Labels

Sunday, January 12, 2014

အဟောင်းက အကြောင်းမလှသလို၊ အသစ်ကလည်း မကောင်းလှသည်မို့


ကျွန်တော်ငယ်စဉ်က အဖေ့ထံတွင် ဆွစ်နိုင်ငံလုပ် နာရီတစ်လုံး ရှိပါသည်။ အဖေသည် ပင်စင်ယူ ပြီးနောက် ထိုနာရီလေးကို တစ်ကိုင်ကိုင် အရိပ်တကြည့်ကြည့်နှင့် လုပ်နေပြီး အနည်းငယ် ပျက်သည် ဆိုရုံနှင့် နာရီပြင်ဆိုင်သို့ ပို့ပါသည်။ သူပင်စင် သွားထုတ်သည့်အခါ ပြင်ချင်ပြင်သည်၊ ကျွန်တော်တို့ အပြင်သွားသည့် အခါလည်း ပြင်ခိုင်းလေ့ရှိသည်။ တစ်ခါတစ်ရံ အိမ်နီးနားချင်းနှင့် ကြုံလျှင်လည်း အကူအညီ တောင်း၍ ပြင်ခိုင်း တတ်ပါသည်။ သူ့နာရီက သူတို့ခေတ်က ငွေကျပ်တစ်ရာ ပေးရသည်ဆိုပြီး အမြဲ ဂုဏ်ယူစွာ ပြောလေ့ရှိသည်။ ကျွန်တော်တို့က အဖေ့နာရီပြင်တာ သူ့မူလ တန်ဖိုးတောင် မကတော့ဘူး ဟူ၍ ကြိမ်ဖန်များစွာ ပြောတော့မှ မရောင်းချင် ရောင်းချင် နှမြောတသစွာဖြင့် ရောင်းလိုက်ရာ မြန်မာငွေကျပ် ငါးထောင် ရပါသည်။ အဖေ ကျေနပ်သွားပုံ ရသည်။ သို့သော် အခြားတစ်ယောက်က အဆိုပါ နာရီမှာ ထို့ထက်များစွာ တန်ဖိုးရှိကြောင်းနှင့် နိုင်ငံခြားငွေနှင့်ပင် များစွာ အဖိုးထိုက်တန်ကြောင်း ပြောဆိုသဖြင့် အဖေမှာ ရောင်းလိုက်မိသော နာရီအတွက် စိတ်မကောင်း ဖြစ်ရ ပြန်ပါသည်။
ထိုအချိန်က အဖေပြောလေ့ရှိသော စကားတစ်ခွန်းကိုလည်း အမှတ် ရမိပါသည်။
သူက “မင်းတို့ခေတ် လူငယ်တွေက ဘယ်နေရာမဆို အသစ်မှ အသစ်ချည်းပဲ။ အဟောင်း ဆိုတာကလည်း သူ့နေရာနဲ့သူ ကောင်းတာပဲကွ။ မင်းတို့ အသစ်တွေကလည်း ခဏ၊ ခဏပျက်လို့ ဟိုဆိုင်ပို့လိုက် ဒီဆိုင်ပို့လိုက်နဲ့ ဘာထူးလဲ။ အဟောင်းကမှ တစ်ခါပြင်ပြီးရင် အကြာကြီးခံတယ်ကွ” ဟု ပြောခဲ့ဖူးပါသည်။
လောကတွင် လူနှစ်မျိုးရှိသည်ဟု ထင်ပါသည်။ တစ်မျိုးမှာ အဟောင်းကို ခင်မင်တွယ်တာ သံယောဇဉ်ကြီးသော သူမျိုးနှင့် နောက်တစ်မျိုးမှာ အသစ်ကိုမှ ပို၍သစ်လွင်၊ ပို၍တောက်ပ၊ ပို၍ အသုံးတည့်သည်ဟု ယူဆသော သူမျိုးတို့ ဖြစ်ပါသည်။ ထိုသူတို့သည် မိမိသန်ရာသန်ရာ အစွဲကိုယ်စီဖြင့် စွဲမိစွဲရာ စွဲကြသည်ဟု ထင်ပါသည်။ အမှန်မှာ အသစ်အဟောင်း ဆိုသည်ထက် ကောင်းတာကို ရွေးချယ်ဖို့ လိုသည်ဟု ထင်မြင် ယူဆမိပါသည်။ အချို့သော အဟောင်း များသည် တာရှည် အသုံးခံသည်၊ ခိုင်ခံ့သည်၊ နာမည်ဂုဏ်သတင်း ကောင်းခြင်းဖြင့် ကျော်ကြားသည်၊ သို့သော် အချို့သော အဟောင်းများသည် မူလပုံစံ ပျက်ယွင်း၍ အသုံးပြုရာတွင် အဆင်မပြေတော့၊ ညစ်ပတ် ပေတူး၍ အမြင်အားဖြင့် မတင့်တယ်တော့၊ အချို့မှာ ဆက်လက်အသုံးပြုလျှင်ပင် လူကို အန္တရာယ်ရှိနိုင်သည့် အနေအထားတွင် ရှိသည်။ ပစ္စည်း အဟောင်း တစ်ခု၏ ကောင်းခြင်း မကောင်းခြင်းသည် မူလ ထုတ်လုပ်သော နိုင်ငံ၊ ကုမ္ပဏီ၊ အမျိုးအမည်/အမျိုးအစားနှင့် ပတ်သက်၍ ကောင်းသော ဂုဏ်သတင်းရှိမှု စသည်တို့သည် များစွာ အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ပါသည်။
ကုန်ပစ္စည်း အမျိုးအစား အသစ်ဆိုသည်မှာ မူလ ကုန်ပစ္စည်းတစ်ခု၏ ခိုင်ခံ့မှုဆိုင်ရာ အရည်အသွေး လိုအပ်ချက်၊ အသုံးဝင်မှုဆိုင်ရာ အရည်အချင်း လိုအပ်ချက် စသည်တို့ကို ထပ်မံ ဖြည့်ဆည်း ဆောင်ရွက်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ကုန်ပစ္စည်း အမည်သစ်ဆိုရာတွင် ပြောင်းလဲ တိုးတက်လာသော ခေတ်၊ စနစ်တို့နှင့် လိုက်လျော ညီထွေစွာ၊ လူတို့၏ လူနေမှု ဘဝတွင် ပိုမို အဆင်ပြေ လွယ်ကူစွာ နေထိုင် လုပ်ကိုင်နိုင် ကြစေရန်အတွက် အသစ်တီထွင် ဖန်တီး ထုတ်လုပ် လာကြခြင်း ဖြစ်ပါသည်။ မိမိတွင် အသုံးပြုရန် အမျိုးအစားတူ ကုန်ပစ္စည်းအဟောင်း ရှိသေးသဖြင့် အသစ်ကို ပြောင်းလဲအသုံးပြုရန် လက်မခံခြင်းမှာ မထောင်းတာ လှသော်လည်း၊ ခေတ် စနစ်၏ လိုအပ်ချက်ကြောင့် တီထွင် လုပ်ဆောင်လာရသော ပစ္စည်း အမည်သစ်ကို ငြင်းဆိုခြင်းသည် ခေတ်သစ်၊ စနစ်သစ်တွင် နောက်ချန်နေရစ်မည့် သဘော၊ နောက်ကျန်နေရစ်မည့် သဘော သာဖြစ်ပါသည်။
အသက်အရွယ် ကြီးရင့်သော သူများအတွက် အသစ်ကို လက်မခံခြင်း၊ အသစ်ကို လိုက်မမီခြင်း၊ ၎င်း၏ မှတ်ဥာဏ်က လေးလံ ထိုင်းမှိုင်းနေခြင်း စသည်တို့ အတွက် အပြစ်မဆိုသာ သော်လည်း လူငယ်တို့ အတွက်မူ အသစ် ဆိုသည်မှာ လေ့လာ အပ်သောအရာ၊ တပ်သိ အပ်သောအရာ၊ ကျင့်ကြံ အသုံး ပြုအပ်သော အရာဟုသာ ဆိုချင်ပါသည်။ အသစ်ကိုလက်ခံ၊ လိုက်နာ၊ ကျင့်သုံး သင့်သည်ဟု ဆိုသဖြင့် အဟောင်းကို လုံးဝပစ်ပယ် ရမည်ဟု ဆိုလိုရင်း မဟုတ်ပေ။ အမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ကဲ့သို့သော အရာများသည်ကာ လိုက်နာ၊ စောင့်ထိန်းရမည့် အရာများဖြစ်ပါသည်။
လူမှုဆက်ဆံရေး နယ်ပယ်တွင် မိမိအပေါ် မကောင်းစိတ်ထား၊ မကောင်းကြံသူ၊ မိမိ၏အမည်နှင့် ဂုဏ်သတင်းကို အကျိုးယုတ ပျက်စီးစေ သူများမှ လွဲ၍ မိမိအကျိုး လိုလားသူ၊ မိမိအပေါ် အနစ်နာခံသူ၊ မိတ်ဟောင်း၊ ဆွေဟောင်းများကို မိတ်မပျက်စေရန် ဆက်လက် ဆက်ဆံဖို့ လိုအပ် သကဲ့သို့ မိတ်သစ်များကိုလည်း ရှာဖွေ၊ ပေါင်းသင်း၊ ဆက်ဆံဖို့ လိုပါသည်။ မိတ်ဆွေ အပေါင်းအသင်း အချင်းချင်း မိတ်ဝတ် မပျက် ရေရှည် ပေါင်းသင်း ဆက်ဆံဖို့ ဆိုသည်မှာကား တစ်ဦး၏ အကျိုး စီးပွားကို တစ်ဦးက စောင့်ရှောက်ခြင်း၊ မိမိကြောင့် မိမိ မိတ်ဆွေ၏ အကျိုးစီးပွားကို မပျက်စီး စေမှသာလျှင် မိတ်ဟောင်း ဆွေဟောင်း အဖြစ် တည်တံ့ ခိုင်မြဲမည်သာ ဖြစ်ပါမည်။ အိမ်နီး နားချင်း ဆွေမျိုး ပေါက်ဖော် ဟူ၍ မည်သို့ပင် အသံကုန် ဟစ်၍ အော်နေ စေကာမူ ၎င်း၏ ပြုမူ ဆောင်ရွက် ချက်များသည် မိမိ မိသားစု ကို ဆင်းရဲတွင်း နက်စေသော ပြုမူ ဆောင်ရွက်ချက်များ ဆိုလျှင် ၎င်းကို နောက်နောင် သတိကြီးစွာ ထား၍ ဆက်ဆံ ပေါင်းသင်း ရမည်သာ ဖြစ်ပါသည်။ အကျိုးလို၍ ညောင်ရေလောင်းသော ကိစ္စများကို ကျွန်တော်တို့သည် သတိကြီးစွာ ထား၍ ဆောင်ရွက်ကြရ မည် ဖြစ်ပါသည်။
နိုင်ငံရေး နယ်ပယ်/ နိုင်ငံရေးလောကတွင်လည်း အလားတူ ပင်ဖြစ်ပါ သည်။ နိုင်ငံရေး နယ်ပယ်တွင် ယေဘုယျ အားဖြင့် နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေး သဘောတရား(ဝါ) နိုင်ငံရေးမူဝါဒ၊ နိုင်ငံတော်မူဝါဒ(ဝါ) နိုင်ငံတော် ဖွဲစည်းပုံ အခြေခံဥပဒေ စသည် အားဖြင့် ရှိကြမည် ဖြစ်ပါသည်။ နိုင်ငံရေး သမားဟု ဆိုရာတွင် အတွေ့အကြုံ ရင့်ကျက်သော သမ္ဘာရင့် ဝါရင့် လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် ကာလက နိုင်ငံရေးသမား ဟောင်းကြီးများ ရှိသလို ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီး နောက်ပိုင်း အကျဉ်းကျ ခံခဲ့ရပြီး ၍ဖြစ်စေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ပြီးနောက် ပြန်ဝင်လာ၍ ဖြစ်စေ၊ အနောက်နိုင်ငံများသို့ ရောက်ရှိသွားကာ ပညာဆက်လက် သင်ကြား ပြီးမှ ပြန်လည် ရောက်ရှိ လာ၍ ဖြစ်စေ ဘဝ အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြသော သစ်လွင်သည့် နိုင်ငံရေးသမားများလည်း ရှိကြပါသည်။
