Labels

Friday, January 10, 2014

ဥပဒေဘွဲ့လက်မှတ်များအကြောင်း


ဥပဒေဆိုတာ လူသားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ကိုပြဋ္ဌာန်းပေးတဲ့ စည်းကမ်းစည်းမျဉ်းတွေ ဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် မိမိနဲ့ပတ်သက်တဲ့ ဥပဒေစည်းကမ်းတွေကို သိကိုသိရပါမယ်။ မသိနားမလည်လို့ ရကိုမရပါဘူး။ ဒါဟာ လူသားတိုင်း စွဲစွဲမြဲမြဲ ခံယူထားရမယ့် အခြေခံအချက်ဖြစ်ပါတယ်။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်၊ ယဉ်ကျေးတဲ့ လူမျိုးတစ်မျိုးဖြစ်ဖို့ရာ အဖွဲ့ဝင်၊ လူမျိုးတစ်မျိုးလုံး ဥပဒေကို သိရပါ မယ်။ နားလည်ရပါမယ်။ လိုက်နာကျင့်သုံးရပါမယ်။ ဘာကြောင့်ပါလဲ။

အမှားနဲ့အမှန်ကို ခွဲခြားသိရှိမှသာ အမှားကိုရှောင် အမှန်ကိုဆောင်နိုင်မှာဖြစ်ပါတယ်။ အမှားဆိုတာ သိမှ အမှားပြုရင် အပြစ်ဖြစ်တယ်၊ ရှောင်ကြဉ်ရမယ်လို့ သိနားလည်ပါလိမ့်မယ်။ အလားတူပါပဲ။ ဥပဒေမှာပါတဲ့ တာဝန်၊ တားမြစ်ချက်တွေကို သိနားလည်မှ ဒီပြဋ္ဌာန်းချက်တွေကို မလိုက်နာရင် တာဝန်ရှိတယ်။ အပြစ်ဖြစ်တယ်လို့ ခံယူနိုင်ပါတယ်။ မိမိရဲ့နေ့စဉ်ဘဝ၊ ဆက်ဆံရေးမှာ ဥပဒေနဲ့အညီ ကျင့်ကြံဆက်ဆံကြရပါမယ်။

ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အခွင့်အရေးဆိုတာ ရှိပါတယ်။ မိမိအခွင့်အရေးဟာ ဘာလဲ။ အခွင့်အရေးထိပါးရင်၊ ဆုံးရှုံးရင် ဘယ်လိုတောင်းဆိုရမယ်ဆိုတာ သိထားရပါမယ်။ အခွင့်အရေးရှိတယ်ဆိုတာလည်းမသိ၊ အခွင့်အရေးလည်း မတောင်းရဲရင် လူ့အညွန့်ကျိုးပါတော့မယ်။

ဒါကြောင့် ပြည်သူတစ်ရပ်လုံးဟာ ဥပဒေပါတဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို သိဖို့ရာ လူတိုင်းဥပဒေကို သိနားလည် အောင် လေ့လာသင်ယူ၊ မှတ်သား၊ အသုံးချနေရပါမယ်။ ဒါမှ ဥပဒေစိုးမိုးတဲ့နိုင်ငံ ဖြစ်လာနိုင်ပါတယ်။ ဘယ်နေရာမှာ ဥပဒေကို လေ့လာရပါမလဲ။ အစိုးရအဆက်ဆက်က စီမံချက်များ ချမှတ်ပြီး ဥပဒေစာမေးပွဲတွေ ကျင်းပပေးခဲ့ပါတယ်။

ရှေးယခင်က ပြည်သူတွေ ဥပဒေကို လေ့လာသင်ယူနိုင်အောင် ဘယ်လိုဆောင်ရွက်ပေးခဲ့သလဲဆိုတာ တင်ပြပါမယ်။ ဒါကတော့ ဥပဒေဘွဲ့လက်မှတ်များအကြောင်း ဖြစ်ပါတယ်။

