Labels

Friday, January 10, 2014

ကြံ့ခိုင်ရေး ဘာလဲ ဘယ်လဲ … (၂)

                                – မောင်ရေစက်

ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးများက အစိုးရအခေါ်အဝေါ်ကို  ““အေးချမ်းဖြိုး””ဖြစ်လာပြီး  ““ပြည်ခိုင်ဖြိုး””၏  မိဘသည် ““အေးချမ်းဖြိုး””ဖြစ်ကြောင်း ကြံ့ခိုင်ရေးအသင်း အခမ်းအနားများ၌ တရားဝင် ထုတ်ဖော်ပြောကြား

အင်အားထုထည်ကြီးမားသော အစိုးရနှင့် ဖွဲ့စည်းပုံစုံလင်သော ပြည်ခိုင်ဖြိုး အကောင်အထည်ဖော်ရာ နေရာတိုင်း၌ ရည်မှန်းချက် များ၊ ရည်ရွယ်ချက်များ ပြည်သူများအတွက် ကြီးကြီးမားမား ထားခဲ့သည်ချည်းသာ ဖြစ်သည်။ အကောင် အထည် ဖော်ကြေ သာ အောက်ခြေ ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် အဖွဲ့များသည်လည်း ပြည်သူတို့၏ လိုအင်ဆန္ဒကို လျစ်လျူရှု၍  မိမိတို့၏ ကိုယ်ကျိုး အတ္တကိုသာ ဦးစားပေး အကောင်အထည် ဖော်ခဲ့သည်ချည်းသာ များပေသည်…
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးဟူ၍ အနယ်နယ်အရပ်ရပ် အစိုးရ ပြန်/ဆက်ရုံးများတွင် အလံစိုက်ထူလျက် တခမ်းတနား အရှင်မွေးေ တာ့ နေ့ချင်းကြီးဆိုသလို မြို့တိုင်း၊ နယ်တိုင်း နေရာယူနိုင် ခဲ့ကြသည်။ အသင်းစဖွဲ့သည်မှာ ၁၉၉၃၊ ရပ်/ကျေးမှသည် ဗဟိုအဆင့်ထိ မြို့နယ် ခရိုင်ပါမကျန် ရုံးများ ဖွဲ့စည်းနိုင်မှုမှာ ၁၉၉၄ တွင်ပင် အားလုံး ပြီးစီးလုနီးပါးဖြစ်ခဲ့သည်။ အသင်းစတင် ဖွဲ့စည်းပြီး လပိုင်း အတွင်းမှာပင် ကြံ့ခိုင်ရေး အသင်းကြီးမှ ကြီးမှူးကျင်းပသော လူထုအစည်းအဝေး ပွဲကြီးများသို့ အခြေခံပညာ အထက်တန်း၊ အလယ်တန်း(မူလတန်း ပါမပါ မသိရ) ကျောင်းသူ၊ ကျောင်းသားများ အပါအ၀င် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ် ကျောင်း မဖွင့်သေး ၍ တိုးလိုးတန်းလန်း ဖြစ်နေကြသော ကျောင်းသူ ကျောင်းသားများ၊ ယခင်လမ်းစဉ်ပါတီ အစိုးရ လက်ထက်မှ ဖျက်သိမ်းခံခဲ့ရ၍ အပြင်သို့ ရောက်နေကြသော ပါတီဝင်ဟောင်းများ၊ လူတန်းစား ပေါင်းစုံ ပါဝင်ခဲ့ကြသည်။ …
အသင်းဖွဲ့စည်းသည်မှာ လပိုင်းမျှအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူထုအစည်းအဝေးပွဲ အခမ်းအနားကြီးများကို ကျင်းပနိုင်သည်မှာ အုပ်ချုပ် စီမံနိုင်သော နောက်ကွယ်မှ ပုဂ္ဂိုလ်များအား လေ့လာ ကြည့်မိသည်။ အနယ်နယ်အရပ်ရပ် အဆင့်လိုက် ကြံ့ခိုင်ရေးရုံးများ ရုံးစိုက်ရာ အစိုးရပြန်/ဆက် တာဝန်ရှိသူများနှင့် အစိုးရ ၀န်ထမ်းများက အဓိက ကူညီပံ့ပိုး ပေးခဲ့ကြောင်း တွေ့ရှိရသည်။ ဗိုလ်ချုပ်ကြီး နေ၀င်း၏ လမ်းစဉ်ပါတီဌာနချုပ် ၀န်ထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစိုးရပြန်/ဆက် (ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန) ၀န်ထမ်းများ အထူးကျွမ်းကျင်သော အစည်း အဝေးပွဲများ ကျင်းပခြင်း၊ အခမ်းအနား ပြင်ဆင်ခြင်း၊ လူထုကို ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ မီဒီယာပံ့ပိုးမှုကို ကြံ့ခိုင်ရေးအသင်းက ပိုင်ပိုင်နိုင်နိုင် ရယူ အသုံးချနိုင်ခဲ့ကြောင်း ထိုစဉ်က  ကြံ့ခိုင်ရေး လူထု အစည်းအဝေးပွဲများ၏ မြစ်ဖျားခံရာကို လေ့လာလျှင် သိရှိမည်သာ ဖြစ်ပေသည်။
နှစ်ပေါင်းများစွာ လေ့ကျင့် ပျိုးထောင်ထားသော ပါတီကြီးများကို ကျော်ဖြတ်၍ ပြည်သူလူထုကို စည်းရုံးရေး ခေါင်းဆောင်မှု ပေးနိုင်ခဲ့သော ရည်ရွယ်ချက်အား အချိန်တိုအတွင်း ဖော်ဆောင်နိုင်ခဲ့သည့် ကြံ့ခိုင်ရေး အသင်းကြီးသည် ဗဟို အလုပ်အမှုဆောင်အဖွဲ့ မည်မျှပင် အင်အား တောင့်တင်းစေကာမူ အခြေခံကျသော မြို့နယ်ပေါင်း(၃၀၀) ကျော် အသင်းရုံးများ၏ အကောင်အထည်ဖော်မှု စွမ်းအား မပီပြင်လျှင် လောက်လောက် လားလား ထွန်းကားလာခဲ့မည် မဟုတ်ပေ။ ကြံ့ခိုင်ရေးအသင်း အလုပ်အမှုဆောင် တော်တော် များများသည် စာဖတ်ခြင်း အလေ့အထ လွန်စွာ အားနည်းပြီး သတင်းမီဒီယာ သမားများကိုလည်း တစ္ဆေသရဲများသဖွယ် ဆက်ဆံလေ့ ရှိသည်ကို  ပါဝင်ခဲ့စဉ်က အတွေ့အကြုံ များစွာ ရခဲ့သည်။ ကိုယ်တိုင် စာဖတ်ခြင်း အလေ့အထ အားနည်းသူများသည် နိုင်ငံရေးအတွေးအခေါ် စာပေရေးရာ လေ့လာ ပြောဟောသူများ အပေါ်၌လည်း နိုင်ငံရေးအရ ညစ်ပတ်ကွက်များဖြင့် တိုက်ခိုက်မှုများ အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသည်။ လမ်းစဉ် ပါတီကို စတင် တည်ထောင်စဉ်က တပ်မတော် တပ်မှူးကြီး များ၏ နိုင်ငံရေး အတွေးအခေါ်နှင့် အတွေ့ အကြုံများ ပေါင်းစပ်ပြီး ရရှိလာသော နိုင်ငံရေး အသီးအပွင့်များကို အကောင်အထည်ဖော် ကြသည့် အောက်ခြေမြို့နယ် ပါတီ ယူနစ်ကော်မတီများ ယိုယွင်း ပျက်စီးမှုကြောင့် မစားသုံးရဘဲ ပြိုလဲခဲ့သော လမ်းစဉ် ပါတီ၏ အတတ်ပညာပိုင်းဆိုင်ရာ ရှိနေကြသည့် ပါတီဌာနချုပ် ၀န်ထမ်းများကို အစိုးရ ပြန်/ဆက်ရုံးများ အဖြစ် ၁၉၈၈ အာဏာသိမ်း (န၀တ) တပ်မတော် အစိုးရက ပြောင်းလဲ ယူခဲ့ပြီး လမ်းစဉ်ပါတီ တစ်ဖြစ်လဲ တစည ပါတီနှင့် ဆွေမျိုးခန်း ဖြတ်ကာ ကြံ့ခိုင်ရေး အသင်းကြီးအတွက် လွှဲပြောင်း အသုံးချနိုင်ခဲ့ကြသည်သာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏  နိုင်ငံရေး၊ သဘောတရားရေးရာပိုင်း၌ မည်မျှ တွေးခေါ်နိုင်သည့် အခြေအနေကို လေ့လာကြည့်လျှင် သိရမည် ဖြစ်ပေသည်။
