Labels

Monday, January 27, 2014

တိုင်းရခက်တဲ့ ကိုယ်ကျင့်တရား နှင့် အလီဘာဘာ၏ လက်တံများ .





(၁)
လူတိုင်းမှာ မတူညီတဲ့ tripping point တွေရှိကြတယ်။ တချို့တွေက အိမ်က အိမ်ဖော်ကိုတောင် အလွတ်မပေးချင်ကြပေမယ့် တချို့ကျတော့လည်း ဂျိုလီလောက်မှ မရရင် စိတ်မဝင်စားကြပြန်ဘူး။ ဘဏ်ဖောက်တဲ့သူခိုးက နောက်ဖေးလမ်းကြားမှာ ထမိန်လိုက်မရုတ်သလိုပေါ့ဗျာ။ ဒီတော့ မတူညီတဲ့ tripping point တွေနဲ့ လူတွေရဲ့ ကိုယ်ကျင့်တရားဆိုတာကြီးကို ကောင်း၊ မကောင်း ဘယ်လို သုံးသပ် ဆုံးဖြတ်ကြမလဲ။ နောက်ပြီး ကိုယ်ကျင့်တရားဆိုတာကိုကလဲ ခေါင်းစဉ်ခွဲက များသားကလား။

(၂)
တကယ်လို့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ tripping point ကို မဖြတ်သန်းခဲ့ဘူးသေးတဲ့ အတိတ်မှတ်တမ်းရှင်းရှင်းနဲ့ စင်ကာပူက မြန်မာပြည်သား အလီဘာဘာ လောင်းလျာ တစ်ယောက် ဖြစ်ခဲ့မယ် ဆိုပါစို့။

စင်ကာပူမှာ မြန်မာတွေလုပ်တဲ့ ပရဟိတ အဖွဲ့သေးသေး၊ လတ်လတ်၊ ကြီးကြီး အရွယ်စုံရှိကြတယ်။ အဲဒီ ပရဟိတအဖွဲ့တွေရဲ့ တစ်နှစ်တာ အလှူကောက်ခံရရှိတဲ့ ငွေတွေဟာ ကျပ်ငွေ သိန်း ဆယ်ဂဏန်း ကနေ ရာ ဂဏန်းအထိ ရှိတတ်ကြတယ်။ အလီဘာဘာလောင်းတစ်ယောက် ပထမဆုံးလုပ်ရမယ့် အလုပ်က ဒီအဖွဲ့ရဲ့ အရေးပါတဲ့သူ ဖြစ်အောင် စ လုပ်တာပါပဲ။ ဒါကလဲ လွယ်မှ သိပ်လွယ်။ အချိန်ရှားတဲ့ စင်ကာပူမှ အချိန်ပေးပြီး လုပ်နိုင်တယ် ဆိုရင်ပဲ တော်တော်ဟုတ် နေပြီ။ ပြောတတ်၊ ဆိုတတ်၊ တာဝန်ယူတတ် များဆိုရင် အတိုင်းထက်အလွန်ပေါ့။ မြန်မာဆိုတဲ့ လူမျိုးကလည်း ယုံလွယ်တတ်သမှ။ ပရဟိတဆိုတာမျိုးကလည်း အချိန်ပေးနိုင်ဦးတောင် တာဝန်ယူနိုင်တဲ့သူက ရှားတော့ ဒီလောက်ဆိုရင်ကို လူယုံလို့ သတ်မှတ်ခံရပြီလေ။


လူယုံဖြစ်သွားတာနဲ့ အလှူခံပေးရမလားဆိုပြီး ကမ်းလှမ်းကြည့်လိုက်ရုံပဲ။ ဒီနေရာမှာတော့ နည်းနည်းလေး ခက်လိမ့်မယ်။ ငွေကိစ္စဆိုတော့လေ။ ကိုယ့်ရဲ့ background ကို ဟိုမေး ဒီမေး စုံစမ်းကြလိမ့်မယ်။ ပြောပြီးပါရော .. ကိုယ်ကျင့်တရားဆိုတာ တိုင်းရ ခက်တဲ့ အရာပါလို့၊ ထူးထူးခြားခြား နာမည်ပျက်မရှိခဲ့ရင်ကို ရပြီ။ သိပ်တော့ မလောနဲ့ အချိန်လေးသာ စောင့်နေလိုက်။ တစ်ချိန်ချိန် လက်ရှိ အလှူငွေ ကောက်ခံပေးနေတဲ့ သူတွေ မလုပ်နိုင်တော့ဘူးဆိုတဲ့ အချိန်အရောက်မှာ ခုန်သာဝင်လိုက်တော့။ သိပ်မစောင့်ရပါဘူး။ စင်ကာပူက မြန်မာအများစုက အလုပ်လုပ်ခွင့်လက်မှတ်၊ ကျောင်းတက်ခွင့်လက်မှတ်တွေနဲ့ နေကြရတာ။ ၁နှစ်တစ်ခါ၊ ၂နှစ်တစ်ခါ အခြေအနေက အမြဲပြောင်းနေတတ်တာမျိုးလေ။


POSB၊ OCBC၊ UOB စတဲ့ အထင်ကရသုံး ဘဏ်ကြီးတွေမှာ account တစ်ခုစီတော့ဖွင့်ထား ဖို့တော့ လိုမယ်ပေါ့။ ကိုယ့် bank account တွေကို အခါအားလျော်စွာ စစ်ခွင့်တောင်းရင် ဘယ်လိုလုပ်မလဲ။ ဒါလဲ လွယ်ပါတယ်။ Bank account ဆိုတာ confidential လေ။ အခြား ကိစ္စတွေအတွက်လည်း သုံးတော့ ဒါတော့ ပေးလို့ မဖြစ်လို့ပါလို့သာ ပြောထားလိုက်ပေါ့။ မြန်မာတွေက သိပ်အားနာတတ်တာနော။ Joint account လုပ်ဖို့ ပြောရင်ကော။ အဟဲဟဲ စင်ကာပူမှာ နိုင်ငံသား နဲ့ အမြဲနေထိုင်ခွင့်ရတဲ့သူ မဟုတ်ရင် ဘဏ်တစ်ခုထဲမှာ saving account ၂ခု ဖွင့်လို့ မရဘူးလေ။ ရှင်းတယ်နော်။

ကဲ ဒီလောက်ဆို ဆက်လုပ်လို့ရပြီ။ အစပိုင်းတော့ စာရင်းမှန်မှန်လေးတင်ပေးပြီး အလှူခံပေးပေါ့။ နောက်နည်းနည်းလေး အသားကျမှ ငွေလွှဲခ သက်သာ အောင်တို့၊ ဘာတို့ ညာတို့ အကြောင်းတွေပြပြီး ကိုယ့် bank account ထဲမှာ ငွေများများ ကျန်နေအောင်သာ ချန်ထားလိုက်။ လိုသလောက်ရပြီဆို ရှောင်သာနေလိုက်တော့ ရပြီ။ ဥပဒေကြောင်းအရ အရေးယူမယ် ဟုတ်လား။ စင်ကာပူက မြန်မာ ပရဟိတအဖွဲ့ အများစုက မြန်မာပြည်မှာတောင် တရားဝင် မှတ်ပုံတင်ထားတာ မဟုတ်ဘူး။ စင်ကာပူမှာ ဆိုရင်တော့ ဝေလာဝေး။ ဘာမှ လုပ်လို့မရဘူး။ စင်ကာပူမှာ မှတ်ပုံတင်မထားရင် တရားဝင်တောင် အလှူခံလို့ကို မရဘူးဗျ။ မြန်မာပြည်မှာ ရော ဘာလုပ်လို့ ရမယ်ထင်သလဲ။ ဟင်း ဟင်း .. သိတယ် မဟုတ်လား မြန်မာပြည်လေ။


(၃)

ခေတ်ကြီးကိုက တစ်ခါသုံး အရမ်းခေတ်စားလာတဲ့ ခေတ်ပါဗျာ။ နောက်ပြီး အတိုင်းရခက်တဲ့ ကိုယ်ကျင့်တရား ဆိုတာကလည်း နာမည်ကိုက "ကိုယ် ကျင့် " တဲ့။ ဘာအဆင့်အတန်းပဲရှိရှိ၊ ဘယ်လို အသိပညာပဲရှိရှိ၊ ဘာအလုပ်ပဲလုပ်လုပ် ကိုယ်ကိုယ်တိုင်က ကျင့်သုံးပါမှ ဆိုသကိုး။ တကယ်တော့လည်း tripping point မတူတဲ့ လူတွေကြားမှာ ကိုယ်ကျင့်တရားကို ခန့်မှန်ပြီး တည်ဆောက်ကြတဲ့ ယုံကြည်မှုဆိုတာ ကမ်းစပ်သဲသောင်ပြင်မှာ တုတ်နဲ့ ခြစ်ပြီး ဆွဲထားတဲ့ စည်းလေး တစ်ချောင်းပဲလေ။


အားနည်းချက်များကို သိမြင်ပြီး “ခန့်မှန်းကိုယ်ကျင့်တရားအခြေခံတဲ့ ယုံကြည်မှု” ဆိုတာကို “ဖောက်ဖျက်ရခက်တဲ့ စနစ်” နဲ့ အစားထိုး နိုင်စေကြောင်း ရည်သန်ပါသည်။

ဝသုန်
၁၆၊ ဇန်နဝါရီ၊ ၂၀၁၄။

No comments:

Post a Comment