၂၀၁၄ ခုနှစ်ရဲ့ သိဟ်ရာသီဖွားများရဲ့ ကံကြမ္မာဟာ အကောင်းထက် အညံ့ပိုများမည့် အခြေအနေ အသွင်သဏ္ဍန်များ ရှိနေတာကို တွေ့ရပါတယ်။ ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် လောကဓံမုန်တိုင်း တိုက်ခတ်နိုင်တဲ့ နှစ်ဖြစ်တာကို တွေ့ရပါတယ်။ အရမ်းတော့လည်း ထိတ်လန့်မသွား စေချင်ပါ။ သဘာဝ မုန်တိုင်းဟာ ကြိုတင်သိရှိရင် ဘေးလွတ်ရာကို ရှောင်နိုင်သလို ကံကြမ္မာမုန်တိုင်းဟာလည်း ကြိုတင်သိရှိထားတဲ့ အတွက် လွတ်မြောက်အောင် (အနည်းဆုံး သက်သာအောင်) ရှောင်တိမ်းလို့ ရနိုင်ပါတယ်။ ယခု ၂၀၁၄ခုနှစ်မှာ သိဟ်ရာသီဖွားများအတွင်း ငွေရေးကြေးရေး၊ အိမ်ထောင်ရေး နှင့် ကျန်းမာရေး ကိစ္စတွေမှာ ကံဇာတာ အလွန်ညံ့ဖျင်းသော အခြေအနေများနှင့် ရင်ဆိုင်တွေ့ကြုံစရာ ရှိနေပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုများနှင့် အကြပ်အတည်း၊ အဆုံးအရှုံးများမှ လွတ်မြောက်အောင် လမ်းညွှန်ချက်များ ပေးလိုပါတယ်။
ဒီနှစ်မှာ သိဟ်ရာသီဖွားအတော်များများဟာ ရုတ်တရက် အပြောင်းအလဲဖြစ်သွားတဲ့ အခြေအနေမျိုးကြုံရတတ်တယ်။ ကိုယ်မျှော်လင့် မထားတဲ့ အပြောင်းအလဲတွေ ၊ အခြေအနေတွေ ကြုံရနိုင်တယ်။ အပြောင်းအလဲအများစုဟာ အဆိုးဘက်ကို ဦးတည်နေဖို့များတယ်။ မိမိရဲ့ အတွေးအကြံ/အလုပ်အကိုင်တွေဟာ အစွန်းရောက်နေတဲ့သူမျိုး ၊ အရာရာကို သည်းခံစိတ် မမွေးနိုင်တဲ့ သူမျိုး ၊ ကိုယ်တတ်ကိုယ်သိ ထင်ပြီး မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲလွန်းတဲ့ စိတ်ဓာတ် ရှိသူမျိုးတွေမှာ ဒီနှစ်အတွက် ကံကြမ္မာ ရုတ်ချည်းပြောင်းလဲသွားမှုမျိုးကို ကြုံရဖွယ် ရှိတယ်။
ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် ကိုယ့်ဟာကိုယ် အမှန်လို့ ထင်နေတဲ့ ကိစ္စရပ်တွေ ၊ ကိုယ်ယုံကြည်ထားတွေဟာ တကယ်အမှန်တရား အစစ် ဟုတ်ရဲ့လားဆိုတာ မိမိကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ဖို့ လိုမယ့်နှစ်ဖြစ်တယ်။ အပြောင်းအလဲနှင့်အတူ ရေလိုက်ငါးလိုက် မပြောင်းနိုင်ရင် ကိုယ်နဲ့ သက်ဆိုင်နေတဲ့ အဖွဲ့အစည်းထဲကနေ မြောင်းထဲကို ရောက်သွားအောင် တွန်းချခံရတတ်တဲ့ နှစ်မျိုးဖြစ်တယ်ဆိုတာ သတိပေးချင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ
....................
ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် တီထွင်ဖန်တီးလိုစိတ်တွေ တိုးပွားနေမယ်။ လွတ်လပ်ပြီး အမှီအခိုကင်းကင်းနဲ့ နေလိုစိတ် ၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေ တိုးပွားနေမယ်။ တစ်ချို့မှာ အကောင်းမြင်ဝါဒ လွန်ကဲနေတတ်တယ်။ အရာရာမှာ ဦးဆောင်လိုစိတ် ၊ လွှမ်းမိုးလိုစိတ်များလည်း များပြားနေတတ်တယ်။ ကိုယ်လုပ်သမျှ ကိုင်သမျှ အောင်ကို အောင်မြင်ရမယ်လို့ ပိုင်းဖြတ်ထားတဲ့ စိတ်ဓာတ်မျိုးတွေ မကြာခဏဆိုသလို မိမိအတွင်းသဏ္ဍန်မှာ ဖြစ်ထွန်းပေါ်ပေါက်နေလိမ့်မယ်။ ငယ်ရွယ်သူများအတွက် အချစ်ရေးအချစ်ရာ ကိစ္စတွေ တွေ့ကြုံပြီး အချစ်သွေး အချစ်စိတ်များ နှင့် ပြည့်လျှမ်းနေတဲ့ နှစ်မျိုးလည်းဖြစ်လိမ့်မယ်။ ဒီနှစ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်တာ ကောင်းပါတယ်။ ဒါပေမယ့် အကောင်းမြင်ဝါဒ လွန်ကဲတာကိုတော့ မထောက်ခံလိုဘူး။ ဒါဟာ ဒီနှစ်အတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ စိတ်ထားမျိုး ဖြစ်နေလို့ဘဲ။ ဒီနှစ်မှာ ကိုယ့်ရဲ့ အမြင်အတွေးတွေကို အများနဲ့ ညှိနှိုင်းဖို့ လိုလိမ့်မယ်။ ဒီနှစ်ဟာ အများ နဲ့ တစ်ယောက်ဆိုသလို ဖြစ်တတ်တာမို့ အများရဲ့ ဆန္ဒကို ဆန့်ကျင်လို့ ရကောင်းတဲ့ နှစ်မဟုတ်ဘူး။ ဆန့်ကျင်ရင် ကိုယ်ဘဲ ပြုတ်ကျသွားတတ်တာကို ဒီနှစ်မှာ ဂရုပြုဖို့ လိုပါတယ်။
စီးပွားရေး နှင့် အလုပ်အကိုင်
....................................
ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်တွေမှာတော့ ကံကြမ္မာ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ စီးပွားရေး နဲ့ အလုပ်အကိုင်တွေမှာ တီထွင်ဖန်တီးလိုတဲ့ စိတ်ကို အများနှင့်သာ ပူးပေါင်းဆောင်ရွက်ရင် အောင်မြင်ရမယ့် နှစ်လို့ ပြောနိုင်ပါတယ်။ ကိုယ်သာအမှန် ကိုယ်သာ အသိတော့ လုပ်လို့မရဘူး။ ၀န်ထမ်းဘဲဖြစ်ဖြစ် ၊ စီးပွားရေးလုပ်ငန်းရှင်ဘဲဖြစ်ဖြစ် ၊ အရာရှိ အရာခံဘဲ ဖြစ်ဖြစ် ဒီနှစ်မှာ ကိုယ့်ရဲ့ အတွေးအကြံ ၊ စီမံကိန်းတွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှ အောင်မြင်မယ့် နှစ်ဖြစ်တယ်။ နောက်ပြီး ကိုယ့်အယူအဆက အများ နဲ့ ဆန့်ကျင်ဘက်ဖြစ်လာရင်တော့ ကိုယ့်ဘက်က အနည်းငယ်လျှော့ပေးမှ အလုပ်ဖြစ်နိုင်မယ့် နှစ်ဖြစ်တာကို သတိပြုရမယ်။ ဘာဘဲပြောပြော သိဟ်ရာသီဖွားများအတွက် အလုပ်စီးပွားပိုင်းမှာတော့ သိပ်အညံ့ထဲမှာ မပါပါဘူး။ သူ့ဟာနဲ့သူ အလုပ်ကတော့ ဖြစ်နေမှာပါဘဲ။ ကံကောင်းမှု ကံဆိုးမှုကတော့ ကိုယ့်အပေါ်မှာဘဲ အများဆုံး တည်နေပါလိမ့်မယ်။
ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် ဘ၀တက်လမ်းအတွက် လှေကားထစ်တွေသဖွယ် ဖြစ်စေမယ့် လုပ်ငန်း အခွင့်အလမ်းတွေလုပ်ဖို့ အခွင့်ကောင်းတွေ ရလာနိုင်တယ်။ ဘယ်လို ပုံစံမျိုးနဲ့ဘဲ လာလာ အလုပ်စီးပွားကိစ္စတွေမှာ ဒီနှစ်အတွက် "ပူးပေါင်းဆောင်ရွက်တတ်ဖို့" ၊ "အမြင်ခြင်း ဖလှယ်ဖို့" ၊ "ညှိနှိုင်းဆောင်ရွက်ဖို့" ဆိုတဲ့ စကားလုံးတွေကို ကိုယ့်ခေါင်းထဲမှာသာ အမြဲစွဲထားရင် ဒီနှစ်မှာ သိဟ်ရာသီဖွားများအတွက် အလုပ်စီးပွားကိစ္စတွေမှာ ကံကောင်းမှုတွေကို ရယူနိုင်ပါလိမ့်မယ်။ တစ်ကိုယ်ကောင်းဆန်စွာနဲ့ ငါတစ်ကော ကောပြီး လုပ်နေရင် ဒီနှစ်မှာ ဘယ်လို အလုပ်စီးပွားပုံစံ လုပ်နေသည် ဖြစ်စေ ၊ အလုပ်မဖြစ်နိုင်တာကို ကြိုတင်အသိပေးလိုပါတယ်။ ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် ကိုယ်နဲ့ အပြိုင်လို ၊ ရန်ဘက်လို ဖြစ်နေတဲ့ သူများနဲ့တောင်မှ ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေ ဖြစ်လာရင် ဖြစ်လာမယ့် အခြေအနေတွေ ရှိနေပါတယ်။ ဒီလိုကြုံလာရင် ပူးပေါင်း၍သာ ဆောင်ရွက်လိုက်ပါလို့ အကြံပေးလိုပါတယ်။ ကိုယ့်ဘက်က အနည်းအကျဉ်း အလျှော့ပေးရသလို ဖြစ်တတ်ပေမယ့် ရှေ့လာမယ့် နှစ်များမှာ ကိုယ့်အတွက် ကောင်းဖို့ဖြစ်လာတာကို ကြုံရလိမ့်မယ်။
သိဟ်ရာသီဖွားများအတွက် ဒီနှစ်မှာ ငွေကြေး ရောင်းဝယ်ဖလှယ်ခြင်း ဆိုင်ရာ လုပ်ငန်းများ ၊ ရေ နှင့် ရေထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း ၊ အချိုရည် နှင့် အဖျော်ယမကာ ဆိုင်ရာ လုပ်ငန်းများ ၊ ဘဏ်လုပ်ငန်း ၊ စီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှု ဆိုင်ရာ လုပ်ငန်းများ ၊ ပညာသင်ကြားရေး နှင့် ပတ်သက်နေသော လုပ်ငန်းများ ၊ အာမခံလုပ်ငန်း ၊ အိုးအိမ်ဆောက်လုပ်ရေး လုပ်ငန်း ၊ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်း ၊ ဓာတုဗေဒ ပစ္စည်းများနှင့် ပတ်သတ်သော လုပ်ငန်းမျာ ၊ ဓာတ်သတ္တုလုပ်ငန်း စတဲ့ လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အကျိုးကျေးဇူး မြင့်မားစွာ ခံစားရနိုင်တယ်။
ငွေကြေးဆိုင်ရာ
....................
သိဟ်ရာသီဖွားများအတွက် ဒီနှစ်မှာ အညံ့ဆုံး ကိစ္စတစ်ခု ဖြစ်ဖွယ် ရှိပါတယ်။ များသောအားဖြင့် ပုံမှန်ဝင်ငွေ ရှိသူများ ၊ လခစား လူလတ်တန်းစား များအတွက် ထိခိုက်နိုင်မှာ မဟုတ်ပေမယ့် ငွေကြေးကို အရင်းအနှီးလုပ်၍ ရင်းနှီးမြုတ်နှံမှု နှင့် ၀ယ်/ရောင်း လုပ်ငန်းများကို လုပ်ကိုင်နေသူများ အတွက် ငွေကြေးအဆုံးအရှုံး ကြီးမားနိုင်တဲ့ နှစ်ဖြစ်တာကို အထူးသတိပေးလိုပါတယ်။ ဆုံးရှုံးနိုင်တဲ့ ပုံစံတွေက အစိုးရ နည်းဥပဒေများ ပြောင်းလဲ သွားခြင်းကြောင့်၎င်း ၊ မိမိယုံကြည်အပ်နှံ လုပ်ကိုင်သူက သစ္စာဖောက်သွားခြင်းကြောင့်၎င်း ၊ လုပ်ဖော်ကိုင်ဖက်ခြင်း နောက်ကျောဒါးထိုးခံရခြင်းကြောင့်၎င်း ဖြစ်နိုင်တယ်။ ငွေကြေးဆုံးရှုံးမှု ပမာဏ အလွန်ကြီးမားနိုင်ခြင်းကြောင့် ငွေကြေးပမာဏ များများကို ကိုင်ထားနိုင်လေလေ ၊ အန္တရာယ် ကြီးလေလေဆိုတာ သတိပြုပါလေ။ ယုံကြည်စိတ်ချရတယ်ဆိုပြီး အတိုးနှုံးကြီးကြီးနှင့် ငွေချေးငှား စားသူများ အချိန်မှီ မိမိငွေကြေးများကို ပြန်လည်သိမ်းဆည်းထားရန် အကြံပေးလိုပါတယ်။ မဟုတ်ပါက "ဖွတ်မရ ဒါးမဆုံး" ဖြစ်တတ်ပါတယ်။
အချို့သော သိဟ်ရာသီဖွားများအတွက်တော့ ငွေကြေးဟာ ပုံစံတစ်မျိုးနဲ့ ဒုက္ခပေးနိုင်ပါသေးတယ်။ အဲဒါကတော့ "လာဘ်လာဘ ငွေ" ဘဲ ဖြစ်ပါတယ်။ ဒီနှစ်မှာ လာဘ်ငွေ ဆိုတဲ့ ကိစ္စကြောင့် သိဟ်ရာသီဖွား တစ်ချို့ဟာ နာမည်ပျက် ၊ အရှက်ကွဲယုံမက ဥပဒေအရပါ အပြစ်ပေးခံရတာ မျိုး ရှိတတ်ပါတယ်။ ဒီနှစ်မှာ လာဘ်လာဘ ဆိုတာ မင်းသားခေါင်းဆောင်းပြီး ၀င်လာတဲ့ ဘီလူးတစ်ကောင်အလား မှတ်ယူရပါမယ်။
အကြံပေးရရင်တော့ ဒီနှစ်အတွက် သိဟ်ရာသီဖွားများဟာ "ငွေကြေး ကစားခြင်း ၊ ငွေပင်ငွေရင်း နဲ့ ရင်းနှီးမြုတ်နှံ လုပ်ကိုင်ခြင်း ၊ ငွေကြး ပမာဏများစွာ ချေးငှားခြင်း ၊ ယုံကြည်စွာ အပ်နှံခြင်း" ဆိုတဲ့ ကိစ္စများကို ဝေးဝေးက ရှောင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒီနှစ်မှာ စီးပွားပျက် ၊ ဘ၀ပျက်ရမယ့် ကိန်းများမှ ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်။ သိဟ်ရာသီဖွား အားလုံးလားဆိုတော့ - မဟုတ်ပါဘူး။ ဒါပေမယ့် (၈၀)% လောက်ကတော့ ဒီကိန်းထဲမှာ ၀င်နေကြပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို (၂၀)% ထဲမှာ ၀င်ပြီး လွတ်လိမ့်မယ်လို့ အကောင်းမြင်ဝါဒ ထားခြင်းမျိုးဟာလည်း စွန့်စားရတဲ့ ကိန်းတစ်ခုဖြစ်နေလို့ သတိထားရပါမယ်။ နောက်ဆုံး သတိထားရမှာ တစ်ခုကတော့ ရန်သူမျိုး (၅)ပါးမှာ အကျုံးဝင်တဲ့ "သူခိုး ၊ ဓားပြဘေး" ပါဘဲ။ ဒီဘေးကိုလည်း ဒီနှစ်မှာ ထည့်တွက်ထားရပါမယ်။ ငွေကြေးကိစ္စမှာ တော်တော်ကို အညံ့ပြနေလွန်းလို့ ထပ်တလဲလဲ သတိပေးနေတာလို့ မှတ်ယူကြပါခင်ဗျား။
ပညာရေး
............
ပညာရေး နှင့် ပတ်သက်လျှင် သိဟ်ရာသီဖွားများအတွက် အလိမ်အကောက် အချိုးအကွေ့များနှင့် ကြုံဆုံနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ ပညာရေး နိမ့်မြင့်တက်ကျ များတတ်ပြီး တစ်ဖြောင့်တည်း မဖြစ်နိုင်ပါ။ စာမေးပွဲဖြေဆိုလျှင် မှားယွင်းဖြေဆိုမှုမျိုး ၊ အဖြေထုတ် မှားယွင်းမှုမျိုးတွေ ကြုံတတ်ပါတယ်။ ပုံနှိုင်းပြောရရင် ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် မြင်းကောင်းခွာလိပ် ဖြစ်တတ်တဲ့ နှစ်မျိုးလို့ ဆိုရပါမယ်။ သတိ အထူးပြုပါ။ မိမိသည် မည်မျှ တော်သည်တတ်သည်ဖြစ်စေ စာမေးပွဲများကို မထေမဲ့မြင် မပြုလုပ်ဖို့ ၊ ဖြေဆိုပြီးသည့်အခါတိုင်း အထပ်ထပ် စစ်ဆေးဖို့ သတိပေးလိုပါတယ်။ ပညာသင်ကြားရေးနှင့် ပတ်သက်ပြီး လိမ်လည်ခံရမှုများ ရှိတတ်လို့ ငွေပေးငွေယူ ကိစ္စတွေ သတိထားပါ။ သင်တန်းတွေ မတက်ခင် သေချာစွာ စုံစမ်းပါ။ နိုင်ငံခြားသို့ ပညာသင်ကြားရေးအတွက် အကျိုးဆောင်လုပ်နေသော ကုမ္ပဏီများကို ဆက်ဆံရာတွင် ငွေကြေးကိစ္စများတွင် လက်မလွယ်စေရန် သတိထားပါလေ။
အချစ်ရေး
............
