၃.၁.၂၀၁၄ နေ့ထုတ် News Watch (စောင့်ကြည့်သတင်းဂျာနယ်)
စာတတ်ပေတတ် ပုဂ္ဂိုလ်တွေ၊ တိုင်းပြည်အတွက်
ပြည်ပထွက်ပြီး အနစ်နာခံသူကြီးတွေ ပြောကြဆိုကြတဲ့ Political Dialogue
ဆိုပြီးဆွေးနွေးခန်းလေး ရုပ်မြင်သံကြားက လာလို့ကြည့်လိုက်ပါတယ်။ အားပါး
ပါး ပြောလိုက်တဲ့ စကားလုံးကြီးတွေဗျာ ပါးစပ်နဲ့တောင်မဆန့်ဘူးဗျာ။
ကမ္ဘာ့သမိုင်းကြီးတွေနဲ့ချီပြီး အာဖရိကမှာဘယ်လို ဥရောပမှာဘယ်လိုနဲ့
ပြောလိုက်တဲ့စကားလုံးကြီးတွေဗျာ။ အများပြည်သူနားထောင်အောင်လွှင့်တဲ့
အစီအစဉ်ကလည်း စကားဆယ်ခွန်းမှာ ရှစ်ခွန်းလောက်က
အင်္ဂလိပ်လိုညှပ်ပြောသွားတယ်။ အနာဂတ်ကို ဖြူးခြားတဲ့၊ လမ်းကြောင်းကို
ဝေးတဲ့၊ ပြောင်းလဲခြင်းကို ချိန်းတဲ့ . .. ဒီစကားတွေက
မြန်မာဝေါဟာရမရှိလို့လားမသိဘူးဗျာ စိတ်ညစ်ပါတယ် . . . မြန်မာလူမျိုးပြောတာကို မြန်မာလူမျိုးကျွန်တော် နားမလည်တာ
ဒီတစ်ခါပဲကြုံဘူးတယ်။
ထားပါတော့ဗျာ သူတို့ပြောတဲ့ခေါင်းစဉ်က
မြန်မာပြည်တိုးတက် ငြိမ်းချမ်းအောင် ဘယ်လိုလုပ်ကြမလဲဆိုပြီး ဆွေးနွေးတာပါ
. . . သူတို့ပြောတာနားထောင်မှပဲ မြန်မာပြည်ငြိမ်းချမ်းရေးရဖို့
ခေတ်မှီတိုးတက်ဖို့က တော်တော်ရှုပ်သွားတယ်ဗျာ။ ပြောလိုက်တဲ့
နိုင်ငံရေးစနစ်တွေ နိုင်ငံရေးနည်းပညာတွေ ဟာ
တော်တော်ကိုမြင့်တဲ့စကားတွေဗျာ။ တကယ်ပြောတာပါ။
အအေးမိနှာစေးပြီးခေါင်းကိုက်နေတာကို အကျယ်ချဲ့ပြီး
တစ်ကိုယ်လုံးဓာတ်မှန်ရိုက်ပြီး အဖြေရှာနေသလိုဘဲ။ အေးပေါ့ဗျာ
သူတို့အတွက်ကတော့ ပြဿနာကြီးမှ တွက်ခြေပိုကိုက်မှာကိုးဗျ။
ပြောပေါက်တွေကဗျာ မြန်မာနိုင်ငံ ငါတို့မကယ်သေဖွယ်ရာ ဆိုသလိုမျိုး။
မြန်မာပြည်မှာ သူတို့ရှိနေလို့ကံကောင်းတယ်မှတ် ဆိုသလိုမျိုးနဲ့ဗျာ။
ပြည်သူတွေကပဲ ဒီမိုကရေစီနဲ့မတန်သေးသလိုလို ဒီမိုကရေစီနဲ့အသားကြအောင်
လုပ်ယူရဦးမယ်ဆိုပြီးကပြောသေးတယ်ဗျာ။ တကယ့်ကို
ဒီမိုကရေစီဂုရုကြီးတွေအတိုင်းဗျာ နားထောင်နေရင်းနဲ့တောင်
ရှိခိုးချင်စိတ်တောင်ပေါက်လာတယ်။
သူတို့တွေကြောင့် မြန်မာနိုင်ငံမှာ ငွေပဒေသာပင်ကြီးပေါ်ပေါက်လာပြီး