နိုင်ငံရေးသမားနှင့် ပတ်သက်၍ ဆွေးနွေးရလျှင် ‘အသစ်’၊ ‘အဟောင်း’ ဆိုသည်ထက် လူကို အခြေခံ၍ တစ်နည်းအားဖြင့် သူ၏ခံယူချက်ကို အခြေခံ၍ ကြည့်ရမည်ဟု ထင်ပါသည်။ ကျွန်တော် တစ်ဦးတည်း၏ အမြင်ကို တင်ပြရ မည်ဆိုလျှင် နိုင်ငံရေးသမားဟူသည်-
- တိုင်းပြည်နှင့်လူမျိုးကို ချစ်ရမည်ဟု ဆိုသည်ထက် ချစ်တတ် ရမည်ဟု ဆိုချင်ပါသည်၊
- ရိုးသား ဖြောင့်မတ်ရမည် ဖြစ်သော်လည်း မိမိမှ လွဲ၍ အခြား သူများကို မရိုးသား သူများဟု မယူဆသူ ဖြစ်ရပါမည်၊
- နိုင်ငံရေး သဘောတရား ရှိရမည် ဖြစ်သော်လည်း တစ်ယူသန်၊ တစ်ဖက်စွန်း ရောက်သူ မဖြစ်သင့်ပါ၊
- ထူးချွန်ထက်မြက်သူ ဖြစ်ရန်လိုအပ်သော်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲပြီး တစ်ကိုယ်ကောင်းဆန်သူ မဖြစ်စေလိုပါ၊
- အသင်းအဖွဲ့နှင့် စုပေါင်း လုပ်ဆောင်တတ်ရန် လိုအပ်သော်လည်း အရာရာတွင် သူတစ်ပါးကို မှီခိုလွန်းသူ မဖြစ်စေလိုပါ၊
- ညှိနှိုင်းပေါင်းစပ် အဖြေရှာတတ်သူ ဖြစ်ဖို့ လိုအပ်သော်လည်း ပြည်သူ့ အရေး၊ နိုင်ငံ့အရေးနှင့် ယှဉ်လာလျှင် မိမိလိုရာဘက်သို့ အပါ ဆွဲဆောင်နိုင် ရပါမည်၊
- နိုင်ငံရေး ခေါင်းဆောင် အဖြစ်ကို ရယူရာတွင် လက်နက်အားကိုး၊ ပြည်ပအားကိုးခြင်း ထက် ပြည်သူ့အားကို ရယူနိုင်သူ ဖြစ်ရပါမည်၊
- အသက်အရွယ် ကြီးရင့်ခြင်း၊ အတွေ့အကြုံကြွယ်ဝခြင်း၊ အသက်အရွယ် ငယ်ခြင်း၊ အတွေ့အကြုံ နုနယ်ခြင်းဆိုသည်ထက် ပြဿနာများ၊ အခက်အခဲ အကျပ်အတည်းများ၊ စိန်ခေါ်မှု များကို တိုင်းရင်းသားအရေး/ အမျိုးသားရေး/ နိုင်ငံ့အရေးနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ နိုင်ငံတကာ အရေး စသည်တို့ကို သမမျှတစွာ/ သဟဇာတ ဖြစ်စွာ ရှုမြင်သုံးသပ် ဆုံးဖြတ်နိုင်သူ ဖြစ်ရပါမည်။
ဤဆောင်းပါး၏ မူလ ရည်ရွယ်ချက် ပျောက်သွားမည်စိုးသဖြင့် မိမိ မကျွမ်းကျင်သော နိုင်ငံရေး သဘောတရားများနှင့် နိုင်ငံရေး အတွေးအခေါ် အယူအဆများကို မဆွေးနွေးလိုပါ။ သို့သော် နိုင်ငံရေးသမားများ အားလုံးနှင့်သော် လည်းကောင်း၊ ပြည်သူအားလုံးနှင့် သော်လည်းကောင်း ပတ်သက် စပ်ဆိုင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြ သွားမည်ဖြစ်ပါသည်။