အာဏာပိုင်များ ထောက်ခံမှုဖြင့် ရုံးဆောက်လုပ်ရန် မြေကွက်များ ဂရန်ရရှိခြင်း၊ ရုံးဆောက်လုပ်ရန် နယ်မြေ တာဝန်ခံ ၀န်ကြီးများထံမှ ငွေကြေးနှင့် ပါမစ်ပံ့ပိုးမှုများ ရရှိခြင်း၊ ရန်ကုန်တိုင်းဆိုလျှင် တိုင်းတာဝန်ခံမှာ ငွေကြေး လွန်စွာ ၀င်ငွေကောင်းသော ရန်ကုန် မြို့တော်ဝန်များဖြစ်၍ မြို့နယ်အလိုက် ရုံးများကို အချိန်တိုအတွင်း ပြီးစီးအောင် ဆောက်လုပ်ပေးခြင်း၊ ခရိုင်ရုံးများလည်း ရန်ကုန်မြို့၏ အချက်အချာ နေရာများ၌ လျင်မြန်စွာ ဆောက်လုပ် ပြီးစီး ခြင်း၊ ကြံ့ခိုင်ရေး အသင်းရုံးများကို ကြည့်ပါလျှင် စတင် အခြေတည်ရာ အစိုးရ ပြန်/ဆက် ရုံးများနှင့် ပုံစံတူ ဆောက်လုပ်ထားခြင်း၊ ပုံစံကွဲပြားသည်မှာ တိုင်းနှင့်ပြည်နယ် အသင်းရုံးများဖြစ်ပြီး ၎င်း ရုံးများကိုလည်း အစိုးရတိုင်းအဆင့်၊ ပြည်နယ်အဆင့် ရုံးများကဲ့သို့ ခမ်းနား ထည်ဝါစွာ ဆောက်လုပ်ခဲ့ပြီး အခမ်း အနားများ ကျင်းပချိန်တွင်လည်း ထိုစဉ်က တိုင်းနှင့်ပြည်နယ်အဆင့် အစိုးရ အကြီးအကဲများ ဖြစ်ကြသော တိုင်းမှူး၊ တပ်မမှူးများ၊ တပ်မတော် အကြီးအကဲများ ကိုယ်တိုင်ကြွရောက် အားပေးခြင်းများဖြင့် ကြံ့ခိုင်ရေး အသင်း၏ ခရီးဆက်ရာတွင် အခြေတည်ရာ အစိုးရပြန်/ဆက် ရုံးများမှ သည် ကိုယ်ပိုင်ရုံးကြီးများသို့ ပြောင်းလဲ ရောက်ရှိခဲ့သည်။
ကြံ့ခိုင်ရေးအသင်းများ လှုပ်ရှားမှုတိုင်းတွင် အာဏာပိုင်များ ကိုယ်တိုင်လာရောက် ပါဝင်ပူးပေါင်းခဲ့သည်မှာ ဗဟိုအဆင့် သင်တန်းများ၌ အုပ်ချုပ်ရေး အာဏာပိုင် ၀န်ကြီးများ ကိုယ်တိုင်သင်တန်း ဆရာဘ၀၊ တပ်မှူး ဗိုလ်မှူးကြီးများမှာ သင်တန်း ကျောင်းအုပ်ကြီးများဘ၀၊ ဗိုလ်ကြီး ဗိုလ်မှူးများမှာ သင်တန်းသားထိန်း ဘ၀များသို့ ခံယူကြလျက် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း ဗဟိုသင်တန်း ကျောင်းဖွင့်ပွဲ၊ ပိတ်ပွဲများ၌ ကိုယ်တိုင် မိန့်ခွန်းပြောမှ သင်တန်းဆင်းရသော ကြံ့ခိုင်ရေးများ ဖြစ်ခဲ့ကြသည်။ တချို့သော သင်တန်းများဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မအားလပ်၍ သင်တန်းဆင်းရန် စောင့်ဆိုင်းရင်း လနှင့်ချီကာ ကြာမြင့်ခဲ့ရသော အခြေအနေကြောင့် မြန်မာပြည်တစ်ပတ် လေ့လာရေးခရီးပင် ပို့ဆောင်၍ သွားခဲ့ကြသူများ လည်းရှိသည်။ သာမန်ပြည်သူတစ်ဦး တစ်ယောက်ပင်လျှင် အချိန်ငါးမိနစ်ခန့် တွေ့ဆုံရန် ခက်ခဲလှသော အစိုးရ ၀န်ကြီးများမှာ ကြံ့ခိုင်ရေး သင်တန်းကျောင်းများ၌ သင်တန်းလာပို့ချရင်း ကြံ့ခိုင်ရေး အသင်းဝင်များနှင့် ဖက်လဲတကင်း အချိန်များစွာ တွေ့ခွင့်ရကြသည်။ ၀န်ကြီးများက သင်တန်းသားများကို ဒေသအလိုက် တာဝန်ခံ  ယူထားရသောကြောင့် မိမိတို့နှင့် သက်ဆိုင်ရာအလိုက် မုန့်ဖိုးပေးခြင်း၊ ခရီးစရိတ် ပေးခြင်းများလည်း ရှိခဲ့သည်။ အချို့ဆိုလျှင် သင်တန်းလာတက်ရင်း ၀န်ကြီးနှင့် လေပေးဖြောင့်၍ ရာထူးတိုးသွားခြင်း၊ အခွင့်အရေးများရခြင်း၊ ၀န်ထမ်း စာမေးပွဲအောင်ခြင်း စသော အခြေအနေတို့ တွေ့ခဲ့ရသည်။
ကြံ့ခိုင်ရေးအသင်း၏ ပထမ(၅)နှစ်တာ ခရီးတွင် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးများကို မှော်ဘီ ဗဟိုသင်တန်းကျောင်း(ယခင် ဗိုလ်သင်တန်းကျောင်း) ၌ ကျင်းပ၍ အစိုးရ မီဒီယာများကလည်း အကျယ်တ၀င့် ရိုက်ကူးထုတ်လွှင့် ပေးခဲ့ကြသည်။ အဆိုတင်သွင်းမှုများ၊ ဆွေးနွေးမှုများကို အစုအဖွဲ့လိုက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ သဘာပတိအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးများ ပါဝင်ခြင်းတို့ဖြင့် ရက်ရှည် ကျင်းပ ခဲ့သော ကြံ့ခိုင်ရေး အသင်း နှစ်ပတ်လည် အစည်းအဝေး တက်ရောက်ခဲ့ကြသည့်  အလုပ်အမှုဆောင် ကေဒါ ကြီးများသည် နောင်တစ်ချိန်တွင် အချိန်ကာလ ကြာမြင့်စွာ ကျင်းပခဲ့သော ပြည်သူများကြား အငြင်းပွားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာ အမျိုးသား ညီလာခံကြီး၌ ကိုယ်စားလှယ်များအဖြစ် တက်ရောက် ကြရမည်ကို ကြိုတင် သိရှိနိုင်မှု မရှိခဲ့ကြပေ။ ကြံ့ခိုင်ရေး အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၌သာ အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်း၊ အစုအဖွဲ့လိုက် ဆွေးနွေးခြင်း၊ နာယကကြီး၏ မိန့်ခွန်း နာခံခြင်းများဖြင့် ကြံ့ခိုင်ရေး အသင်းကြီး၏ ပထမ(၅)နှစ်တာ အချိန်ကို နောင်တစ်ချိန် နိုင်ငံရေးအတွက် အတိုက်အခံNLD ပါတီကို တပ်မတော် အစိုးရဘက်မှ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ရေး လေ့ကျင့်ရင်းစည်းရုံး၊ စည်းရုံးရင်း လေ့ကျင့် ခဲ့ကြရသည်။ အချိန်ကျလျှင် မည်သည့်နေရာမှ ပါဝင်၍ ၁၉၉၀ ရွေးကောက်ပွဲ အာဏာမလွှဲသော အစိုးရဘက်မှ ရပ်တည် တိုက်ပွဲဝင်ရန် ကြိုတင် မသိခဲ့ရသော ကြံ့ခိုင်ရေးအသင်း အလုပ်အမှုဆောင် ကေဒါများမှာ စည်းရုံးရေး သင်တန်းများ၊ စစ်ရေးသင်တန်းများ၊ သတင်းသင်တန်းများ တက်ရောက်ခဲ့ကြသည်။ ယခုအခါ အဆိုပါ ကေဒါများမှာ အမျိုးသား ညီလာခံသို့ NLD မှ ကျောခိုင်း ထွက်ခွာသွားပြီးနောက် ပြန်လည်ကျင်းပစဉ်တွင် အလုပ်သမား ကိုယ်စားလှယ်၊ လယ်သမားကိုယ်စားလှယ်၊ တတ်/သိ ကိုယ်စားလှယ်များအဖြစ် ပါဝင် တက်ရောက်ခွင့် ရခဲ့ကြပြီး လွှတ်တော် အသီးသီးနှင့် အစိုးရ အသီးသီးတို့၌ နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍများတွင် တွေ့မြင်နေကြရပြီ ဖြစ်သည်။