ချက်ချင်းပဲချမ်းသာသွားတော့မလို့။ မနက်ဖြန်ပဲ
တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ရတော့မလိုနဲ့ ပြောသွားလိုက်ကြတာ
အားရစရာကြီးဗျာ .. .လက်ရှိအစိုးရနဲ့လက်တွဲပြီး ဘယ်လိုကောင်းအောင်
လုပ်နေပါတယ်ဆိုပြီး အစိုးရကောင်းကြောင်းတွေကလည်း ပြောသွားလိုက်တာ။
ကလေးတွေ သွားပြောလိုက်တော့ဗျို့။ စောဖေတို့က
နောကျေနေပြီလို့တောင်ပြန်ပြောလိုက်ချင်တယ်။ တစ်တိုင်းပြည်လုံး
ဆင်းရဲဒုက္ခရောက်နေရတဲ့အချိန် အာဏာရှင်လက်ထက်မှာ အစိုးရကိုဆန့်ကျင်ပြီး
တိုင်းတပါးကို ကျော့ကျော့လေးထွက်သွား ပြီးနိုင်ငံရေးလုပ်စားကြတယ်။
နိုင်ငံခြားအထောက်ပံ့တွေယူ ကျောင်းတွေတက်။ အစိုးရလုပ်တာမှန်သမျှ
မကောင်းထိုင်ပြောပြီး နိုင်ငံခြားကထောက်ပံ့ပေးကမ်းသမျှ
လက်ဖြန့်တောင်းယူပြီး ဇိမ်ကျခဲ့ကြတယ်။(လုပ်စားနေသူများကိုသာ ဆိုလိုသည်)
ပြည်တွင်းမှာ ရှိတဲ့ပြည်သူတွေကိုပဲ သူတို့ကအဝေးကနေ ဟိုလိုလုပ်ပါ့လား
ဒီလိုလုပ်ပါ့လားနဲ့ ဆရာလုပ်ပြီး ပြည်သူတွေကပဲ တာဝန်မကျေသလို ကြောက်နေသလို
ဒီမိုကရေစီနဲ့မတန်သလိုပြောနေကြတာများ။
ကြောက်လို့ထွက်ပြေးတာကဘယ်သူတွေလဲလို့မေးလိုက်ချင်တယ်ဗျာ . . .
ဟော ခေတ်လည်းပြောင်းမလို့ကြံရော ငါမကယ်သေဖွယ်ရာဆိုပြီး ပြည်တော်ပြန်ပြီး
ကယ်တင်ရှင်ကြီးတွေ ၀င်လုပ်ပြန်ရောဗျာ။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး
ကြွေးကြော်ဝင်ရောက်လာပြီး လက်ရှိအစိုးရခေါင်းဆောင်တွေနဲ့တွေကြတယ်။
တစ်ချိန်လုံး ဒီလူတွေကိုမကောင်းကြောင်း ပြောလာခဲ့တဲ့သူတွေက ရာထူး၊
အာဏာပါဝါ စည်းစိမ်နဲ့လည်းတွေ့ရော ဒီလူတွေကိုပဲကောင်းကြောင်းပြောပြန်ရော။
သိက္ခာကို ရိက္ခာနဲ့ လဲပစ်လိုက်ကြတာပေါ့ဗျာ။ အော်
တက်လည်းတက်နိုင်ကြပါပေတယ်ဗျာ။ တိုင်းပြည်ငြိမ်းချမ်းရေးရအောင်
လုပ်မယ်ဆိုတဲ့လူတွေက အစိုးရကပေးတဲ့ သိန်းပေါင်းထောင်သောင်းချီပြီးယူ၊
လုပ်ငန်းရှယ်ယာတွေယူ၊ တိုက်တွေ ကားတွေယူ၊ လစာကိုဒေါ်လာတွေနဲ့ယူ
အဖွဲ့ဝင်တစ်ယောက်ဆို မြန်မာနိုင်ငံတောင်လာစရာမလိုဘဲ ဟိုကနေအကြံပေးခ တစ်လ
ဒေါ်လာတစ်သောင်းယူတယ်တဲ့။ ကဲ ကောင်းရောဗျာ . . .
ကျွန်တော်တို့နိုင်ငံမှာ အစိုးရသစ်သက်တမ်း ၃ နှစ်ပြည့်တဲ့အချိန်ထိ
တိုင်းပြည်တိုးတက်မှုမရှိတာ၊ ပြည်တွင်းငြိမ်းချမ်းရေး ခုထိမရရှိသေးတာ
ဘာကြောင့်လဲဆိုတာ သာမာန်ပြည်သူတစ်ယောက်အမြင်နဲ့ပြောရရင်
ရိုးရိုးလေးစဉ်းစားကြည့်ရင် တိုင်းပြည်ရဲ့အဓိကအရေးကြီးတဲ့ သမ္မတ
အကြံပေးအဖွဲ့ဝင်တွေနဲ့ ဒီငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့
အဖွဲ့အစည်းတွေထဲမှာပါတဲ့ လူတွေကိုကြည့်ကြည့်ပါ။ သူတို့တွေထဲမှာ
ပြည်သူတွေက ယုံကြည်လေးစားရတဲ့လူ ဘယ်နှစ်ဦးပါသလဲဗျာ။ ဥပမာဗျာ ဆရာကြီး
ဒဂုန်တာရာ၊ ဆရာကြီး လူထုစိန်ဝင်း၊ သတင်းစာဆရာကြီး ဦးဝင်းတင်တို့လို၊
ဒေါ်အောင်ဆန်းစုကြည်၊ ဆရာကြီးဦးကိုလေး (အင်းဝဂုဏ်ရည်) စသဖြင့်
လူထုကချစ်ခင်လေးစားပြီး ယုံကြည်အားကိုးတဲ့ရလူ ဘယ်နှစ်ယောက်ပါလဲဗျာ။
အခုပါဝင်နေတဲ့လူတွေရဲ့ အတိတ်သမိုင်းကိုကြည့်ကြည့်ရင်
တိုင်းပြည်နဲ့လူမျိုးအတွက် မယ်မယ်ရရ ပြောရလောက်အောင် လုပ်ဆောင်ခဲ့တာ
စွမ်းဆောင်ခဲ့တာ သိပ်မတွေ့ရပါဘူးဗျာ။
ဒီလိုလူတွေက တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်ကြမှာလဲ။
ကျွန်တော်တို့မြန်မာစကားမှာ လူတော်၊ လူကောင်းဆိုတဲ့ စကားရှိပါတယ်။
ကျွန်တော်တို့တိုင်းပြည်ကို ခေါင်းဆောင်နေကြတဲ့လူတွေဟာ
လူတော်ချင်တော်ပါလိမ့်မယ်။ လူတွေတော်နေယုံနဲ့မပြီးပါဘူး
လူကောင်းတွေဖြစ်ဖို့ပါလိုပါလိမ့်မယ် . . . ဒါမှ
တိုင်းပြည်ကောင်းပါလိမ့်မယ်။
အောက်ပါအကြောင်းအရာလေး ဖတ်ကြည့်လိုက်ရင် အဖြေရှင်းမယ်ထင်ပါတယ်။ နိုဝင်ဘာ
၂၂ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂)၊ အမှတ်(၃၇) တွင်
ဖော်ပြခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ၏
နိုင်ငံခြားရေးဝန်ကြီး ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း အင်တာဗျူး၌
ဦးပီတာလင်းပင်က "ကျွန်တော်လာတော့ သမ္မတကြီး အကြံပေးရဲ့ ဟိုတယ်မှာ နေတယ်။
နေဇင်လတ်ဆီမှာ . . . ဦးလှမောင်ရွှေက သုံးလေးရက်နေတော့ လာတွေ့တယ် . . .
ဦးအောင်မင်းတို့နဲ့တွေ့ဖို့ သင့်တယ်ဆိုတော့ ကျွန်တော်က လက်ခံတယ် . . .
ဦးလှမောင်ရွှေ၊ ဦးခင်မောင်သန်း၊ သူတို့ Egress က နောက်တစ်ယောက်
ဦးဆန်နီညွန့်သိန်း . . .ပထမဆုံး ဦးအောင်မင်း ရောက်လာတယ်။ သမ္မတကြီးက
ခင်ဗျားကို တရားဝင် တွေ့ခွင့်ပေးလိုက်တာပါ . . . ခဏနေတော့
ဦးစိုးသိန်းလာတယ်။ ကျွန်တော့်ကို လက်ဆောင်တွေပေးတယ် . . . ကျွန်တော့်ကို
သူတို့ပါလာတဲ့ ကားသုံးစီးက တစ်စီးယူသွားလို့ ပြောတယ်။ လိုချင်ရင်
ပြန်ရင်မောင်းသွားရုံပဲ။ ပိုက်ဆံမပါရင် သုံးဖို့ပေးမယ်။ သိန်းတစ်ထောင်။
နေဖို့အတွက် အင်းလျားကန်ပေါင်ဘေးမှာ နေရာတစ်နေရာ လက်ညှိုးထိုး
နေစရာလုပ်ပေးမယ် ပြောတယ်" ဟု အစရှိသဖြင့် ပြောကြားခဲ့သည်။
အဆိုပါ အင်တာဗျူး၌ပင် ဦးပီတာလင်းပင်က MPC အဖွဲ့ဝင် ဦးလှမောင်ရွှေအား
"ပွဲစား" ဟု သုံးနှုန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊
ဦးစိုးသိန်းတို့နှင့် တွေ့ဆုံရန်အတွက် ဦးလှမောင်ရွှေကပင်
ဆက်သွယ်ပေးခဲ့သည်ဟု ဆိုသည်။
တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်
ငြိမ်းချမ်းရေးရအောင်လုပ်ကြမယ်ဆိုတဲ့ သမ္မတအကြံပေးဆိုတဲ့လူများနဲ့
ငြိမ်းချမ်းရေးဖော်ဆောင်မယ့်လူတွေရဲ့လုပ်ဆောင်ချက်တွေတဲ့ဗျာ။ ကဲ
အဖြေကရှင်းရှင်းလေးပါပဲဗျာ . . . ဒီပုတ်ထဲကတော့ ဒီပဲ ပဲထွက်မှာပါ
ချောကလက်တော့ ထွက်မယ်မထင်ပါဘူးဗျာ . . .
ဒီလိုလူတွေဘ၀တွေ ဘ၀တစ်လျှောက်လုံးမှာ လူအထင်ကြီးစေမယ့်
စကားကြီးစကားကျယ်တွေပြောနေပေမယ့် တကယ်တမ်းကျတော့ နိုင်ငံအတွက်မယ်မယ်ရရ
လုပ်ဆောင်ခဲ့တာလည်းပြစရာတစ်ခုမှမရှိပါဘူးဗျာ။ ခိုင်ခိုင်မာမာကိုင်စွဲထားတဲ့ မှုတစ်ခု၊
ယုံကြည်မှုတစ်ခုလည်း မရှိခဲ့ပါဘူး။ ရေစုန်မှာ အလိုက်သင့်လေးစီးမျောပြီး
တက်သမျှအစိုးရကို တဲ့အောင်ပေါင်း ၊ပေါင်း လို့မရရင်ဆန့်ကျင်ပြီး
အခွင့်ရေးယူဖို့လောက်သာ လုပ်စားခဲ့ကြတာပါ။ဒါကြောင့်ကျွန်တော်က
စကားတွေအကြီးကြီးတွေပြောတဲ့ တိုင်းပြည်အတွက် လူမျိုးအတွက်ဆိုတဲ့ လူတွေကို ယုံကိုမယုံတော့တာဗျာ . . .
တိုင်းပြည်နဲ့ ပြည်သူတွေကို မငဲ့ကွက်ကြပဲ
မိမိကိုယ်ကျိုးအတွက်ပဲ လုပ်စားနေကြရင် . . . ပြည်သူတွေအပေါ်စေတနာမပါ
အသိဥာဏ်မပါတဲ့လူတွေပဲ နိုင်ငံကို ဦးဆောင်လုပ်ကိုင်နေကြရင်ဖြင့် . . . .
ရွှေပြည်တော်ရယ် မျှော်နေလည်းဝေး ဓူဝံကြယ်စင် မြင်နေလည်းဝေးနေဦးမှာပါပဲ .
. .
ချစ်ခြင်းအားဖြင့် . . .
ကျော်ကြီး(MDY)

No comments:
Post a Comment