Labels

Monday, January 27, 2014

ဒီမိုကရေစီနှင့်အညီ ပြောင်းလဲလာသည့် မြန်မာ့မီဒီယာကဏ္ဍ(၄)


ဒေါက်တာသီတာတင်

စတုတ္ထဆန်းစစ်ချက်အနေဖြင့် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များတွင် မြန်မာ့မီဒီယာရည်မှန်းချက်ကို ဖော်ဆောင်ပေးနိုင်သည့် အစီအစဉ်ပုံစံများ ပါရှိ/မရှိကို လေ့လာဆန်းစစ်မည်ဖြစ်ပါသည်။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် အများပြည်သူဝန်ဆောင်မှု သတင်းစာနှင့်အများပြည်သူဝန်ဆောင်မှု ရေဒီယို ရုပ်သံထုတ်လွှင့်/ဖြန့်ချိရာတွင် မြန်မာဘာသာဖြင့်သာမက တိုင်းရင်းသားအစီအစဉ်များဖြင့် လည်းကောင်း၊ ရုပ်သံလွှင့်ဥပဒေကြမ်းတွင် အစိုးရရုပ်သံလွှင့် လုပ်ငန်းဝန်ဆောင်မှု၊ လူမှုအသိုက်အဝန်းပိုင် ရုပ်သံလွှင့်ဝန်ဆောင်မှု (Community Broadcasting Service)၊ စီးပွားဖြစ် ရုပ်သံလွှင့်ဝန်ဆောင်မှု၊ ရုပ်သံထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းဝန်ဆောင်မှုဖြင့် လည်းကောင်း အစီအစဉ်ပုံစံများပါဝင်သည်ကို တွေ့ရှိ ရပါသည်။
ပဉ္စမမြောက် ဆန်းစစ်ချက်အနေဖြင့် မီဒီယာဥပဒေကြမ်းများတွင် မီဒီယာပိုင်ဆိုင်မှု ဗဟုဝါဒဖြစ်ပေါ်စေနိုင် သည့် ပြဋ္ဌာန်းချက်များ ပါရှိခြင်းရှိ/မရှိ ဆန်းစစ်လေ့လာ တင်ပြမည်ဖြစ်ပါသည်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် အများပြည်သူဝန်ဆောင်မှု သတင်းစာနှင့် အများပြည်သူဝန်ဆောင်မှု ရေဒီယို ရုပ်သံလွှင့်လုပ်ငန်းများကို လည်းကောင်း၊ သတင်းမီဒီယာဥပဒေကြမ်းတွင် အများပိုင်၊ ပုဂ္ဂလိကပိုင်နှင့် ဖက်စပ်ပိုင်အစရှိသည့် မီဒီယာလုပ်ငန်းများ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေ သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ လုပ်ဆောင်ခြင်းကို လည်းကောင်း၊ ရုပ်သံလွှင့်ဥပဒေတွင် အစိုးရပိုင်၊ အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွှင့်လုပ်ငန်း၊ စီးပွားဖြစ် ရုပ်သံလွှင့်လုပ်ငန်း၊ လူမှုအသိုက်အဝန်းပိုင် ရုပ်သံလွှင့်လုပ်ငန်းနှင့် ရုပ်သံထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းအစရှိသည်ဖြင့် ရုပ်သံလွှင့်လုပ်ငန်းငါးမျိုးကို လုပ်ဆောင်ခွင့်ပြုခြင်း၊ ဈေးကွက်တစ်ခုတည်း သို့မဟုတ် ရုပ်သံလွှင့်ဇုန်တစ်ခုတည်းအတွင်း ပုဂ္ဂလိကသတင်းစာလုပ်ငန်းနှင့် ရုပ်သံလွှင့် မီဒီယာနှစ်ခု ပူးတွဲပိုင်ဆိုင်မှု တားမြစ်ခြင်းနှင့် ကြိမ်နှုန်းခွဲဝေသတ်မှတ်ခြင်း၊ ရုပ်သံလွှင့်လိုင်စင်ကို အလွယ်တကူ ရရှိစေနိုင်သည့် စနစ်ထားရှိပေးခြင်း၊ လိုင်စင်ကြေးပေးခြင်းမှ ကင်းလွတ်ပေးခြင်းတို့ဖြင့် လူမှုအသိုက်အဝန်း ရုပ်သံလွှင့်လုပ်ငန်းကို အထောက်အပံ့ပေးခြင်းတို့ ပါဝင်သည်ကို တွေ့ရှိရပါသည်။
ဆဋ္ဌမမြောက် ဆန်းစစ်ချက်အနေဖြင့် မီဒီယာဥပဒေကြမ်းများပါ ပြဌာန်းချက်များတွင် မီဒီယာအကြောင်း အရာမျိုးစုံစွာ တင်ဆက်ပေးနိုင်သည့်အချက် ပါဝင်ခြင်းရှိ/မရှိ ဖြစ်ပါသည်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် ရုပ်သံလွှင့်အဖွဲ့အစည်းများသည် ပြည်တွင်း၌ ထုတ်လုပ်သည့် အစီအစဉ်များ ကိုထုတ်လုပ်၍ ထုတ်လွှင့်ပြသခြင်းကို ဦးစားပေးဆောင်ရွက်ခြင်း၊ ကလေးသူငယ်များနှင့် လူငယ်များ၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများ အပါအဝင် အထူးပရိသတ်များအတွက် အစီအစဉ်များကို တိုးမြှင့်ထုတ်လုပ်ပေးခြင်း၊ အကာအကွယ်ပေးခြင်းနှင့် တချို့သော အစီအစဉ်များကို နားမကြားသူများအတွက် အချက်ပြဘာသာစကားဖြင့် ထုတ်လွှင့်ပေးခြင်း၊ လူမှုအသိုက်အဝန်းပိုင် ရုပ်သံလွှင့်လုပ်ငန်းကို မြန်မာနိုင်ငံရှိ ရုပ်သံလွှင့်လုပ်ငန်း အမျိုးအစားငါးခုထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြု ထားခြင်းတို့ ပါဝင်ပါသည်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် လူမျိုး၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားမှုကို ထည့်သွင်းစဉ်းစားကာ မြန်မာပြည်သူများအားလုံးကို ပြန်ကြားပေး ခြင်း၊ အသိပညာပေးခြင်း၊ ဖျော်ဖြေမှုပေးခြင်း အစီအစဉ်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးခြင်းနှင့် လူနည်းစု တိုင်းရင်းသားများနှင့် တိုင်းရင်းသားများအတွက် အစီအစဉ်များကိုလည်း ထုတ်လွှင့်တင်ဆက်ပေးခြင်းတို့ ပါဝင်သည်ကို တွေ့ရှိရပါသည်။
သတ္တမ ဆန်းစစ်ချက်အနေဖြင့် မီဒီယာဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များသည် မျှတပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိကာ ရှင်သန်နိုင်သည့် မီဒီယာဝန်းကျင်တစ်ခုကို ဖြစ်ပေါ်နိုင်သည့် အခြေအနေများ ရှိ/မရှိကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းအတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းနှင့် တရားမဝင်စာဟု ကြေညာခြင်းခံရပါက မိမိ၏ ထုတ်ဝေစာသည် တရားမဝင် ထုတ်ဝေစာမဟုတ်ကြောင်း အဆုံးအဖြတ်ပေးရန် ဥပဒေကြောင်းအရ လျှောက်ထားနိုင်ပါသည်။ သတင်းမီဒီယာ ဥပဒေကြမ်းတွင် မီဒီယာလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်လိုသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကိုရရှိရန် လိုအပ် သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ဥပဒေကြမ်းနှစ်ခုစလုံးတွင် ပါရှိသည့်လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ထုတ်ယူရခြင်းဖြင့် လုပ်ငန်းတူ၊ နာမည်တူ ကိစ္စရပ်များဖြစ်ပေါ်ခြင်း မရှိစေနိုင်သည့်အပြင် ဖြစ်ပေါ်လာပါကလည်း အသိအမှတ်ပြုလက်မှတ်ကို ရယူထားခြင်းဖြင့် အငြင်းပွားမှုကို အလွယ်တကူ အချိန်တိုအတွင်း ဖြေရှင်းနိုင်သည့် အနေအထားများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ ရုပ်သံလွှင့်ဥပဒေကြမ်းတွင် တရားမျှတစွာ ယှဉ်ပြိုင်မှုနှင့် ရုပ်သံလွှင့်လုပ်ငန်းပိုင်ဆိုင်မှု အမျိုးအစားများစွာကို ဖြတ်ထွန်းစေခြင်း၊ မည်သည့် ရုပ်သံလွှင့်လုပ်ငန်း ပိုင်ဆိုင်မှုဖြစ်စေကာမူ (ဥပမာ-ပုဂ္ဂလိကပိုင်၊ လူမှုအသိုက်အဝန်းပိုင်) မျှတ သော၊ သမာသမတ်ကျသော၊ ခွဲခြားမှုမရှိသော၊ ပွင့်လင်းမြင်သာသော၊ ယှဉ်ပြိုင်အားကောင်းသော လှိုင်းနှုန်းခွဲဝေမှု လိုင်စင်ထုတ်ပေးခြင်း၊ စည်းကမ်းကျင့်ဝတ် ဖောက်ဖျက်၍ လိုင်စင်ရုပ်သိမ်းခြင်း၊ သဘော တူညီချက်ရယူခြင်း၊ တရားဥပဒေစိုးမိုးရေးကို စောင့်စည်းလိုက်နာခြင်းနှင့် ဥပဒေကြောင်းအရ အယူခံပိုင်ခွင့် ရှိခြင်းတို့ကို စနစ်တကျသတ်မှတ်ထားခြင်း၊ အစိုးရပိုင်၊ အများပိုင်နှင့် စီးပွားဖြစ်မီဒီယာများတွင် အစိုးရဆိုင်ရာ ကြော်ငြာများကို ထည့်သွင်းရာတွင် မျှတမှုရှိပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်စေခြင်းတို့ ပါဝင်ကြောင်း တွေ့ရှိရပါသည်။ ဤသို့ဖြင့် မီဒီယာကဏ္ဍတွင် မျှတပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိကာ ရှင်သန်နိုင် သည့် မီဒီယာဝန်းကျင်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ နောက်ဆုံးဆန်းစစ်ချက် အဋ္ဌမမြောက်အဖြစ် မီဒီယာဥပဒေကြမ်းများတွင် မီဒီယာ အတတ်ပညာဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာစံနှုန်းများ သတ်မှတ် ပါဝင်ခြင်း ရှိ/မရှိ ဆန်းစစ်ခြင်းပင်ဖြစ်သည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် နိုင်ငံတော် အတွင်း၌ အရည်အသွေးအဆင့်အတန်းမီ၍ ကျင့်ဝတ်သိက္ခာရှိသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဖြစ်ထွန်းရေးကို ဦးတည်ရန်ဟူသော ပြဋ္ဌာန်းပါရှိပါသည်။ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းတွင် စံနှုန်းနှင့်ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် လည်းကောင်း၊ သတင်းမီဒီယာ ဥပဒေကြမ်းတွင် သတင်းရေးသားရာတွင် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ် များကိုလည်းကောင်း ပြဌာန်းထားရှိပါသည်။
သို့ဖြစ်ပါ၍ ရေးဆွဲထားသော မီဒီယာဥပဒေကြမ်းများသည် မြန်မာ့မီဒီယာစနစ်၏ ရည်မှန်းချက်များကို ရရှိရန် အကောင်အထည်ဖော်နိုင်သည့် ပြဋ္ဌာန်းချက်များပါဝင်သည်ကို လေ့လာဆန်းစစ်ချက်များအရ သိရှိရပြီး နောက် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်မှာ သက်ဆိုင်သူများအားလုံးက အပြုသဘောဆောင်သော လုပ်ဆောင်မှု၊ ဟန်ချက်ညီမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ဖြင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဆိုပါက မြန်မာ့မီဒီယာစနစ်၏ ရည်မှန်းချက်များကို အောင်မြင်စွာ ရရှိနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment