● ၁၄ တဲ့ ၁၄
ကြိုလိုက်ကြတာမှ အားပါးတရ
သေရွာရောက်သူရောက်
အရေးပေါ် ရောက်သူရောက်
သေရည်တွေ ချောင်းစီး
အရက်နာ ကျသူတွေလည်း ကျ
ပြီးတော့ အော်လိုက်ကြသေး
ဟက်ပီးနယူးရီးယားတဲ့
ဒါ မြန်မာ့ယဉ်ကျေးမှုလား။ …
● ၁၄ တဲ့ ၁၄
ကျပ်သိန်းပေါင်းများစွာ အကုန်ခံ
စတေ့ခ်ျစင်တွေ ဆောက်
ဆံရှည်တွေ တရမ်းရမ်း
ခန္ဓာကိုယ်တွေ တရမ်းရမ်း
ခုန်ကြ ပေါက်ကြ ဆိုကြ ဟစ်ကြ
(မြန်မာ့နှစ်ကူးနဲ့ လားလားမဆိုင်)
အဲဒါကို ရုပ်သံလိုင်းတွေက Live ပြ
ယဉ်ကျေးမှုဆိုတဲ့ ပေတံကြီး
ဘယ်ချောင်ကပ် နှာစေးနေပါလိမ့်။
● အဲဒီပေတံကြီး
ထုတ်သုံးချင်တဲ့အခါ သူတို့သုံး
စာနယ်ဇင်းကောင်စီသို့ အကြောင်းကြား
““မြန်မာ့ယဉ်ကျေးမှုနဲ့ မဆီလျော်
ဟီရိသြတ္တပ္ပကင်းမဲ့””
စရိုက်မသိလို့ကတော့
မျိုးချစ်စစ်စစ်တွေလို့ လက်ခုပ်တီးချင်စရာ။
● အနောက်ဆိုရင် ခါးခါး
တံခါးကို ချက်ထိုးခဲ့တဲ့ ခေတ်ကတည်းက
မော်ဒယ်လ်တွေ နိုက်ကလပ်တွေ
ကေတီဗွီတွေ မာဆတ်တွေ
မှောင်ခိုဈေးကွက်နဲ့ ကာမရောင်းပွဲကြီး
နီးစပ်ရာလုပ်ခွင့်ရ
လိုင်းကြေးရသူများလည်းရ။
● ဒါပေမဲ့ တွင်တွင်အော်
““ယဉ်ကျေးမှုအရေး
အမျိုးသားအရေး””
အမျိုးသမီးအရေးကတော့
တချို့ ဖဲမွေ့ရာထက်
တချို့ ဖျာကြမ်းထက်
သူ့အဆင့်နဲ့ သူ့ဈေး
ယိုးဒယား ပြေးသူပြေး
တရုတ်မယား လုပ်သူလုပ်။
● သရုပ်အမှန်က အဲဒီလိုဖြစ်နေပေမယ့်
အတုအယောင် မျိုးချစ်ဝါဒီတွေကတော့
တီဗွီမှာလည်းအော် သတင်းစာမှာလည်း ကြော်
အမျိုးသားရေး စရိုက်လက္ခဏာ
အမျိုးသား ယဉ်ကျေးမှု . . . . .
—————— ။
● ၁၄ တဲ့ ၁၄
နှစ်သစ်မှာ စိတ်သစ်မွေးပြီး
ကြွေးကြော်သလို ဖြစ်အောင်လုပ်
ပေတံကို လိုသလို ထုတ်မသုံးနဲ့
စရိုက်ပျက် စရိုက်ညစ်တွေကို
ရာဇ၀င်ထဲမှာ ထားရစ်ခဲ့
ဒါ ပြည်သူ့အတွက်
နှစ်သစ်လက်ဆောင်။
No comments:
Post a Comment