ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီ ဥက္ကဌ သူရဦးအောင်ကိုထံ လွန်ခဲ့သော ၃လခန့်က စာတိုက်မှ ပေးပို့တင်ပြ ထားသည့်စာ
သို့
သူရဦးအောင်ကို
ဥက္ကဌ
တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီ
ပြည်သူ့လွှတ်တော်၊ နေပြည်တော်
၁။ ကျွန်တော်သည် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)၊
စီမံခန့်ခွဲမှုပညာဌာနတွင် လက်ထောက်ကထိက အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ
ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ International Master of Public
Administration (IMPA) ဘာသာရပ်ဖြင့်
၂၀၁၂ ခုနှစ်တွင် ဘွဲ့ယူပြီးပြန်လာစဉ် ရာထူတိုးမြှင့်မခံရသည့်
ကိစ္စနှင့်ပတ်သက်၍ မိမိ၏နစ်နာချက်ကို အသနားခံစာ တင်သည့်အတွက် ၀န်ထမ်းအဖြစ်မှ
ထုတ်ပစ်ခံခဲ့ရပါသည်။ ထို့အပြင် မိသားစုနှင့်လည်းအတူမနေနိုင်အောင်နှင်ထုတ်ခံခဲ့ရပါသည်။တက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေသော
ကျွန်တော်၏ဇနီးအားလည်း ခေါ်ကာခြိမ်းခြောက်ခြင်း၊ တက္ကသိုလ်တွင်
ဆက်လက်တာဝန်မထမ်းဆောင်ချင်ရန်၊ မထမ်းဆောင်နိုင်ရန် အကွက်ချ
စီမံဆောင်ရွက်နေခြင်းတို့ကိုလည်း ကြုံတွေ့ခံစားခဲ့ရပါသည်။ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာမိတ္တူများနှင့် သက်သေထွက်ဆိုချက်များကို တောင်းခံရာတွင်လည်း ၀င်ခွင့်မပေးခြင်း၊ တစ်ဆင့်ခံကာပေးခြင်း၊အယူခံလွှာတင်သည့် အခါတွင်လည်း ၀င်ခွင့်မပေးခြင်း၊ လက်မခံခြင်းတို့ကို ကြုံတွေ့ခံစားခဲ့ရပါသည်။
၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့လက်အောက်ရှိ
ဗဟိုဝန်ထမ်းတက္ကသိုလ်များသည် နိုင်ငံ့ဝန်ထမ်းများ အရည်အသွေးမြင့်မားရေး၊
စိတ်ဓါတ်ဖြောင့်မတ်မှန်ကန်ရေး၊ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်ညီ
လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊
ရုံးလုပ်ငန်းများ တညီတညွတ်တည်းဖြစ်ရေး၊ မှန်ကန်သောစီမံခန့်ခွဲမှုနှင့်
ခေါင်းဆောင်မှုများ ပေးနိုင်ရေး၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ငွေကြေးကိုင်တွယ်သုံးစွဲနိုင်ရေးတို့ကို ဦးတည်၍ လေ့ကျင့်ပျိုးထောင်ပေးနေသော တက္ကသိုလ်တစ်ခုဖြစ်ပါသည်။
၃။ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့်အညီ နိုင်ငံတကာအဆင့်အတန်းမီသော၊ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ နိုင်ငံဝန်ထမ်းများ၏စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေးတို့အတွက် အရည်အချင်း ပြည့်မီသော၊ ရလဒ်ကောင်းများဖော်ဆောင်ပေးနိုင်သော၊
ပညာအရည်အချင်းမြင့်မားသော၊ ရရှိလာသောပညာ အရည်အချင်းနှင့်အညီ
စွမ်းဆောင်နိုင်သော သင်ကြားရေးဝန်ထမ်းများကို ခန့်ထားခြင်း၊
ရာထူးတိုးမြှင့် ပေးခြင်းတို့ကို အနာဂတ်အမြင်ရှိရှိဖြင့်
ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါသည်။
၎။ သို့သော်
စံနမူနာပြရမည့်ကျွန်တော်တို့ တက္ကသိုလ်တွင်မူ လုပ်ရည်ကိုင်ရည်နှင့်
စွမ်းဆောင်နိုင်မှု၊ပညာ အရည်အချင်းတို့ထက် လုပ်သက်တစ်ခုကို အဓိကထားပြီးမှသာ
ကျန်သည်တို့ကို စဉ်းစားမည့်အကြောင်း ခေတ္တ ပါမောက္ခချုပ်မှ
အပတ်စဉ်အစည်းအဝေးတွင် ပြောခဲ့ပါသည်။ ကထိကရာထူးတိုး ပေးရာတွင်လည်း လုပ်သက်၊
စွမ်းဆောင်ရည်၊ ပညာအရည်အချင်း ဘာကိုအဓိကထားပေးမှန်း မသိရသည့်မူဖြင့်
ဆောင်ရွက်ခဲ့ပါသည်။ လုပ်သက်အရပေးသည်ဆိုပါကလည်း လုပ်သက်များသူများ
ကျန်နေခဲ့ခြင်း၊ ပညာအရည်အချင်း အရလည်း ရာထူးတိုးမပါသူများထက်
ပညာအရည်အချင်းနိမ့်ကျသူများပါနေခြင်း၊
စွမ်းဆောင်ရည်အရ ဆိုပါကလည်း စွမ်းဆောင်ရည်နိမ့်ကျသော၊
ယင်းတို့သင်ကြားနေသည့် ဘာသာရပ်ကိုပင် မကျွမ်းကျင်၊ မနှံ့စပ်သောသူများ
ပါဝင်နေခြင်းတို့သည် တိကျသောမူဝါဒမရှိကြောင်း ပေါ်လွင်ထင်ရှားပါသည်။
ထို့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးခင်မောင်အေး၏ ကိုယ်ရေးအရာရှိသည်
မိမိတို့တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသူမဟုတ်ပဲ၊
သင်ကြားရေးတာဝန်ထမ်းဆောင်နေသူမဟုတ်ပဲ ကထိကရာထူးတိုးပေးခဲ့ပါသည်။
၅။ စီမံခန့်ခွဲမှုပညာဌာနမှ လက်ထောက်ကထိကများ တစ်ယောက်မျှ ရာထူးတိုးမပါပဲ
လူမှုရေးပညာဌာနနှင့် နိုင်ငံရေးသိပ္ပံပညာဌာနတို့မှ လက်ထောက်ကထိကများကို
စီမံခန့်ခွဲမှုပညာဌာနတွင် ရာထူးတိုးပေးခဲ့ခြင်း၊ စီမံခန့်ခွဲမှုပညာဌာနသည်
ပညာဌာနများတွင်အကြီးဆုံးနှင့် လက်ထောက်ကထိက အများဆုံးဌာနဖြစ်ခြင်း၊
ပို့ချနေသောဘာသာရပ်များ မတူခြင်းတို့အရ မသင့်တော်သော၊
မမျှတသောရာထူးတိုးမြှင့်မှု တစ်ခုပင်ဖြစ်ပါသည်။
၆။ ယင်းရာထူးတိုးမြှင့်မှုနှင့်ပတ်သက်ပြီး
မကျေနပ်၍့် စီမံခန့်ခွဲမှုပညာဌာနမှ ကျွန်တော်နှင့် ဒေါ်နုနုကြည် တို့မှ
ပြည်ထောင်စုရာထူးဝန်ဥက္ကဌထံ မိမိတို့၏နစ်နာမှုအတွက် အသနားခံစာ ( တိုင်ကြား
စာမဟုတ် ) တင်ခဲ့ပါသည်။ ယင်းသို့တင်သည်ကို အကြောင်းပြုကာ ကျွန်တော့်ကို
ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့ပါသည်။
၇။ စာမေးပွဲကျရှုံးသူများကို
ရာထူးတိုးပေးထားသည်မှာ မှန်ကန်နေခြင်း၊ ကထိကရာထူးအတွက် တစ်ဦးချင်း၏
သင်ကြားရေးစွမ်းရည်၊ ဘာသာရပ်နှံ့စပ်ကျွမ်းကျင်မှုတို့ကို
ကြည့်ရန် လိုအပ်ချက်မှာလည်း မှန်ကန်နေခြင်း၊ စလယ်ဆုံးပါဝင်သော ကျွန်တော်၏
စာစီစာကုံးလေးမျက်နှာကို ၅ မှတ်သာပေးထားသည်မှာလည်း မှန်ကန်ခြင်း၊
တရုတ်ပညာတော်သင် ကိစ္စတွင်လည်း သူများမသွားချင်သည်ကို ကျွန်တော်
သွားခဲ့သည်မှာလည်း မှန်ကန်နေခြင်း(စာမလိုက်နိုင်မှာ
ကြောက်၍မသွားချင်ကြ)၊ “နွားထီး ၅ ကျပ်၊ နွားမ ၅ ကျပ်” မူဝါဒသည် မှန်ကန်သော
ယှဉ်ပြိုင်မှု၊ မှန်ကန်သောကြိုးစားမှုကို မဖြစ်စေပဲ၊ မမှန်ကန်သော
ယှဉ်ပြိုင်မှုများကို ပေါ်ပေါက်လာစေနိုင်ကြောင်းမှာလည်း မှန်ကန်ခြင်း၊ ညံ့မှကြိုက်သည့် အပြုအမူနှင့် လုပ်ရပ်သည် တက္ကသိုလ်ကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်းမှာလည်း
မှန်ကန်ခြင်း စသည်တို့အရ လိမ်လည် စွပ်စွဲ တိုင်ကြားခြင်းမဟုတ်ပဲ
အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်း တင်ပြထားခြင်းသာဖြစ်ပါသည်။
၈။ အမှန်တရားပျောက်ကွယ်နေလျှင်၊ အဂတိတရားများဝင်နေလျှင်၊ အုပ်စုဖွဲ့၍
အဖွဲ့အစည်းအကျိုးထက် အုပ်စုအကျိုးကိုသာ ဖေါ်ဆောင်နေလျှင် ကျွန်တော်တို့
တက္ကသိုလ်သည် ပြည်ပမီဒီယာများ၏ ထုတ်လွှင့်မှု၊ လွှတ်တော်တွင်တင်ပြခံရမှုများ
ထပ်မံကြုံတွေ့လာနိုင်သကဲ့သို့ အဖွဲ့အစည်း၏ Capacity လည်း
ကျဆင်းလာနိုင်ခြင်း၊ စံနမူနာပြရမည့် တက္ကသိုလ်တစ်ခုအနေဖြင့်Capacity
ကျဆင်းလာနိုင်ခြင်း၊ ၀န်ထမ်းတစ်ဦးချင်း၏ ပညာနှင့်
စွမ်းဆောင်ရည်မြင့်မားရေး ကြိုးစားလိုစိတ်များ ဆိတ်သုဉ်းလာစေနိုင်ခြင်း၊
လုပ်ငန်းခွင်ပျော်ပိုက်မှု ကင်းမဲ့လာခြင်းတို့ဖြစ်ပေါ်လာစေနိုင်သောကြောင့်
မိမိအလုပ်ထုတ်ခံရသည်ဖြစ်စေ၊ ပင်စင်ပေးခံရသည်ဖြစ်စေ ၀န်ထမ်းများအတွက်၊
နိုင်ငံအတွက်စွန့်လွှတ်စွန့်စား လုပ်ဆောင်သွားမည်ဟု စိတ်ဆုံးဖြတ်၍
မိမိကိုယ်တိုင် လုပ်ကိုင်ခဲ့ခြင်း၊ ဆန္ဒရှိသူတစ်ဦးအားလည်း ကွန်ပျူတာ
စာစီပေးခြင်းသည် သွေးထိုးလှုံ့ဆော်မှုဟုမမြင်ပါ။ မိမိတို့တက္ကသိုလ်ကြီး
လမ်းကြောင်းမှန်ပေါ်တွင် အရှိန်ကောင်းကောင်းနှင့် ရပ်တည်စေလိုသော စေတနာသာ
ဖြစ်ပါသည်။
၉။ မည်သည့်အကြီးအကဲမှ တိုင်ကြားမှုကိုအားပေးမည်မဟုတ်ပါ။
ပါမောက္ခချုပ်အနေဖြင့် မိမိတင်ပြ နေသည်ကို “အေး၊အင်း”
စသည်ဖြင့်စကားထောက်ခြင်းလား ဧည့်ထောက်စကားဟု ခေါ်မည်လား ပြောသည့်
သဘောသာဖြစ်ပါသည်။ ဥက္ကဌထံအသနားခံစာ(တိုင်ကြားစာမဟုတ်)
တင်ပြရာတွင်လည်း ပါမောက္ခချုပ်နှင့် ကျွန်တော် စကားပြောအတိုင်း
တင်ပြထားခြင်းသာဖြစ်ပါသည်။ ပါမောက္ခချုပ်မှ တိုင်ကြားခိုင်း၍
တိုင်ကြားခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားထားမှုမရှိပါ။
လူကြီးတစ်ယောက်အနေဖြင့် တိုင်ကြားခိုင်းခြင်း၊ အားပေးခြင်းကိုပြုမည်
မဟုတ်ကြောင်း ကလေးများပင်သိနိုင်ပါသည်။ သို့ဖြစ်၍ ကျွန်တော့်အနေဖြင့်
ပါမောက္ခချုပ်မှတိုင်ကြားခိုင်း၍ တိုင်ကြားသည်ဟု ပြောရန် အကြောင်းမရှိနိုင်ပါ။
၁၀။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးမှ
ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး၊ဇီးပင်ကြီး)မှ ရာထူး
များကိုယူကာ တိုးပေးခဲ့ပြီး အပေါ်ရုံးများမှာသာနေစေ၍ အပေါ်ရုံးများတွင်
ရာထူးနေရာများပေါ်သောအခါ ၄င်းတို့ကိုပင်ရာထူး
ဆက်လက်တိုးမြှင့်ခြင်းများကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး၊ဇီးပင်ကြီး) မှ ၀န်ထမ်းများမှာ များစွာနစ်နာခဲ့ကြရပါသည်။
၁၁။ နိုင်ငံခြားအခွင့်အရေးတွင်လည်း ၄င်းဖော်ပြပါပုဂိ္ဂလ်များမှာ ရာထူးတိုးမြှင့်ရေးကဲ့သို့ပင် ထပ်မံအခွင့်ထူးများရခဲ့ကြပါသည်။ အချို့ဆိုလျှင် အကြိမ် ၃၀ ကျော်အထိရှိပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)
တွင်မူ သွားရသူများမှာ ထိုတစ်ဝက်ခန့်သွားရလျှင်ပင် အလွန်ကံကောင်းလှပါသည်။
လုံးဝမသွားကြရသေးသူများပင် ရှိနေပါသည်။ ထို့အပြင်အပေါ်ရုံးမှသူများအနေဖြင့် စိတ်ကြိုက်ရွေးချယ် သွားရောက်နိုင်သည့် အခွင့်အရေးပင်ရရှိခဲ့ကြပါသည်။
၁၂။ ယခုရာထူးတိုးခဲ့သည့် ကိစ္စတွင်လည်း (၂၅.၁၀.၂၀၁၂)နေ့ ကျောင်းမိန့်အမှတ်
၁၉၉/၂၀၁၂(၃၆၅/ ၂၀၁၂)ဖြင့် အပေါ်ရုံးမှ (၂)ဦးကို ( ဇီးပင်ကြီးရာထူးကိုယူ၍
အပေါ်ရုံးတွင် တွဲထားသူများ) ဖောင်ကြီးသို့ ပြောင်းရွှေ့ပေးကာ
(စာရွက်ပေါ်တွင်သာ) တစ်ဦးကိုဖောင်ကြီးမှ ကထိက ရာထူးသို့ တိုးပေးခဲ့ပါသည်။
၁၃။ အပြီးသတ်အမိန့်ချမှတ်ရန် အပြစ်ပေးခြင်းမရှိသေးမီ
တစ်လကျော်နှစ်လနီးပါးခန့်ကပင် ကြိုတင်၍ ပြည်ထောင်စု
ရာထူးဝန်အဖွဲ့ရုံး၌ပြုလုပ်သော နိုင်ငံခြားအတွေ့အကြုံ ရှင်းလင်းပွဲတစ်ခုတွင်
အဖွဲ့ဝင် ဦးခင်မောင်အေးမှ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး၊
ဇီးပင်ကြီး)၊ အဖွဲ့ရုံး၊ ၀န်ထမ်းရေးရာဦးစီးဌာနနှင့်
ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေးဦးစီးဌာနမှ အရာထမ်းများရှေ့မှောက်၌
ညွန့်လှိုင်ကို ရာထူးတိုးပေးလို့ မရဘူး သူ့ရမှတ်နဲ့ ဘယ်လိုမှမရနိုင်ဘူး
ဒီကောင်တော့ နာတော့မယ်စသည့်ဖြင့် အတွေ့အကြုံရှင်းလင်းပွဲနှင့်
မဆိုင်သောစကားကို ပြောခဲ့ပါသည်။ ၁၁.၁.၂၀၁၃ နေ့တွင်လည်း ဗဟိုဝန်ထမ်းတက္ကသိုလ်
(ဖောင်ကြီး) န၀ရတ်ခန်းမ၌ တက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများရှေ့မှောက်တွင်
အဖွဲ့ဝင်ဦးခင်မောင်အေးကပင် “ကျောင်းအပေါ် သစ္စာမရှိဘူး၊ ကျောင်းရဲ့ကျေးဇူး
တရားကို နားမလည်ဘူး။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်တယ်”
စသည်ဖြင့်ပြောခဲ့ပြန်ပါသည်။ ထိုအခမ်းအနားတွင် ပါဝါပွိုင့်ဖြင့်
ရှင်းပြခဲ့သည့် ၀န်ထမ်းများကို ပံ့ပိုးမှုစာရင်း ဇယားများမှာ ၀န်ထမ်းများ
အမှန်တကယ် မရရှိခဲ့သည်များကိုပေးခဲ့သကဲ့သို့ ရှင်းပြသွားပါသည်။ ၀န်ထမ်းများရှေ့တွင် ဖြောင်ကျကျ လိမ်လည်မှုသာဖြစ်ပါသည်။
၁၄။ ရာထူးတိုးမြှင့်ရေးတွင်တာဝန်ရှိသူများအား ရှေးဦးစုံစမ်းမှုပြုနေစဉ် စစ်ဆေးရေးအဖွဲ့တွင်ပါသောဦးအောင်လင်း၏
ဇနီးသည်က တက္ကသိုလ်အတွင်း၌ ညွန့်လှိုင်ကို အရေးယူဖို့ လာစစ်သည်ဟု
ပြောဆိုခဲ့ခြင်း၊ ဌာနဆိုင်ရာ စစ်ဆေးမှုပြုနေစဉ်ကလည်း ဥပဒေ အကြံပေးအဖြစ်
လိုက်ပါလာသော ဦးဇော်ထွန်းက “အုတ်နံရံကို ခေါင်းနဲ့ လာတိုက်လို့ကတော့
ခေါင်းကွဲသွားမယ်၊ ဘာမှတ်လဲ” ဟုပြောခဲ့ခြင်းအပြင် သက်သေကို ဟိန်းဟောက်
ခြိမ်းခြောက်ခဲ့ခြင်း၊ အစွပ်စွဲခံရသူကိုလည်း ခြိမ်းခြောက်ခဲ့ခြင်းနှင့်
အဖွဲ့ဝင်ဦးခင်မောင်အေး၏ နှုတ်ထွက် စကားများအရ ရည်ရွယ်ချက်ရှိရှိဖြင့်
ကျွန်တော့်အား ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများကို
အလေးမထား၊အဖွဲ့အစည်းပြုပြင်ပြောင်းလဲမှုလုပ်ရန် မလိုလားဘဲ မခိုင်လုံသည့်အချက်များဖြင့် ၀န်ထမ်းမှ ထုတ်ပစ်ခဲ့ပါသည်။
၁၅။ ထိုထုတ်ပစ်သည့်စာတွင်လည်း ကရုဏာကြေး လျှောက်ထားခွင့်ရှိကြောင်း
မပါဝင်ခဲ့သည့်အပြင်၊ ပြန်ထမ်းဝင်အရာရှိတစ်ဦးအား ရုံးအဖွဲ့မှူး၏
လက်မှတ်ဖြင့်သာ ထုတ်ပယ်ခဲ့ပါသည်။ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများရေးဆွဲ
ထုတ်ပြန်ခြင်း၊ သင်ကြားပေးခြင်း၊ အခြားဝန်ကြီးဌာနများကို အကြံအဥာဏ်များ
ပေးခြင်းပြုနေသော အဖွဲ့အစည်းတစ်ခုအနေဖြင့် စည်းမျဉ်းစည်းကမ်း၊
လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာသင့်ပါသည်။ ၁၉၈၅၊အောက်တိုဘာလထုတ်
ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ၊အခန်း(၅)၊ အပိုဒ်(၅၂)၊
ပိုဒ်ခွဲ(ခ-၄)ပါ ပြဌာန်းချက်အရ “ချမှတ်သည့်ပြစ်ဒဏ်သည်
ရာထူးမှရပ်စဲခြင်း(သို့မဟုတ်) ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း
ပြစ်ဒဏ်မျိုးဖြစ်ပါက တည်ဆဲဝန်ထမ်းနည်းဥပဒေ စည်းမျဉ်းများနှင့်အညီ ကရုဏာကြေး
လျှောက်ထားခွင့်ရှိကြောင်း ဖေါ်ပြရမည်။”ဟု အတိအလင်းသတ်မှတ်ထားပါသည်။
ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို အလေးမထား မလိုက်နာသည့်သဘော
သက်ရောက်နေပါသည်။ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ စံနမူနာပြရမည့်အဖွဲ့အစည်းတစ်ခုအနေဖြင့် မပြုမူသင့်သော အချက်လည်းဖြစ်ပါသည်။ တာဝန်ရှိသူများသည် ဥပဒေစည်းမျဉ်းစည်းကမ်းအထက်တွင် ရှိမနေသင့်ဟု ယူဆပါသည်။။
၁၆။ ၁၉၈၅၊အောက်တိုဘာလထုတ် ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ””၊အခန်း(၄)၊
အပိုဒ်(၁၀)၊ ပါ ပြဌာန်းချက်အရ “၀န်ထမ်းကိုအပြစ်ပေးရာ၌ တရားမျှတစေရေးနှင့်
စည်းကမ်းထိမ်းသိမ်းမှု ထိရောက်စေရေးအတွက် ချမှတ်သည့်ပြစ်ဒဏ်သည်
ထိုက်သင့်သည်ထက် ကြီးလေးခြင်း သို့မဟုတ် လျော့ပေါ့ခြင်းမရှိစေပဲ
ပြစ်မှုနှင့်ပြစ်ဒဏ်လိုက်လျောညီထွေရှိစေရန် ဂရုပြု၍ဆောင်ရွက်ရမည်။ အပြစ်ရှိသော ၀န်ထမ်းကို အပြစ်နှင့် လျော်ညီစွာ ထိုက်သင့်သည့်ပြစ်ဒဏ်ပေးရန်ဖြစ်သော်လည်း ၀န်ထမ်းဘ၀တွင် နလံမထူ အညွန့်တုံးစေမည့် အပြစ်ပေးခြင်းမျိုးမဖြစ်စေပဲ ၀န်ထမ်းကောင်းတစ်ဦးပြန်လည်ဖြစ်လာစေရန် ပြုပြင်ပေးရေးကိုရှေ့ရှုရမည်။”ဟု
ပြဌာန်းထားပါသည်။ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်ကလည်း “၀န်ထမ်းတစ်ဦး
ပြုပြင်ပြောင်းလဲရေးသို့ ဦးတည်အရေးယူဆောင်ရွက်ရန်နှင့် စည်းကမ်းတကျ
နေထိုင်တတ်စေရေး၊ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတစေရေး၊ လူညွန့်တုံးပြီး
စိတ်ဓါတ်လုံးဝပျက်ပြားသွားစေမည့် ပြစ်ဒဏ်မျိုးမချမှတ်ရေး၊ ပြစ်ဒဏ် ကျခံပြီးပါက နိုင်ငံနှင့်ဌာနအကျိုးကို ယခင်ကထက် ပိုမိုကြိုးပမ်းသယ်ပိုးစိတ်ရှိစေရေး၊ ခံယူချက်မှန်ကန် ပိုမိုမြင့်မားစေရေး စသည့်တို့ကို ဦးတည်ဆောင်ရွက်ရမည်။” ဟု လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ဘူးပါသည်။
၁၇။ သိုသော်လည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ဆောင်ချက်သည် ခေတ်နောက်ပြန်ဆွဲနေခြင်းသာဖြစ်ကြောင်း
ရာထူးတိုးမြှင့်ရေးအဖွဲ့ကို အပြစ်ပေးခဲ့ခြင်းနှင့် ကျွန်တော့်အား
အပြစ်ပေးခဲ့ပုံတို့ကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ခရာမှုတ်သူတွင်
အပြစ်ရှိသည်လား၊ အပြစ်လုပ်သူတွင် အပြစ်ရှိသည်လော ဆိုသည်ကို
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့်
ကွဲကွဲပြားပြား သိသင့်ပါသည်။သို့သော်လည်း လုံခြုံရေးအဆင့်သတ်မှတ်ထားသည့်
ဌာနဆိုင်ရာစာရွက်စာတမ်းများ ထိန်းသိမ်း ဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊
လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များကို မသက်ဆိုင်သူများအား အသိပေးခြင်း၊
ဝန်ထမ်းများ၏အမှုထမ်းသက်၊ ကိုယ်ရေးမှတ်တမ်းများ
စိစစ်ရန်ပျက်ကွက်ခြင်း၊၀န်ထမ်းများအပေါ် ကြပ်ကြပ် မတ်မတ် ကိုင်တွယ်ကွပ်ကဲရန်အားနည်းခြင်း၊ ရာထူးတိုးမြှင့်ရေးစာမေးပွဲ(ရေး၊ဖြေ) ရမှတ်များကိုလုပ်ထုံး လုပ်နည်းနှင့် မညီညွတ်ဘဲ ကြိုတင်ထုတ်ပြန်ကြေညာခဲ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်းခံရသူများစာရင်းအား အထက်အဖွဲ့အစည်းမှ တရားဝင်ထုတ်ပြန်ကြေညာခြင်းမပြုမီ
ကြိုတင်အသိပေးသည့်ပုံစံဖြင့် တရားဝင် အတည်ပြုကြေငြာခဲ့ခြင်းတို့ကို
ပျက်ကွက်ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့် ရာထူးတိုးမြှင့်ရေး
အဖွဲ့တာဝန်ရှိသူများကို စာဖြင့်သတိပေးခြင်း၊ နှစ်တိုးလစာ
တစ်ကြိမ်ရပ်ဆိုင်းခြင်း (နောင်နှစ်တိုးများမရွှေ့စေဘဲ)ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊
ကျွန်တော့်ကိုမူ အသနားခံစာ တင်သည်ကို တိုင်ကြားစာဟုသတ်မှတ်ခြင်း၊
သက်သေထွက်ချက်တွင် ပါမောက္ခချုပ်က “အင်း” ဟုပြောခဲ့သည်ကို ပါမောက္ခချုပ်၏
တပည့်ကိုယ်တိုင်က ထွက်ဆိုထားသော်လည်း လိမ်လည်မှုဟုအကြောင်းပြကာ
ဝန်ထမ်းမှထုတ်ပစ်ခြင်း(၀န်ထမ်းများဘ၀တွင် အကြီးလေးဆုံးသောပြစ်ဒဏ်) ကို ချမှတ်ခဲ့ပါသည်။
၁၈။ ကမ္ဘာလူ့အခွင့်အရေး ကြေငြာစာတမ်းနိဒါန်းတွင်“………..လူ့အခွင့်အရေးကိုအလေးမထားမထီမဲ့မြင် ပြုခြင်းသည်လူသားတို့၏အကောင်းအဆိုးအကြောင်းအကျိုးဆင်ခြင်နိုင်စွမ်းကိုဖျက်ဆီးသည့်ရိုင်းစိုင်းရက်စက်သောအပြုအမူများ ဖြစ်ပေါ်စေခဲ့သောကြောင့်၊ ……….အာဏာသုံး၍တရားလက်လွတ်အုပ်ချုပ်မှုနှင့်ဖိနှိပ်ချုပ်ချယ်မှုတို့ကိုလူကနောက်ဆုံးနည်းလမ်းအနေဖြင့်ဆန့်ကျင်ပုန်ကန်သည့်အခြေအနေသို့မရောက်ရှိ စေရေးအတွက်လူ့အခွင့်အရေးကိုဥပဒေစိုးမိုးမှုဖြင့်ကာကွယ်ပေးရန်မဖြစ်မနေလိုအပ်သောကြောင့်
…….. ဤကမ္ဘာ့လူ့အခွင့်အရေး ကြေငြာစာတမ်းကိုထုတ်ပြန် ကြေငြာလိုက်သည်”
ဟုဖော်ပြချက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ (၃၄၈)
တွင်“နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏
မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊
အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ
တို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။”ဟုဖေါ်ပြချက်တို့နှင့် ဆန့်ကျင်နေကြောင်းတွေရှိနိုင်ပါသည်။
၁၉။ ထို့နောက် တက္ကသိုလ်ဝင်းအတွင်း မိသားစုနှင့်အတူနေထိုင်နေသော
ကျွန်တော့်အား တက္ကသိုလ်ဝင်း အတွင်းမှ နှင်ထုတ်ခဲ့ခြင်း၊
တက္ကသိုလ်တွင်လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်နေသောကျွန်တော်၏ ဇနီးအားလည်း
ဦးမြလွင်၊ ဌာနမှူး၊ သင်တန်းရေးရာမှ ခေါ်ယူကာ ကျွန်တော့်ကို လာရောက်ခွင့်
မပြုရန် မိသားစုနှင့်လာမတွေ့ရန်၊ တွေ့ပါက လက်ခံပါက ကျွန်တော်၏ဇနီးကိုလည်း
ကျောင်းမှနှင်ထုတ်မည်ဟု ပြော၍ ခံဝန်လက်မှတ်ထိုးစေခြင်း၊ ဒေါ်တင်တင်ဌေး(
ဒုတိယပါမောက္ခချုပ်၊ လေ့ကျင့်သင်ကြားရေး ) ကလည်း ကျွန်တော့်၏ဇနီးကိုပါ
ထုတ်ပစ်နိုင်ရေးအတွက် ပါမောက္ခချုပ်ကခိုင်း၍ဟု လိမ်လည်ကာ သင်ကြားမှု
ရပ်ဆိုင်းခဲ့ရာ စီမံခန့်ခွဲမှုပညာဌာနမှ ဌာနမှူး ဒေါက်တာနန်းခင်သင်းစက
အစည်းအဝေးတွင်တင်ပြရာ ဒေါ်တင်တင်ဌေး၏ လိမ်ဆင်ပေါ်ပေါက်ခဲ့ခြင်းတို့အရ
တစ်ဘက်သတ်၊ တစ်ဘက်စောင်းနင်းဖြင့် လုပ်ပိုင်ခွင့်နှင့် ရာထူးသြဇာကိုသုံးကာ
ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ဆောင်ရွက်ခြင်းကို ခံခဲ့ရပါသည်။
၂၀။
ယခုအခါ ကျွန်တော်သည် မိသားစုနှင့် ကွဲကွာနေခဲ့ရသည်မှာ (၉)လခန့်
ရှိပြီဖြစ်ပါသည်။ ကျွန်တော့်သမီး (၂)ဦး အရွယ်ရောက်လာပါကလည်း ဤအမဲစက်အရ
သိမ်ငယ်ကြမည်ကိုလည်း စိုးရိမ် သောကရောက်ရပါသည်။ ကျွန်တော် မှားသည်ဆိုပါက
ခံနိုင်ပါသော်လည်း တရားမှုကို မတရားမှုများက လွှမ်းမိုးခြင်းအတွက်
များစွာသောကရောက်ရပါသည်။ ဌာနဆိုင်ရာစစ်ဆေးမှုအဖွဲ့အနေဖြင့်လည်း
သက်သေများကို စစ်ဆေးမှုပြီးဆုံးပြီဟု ပြောခဲ့ပြီးမှ နောက်ရက်တွင်
နောက်ထပ်သက်သေများအား ထပ်မံခေါ်ယူ စစ်ဆေးခြင်း(ကျွန်တော်တင်ပြသည့်
သက်သေများကို အကုန်အစင် မစစ်ဆေးနိုင်ဟု အကြောင်းပြကာ သက်သေလျှော့ချခဲ့ပြီး
ထပ်မံ၍ အခြားသူများကို ခေါ်ယူစစ်ဆေးခြင်းသည် ၀န်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်
မကိုက်ညီပါ။ ဥပဒေအကြံပေးဆိုသူက စွပ်စွဲခံရသူနှင့် သက်သေကို ခြိမ်းခြောက်၊
ဟိန်းဟောက်ခြင်း (၀န်ထမ်းစည်းမျဉ်းအရ ဥပဒေအကြံပေးအဖြစ် လိုက်ပါသူသည်
စစ်ဆေးမေးမြန်းမှုတွင် ၀င်ရောက် စွက်ဖက်ခြင်း၊ အနှောက်အယှက်ပေးရခြင်း
မရှိရပါ။) သက်သေများ၏ ထွက်ဆိုချက်များကို ၄၊ ၅ ရက် နေမှသာ
ခေါ်ယူလက်မှတ်ထိုးစေခြင်း (တစ်ရက် အတွင်းပင် လုံးစေ့ပတ်စေ့မမှတ်မိနိုင်သည့်
လူ့သဘာဝအရ ၄၊ ၅ ရက်က ထွက်ဆိုချက်အပြည့်အစုံ ပြန်မမှတ်မိနိုင်ပါ။)၊
သက်သေအမှတ်စဉ်အလိုက် တွဲရမည်ဖြစ်သော်လည်း ယင်းတို့နောက်မှ ခေါ်ယူစစ်ဆေးသည့်
သက်သေများ၏ ထွက်ဆိုချက်များကို ရှေ့သို့ပို့ပြီး၊ရာထူးတိုးမြှင့်ရေးအဖွဲ့ကို ထိခိုက်စေနိုင်သည့်ထွက်ဆိုချက်များကို နောက်ဆုံးသို့ပို့ကာတွဲ၍ တင်ပြထားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၂၁။ ၂၀-၆-၂၀၁၃ နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးသို့
ကျွန်တော်ကိုယ်တိုင်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာနှင့်
သက်သေထွက်ဆိုချက် မိတ္တူများကို သွားရောက်ထုတ်ယူခဲ့သော်လည်း
ဝင်ခွင့်လည်းမပေး၊ မိတ္တူလည်းမပေးလိုက်ပဲ ၂၁-၆-၂၀၁၃ နေ့စွဲဖြင့်
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)သို့ ပေးပို့ခဲ့ပြီး ဒေါ်မူမူမြင့်၊
ဌာနကြီးမှူး၊ ၀န်ထမ်းရေးရာ၊ လက်မှတ်ဖြင့် ၂၅-၆-၂၀၁၃ နေ့ ညနေ ၅ နာရီတွင်မှ
လာရောက်ထုတ်ယူရန် အကြောင်းကြားခဲ့ပါသည်။ ကြားတွင် ရက်များကွာနေခြင်း၊
သက်သေထွက်ဆိုချက်များကို လျှို့ဝှက်ရမည်ဖြစ်သော်လည်း
ရာထူးတိုးမြှင့်ရေးအဖွဲ့တွင်ပါဝင်သော
ဒေါ်တင်တင်ဌေး၊ ဒေါ်မူမူမြင့်၊ ဦးမြလွင်တို့အား သိရှိစေခဲ့ခြင်းမှာ
မဖြစ်သင့်ဟု ယူဆမိပါသည်။ ၄င်းတို့အား ဆန့်ကျင်ထွက်ဆိုခဲ့သည့် သက်သေ
ဝန်ထမ်းများအတွက် လုံခြုံမှုမပေးခြင်းမှာ လုပ်ထုံးလုပ်နည်းအမှန်မဖြစ်နိုင်ဟု ယူဆမိပါသည်။
၂၂။ ၂၄.၇.၂၀၁၃ နေ့တွင်လည်း ၁၉၈၅၊ အောက်တိုဘာလထုတ် ၀န်ထမ်းစည်းကမ်း
ထိန်းသိမ်းရေး လက်စွဲ၊ အခန်း(၇)၊ အပိုဒ်(၆၆)၊ ပြဌာန်းချက်ပါ
“၀န်ထမ်းသည်အပိုဒ်(၆၄)ပါအယူခံဝင်ခွင့်ရှိသောပြစ်ဒဏ်
သို့မဟုတ် အမိန့်ကို မကျေနပ်ပါက အမိန့်စာလက်ခံရရှိသည့်နေ့မှစ၍ (၆)လအတွင်း
သက်ဆိုင်ရာ အကြီးအကဲထံသို့ အယူခံလွှာကို တင်သွင်းနိုင်သည်။”
ဆိုသည့်အချက်နှင့်အညီ ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံးသို့
သွားရောက်တင်ခဲ့သော်လည်း ၀င်ခွင့်မပေးသည့်အပြင်
အယူခံလွှာတင်သွင်းခြင်းကိုလည်း လုံးဝလက်ခံခြင်းမရှိခဲ့ပါ။
ဝန်ထမ်းစည်းမျဉ်းစည်းကမ်းသည် ထိုသူတို့အတွက် အရေးမပါသလိုဖြစ်နေပါသည်။
အခြားဝန်ထမ်းများကို ထိုဝန်ထမ်းစည်းမျဉ်းစည်းကမ်းများဖြင့် အရေးယူအပြစ်ပေးပြီး ယင်းတို့အတွက် အလေးထားစရာမလိုသည့်သဘော ပြုမူချက်သည် စဉ်းစားစရာဖြစ်နေပါသည်။
၂၃။ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့၏
အစီရင်ခံစာတွင်လည်း မည်သို့သော ထွက်ဆိုချက်များအရ မည်သည့်
စွဲချက်နှင့်ငြိသည်ဟူသော တိကျရေရာသည့် ညွှန်းဆိုချက်မပါပဲ
စွဲချက်နှင့်ငြိသည်ဟု လုံးသုတ်ကာ ယေဘုယျဆန်စွာ တင်ပြထားပါသည်။
အစီရင်ခံစာအပိုဒ်(၆)(ခ-၁)တွင် ဖော်ပြထားချက်သည့်
ရာထူးတိုးမြှင့်ရေးအဖွဲ့ကို နှစ်တိုးတစ်ကြိမ်ရပ်ဆိုင်း
အရေးယူထားသည့်ကိစ္စတွင် ပါဝင်သည့်ဝန်ထမ်းများ၏ အမှုထမ်းသက်၊
ကိုယ်ရေးမှတ်တမ်းများစိစစ်ရန် ပျက်ကွက်ခြင်းဆိုသည့်အချက်အရ
ရာထူးတိုးမြှင့်ရေး ဆောင်ရွက်ရာ၌ မဖြစ်မနေ စိစစ်ရမည့်အချက်ကို
လျစ်လျှူရှုသည့် ကိစ္စဖြစ်ခြင်းကြောင့် ထိုအပိုဒ် (၆)ပိုဒ်ခွဲ (ခ-၁)တွင်
စွပ်စွဲထားချက်သည် ဆီလျော်မှုမရှိပါ။ အပိုဒ်ခွဲ (၂)တွင်လည်း
ရာထူးတိုးမြှင့်ရေးအဖွဲ့မှ ရာထူးပေးမည်ဟုစည်းရုံးသိမ်းသွင်းထားသော
ဒေါ်နုနုကြည်၏ ထွက်ဆိုချက် တစ်ခုကိုသာ အားပြုထားခြင်း၊
ဘော်လီဘောကိစ္စတွင်လည်း ဦးမြလွင်၏ ထွက်ဆိုချက်တွင် သူမသိပါဟုဆိုခဲ့သည်ကို
လျစ်လျှူရှုထားခြင်းတို့ကိုတွေ့ရှိရပါသည်။
အပိုဒ်ခွဲ (၃)တွင်လည်း ပါမောက္ခချုပ်မှ တိုင်ကြားခိုင်း၍ တိုင်ကြားခဲ့သည်ဟု
ထုတ်ဖော်ပြောထားခြင်း၊ တင်ပြထားခြင်းမရှိဘဲ လိုရာဆွဲ၍
စွပ်စွဲထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပါမောက္ခချုပ်နှင့်
စကားပြောကြသည့် စကားပြောအတိုင်း အသနားခံစာတွင် ရေးသားထားသည့်ကိစ္စကို သက်သေ
ဦးသန်းဝင်း၏ ထွက်ဆိုချက်တွင် ပါမောက္ခချုပ်မှ စကားထောက်အနေဖြင့် “အင်း”
လိုက်သည်ကို ထွက်ဆိုထားသည်ကို လျစ်လျှူရှုစွပ်စွဲထားခြင်းသာဖြစ်ပါသည်။
၂၄။ အပြစ်ရှိသောဝန်ထမ်းများကို ပန်းနှင့်ပေါက်ကာ အပြစ်မရှိသည့်ဝန်ထမ်းကို
၎င်းတို့ထုတ်ပြန်ထား ခဲ့သော ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို မျက်ကွယ်ပြုကာ
အစပျောက်သည်အထိ အသေသတ်ခြင်းသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ လွှတ်တော်တွင်
ပြောခဲ့သလို ဗဟိုဝန်ထမ်းတက္ကသိုလ်တွေကို အဆင့်မြင့် ပြုပြင်ပြောင်းလဲမှု
လုပ်ဆောင်ချက်လား၊ ခေတ်နောက်ပြန်ဆွဲခြင်းလား မေးစရာတွေးစရာဖြစ်နေပြီး၊
ဥက္ကဋ္ဌ၏ အဆင့်ဆင့်တင်ပြရန် ပြောကြားချက်အတိုင်း တင်ပြသည့်အသနားခံစာကို
တိုင်ကြားစာအဖြစ် လိုရာဆွဲ သတ်မှတ်ကာ အဖွဲ့ရုံးအောက်ရှိဝန်ထမ်းများ
မလှန်ရဲအောင်၊ အမှန်မတင်ပြရဲအောင် လုပ်ဆောင်ချက်များသည် အပြောနှင့်အလုပ်
မညီညွတ်ခြင်းပင်ဖြစ်ပါသည်။ ရာထူးတိုးကိစ္စနှင့်ပတ်သက်၍ ၀န်ထမ်းရေးရာ
ဦးစီးဌာနနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ၀န်ထမ်းများလည်း
မကျေနပ်ကြသည်ကိုသိ၍ မည်သည့်ဝန်ထမ်းမျှမဟရဲအောင် လုပ်ဆောင်ခြင်းသည်Good
Governanceဟု ပြော၍ရမည်မဟုတ်ပါ။
၂၅။ နစ်နာသူကတင်ပြအသနားခံခြင်းကိုပင်
စွပ်စွဲအရေးယူမှုသည် ရေရှည်တွင် တက္ကသိုလ်ရှိဝန်ထမ်းများမှာ အကြောက်တရား
ယခုထက် ပိုမိုကြီးထွားလာပြီး စက်ရုပ်ဝန်ထမ်းများ ဖြစ်သွားနိုင်ခြင်း၊
ချောင်ပိတ်မှုများ များလာလျှင် ထွက်ပေါက်ရှာကြရင်း ပြဿနာများ
ကြီးထွားလာနိုင်ခြင်း၊ အဖွဲ့အစည်း၏ စွမ်းဆောင်ရည်
ကျသထက်ကျလာနိုင်ခြင်းတို့ပင် ဖြစ်ပေါ်လာနိုင်ပါသည်။ကမ္ဘာလူ့အခွင့်အရေး
ကြေငြာစာတမ်း အပိုဒ်(၅)တွင် “မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း
သို့မဟုတ် ရက်စက် ကြမ်းကြုတ်သော လူမဆန်သော လူ့သိက္ခာညှိုးနွမ်းစေသော
ပြုမူဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။” ဆိုထားပါသည်။ အပိုဒ်
(၇) တွင် “လူတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ဥပဒေအရ ၎င်းအား
ခံစားခွင့်ပြုထားသည့် မူလအခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရလျှင်
ထိုသူသည် စီရင်ပိုင်ခွင့်ရှိသော နိုင်ငံတော်ခုံရုံးများ၏ ထိရောက်သော
ကုစားပေးမှုကို ရပိုင်ခွင့်ရှိစေရမည်။ ထို့အပြင် အပိုဒ် (၁၂) တွင်လည်း
“မည်သူမျှ မိမိ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ မိသားစု၊ နေအိမ် သို့မဟုတ်
စာပေးစာယူကိစ္စများတွင် မတရားဝင်ရောက် စွက်ဖက်ခြင်းကိုလည်းကောင်း၊ မိမိ၏
ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံစေရ။
လူတိုင်းသည် ထိုသို့ ၀င်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပုတ်ခတ်ခြင်းတို့မှ
ဥပဒေအရ အကာအကွယ် ရပိုင်ခွင့်ရှိသည်။”ဆိုသည့် အချက်များအရ လူ့အခွင့်အရေး
အကြိမ်ကြိမ် ချိုးဖောက်ခံ ခဲ့ရပါသဖြင့် တင်ပြတိုင်ကြားအပ်ပါသည်။
၂၆။ တရားဥဒေစိုးမိုးမှသာ တည်ငြိမ်အေးချမ်းနိုင်ပါသည်။
တည်ငြိမ်အေးချမ်းမှုရှိပါမှလည်း နိုင်ငံတိုးတက် ဖွံ့ဖြိုးနိုင်ပါသည်။
ဝန်ထမ်းများ၏ အဂတိလိုက်စားခြင်း၊ အလွဲသုံးစားပြုခြင်း၊ တာဝန်ယူမှု၊တာဝန်သိမှု
အားနည်းခြင်းတို့သည်လည်း အစိုးရယန္တရားလည်ပတ်မှုကို နှောင့်နှေးစေပြန်သဖြင့်
တိုင်းပြည်ဖွံ့ဖြိုးမှုကို အနှောက်အယှက်ဖြစ်စေပါသည်။ ၀န်ထမ်းခရိုနီများ
ကြီးစိုးနေသော အခြေအနေများကို ပြုပြင်ပြောင်းလဲကာ “Right Man, Right
Skills, in the Right Place with Right Pay” ဆိုသည့်မူဖြင့်
ပြုပြင်ပြောင်းလဲမှုများဖော်ဆောင်ပေးခြင်းဖြင့်
ဝန်ထမ်းလောကတွင် လူ့စွမ်းအားရင်းမြစ်များကို မြှင့်တင်ပေးနေသည့်အဖွဲ့အစည်း
တစ်ခုအနေဖြင့် ချမှတ်ထားသော မျှော်မှန်းချက်၊ ရည်မှန်းချက်များကို
အစစ်အမှန်အကောင်အထည်ဖော်နိုင်ပြီး
Good Governance, Clean Government မူအား အထောက်အကူပြုနိုင်ပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် များစွာ အထောက်အကူ
ပြုလာနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြယင်းဖြင့်
မိမိ၏နစ်နာချက်များကို တရားမျှတမှုဖြစ်စေရေး ဖြေရှင်းပေးနိုင်ပါရန်
ရိုးသားစွာ တင်ပြ အပ်ပါသည်။
၂၇။ အထက်ဖေါ်ပြပါ တင်ပြတိုင်တန်းချက်များသည်
မိမိ၏ အမှန်တကယ် နစ်နာချက်များနှင့် ကြုံတွေခဲ့ရခြင်းများ
မှန်ကန်ပါကြောင်း သစ္စာပြု တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
ညွန့်လှိုင်
၅/မမန(နိုင်)၀၁၄၅၃၉
၈၂၊ မေဃ၀တီ (န ၃) လမ်း၊
ရိပ်သာရပ်ကွက်၊ လှည်းကူးမြို့၊
ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း-၀၉ ၄၂၀ ၁၇၁၂၅၅
Email ;nyunthl2010@gmail.com
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
PDF ဖိုင်များအဖြစ် အစုံအလင့်လေ့လာလိုပါက အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။
https://drive.google.com/file/d/0BxjQoIYmAyQ0X1JNZkVqOGxSbjg/edit?usp=sharing
No comments:
Post a Comment