ဒီနှစ်အတွက် သိဟ်ရာသီဖွားတွေမှာ အချစ်ရေးနှင့် ပတ်သတ်ပြီး ပြဿနာတွေ ရှိနိုင်တဲ့ နှစ်ဖြစ်တယ်။ ဒီနှစ်မှာ ချစ်သူများအတွက် အရာရာမှာ အသိဥာဏ်ရှိရှိ နဲ့ လုပ်ဆောင်ဖို့လိုတယ်။ သူ့ဖက်ကိုယ့်ဖက် မျှတတဲ့ သဘောထားတွေ ရှိရမယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ၊ တစ်ဖက်သတ် အနိုင်ယူတဲ့ စိတ်တွေ ရှောင်ရှားဖို့ လိုတယ်။ သစ္စာတရားနဲ့ ပတ်သက်ပြီး ဒီနှစ်ဟာ (ကိုယ့်အတွက်) အစမ်းသပ်ခံ နှစ်မျိုး ဖြစ်တတ်ပြီး အချစ်ရေး အရှုတ်ထွေးများ ၀င်ရောက်လာတတ်တယ်။ မိမိဘက်က သစ္စာရှိစွာနဲ့ မရှောင်ရှားနိုင်ရင် ဒီနှစ်ဟာ အချစ်ရေး ပြဿနာတွေ ဆင့်ကဲပြီးဖြစ်တတ်တယ်။ ကိုယ်တစ်ကယ်ချစ်ရသူ ၊ တစ်ကယ်စစ်မှန်တဲ့သူကို ဆုံးရှုံးရတတ်တယ်။ သတိပြုပါ။
အိမ်ထောင်ရေး/အိမ်တွင်းရေး
......................................
အိမ်ထောင်ကျပြီးသားသူများ၊ မိသားစုများကတော့ ဒီနှစ်မှာ တာဝန်ဝတ္တရား ကြီးမားတတ်တဲ့ နှစ်မျိုးဖစ်ြတယ်။ အလုပ်တာဝန်တွေနဲ့ ဖိစီးတတ်တယ်။ အိမ်ထောင်ရှင်ဘ၀ ဆိုတာထက် ပိုတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ဒီနှစ်မှာ အပိုထမ်းဆောင်ရတတ်ဖွယ် ရှိပါတယ်။ (ဥပမာ - မိမိ ခင်ပွန်း ၊ ဇနီးဘက်က မကင်းရာ မကင်းကြောင်း ဆွေမျိုးတစ်ဦးရဲ့ တာဝန်ကို ပိုထမ်းရတာမျိုး)။ တစ်ချို့ကျလည်း သားသမီးအတွက် ပညာသင်စားရိတ် များ ပိုတက်လာခြင်းမျိုးလည်း ဖြစ်နိုင်တယ်။ အလုပ်အကိုင် အိမ်တွင်းမှု ကိစ္စများ ၀န်ပို ၀န်ပိလာတာမျိုးကလွဲရင် အခြားသော ဆိုးဝါးသည့် ကံကြမ္မာမျိုး မရှိနိုင်လို့သာ ဆုံးဖြတ်ပါတယ်။ ကျန်းမာရေး ညံ့သည့် အိမ်ထောင်ဘက် (သို့) သားသမီး ရှိသူများအတွက် ဒီနှစ်မှာ ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် တာဝန်ဝတ္တရား ကြီးမားလာနိုင်သည့် ကိစ္စမျိုးလည်း ရှိနိုင်ပါတယ်။
ကျန်းမာရေး
...............
