်ထက် ကျယ်၀န်းလာပေပြီ။ ရှုပ်ထွေးသည်ထက် ရှုပ်ထွေးလာလေပြီ။ ဟိုယခင်က ဗိုင်းကောင်းကိုကျောက်နဲ့ဖိထားသလို ပိပိပြားပြားနေခဲ့သော မိန်းမတို့မှာ ခေတ်ကာလနှင့် ဘ၀ပေးအခြေအနေအရ ယောက်ကျားများနှင့် ရင်ဘောင်တန်း အလုပ်လုပ်ရပေပြီ။ အရက်လည်းသောက်သည် ဖဲလည်းရိုက်သည် ​ယောက်ကျားကိုလည်း နှက်သည်။
             မိန်းမက အရက်သောက် ဖဲရိုက် နှိပ်စက်ညှင်းပန်းသဖြင့် ယောက်ကျားတွင် ကိုယ်စိတ် နှစ်ပါး ဆင်းရဲရတာတော့ မှန်သည်။ သို့သော် ထိုအကြောင်းများကြောင့် ယောက်ကျားတွင် ကွာခွင့်ရကြောင်း ဥပဒေက ခွင့်ပြုထားတာ မရှိသေး။ မိန်းမများတွင်ကား ယောက်ကျားက ထိုသို့ပြုလျှင် ကွာရှင်းခွင့်ရသည်။ ခက်တာက အခုအမှုမှာ ယောက်ကျားဖြစ်သူ ကွာလိုသည့် အကြောင်းမှာလည်း ဘုန်းကြီးပြန်၀တ်ရန်ဖြစ်သည်။ ရည်ရွယ်ချက်ကောင်း ဖြစ်သည်။ ကွာမပေးရင်ဘဲ တရားသူကြီးခမျာ ငရဲကြီးရမည့်ပုံ။ ရှေးရှေ့က ဤသို့အမှုမျိုး ဖြစ်ပွားခဲ့ဖူးပုံလည်း မရသဖြင့် ရှေးရှေ့ ကတရားသူကြီးများ၏ စီရင်ထုံး ဖြတ်ထုံး များလည်း မကျန်ခဲ့ မရှိခဲ့ချေ။
            အသစ်အသစ်သော အဖြစ်အပျက်တို့သည် လောကီ လူ့ဘုံတွင် အစဉ်မပြတ် ပေါ်ပေါက်နေ ကြဦးမည်ဖြစ်သည်။ ထို့ကြောင့် ပြဌာန်းထားသည့် ဥပဒေများ နှင့်မလုံလောက်။ ဥပဒေအသစ်များပြဌာန်းရန် လိုအပ်သလို ပြဌာန်းဥပဒေများသည် အစဉ်ပြောင်းလဲနေသော လူနေမှု၊  ပတ်၀န်းကျင်အခြေအနေ နှင့် ခေတ်ကာလ ကိုအမှီလိုက်နေဖို့လိုသည်။ ထို့ကြောင့် ဥပဒေများကို အမြဲလို ပြုပြင် ပြောင်းလဲ ဆန်းသစ် နေရမည်။
            ဤအမှုသည် ဆုံးဖြတ်ရခက်သော အမှုဖြစ်သည်။ သင်သာ တရားသူကြီးဆိုလျှင် မည်ကဲ့သို့ဆုံးဖြတ်မည်နည်း ။
            နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော လုပ်သက်အတွေ့အကြုံအရ တရားသူကြီး စိတ်တွင် တစ်စုံတစ်ခုကို အပ်ချမတ်ချ သိနေသည်။ မတာတေ၏ လျှောက်လဲချက်အပြီး သမီး နှစ်ယောက်အကြောင်းပြောတော့ ကိုသီလ ငိုင်ကျသွားတာကို တရားသူကြီး အသေအချာ သတိထားမိလိုက်သည်။  ဤအမှုကို သူစီရင်ချက် ရေးစရာမလိုပါ။  ကိုသီလ နှင့် မတာတေတို့သည်လည်း ရုံးချိန်းရက်တွင် တရားရုံးသို့  ပြန်လာကြလိမ့်မည်မဟုတ်။ အခုအချိန်လောက်ဆို သမီး နှစ်ယောက်နှင့် ကြည်နူးပျော်ပါး နေကြလောက်ပြီ။           ။
                                                                                                            ညိုလွင်ဦး

No comments:

Post a Comment