ကျွန်တော်တို့ နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးခု ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါသည်။ ဥပဒေအဟောင်းဟု ဆိုရမည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အားနည်းချက်များကို အကြောင်းပြု၍ ၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို ရေးဆွဲကာ ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်း ချက်များနှင့် ထိုဥပဒေအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတို့၏ အားနည်းချက် များကြောင့် ၁၉၈၈ ခုနှစ်တွင် လူထု အုံကြွမှုကြီး ဖြစ်ပေါ်ကာ တပ်မတော်က အာဏာသိမ်းခဲ့ပြီး ၁၃ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့် ခဲ့သည့် အမျိုးသား ညီလာခံ တစ်ရပ်ကို ကျင်းပ၍ အခြေခံမူများ ချမှတ်လျက် ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေ အသစ်ကို ပြဋ္ဌာန်းခဲ့ ပြန်ပါသည်။ အခြေခံဥပဒေအဟောင်း နှစ်ခု မကောင်းသဖြင့် အသစ် ပြောင်းရသလို တိုင်းပြည်လည်း နှစ်ခါပြောင်းခဲ့ ရပြီ ဖြစ်ပါသည်။ ယခု ပြောင်းလိုက်သည့် အသစ်ကရော ကောင်းပါပြီလား...။
ကောင်းမကောင်းတော့ မသိပါ။ ပြောင်းဖို့တော့ လုပ်နေကြပြီ ဖြစ်ပါသည်။ ရေးဆွဲခဲ့သည့် သက်တမ်းမှာ ကမ္ဘာကျော်လောက်အောင် ကြာခဲ့သော်လည်း အတည်ပြုပြီးသည့် သက်တမ်း လေး၊ ငါးနှစ်အကြာ၊ အကောင်အထည် ဖော်သည့်သက်တမ်း ၂ နှစ်၊ သုံးနှစ် အကြာတွင် ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါ အဝင် တစ်တိုင်း၊ တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက်တည်း ပြောင်းဖို့ တာစူ နေကြပြီ ဖြစ်ပါသည်။ ကျွန်တော် အထက်တွင် ရေးသား တင်ပြခဲ့သည်မှာ မည်သည့်ကဏ္ဍ၊ မည်သည့် နယ်ပယ်၌မဆို ကောင်းသည့် အဟောင်းရှိသလို၊ ကောင်းသည့် အသစ်လည်း ရှိသည့်အကြောင်း ဖြစ်ပါ သည်။ ယခု ကျွန်တော်တို့ ကြုံတွေ့နေရသည် ကားအဟောင်းလည်း မကောင်း၊ အသစ်လည်း မကောင်းသည့် အဖြစ်ပင် ဖြစ်ပါသည်။
၄၇ မကောင်းဟု ဆိုကာ ၇၄ ကို ရေးဆွဲ ပြဋ္ဌာန်းခဲ့ကြပါသည်။ နောက်တစ်ခါ ၇၄ မကောင်း၍ ၂၀၀၈ ကို ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်း ခဲ့ကြ ပြန်ပါသည်။ ယခုတစ်ခါ ၂၀၀၈ ကို တစ်တိုင်း၊ တစ်ပြည်လုံးက မကောင်း၍ ပြောင်းဖို့ ပြင်နေကြ ပြန်ပါသည်။ ဤသို့ဆိုလျှင် ဤနေရာတွင် မေးစရာ ရှိလာသည်မှာ...ပြောင်းတိုင်းရော ကောင်းပါရဲ့လားဟူသည့် မေးခွန်းပင်ဖြစ်ပါသည်။
လောကတွင် ပြောင်းတိုင်းလည်း မကောင်းသလို၊ ပြောင်းသင့် ပြောင်းထိုက်ပါလျက် မပြောင်းဘဲနှင့် အဟောင်းကိုပဲ ပေ၍သုံးနေပါက မဖြစ်သင့် မဖြစ်ထိုက်သည်များ ဖြစ်ပေါ်လာနိုင်ပြီး အပ်နှင့် ထွင်းရမည့် ကိစ္စကို ပေါက်ဆိန်နှင့် ထွင်းရမည့် အဖြစ်မျိုးသို့ ရောက်ရှိ သွားနိုင်ပါသည်။ ယခင်က အစိုးရနှင့် ပြည်သူတို့က အခြေခံဥပဒေ နှစ်ခုစလုံးကို အခြေအနေနှင့် အချိန် အခါ အားလျော်စွာ တိုင်းပြည် နိုင်ငံနှင့် သင့်လျော်၏/မလျော်၏ ပြန်လည် သုံးသပ်ခြင်းမျိုး မရှိခဲ့သဖြင့် မမျှော်လင့်သော အဖြစ်များ ဖြစ်ပေါ်ခဲ့ ရပါသည်။ ယခုအခါတွင်မူ ပွင့်လင်း လွတ်လပ်လာသော နိုင်ငံရေး အခြေအနေ ပေးမှုနှင့် အတူ ပြည်သူတို့၏ နိုင်ငံရေးနှင့် နိုင်ငံ့အရေး တို့အပေါ် စိတ်ပါဝင်စားလာမှု၊ နိုင်ငံရေး အတွေးအခေါ်များ ပိုမို မြင့်မားလာမှုတို့ကြောင့် အခြေခံဥပဒေ၏ အားနည်းချက်များ၊ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီမှုများ၊ အာဏာရှင် အငွေ့အသက် မကင်းခြင်းများကို ကိုယ်တွေ့မျက်မြင် တွေ့ရှိခံစား ကြရသည် ဖြစ်ရာ အခြေခံဥပဒေတစ်ခု၏ နုနယ်သော သက်တမ်း ကာလ အတွင်းမှာပင် ပြုပြင် ပြောင်းလဲဖို့ ကြိုးပမ်း ဆောင်ရွက်လာကြခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အခြားနိုင်ငံများနှင့် မတူ ထူးခြားသော အချက်တစ်ခုမှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် သွေးထွက်သံယိုမှု မရှိဘဲ ညင်သာစွာ ကူးပြောင်းခဲ့သလို အာဏာရှင် စနစ်အောက်တွင် အာဏာရှင် အလိုကျ ရေးဆွဲခဲ့သော ဖွဲစည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လည်း လွှတ်တော်၊ အစိုးရအဖွဲ့၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ လူထုတစ်ရပ်လုံးက တစ်ပြေးညီ၊ တစ်ခဲနက် ဆန္ဒတူညီကြပုံမှာ မြန်မာ့ လွတ်လပ်ရေးအတွက် တစ်တိုင်းပြည်လုံး စည်းလုံး ညီညွတ်ခဲ့ပုံ နှင့် အလားသဏ္ဌာန် တူညီနေပါသည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့သည် မကြာသော ကာလတွင် အမှန်တကယ် လွတ်လပ် ပွင့်လင်းသော၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားတို့၏ အခွင့်အရေး အပြည့်အဝ ရရှိသော၊ ဒီမိုကရေစီစံနှုန်းများ နှင့်ကိုက်ညီသော၊ ဖက်ဒရယ်ပြည်ထောင်စုကြီး အဖြစ်၊ ဖြစ်ထွန်း ပေါ်ပေါက်လာမည်ဟု အလေးအနက် ယုံကြည်မိပါသည်။
ဤသို့ ယုံကြည်သည့် အတိုင်းဖြစ်ဖို့ဆိုလျှင် အဟောင်းထဲက မကောင်းတာတွေကို အားလုံးက မကောင်းကြောင်း တစ်ပြေးညီ သိမြင်ကြဖို့ လိုပါသည်။ တစ်ဦးက မကောင်းမြင်ပြီး တစ်ဦးက အကောင်းမြင်နေ၍လည်း မဖြစ်ပါ။ မိမိအတွက် ကောင်းသည် မကောင်းသည်ကို မစဉ်းစားဘဲ၊ ပြည်သူအတွက် ကောင်းသည်၊ မကောင်းသည်ကိုသာ စဉ်းစားဖို့ လိုပါသည်။ ပြည်သူကို အထင်သေး ၍မရပါ။ ပြည်သူသည် ဒီမိုကရေစီ စနစ်နှင့် မထိုက်တန်သေး ဟုဆိုကာ ဟိုဟာလေး ထိန်းချုပ်ထားချင်၊ သည်ဟာလေး ထိန်းချုပ်ထားချင်သော အတွေးအခေါ် တို့ကား လွန်ခဲ့သော ရာစုနှစ်များတွင် ထားခဲ့သင့်ပြီ ဟု ယူဆပါသည်။
“ဟိုလူ့ကို သမ္မတပေးလိုက်လျှင် တိုင်းပြည်တော့ ဘာဖြစ်ရချည်ရဲ့၊ ညာဖြစ်ရချည်ရဲ့၊ ငါတို့ပဲ အုပ်ချုပ်မှ ရမှာပါလေ” ဟူသော ပြည်သူကို အထင်အမြင် သေးပြီး မိမိကိုယ်ကိုယ် အထင်ကြီး ဘဝင်မြင့်သော စိတ်များလည်း ဖျောက်ကြဖို့ အချိန်တန်ပါပြီ။ ပြည်သူကိုသာ ယုံ၍ ပုံအပ်လိုက်ပါ။ ပြည်သူသည် သူ့နိုင်ငံကို သူ ထိန်းကျောင်း၍ သူ့လမ်း သူထွင်သွားပြီး ပြည်သူ၏ သမိုင်းကို ပြည်သူက ရေးပါလိမ့်မည်။ ကမ္ဘာပေါ်တွင် ပြည်သူတို့ ကိုယ်တိုင် ကိုယ့်သမိုင်း ကိုယ်ရေးသော နိုင်ငံတို့ ဆင်းရဲမွဲတေ သွားသည်ဟူ၍ မကြားဖူး ခဲ့ပါပေ။
ပြည်သူတို့ ကိုယ်တိုင်ကိုယ်ကျ မရေးဆွဲခဲ့ရသော အခြေခံဥပဒေ အဟောင်းများ အကြောင်း မလှခဲ့သလို မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် လုံခြုံမှု ကိုသာ အသားပေး ရေးဆွဲခဲ့ပြီး၊ ပြည်သူ့ အကျိုးစီးပွားနှင့် ပြည်သူ့လုံခြုံမှုကို လျစ်လျူရှုကာ အတင်းအဓမ္မ ရေးဆွဲ အတည်ပြုခဲ့သော အသစ် သည်လည်း မကောင်း လှသည်ကြောင့် ခဏ၊ ခဏလည်း မပြင်ကြ ရအောင်၊ အမြင်လှရုံ သာ ပြင်ကြဖို့ မဟုတ်ဘဲ အာဃာတတွေ၊ အမုန်းတွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ၊ ကိုယ်ကျိုးစီးပွားတွေကို ဘေးဖယ်ပြီး ပြည်သူတို့၏ နိုင်ငံတော်ကို ပြည်သူတို့ ကိုယ်တိုင် ပြုပြင်ရေးဆွဲသော အခြေခံဥပဒေဖြင့် ပြည်သူတို့ ကိုယ်တိုင် အုပ်ချုပ်ခွင့် ပြုသင့်ကြောင်းပါ ... ခင်ဗျာ။

                                                                                      သိန်းထက်အောင် 
The voice Journal

No comments:

Post a Comment