ကျန်းမာရေးနှင့် ပတ်သက်လျှင်တော့ ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် ကျန်းမာရေး ပြဿနာတွေ ၀င်ရောက်နိုင်သည့် နှစ်မျိုးဖြစ်တယ်လို့ ဆိုရမယ်။ ကျန်းမာရေး ကိစ္စဟာ ဒီနှစ်အတွက် သိဟ်ရာသီဖွားများကို အထူးခြောက်လှန့်နိုင်တဲ့ ကိစ္စဖြစ်နေတာကို တွေ့ရပါတယ်။ သတိအထူးထားပါ။ ကျန်းမာရေး နှင့် ပတ်သက်ပြီး ပေါ့ပေါ့ဆဆ မနေစေလိုပါ။ ဒီနှစ်ထဲမှာ သွေးထွက်သံယို ကိစ္စ ၊ ခွဲစိတ်ကုသ ခံရခြင်း ကိစ္စတွေ ရှိနိုင်ပါတယ်။ ကိုယ်က ခပ်သေးသေးဆိုပြီး ပေါ့ဆနေသည့် ရောဂါအသေးကနေ ရောဂါကြီး ဖြစ်လာတတ်ပါတယ်။ တစ်ချို့ ဆိုလျှင် တစ်ကြိမ်မက အကြိမ်ကြိမ် ခွဲစိတ်ကုသရခြင်းမျိုး ရှိနိုင်ပါတယ်။ မတော်တဆ ထိခိုက်ပြီး ဒဏ်ရာရခြင်း ၊ သွေးထွက်သံယိုဖြစ်ခြင်းများ ဒီနှစ်မှာ အထူးတလည်ဖြစ်နိုင်တဲ့ ကိစ္စဖြစ်တာမို့ ဘာသာတရားကို အထူးအလေးပေး လုပ်ဖို့ လိုပါလိမ့်မယ်။ ကျန်းမာရေး နဂိုအညံ့ရှိသူများ ရောဂါ တိုးတတ်သည့်နှစ် ၊ ရောဂါဆိုးဝါးလာနိုင်သည့် နှစ် ဖြစ်ဖွယ် ရှိပါတယ်။
ခရီး နှင့် နိုင်ငံရပ်ခြားကိစ္စ
...............................
သိဟ်ရာသီဖွားများအတွက် ဒီနှစ်မှာ ခရီးနှင့် နိုင်ငံခြားကိစ္စများမှာ ထူးခြားတဲ့ ကံကောင်းမှုတွေ ခံစားရရှိနိုင်ပါတယ်။ ဒီနှစ်မှာ ကံကောင်းပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ခရီးတွေ သွားလာရတတ်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေမှာ ကံကောင်းအောင်မြင်နိုင်တယ်။ ဒီနှစ်ဟာ ခရီး /နိုင်ငံရပ်ခြားနဲ့ ပတ်သတ်ပြီး အစပြုတည်ထောင်ခြင်း (သို့) အောင်မြင်အောင် အဆုံးသတ်နိုင်ခြင်းများနှင့် ပြုလုပ်နိုင်မည့် နှစ်ဖြစ်ပါတယ်။ ၀န်ထမ်း များအတွက်လည်း သက်ဆိုင်ရာက စေလွှတ်တဲ့ နိုင်ငံရပ်ခြားခရီးစဉ်များကို သွားရောက်ရတတ်ပါတယ်။ ခရီးများ မကြာခဏ သွားလာဘူး သူများပင် ဒီနှစ်မျိုးမှာ မရောက်ဘူးသေးသော နေရာ ၊ အရပ်ဒေသများသို့ ရောက်ရှိတတ်ပါတယ်။
လူမှုဆက်ဆံရေး
.....................
ဒီနှစ်အတွက် လူမှုဆက်ဆံရေးမှာ လိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီနှစ်မှာ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကိုယ့်ထက် အင်အားကြီးမားသော ပြိုင်ဖက်များအပေါ်တွင် နည်းပရိယာယ်သုံးပြီး အောင်မြင်လွှမ်းမိုးနိုင်မည့် နှစ်ဖြစ်ပါတယ်။ သို့သော် ဒီနှစ်ဟာ ပြင်ပ လူမှုဆက်ဆံရေး ကောင်းသော်လည်း မိမိအနေနဲ့ ပတ်ဝန်းကျင်နဲ့ တစ်စပ်တည်းမဖြစ်ဘဲ သီးသန့် အထီးကျန်နေသလို ခံစားရတတ်တဲ့ နှစ်မျိုး ဖြစ်နေတတ်ပါတယ်။ သို့သော် လူမှုဆက်ဆံရေးပိုင်းမှာ ထူးခြားတဲ့ ပြဿနာများ ဖြစ်နိုင်ဖွယ် မရှိပါ။
နေ့သားအလိုက် ကံကောင်းမှုများ
...........................................
သိဟ်ရာသီဖွားများအတွင်းမှာ (၇)ရက် သားသမီးများ ရှိနေနိုင်တာမို့ နေ့သားအလိုက် ကံကြမ္မာ အကျိုးပေးများ တူကြမှာ မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် သိဟ်ရာသီဖွားများထဲက တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး နှင့် စနေ နေ့သားသမီးများ ကံဇာတာမြင့်မားမှုကို ပိုမိုကြုံဆုံနိုင်ဖွယ်ရှိပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ သားသမီးများကတော့ ကံဇာတာ တိုးတက်မှု နည်းနည်း လျော့နည်းနိုင်ပါတယ်။
လ အလိုက် ကံကြမ္မာ တိုးတက်မှုများ
...............................................
ဒီနှစ်အတွက် လ အလိုက် ကံကြမ္မာ အကောင်း/အညံ့ကို လေ့လာကြည့်မယ် ဆိုရင် - ဖေဖေါ်ဝါရီလ ၊ မတ်လ ၊ မေလ နှင့် အောက်တိုဘာလ များမှာ ကံကြမ္မာကောင်းမှုများကို ပိုမိုခံစားရဖွယ် ရှိပါတယ်။
ဇန်န၀ါရီလ ၊ ဇွန်လ ၊ စက်တင်ဘာလ နှင့် ဒီဇင်ဘာလ များမှာတော့ ကံမကောင်းမှုများ ပိုမိုကြုံဆုံနိုင်ပါတယ်။ ကျန်လများမှာတော့ ကံကောင်း ကံညံ့ မျှခြေ ဖြစ်နေလိမ့်မယ်။ ကံကောင်းမှု ၊ ကံညံ့မှုတွေဟာ - "အလုပ်စီးပွား ၊ ငွေကြေး နှင့် ကျန်းမာရေး" ကိစ္စများ နှင့် ပိုမိုသက်ဆိုင်မှာ ဖြစ်ပါတယ်။ (လူတစ်ဦး နှင့် တစ်ဦး မတူကွဲပြားနိုင်သောကြောင့် ယေဘူယျသဘော မှတ်ယူပါရန်)
ထီကံကြမ္မာ
...............
ဒီနှစ် ကံကြမ္မာအနေနဲ့ သိဟ်ရာသီဖွားများဟာ ထီပေါက်ကံ အားနည်းပါတယ်။ သို့သော် ယေဘူယျသဘောဖြစ်တဲ့အတွက် တစ်ဦးချင်းအနေနဲ့ ကံသေကံမ ပြောနိုင်မှာ မဟုတ်လို့ ပုံမှန်တော့ ထိုးသွားသင့်ပါတယ်။ ပေါက်မဲ ဖြစ်နိုင်ဖွယ် နံပါတ်များကတော့ ( ၁ ၊ ၂ ၊ ၅ ၊ ၀ ) ဂဏန်းများ ဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့ ဂဏန်း က (၂) နှင့် (၅) ဂဏန်းဖြစ်ပါတယ်။ ထိုဂဏန်းများ ပါအောင် ထိုးပါ။ ဒီနှစ် (၆)ဂဏန်း လုံးဝရှောင်ပါ။ နောက်တစ်ခု ဒီနှစ်မှာ (၂)လုံး (၃)လုံးထီများ ထိုးတဲ့သူများအတွက် ဘ၀ပျက်ရန် လွယ်ကူတဲ့ နှစ်ဖြစ်တယ်လို့ သတိပေးချင်ပါတယ်။
နှစ်ချုပ် ကံကြမ္မာ
.....................
ယခုနှစ်တွက် သိဟ်ရာသီဖွားများအတွက် နှစ်ချုပ်ကံကြမ္မာကို သုံးသပ်ရလျှင် အဓိကကျတဲ့ အလုပ်စီးပွားပိုင်း နှင့် ငွေကြေးပိုင်းမှာ အလုပ်စီးပွားပိုင်းမှာ ပြဿနာကြီး သိပ်မရှိနိုင်သော်လည်း ငွေကြေးပိုင်းမှာ ပြဿနာ ရှိနေပါတယ်။ ငွေကြေးဆုံးရှုံးမှု ၊ ငွေကြေးကြောင့် ပြဿနာ ဖြစ်ရမှုများကို သိဟ်ရာသီဖွားအားလုံးရဲ့ (၇၀)% ခန့်မှာ အနည်းနဲ့ အများ ကြုံနိုင်ပါတယ်။ (၃၀)% လောက်သာ လွတ်မြောက်နိုင်ပါတယ်။ ကိုယ့်မှာ အထုပ်ကြီးကြီးရှိလေ ၊ စိတ်ပူရလေလေ မှတ်ပါ။ မိမိပိုင်ငွေများဟာ မိမိလက်ထဲမှာ ရှိမနေဘဲ ပြန့်ကျဲနေလေလေ ၊ စိုးရိမ်ရလေလေ မှတ်ပါ။ ဒီနှစ်မှာ ငွေနဲ့ ပတ်သက်လာရင် မည်သူ့ကိုမျှ စိတ်ချယုံကြည်၍ မရနိုင်ပါ။ "သေချာပေါက်မြတ်မယ် ၊ လုံးဝမလွဲစေရဘူး" ဆိုတဲ့ အသံကြားလေလေ ၊ ကြောက်စရာ ကောင်းလေလေ မှတ်ပါ။ (မယုံလျှင် စမ်းကြည့်နိုင်ပါသည်)။ ဒီနှစ်မှာ ရသမျှနဲ့ ရောင့်ရဲပါ။ လောဘကို သတ်နိုင်သလောက် သတ်ပါ။ ငွေကို ငွေနဲ့ ပြန်မရှာပါနဲ့။ စိတ်ချရတဲ့ အစိုးရဘဏ်များမှာ အပ်ပါ။ ပုဂ္ဂလိကဘဏ်ကိုတောင်မှ ဒီနှစ် အကြံမပြုလိုပါ။ ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။
နောက်တစ်ခု သတိပြုဖွယ်က ယခုနှစ်မှာ အချို့သော သိဟ်ရာသီဖွာများမှာ မြေမှု ၊ အမွေမှုများ ဖြစ်တတ်ပါတယ်။ ဖြစ်လျှင် မိမိဘက်မှ ရှုံးဖို့ သေချာသလောက်ဖြစ်နေတတ်ပါတယ်။ အလွန်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ အမှုမဖြစ်တာ ကောင်းပါတယ်။ ရှောင်နိုင်လျှင် ရှောင်ပါ။ နောက်တစ်ခု စိုးရိမ်မိတာက ကျန်းမာရေး ကိစ္စဖြစ်ပါသည်။ ကျန်းမာရေး ရုတ်တရက် ဖောက်ခြင်းများ ယခုနှစ်တွင် ကြုံတွေ့နိုင်ပါသည်။ ကျန်းမာရေးကြောင့်လည်း ငွေကုန်ကြေးကျ များလွန်းတတ်ပါသည်။ ကျန်းမာရေးအပြင် ထိခိုက်ဒဏ်ရာများလည်း သတိပြုပါ။
ဒီနှစ်မှာ မကောင်းတာတွေ များလို့ စိတ်တော့ ညစ်စရာလို့ ထင်ရပါတယ်။ ဒါပေမယ့် ကြိုတင်သိရှိတဲ့အတွက် (ယုံကြည်သည့်သူများ) ရှောင်ရှား နိုင်မည်ဟု ယုံကြည်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ငွေနှင့် ပတ်သက်ပြီး ခပ်အေးအေး နေပါ။ လောဘမတက်ပါနှင့်။ ကျန်းမာရေးကို လိုက်စားပါ။ ကျန်းမာအောင် အစားအသောက် အနေအထိုင်ကို ပြုပြင်နေထိုင်ပါ။ ဒါဆို ကြုံလာမည့်ဘေးမှ လွတ်တန်သလောက် လွတ်ပါလိမ့်မည်။ သိထားတော့ ရှောင်ဖို့ လွယ်ပါသည်။ သိမထားတော့ အိမ်ကို ဘိုးတော်ကြွလာပြီး စီးပွား(၂)ဆတက်အောင် လုပ်ပေးမည်ဆိုသည်ကို အဟုတ်ထင်၍ ရှိသမျှငွေ တက်တက်ပြောင်တတ်ပါသည်။ မည်သူ့ကိုမျှ ဒီနှစ် မယုံလေနှင့်။
ယတြာပြုလုပ်လိုပါက ။ ။ မိမိနေအိမ်ဘုရားမှာ ဒန်ပေါက်ထမင်း နှင့် ကြက်သားဟင်း ကို အနည်းဆုံး တစ်လတစ်ကြိမ် နေ့ဆွမ်းနှင့်အတူ ကပ်လှူပေးပါ။ (ဒန်ပေါက်ထမင်းကို မိမိမစားရပါ) ။ နံနက်စောစော အိပ်ယာထပြီး ခို နှင့် ကျီးကန်းများကို အစာကျွေးခြင်း မကြာခဏ ပြုလုပ်ပေးပါ။ ဆင်းရဲသားရပ်ကွက်ကျောင်းများတွင် စာရေးကရိယာ ပစ္စည်းများ လှူဒါန်းပေးပါ။ ယခုနှစ်အတွင်း အနီရောင် ၊ လိမ္မော်ရောင် ၊ နက်ပြာရောင် ၊ အ၀ါ ၊ အညို ၊ ခရမ်း ၊ ဗေဒါရောင် ၊ အဖြူရောင် အ၀တ်အစားများကို မကြာခဏ၀တ်ဆင်ပေးပါ။ ပန်းရောင် ၊ မိုးပြာရောင် ၊အစိမ်းရောင် ၊ ကြက်သွေးရောင် ၊ မီးခိုးရောင် များကို အရေးကြီးသော အလုပ်များ ပြုလုပ်ရမည့် နေ့များတွင် မ၀တ်ဆင်ပါနှင့်။
(၁၂) ရာသီခွင်ဖွား မိတ်ဆွေများအားလုံး ကျန်းမာပကတိ ၊ ချမ်းသာစွာ ရှိကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment