Labels

Saturday, January 4, 2014

အဂတိလိုက်စား လာဘ်ပေးလာဘ်ယူမှုများနှင့် မြန်မာနိုင်ငံ


                                                                      

အာဏာရှင် အစိုးရ လက်ခုပ်ထဲ ရောက်နေသည့် မီဒီယာသမားများအတွက်က တိုင်းပြည်အတွက် အမှန်တရား များကို ဖော်ထုတ်ခွင့် မရရှိသည်မှာ တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည် . . .

ပညာရှင်များ၊ သုတေသီများ အထူးပြုသူများ၊ လေ့လာသူများ ပါဝင်သည့် အဖွဲ့အစည်းများ ဖြစ်ကြသည့် TI, GRECO, ကမ္ဘာ့ဘဏ် စသည့် အဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာ့ပေါ်တွင် ““အဂတိ လိုက်စားမှု” “လာဘ်ပေးလာဘ်ယူမှု” မရှိသည့် နိုင်ငံမရှိ သလောက် အလွန်တရာ ရှားပါးသည်ဟု ဆိုသည်။ အနည်းနှင့်အများတော့ “စား” ကြ “၀ါး” ကြသည်ချည်းပင် ဖြစ်သည်။ မစားနိုင်သော နိုင်ငံများကား ရှိတော့ရှိ သည် သို့သော် ရှားသည်ဆိုသည့် အထဲက ဖြစ်မည် ထင်ပါသည်။

မြန်မာနိုင်ငံ ပညာရှင်တွေ၊ သုတေသီတွေက အဂတိလိုက်စားမှုသည် ဒီမိုကရေစီ နိုင်ငံများတွင် သိပ်ပြီး ဖြစ်လေ့ဖြစ်ထ မရှိဘဲ ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများတွင်သာ အဖြစ်များသည်ဟု ဆိုသည်။ မှန်ပါသည်။ သို့သော် ဖြည့်စွက် ပြောဖို့လိုမည်ထင်သည်။ ၁၉၉၅ ခုနှစ်ကတည်းက ထုတ်ပြန်သည့် နိုင်ငံတကာ ပွင့်လင်း မြင်သာမှုအဖွဲ့ (Transperencey International) က ၁၉၉၅ ခုနှစ်မှ စပြီး နှစ်စဉ် ဖော်ပြချက်ရှိသည်။ CPI ညွှန်းကိန်းများကို ကြည့်လျှင် ဒီမိုကရေစီ နိုင်ငံတော်တော်များများ ပါဝင်နေသည်ကို တွေ့နိုင်ပါသည်။ အာရှတိုက်တွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် ဒီမိုကရေစီ အတော်အတန် ဖြစ်ထွန်းနေသည့် နိုင်ငံများသာမက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများ၏ အဂတိလိုက်စားမှု အခြေအနေများကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများ ပီပီ ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြနိုင်သည့်အတွက် CPI အခြေအနေအရ ဘယ်နေရာ၊ ဘယ်ဌာနတွေ ဘယ်ပုဂ္ဂိုလ်တွေ အဂတိ လိုက်စားမှု ဖြစ်နေသည်ကို ဖော်ပြသဖြင့် မိမိတို့ သိရှိရသည်။ ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများ အထူးသဖြင့် အာဏာရှင် အစိုးရ လက်ခုပ်ထဲ ရောက်နေသည့် မီဒီယာသမားများ အတွက်က တိုင်းပြည်အတွက် အမှန်တရားများကို ဖော်ထုတ်ခွင့် မရရှိသည်မှာ တန်ဖိုး မဖြတ်နိုင်သော ဆုံးရှုံးမှု တစ်ရပ် ဖြစ်သည်။ …

ဆိုလိုရင်းကတော့ ဒီမိုကရေစီနိုင်ငံကြီး နိုင်ငံငယ်တွေ မှာလည်း အဂတိလိုက်စားမှု ရှိနေသည်။ ရေးသားခွင့် ဖော်ပြခွင့်နှင့်အတူ ရေးနိုင်သားနိုင် ဖော်ပြနိုင်သည့်အတွက် အထိုက်အလျောက် ထိန်းကျောင်း နိုင်သည်တော့ ရှိလာပါသည်။

အဂတိလိုက်စားမှုသည်

၁။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်သော နိုင်ငံများ

၂။ အာဏာသိမ်းမှု (သို့) အစိုးရအ ပြောင်းအလဲ မကြာခဏ ပေါ်ပေါက်လေ့ရှိသော နိုင်ငံများ

၃။ ပြည်တွင်းစစ်သော်လည်းကောင်း လူမျိုးရေးပဋိပက္ခ သော်လည်းကောင်း အခါအားလျော်စွာ ပေါ်ပေါက်နေသည့် နိုင်ငံများ

၎။ စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ လည်းကောင်း၊ အစိုးရတစ်ရပ်မှ အစိုးရသစ်တစ်ရပ်ဆီသို့ ကူးပြောင်းနေဆဲ နိုင်ငံများ

၅။ ဒီမိုကရေစီစနစ် မထွန်းကားသေးသည့် နိုင်ငံများ

ယင်းနိုင်ငံများတွင် အဂတိလိုက်စားမှုသည် သာမန်ထက် ဖြစ်ရိုးဖြစ်စဉ်ထက် ပိုများသည်။ အထူးသဖြင့် Rule of Law “တရားဥပဒေစိုးမိုးမှု မရှိလျှင် အဂတိလိုက်စားမှုသည် နိုင်ငံနှင့်အ၀န်း ဖလန်းဖလန်းထလေ့ ရှိပေသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်း အချက်အလက်များနှင့် တစ်ထပ်တည်း နီးပါးကျသည့် နိုင်ငံများတွင် ပါဝင်လျက် ရှိသည်။ ဖော်ပြသည့်အချက် (၅)ချက်သည် လက်ရှိ မြန်မာနိုင်ငံ၏ အဖြစ်အပျက်များနှင့် ထပ်တူကျလျက် ရှိသည်။

အဂတိ လိုက်စားမှု အများအပြား တောထနေသည့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို သုံးသပ်ပြီး စံသတ်မှတ် ထားသော အချက်များ ဖြစ်လေရော့သလားဟုပင် ထင်မှတ်စရာ ဖြစ်နေသည်။

Transparency International က နှစ်စဉ် ထုတ်ပြန်သည့် အဂတိလိုက်စားမှု ညွှန်းကိန်းများ Corruption Parception Index ကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှုနှင့် ပတ်သက်ပြီး အဆင့် သတ်မှတ် ခံရသည့် အခြေအနေကို ယခုကဲ့သို့ ရှုမြင်နိုင်ပါသည်။

ဇယား (၁)

နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၈၀ နေရာတွင် ရှိသည်။ TI – CPI ထုတ်ပြန်ခဲ့သည့် ညွှန်းကိန်းများ တစ်လျှောက် မြန်မာနိုင်ငံသည် မိမိရရှိသည့် နေရာအဆင့်တွင် “တည်ငြိမ်”လျက် ရှိသည်ကို တွေ့ရမည် ဖြစ်သည်။ အောက်ဆုံးမှ ရေတွက်လျှင် တတိယနေရာကို ၂၀၀၄ ခုနှစ်မှစပြီး ၂၀၁၁ ခုနှစ်တိုင် ခိုင်ခိုင်မာမာ ရပ်တည် နိုင်ခဲ့သည်။ Somalia, North Korea နှင့် Afghanistan ကဲ့သို့သော နိုင်ငံများသည် မြန်မာနိုင်ငံ (၁၀) နှစ် နီးပါးရှေ့၊ နောက်၊ အထက်အောက်တွင် ကပ်လျက် ရှိနေခွင့်ရသည့်အတွက် ဂုဏ်ယူ ကျေနပ်နေကြမည် ဖြစ်သည်။ မြန်မာနိုင်ငံ အတွက်မူကား ကုန်းတွင်းပိတ်နိုင်ငံ အချို့ စိုက်မရ၊ ပျိုးမရတဲ့ မြေနေရာ များစွာ ပြုန်းတီးနေကြ သည့် နိုင်ငံအချို့ သဘာဝ အရင်းအမြစ်များ မိမိလောက် မကြွယ်ဝသည့် နိုင်ငံများစသည့် နိုင်ငံများအလယ်တွင် အချိန်အတော်ကြာကြာ ရပ်တည်ခဲ့ရာ အပေါ် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ အဖို့မှာတော့ ကမ္ဘာ့အလယ်တွင် ရှက်စရာ သိမ်ငယ်စရာ ဖြစ်နေသည်ကို မြန်မာ ပြည်သူတွေ မြိုသိပ် နေကြရသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ထဲက အခြားနိုင်ငံတွေနှင့် နှိုင်းယှဉ်စရာ မလိုပါဘူးလို့ ဆိုချင်ဆိုဦးတော့ အာဆီယံ နိုင်ငံတွေ အပါအ၀င် အိမ်နီးချင်း အာရှနိုင်ငံအချို့ရဲ့ CPI အခြေအနေနှင့် ချိန်ထိုးကြည့်သည့်အခါ မြန်မာ နိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေကို ယခုကဲ့သို့ တွေ့မြင်ရမည် ဖြစ် သည်။

ဇယား ၂

အထက်ဖော်ပြပါ ဇယား၏ အခင်းအကျင်းတင် မကပါဘူး၂၀၀၅ ခုနှစ်မှာ CPI က အဂတိ လိုက်စားမှု အများဆုံး (၅) နိုင်ငံနှင့် အဂတိလိုက်စားမှု အနည်းဆုံး (၅)နိုင်ငံ စာရင်းကို ထုတ်ပြန်ပါသည်။

အဂတိလိုက်စားမှုအများဆုံး (Most corrupt States) (၅) နိုင်ငံမှာ ၁။ ဘင်္ဂလားဒေ့ရှ် (Bangaledesh) ၂။ ချဒ် (Chad) ၃။ တာ့ခ်မင်နစ်္စတန် (Turkmenistan) ၄။ မြန်မာ (Myanmar) နှင့် ၅။ ဟေတီ (Haiti)နိုင်ငံ တို့ ဖြစ်ကြပြီး အဂတိ လိုက်စားမှု အနည်းဆုံး Least Corrupt States (၅)နိုင်ငံမှာ ၁။ အိုက်(စ်)လန် (iceland)၂။ ဖင်လန် (Finland) ၃။ နယူးဇီလန် (Newzealand) ၄။ ဒိန်းမတ် (Denmark) ၅။ စင်ကာပူ (Singapore) နိုင်ငံတို့ ဖြစ်ကြသည်။

အာဆီယံ အပါအ၀င် အိမ်နီးချင်းနိုင်ငံများ၏ အဂတိ လိုက်စားမှုနှင့် မြန်မာနိုင်ငံ

Myanmar With corrupt Countries in Asia

အိမ်နီးချင်း အာရှနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်၊ ပါကစ္စတန် အစရှိသည့် နိုင်ငံများတွင် ယေဘူယျအားဖြင့် ခြုံငုံကြည့်မည်ဆိုလျှင် ရဲဌာန၊ တရားရေးဌာန၊ အမြတ်ခွန်ဌာန၊ အကောက်ခွန်ဌာန၊ မော်တော်ပီကယ်၊ ပညာရေးဌာန စာသင်ကျောင်းများ အိုးအိမ်၊ လယ်ယာ မြေများနှင့် နိုင်ငံရေးလောကသည် အကျင့်ပျက် ခြစား လာဘ်လာဘများဖြင့် အဂတိ လိုက်စားမှု ကျက်စားရာ ဘူမိနက်သန် နေရာများ ဖြစ်နေရာ ဤသို့သော အာရှနိုင်ငံများ ကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ယင်းနေရာ ဌာနများသည် အဂတိလိုက်စား လာဘ်ပေးလာဘ်ယူမှု များသည့် နေရာများ ဖြစ်သည်။ အမှန်တော့ မြန်မာ နိုင်ငံ သည် အဆိုပါ နေရာဌာနတင် မကပါ ၀န်ကြီးဌာန အားလုံးမှာ အဂတိလိုက်စားမှုတွေ ရှိနေသည်။ အဂတိ လိုက်စားမှု ရေချိန်ဟာ TI က ဖော်ပြသည့် CPI ညွှန်းကိန်းများကို ကြည့်ပြီး မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေသည် ယှဉ်တွဲ ဖော်ပြထားသည်။ အာရှနိုင်ငံတွေထက် စာလျှင် The Most Corrupt State ဆိုတာကို တွက်လို့ရသည်။ အမှန်တကယ်လည်း အဂတိလိုက်စားမှု အများဆုံးနိုင်ငံ ဖြစ်နေသည်။

အခြားနိုင်ငံများတွင် နိုင်ငံရေးလောက၌ မဲလိမ်၊ မဲဝယ် စသည့် အဂတိလိုက်စားမှုများ၊ နိုင်ငံရေးသမားတွေ နိုင်ငံရေး ရံပုံငွေ အလွဲသုံးစား လုပ်ရပ်များ ထင်ရှားသည့် နိုင်ငံရေးသမားတွေ ပါဝင်သည့် လိမ်မှု အရှုတ်တော်ပုံများ ရှိနေသည်။ အမှုတွေ ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ စသည် အချိန်မှာပင် မဲဝယ်မှုများ ကြားနေရသည်။ ကြိုတင်မဲဆိုပြီး ဆန္ဒမဲ စတင်သည့် အချိန်တွင် သက်ဆိုင်ရာ မဲရုံကို ယူဆောင်လာပြီး တရားဝင် တင်ပြထားခြင်း မရှိဘဲ မဲရုံပိတ် မဲရေတွက်ပြီး မိမိရှုံးခြေ ပေါ်တော့မှ “ဘယ်က ဘယ်ကမှန်း မသိသည့် မဲတွေယူလာပြီး ကြိုတင်မဲ” စာရင်းပေါက်အောင် လုပ်ကြံတင်ပြသည့် အဖြစ် အပျက်များ သိရှိ မြင်တွေ့နေရသည်။ ဒီမိုကရေစီ နည်းကျသော ရွေးကောက်ပွဲကို အကောင်အထည် ဖော်နေသည့် အချိန်မျိုးတွင် ပါတီကြီးတစ်ခုက မြို့နယ်အတွင်းမှာ ရှိသည့် ကျေးရွာ အတော်များများတွင် မူလ ကျေးရွာ အမည်ရှေ့တွင် မိမိပါတီ၏ အမည်ကို ရှေ့ကတပ်ပြီး အမည်သစ်တွင် စေသတည်းလို ဇွတ်အတင်း ကင်ပွန်းတပ်ပေးလျက် ရှိသည်မှာလည်း အဂတိလိုက်စားမှု တစ်ရပ်ဖြစ်ပေသည်။

အခြား ဒီမိုကရေစီ နိုင်ငံများ အထူးသဖြင့် အိမ်နီးချင်းမှရှိသည့် ဒီမိုကရေစီနိုင်ငံ အတော်များများတွင် နေရာ ပေါင်းစုံတွေမှာ အဂတိလိုက်စားမှု ပုံစံမျိုးစုံ လာဘ်ပေးလာဘ်ယူ နည်းမျိုးစုံ ရှိနေကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ မှာကဲ့သို့ အဆိုးဖြင့် ကျော်ကြားသည် စာပေကင်ပေတိုင် ကဲ့သို့ ဌာန မျိုးမရှိချေ။ စာပေ ကင်ပေတိုင်သည် အဂတိ လိုက်စားမှု လာဘ်ပေးလာဘ်ယူမှုများတွင် အလွန်လူသိများသည့် ဒေသတွင်း နိုင်ငံအချို့ အထိပါ ပျံ့နှံ့ကုန်သည်။

မြန်မာနိုင်ငံတွင် အလေ့အကျင့်ဖြစ်နေသည့် လာဘ်ပေးလာဘ်ယူမှု

ငွေကြေးပေးခြင်း (သို့) လာဘ်ထိုးခြင်းသည် လက်ခံသူ၏ စရိုက်အမှုအကျင့်အပေါ် သြဇာ သက်ရောက်စေရန် အပ်နှင်းခြင်း ဖြစ်သည်။ သည့်ထက်ပိုရှင်း အောင်ဆိုရလျှင် လာဘ်ထိုးလိုက်ခြင်းကြောင့် လာဘ်ယူသူသည် လာဘ်ပေးသူ အကျိုးအတွက် လုပ်ပေးရတော့မည် ဖြစ်သည်။

၁။ သဒ္ဓါကြေး(သို့) ဘောက်ဆူး (tip)

အခြား လာဘ်ပေးလာဘ်ယူမှုများ ထက်စာလျှင် ပမာဏ နည်းကောင်းနည်းမည် ဖြစ်သည်။ ပေးသူ၏ ဆန္ဒတွင် စေတနာ ရှိသလောက် ပေးသည့် အတွက် သဒ္ဓါကြေးဖြစ်သည်။ သဒ္ဓါကြေးအတွက် လက်ခံသူ စောဒက မတက်နိုင်အောင် ပေးသူက စီစဉ်မှုတွေ လုပ်ရသည်။
  

    – မောင်မြား
                                                                  ဆက်လက်ဖော်ပြပါမည်

No comments:

Post a Comment