ရှေ့နေလိုက်ခွင့်ရနိုင်တဲ့ ဥပဒေဘွဲ့လက်မှတ်များက အောက်ပါအတိုင်းဖြစ်ပါတယ်။
(က) B.L (Bachelor of Law) ဥပဒေဝိဇ္ဇာဘွဲ့ (၁၉ဝ၁-၁၉၆၅)
(ခ) B.A (Law), LL.B ဥပဒေဘွဲ့ (၁၉၆၄ - ယနေ့ထိ)
(ဂ) L.G.P (Lower Grade Pleader) အမိန့်တော်ရ ရှေ့နေစာမေးပွဲ (၁၉ဝ၁-၁၉၈၈)
(ဃ) H.G.P (Higher Grade Pleader) အထက်တန်းရှေ့နေစာမေးပွဲ (၁၉ဝ၁-၁၉၈၈)
(င) R.L (Registered Lawyer) မှတ်ပုံတင်ရှေ့နေလက်မှတ် (၁၉၇၄-၁၉၈၈)
(စ) Advocateship တရားလွှတ်တော်ရှေ့နေစာမေးပွဲ (၁၉၂၃-၁၉၈၈)

အင်္ဂလိပ်က ၁၈၂၄ မှာ တနင်္သာရီနဲ့ ရခိုင်ကို သိမ်းပိုက်ခဲ့ပါတယ်။ ၁၈၅၃ မှာ ပဲခူး၊ မုတ္တမနဲ့ အောက်မြန်မာပြည်ကို သိမ်း ပိုက်ပါတယ်။ ၁၈၈၆ မှာ မြန်မာတစ်ပြည်လုံး သိမ်းပိုက်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရလက်ထက်မှာ တရားရုံးများ ထူထောင်၊ တရား သူကြီးတွေ ခန့်အပ်ပြီး ရှေ့နေစာမေးပွဲတွေ ပြုလုပ်ပေးလာခဲ့ပါတယ်။ မြန်မာပြည်တရားစီရင်ရေးမှာ ရှေ့နေရှေ့ရပ်၊ ဥပဒေ ပညာ ရှင်တွေ အများကြီးလိုအပ်တယ်လို့ အင်္ဂလိပ်က ယူဆပါတယ်။ ဒါကြောင့် ၁၉ဝ၁ ခုနှစ်ကစပြီး (နှစ်စဉ်စာမေးပွဲများ ကျင်းပပြီး) ဥပဒေဆိုင်ရာ ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့ပါတယ်။

(က) B.L ဘွဲ့ (ဥပဒေဝိဇ္ဇာဘွဲ့)

၁၉ဝ၁ ခုနှစ်ကစပြီး ရန်ကုန်ကောလိပ်၊ ဥပဒေပညာဌာနမှာ B.L သင်တန်းပို့ချခဲ့ပါတယ်။ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နဲ့ အခြားဘွဲ့ တစ်ခုခုရပြီးသူများကို နံနက် (၇)နာရီမှ နံနက်(၉)နာရီအတွင်း အချိန်ပိုင်း သင်ကြားပို့ချပေးပါတယ်။ သင်တန်းကာလ(၂)နှစ်ဖြစ် ပါတယ်။ ပထမနှစ် ဘာသာရပ်(၆)ခုနဲ့ ဒုတိယနှစ်ဘာသာရပ်(၆)ခု ဖြေဆိုရပါတယ်။ အောင်မြင်ရင် B.L (ဥပဒေဝိဇ္ဇာဘွဲ့) လက်မှတ်ပေးပါတယ်။ ၁၉ဝ၁ ခုနှစ်မှ ၁၉၆၅ ထိ B.L ဘွဲ့ရပေါင်း (၂၅၄၈) ဦး မွေးထုတ်ပေးခဲ့ပါတယ်။ ၁၉၆၃-၁၉၆၄ မှာ စနစ်သစ်ပညာရေး (Major System) စတင်ခဲ့ပြီး [B.A (Law), LL.B] အချိန်ပြည့်သင်တန်းများ စတင်ခဲ့ပါတယ်။ B.L အချိန်ပိုင်း သင်တန်းမရှိတော့ပါဘူး။

(ခ) B.A (Law), LL.B

၁၉၆၃-၁၉၆၄ စနစ်သစ် (မေဂျာစစ်စတန်)ကစပြီး (၁ဝ)တန်းအောင်ပြီးစ ဥပဒေကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်မှာ B.A (Law) ဝိဇ္ဇာ(ဥပဒေဘွဲ့) (၄)နှစ် တက်ရတယ်။ LL.B နောက်တစ်နှစ် ဆက်တက်ရတယ်။ [B.A (Law), LL.B] ဘွဲ့ပေးတယ်။ ၁၉၈ဝ ခုနှစ်မှာတော့ B.A (Law) ဘွဲ့သီးခြားမပေးတော့ဘဲ (၅)နှစ်ဆက်တိုက်တက်ပြီး LL.B ဘွဲ့ပဲပေးတယ်။ ၁၉၇၅ ခုနှစ်ကစပြီး ရန်ကုန်တက္ကသိုလ်စာပေးစာယူသင်တန်းမှာလည်း LL.B (၅)နှစ် တက်နိုင်တယ်။ (၁ဝ)တန်းအောင်ပြီးစ လူငယ်တွေပဲ တက်ခွင့်ရကြပါတယ်။ ၁၉၈၆ ခုနှစ်ထိ စာပေးစာယူနဲ့ LL.B ဘွဲ့ရ (၁၇၅၅၅)ဦးရှိခဲ့တယ်။ နောင်မှာတော့ နယ်တက္ကသိုလ်များနဲ့ အဝေးသင်တက္ကသိုလ်များကလည်း LL.B ဘွဲ့ပေးနေပါတယ်။
(ဂ) L.G.P (ရှေ့နေစာမေးပွဲ)

အင်္ဂလိပ်လက်ထက် ၁၉ဝ၁ ခုနှစ်ကစပြီး လွတ်လပ်ရေးရတဲ့အထိ နှစ်စဉ်စာမေးပွဲများ ပြုလုပ်ပေးလာခဲ့ပါတယ်။ L.G.P (ရှေ့နေ) စာမေးပွဲကို (၇)တန်းအောင်သူများ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ တက်ရောက်ရတဲ့ သင်တန်းမရှိပါ။ မိမိဘာသာ လေ့လာကျက်မှတ်ပြီး အင်္ဂလိပ်လို ဖြေဆိုရပါတယ်။ အောင်မြင်ရင် ရှေ့နေလိုင်စင် ရပါတယ်။ သူတို့ရဲ့ ဆိုင်းဘုတ်များမှာ အမိန့်တော်ရရှေ့နေမင်း လို့ ရေးထားတတ်ပါတယ်။ ဘုရားကျောင်းကန်၊ အလှူဆိုင်းဘုတ်၊ အုတ်တံတိုင်းများမှာ တွေ့နိုင်ပါတယ်။ နန်းရင်းဝန်ဂဋ္ဌုန်ဦးစောဟာ L.G.P လက်မှတ်ရတဲ့ ရှေ့နေလို့ သိရပါတယ်။ L.G.P ရှေ့နေလုပ်သက်(၃)နှစ် ရှိရင် H.G.P စာမေးပွဲဖြေခွင့်ရှိပါတယ်။

(ဃ) H.G.P (အထက်တန်းရှေ့နေစာမေးပွဲ)

၁၉ဝ၁ ခုနှစ်ကစပြီး နှစ်စဉ်စာမေးပွဲများ ပြုလုပ်ပေးခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာလည်း နှစ်စဉ် မေလမှာ H.G.P စာမေးပွဲများ ပြုလုပ်လာခဲ့ပါတယ်။

ဥပစာတန်း (ဝိဇ္ဇာ၊ သိပ္ပံ) (I.A, I.Sc) ယခုအခေါ် (တကသိုလ် ဒုတိယနှစ်စာမေးပွဲ) အောင်မြင်ပြီးသူများ ဝင်ရောက် ဖြေဆိုနိုင်ပါတယ်။ L.G.P အောင်ပြီးသူ (၃)နှစ်လုပ်သက်ရှိရင် H.G.P ဝင်ဖြေလို့ရပါတယ်။ ကိုယ့်ဘာသာကိုယ် လေ့လာကျက် မှတ်ပြီး ဝင်ရောက်ဖြေဆိုရပါတယ်။ သင်ရိုး(၆)ဘာသာရှိပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်း ခွဲထားပါတယ်။ အပိုင်းလိုက်အောင်ရင် လည်း ကျတဲ့အပိုင်းကို နောက်နှစ်မှာ ဆက်ဖြေနိုင်ပါတယ်။ နှစ်ပိုင်းစလုံးအောင်ရင် အထက်တန်းရှေ့နေအဖြစ် လိုက်ပါခွင့် လိုင် စင်ရပါတယ်။ သို့သော် ၁၉၈၈ ခုနှစ် အရေးအခင်းပြီးတဲ့နောက် H.G.P စာမေးပွဲများကို ကျင်းပမပေးတော့ပါဘူး။ ကျင်းပပေးတဲ့ ရာထူးဝန်အဖွဲ့ညွှန်မှူးရဲ့ ပြောပြချက်အရ ၁၉၈၈ အရေးအခင်းဟာ ရှေ့နေတွေ မြှောက်ပေးလို့ တဲ့၊ ဒီကျီးမဲတွေကို နောက်ထပ် မွေးမထုတ်နဲ့တော့ ဆိုပြီး အဲဒီတုန်းက ပညာရေးတာဝန်ခံ (GKN) က ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ ကနေ့အထိ H.G.P စာမေး ပွဲတွေကို လုပ်မပေးတော့ဘူး။ အနှစ်(၂၅)နှစ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ (အငြိုးကြီးလိုက်တာနော်)

(င) R.L (မှတ်ပုံတင်ရှေ့နေစာမေးပွဲ)

၁၉၆၅ ခုနှစ်မှာ B.L အချိန်ပိုင်းသင်တန်းကို ပိတ်ခဲ့ပါတယ်။ အမြော်အမြင်ကြီးတဲ့ ရှေးတရားသူကြီးတွေ၊ ပါမောက္ခတွေ၊ ရှေ့နေကြီးတွေရဲ့ တိုက်တွန်းကြိုးပမ်းချက်ကြောင့် (၁ဝ)နှစ်ကြာတဲ့အခါ R.L စာမေးပွဲကို ရာထူးဝန်အဖွဲ့က ကျင်းပပေးပါတယ်။ ဘွဲ့တစ်မျိုးမျိုးရရှိပြီး (၂)နှစ်အချိန်ပိုင်း သင်တန်းတက်ရပါတယ်။ အောင်မြင်ရင် မှတ်ပုံတင်ရှေ့နေလက်မှတ် R.L ရရှိပါတယ်။ တရားလွှတ်တော်ရှေ့နေ ဖြစ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးမှာ ရှေ့နေတွေ အသစ်မွေးမထုတ်တော့တဲ့ အစီအစဉ်ထဲမှာ R.L ပါသွားပါပြီ။ ပထမနှစ်တက်ဆဲ၊ ဒုတိယနှစ်တက်ဆဲ ပုဂ္ဂိုလ်များလည်း R.L စာမေးပွဲတစ်နေ့ ပြန်ဖွင့်ပေး နိုးနိုး နဲ့ စောင့်စားလာခဲ့တာ (၂၅)နှစ် ရှိသွားပါပြီ။ R.L စာမေးပွဲထက် (အို၊ နာ၊ သေ) စာမေးပွဲကို အရင်ရောက်သွားခဲ့ကြပါပြီ။

(စ) Advocateship (တရားလွှတ်တော်ရှေ့နေစာမေးပွဲ)

Advocate ဆိုတာ ရှေ့နေလိုင်စင်ကို ခေါ်ပါတယ်။ Advocateship ဆိုတာ အမြင့်ဆုံး ရှေ့နေဘွဲ့လက်မှတ် ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်ကစပြီး စာမေးပွဲကျင်းပပေးလာခဲ့ပါတယ်။ H.G.P (၇)နှစ်လုပ်သက်ရှိရင် Advocateship ဝင်ဖြေလို့ရပါတယ်။ LL.B ဘွဲ့ရပြီးသူလည်း ဖြေခွင့်ရှိပါတယ်။ (၈)ဘာသာရှိပါတယ်။ ရာထူးဝန်အဖွဲ့က ၁၉၂၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ နှစ်စဉ်ကျင်းပပေး လာခဲ့ပါတယ်။ စာနည်းနည်းခက်လို့ အောင်သူနည်းပါတယ်။ ဂုဏ်ထူးနဲ့ အောင်သူတစ်ယောက် မန္တလေးမှာ ရှိပါတယ်။ ဒီစာမေး ပွဲအောင်ရင် တရားလွှတ်တော်ရှေ့နေ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ H.G.P, R.L တို့နဲ့အတူ ရပ်ဆိုင်း၊ ချုပ်ငြိမ်း၊ ကွယ်ပျောက်၊ အညွန့်ကျိုးသွားခဲ့ပါပြီ။ အထက်တန်းရှေ့နေတွေဟာ တရားလွှတ်တော်ရှေ့နေဖြစ်ခွင့် မရှိကြတော့ပါဘူး။

ဒါကြောင့် ဤပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ဥပဒေဘွဲ့ရမှအပ အခြားဘွဲ့ရ (ဝိဇ္ဖာ၊ သိပ္ပံ၊ အခြား) တွေဟာ ဥပဒေဘွဲ့ ကို လေ့လာခွင့်၊ သင်ယူခွင့်၊ ဖြေဆိုခွင့်၊ ရှေ့နေဖြစ်ခွင့် မရှိကြတော့ပါဘူး။ ၁၉၈၈ ကစပြီး (၂၅)နှစ်တိုင်တိုင် (အခြားဘွဲ့ရရှေ့နေ) မျိုး ဆက်ပြတ်သွားခဲ့ပါပြီ။ မျိုးတုံးတော့မယ့် ရှားပါးရှေ့နေသတ္တဝါများ ဖြစ်သွားပါပြီ။ ပြည်သူတွေ မျက်စိပွင့်မှာ အမြင်ကျယ်မှာ စိုးရိမ်တဲ့ မှားယွင်းတဲ့ အမိန့်တစ်ရပ်ကြောင့် တိုင်းပြည် နဲ့ လူမျိုးဟာ (၂၅)နှစ်ကြာ ဥပဒေသင်ယူခွင့်မရ ဖြစ်ခဲ့ရပါတယ်ဗျာ။ ပညာကို မသတ်ကောင်းပါဘူး။ အလွန်ငရဲကြီးပါတယ်။

ကိုဖြူ ။ ။အခြားဘွဲ့ရတွေဟာ DIL, DBL, DML, M.A (Bsiness Law) ဆိုတဲ့ လက်မှတ်တွေရရင်ရော ရှေ့နေလိုက်လို့ ရသ လားဆရာ။

ယူတီကေ ။ ။ မရဘူး။ ရှေ့နေဖြစ်ခွင့် ဥပဒေစာမေးပွဲ (၅)မျိုးလုံး ပိတ်ထားတယ်။ ဒီစာမေးပွဲတွေ လုပ်ပေး၊ ဖွင့်ပေးချင်ရင် အလွယ်လေးပါဗျာ။ ဥပဒေပညာကို လတ်တလော ဆယ်တန်းအောင်လက်မှတ်နဲ့ပဲ ဆုံးဖြတ်ပြီး သင်ယူခွင့်ရကြပါတယ်။ အခြားနည်းလမ်းနဲ့ သင်ယူခွင့်မရှိတော့ပါဘူး။

ကိုဖြူ ။ ။ အထက်တန်းရှေ့နေအနေနဲ့ အနှစ်(၃ဝ)လောက် လိုက်လာခဲ့တဲ့သူတွေ R.L တန်းလန်းနဲ့ လူတွေ တရားလွှတ်တော် ရှေ့နေဖြစ်ချင်ရင် ဘယ်လိုလုပ်ရမလဲဆရာ။

ယူတီကေ ။ ။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရတာလောက် ခက်တယ်။ အဲဒီ အထက်တန်းရှေ့နေ (၂ဝဝဝဝ)ထဲက (၁ဝ)ယောက်လောက်တော့ (၁ဝ)တန်းပြန်ဖြေကြတယ်။ အောင်ရင် အဝေးသင်တက္ကသိုလ်တွေမှာ LL.B (၅)နှစ် ပြန်တက်ကြတယ်။ အောင်တော့မှ တရားလွှတ်တော်ရှေ့နေ (Advocate) လိုင်စင်ရကြတာ တွေ့ရတယ်။ ရှေ့နေ နှစ်သောင်းမှ (၁ဝ)ယောက်ထဲပါ ဗျာ။ အသက် (၆ဝ) ကျော်ကြီးတွေပါ။ ကာလ၊ ဒေသ၊ ပယောဂ ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံခဲ့ကြတာပါ။

ကိုဖြူ ။ ။ ဘုရား...ဘုရား ..... ဘုရား။ စိတ်ထဲတောင် မကူးရဲပါဘူးဗျာ။

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

No comments:

Post a Comment