ကြံ့ခိုင်ရေးအသင်း၏ (၅)နှစ်ပြည့်မြောက်ခါနီးတွင် ၁၉၉၇ နိုဝင်ဘာလ၌ တပ်မတော် ထိပ်တန်း ခေါင်းဆောင်ပိုင်းများ အပြောင်းအလဲ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်၊  ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် အာဏာသိမ်း ခေါင်းဆောင်များအဖြစ် တပ်မတော် ထိပ်တန်း တာဝန်ရှိခဲ့သူများ ဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမြသင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးသောင် စသည့် ပုဂ္ဂိုလ်ကြီးများ အနားပေး၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက)အစိုးရ ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ခေါင်းဆောင်ပိုင်း၌ အစိုးရ အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်မှာ ကြံ့ခိုင်ရေး ဗဟိုနာယကကြီး ဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယအကြီးအကဲမှာ နယက ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်အေး၊ အတွင်းရေးမှူး(၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ အတွင်းရေးမှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၊ အတွင်းရေးမှူး(၃) ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့ ဖြစ်လာခဲ့သည်။
များမကြာမီ အတွင်းရေးမှူး (၃) ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်သည် ကြံ့ခိုင်ရေးအသင်း၏ ပထမဆုံး အဆင့်မြင့် တာဝန်ဖြစ်သည့် ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၎င်း၏ နောက်တွင်မှ ကြံ့ခိုင်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ တာဝန်ယူခဲ့ပြီး ကြံ့ခိုင်ရေးအသင်း ဖျက်သိမ်းချိန်အထိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ၎င်းတာဝန်ကို ပါဝင် မထမ်းဆောင်ခဲ့ရပေ။ ထိုစဉ်က အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးတာဝန် ထမ်းဆောင်ခွင့် ရကြသော ကြံ့ခိုင်ရေးအသင်း ဗဟို အလုပ်အမှုဆောင် ၀န်ကြီးများက အစိုးရ အခေါ်အဝေါ်ကို ““အေးချမ်းဖြိုး”” ဖြစ်လာပြီး အေးချမ်းဖြိုးသည် မိဘနေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ““ပြည်ခိုင်ဖြိုး””ဟူ၍ စတင်ခေါ်ဝေါ်ပြီး၊ ““ပြည်ခိုင်ဖြိုး””၏ မိဘသည် ““အေးချမ်းဖြိုး””ဖြစ်ကြောင်း ကြံ့ခိုင်ရေး အသင်း အခမ်းအနားများ၌ တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။  ထိုကဲ့သို့ အစိုးရ အပြောင်းအလဲ၌  နယက အစိုးရ ဖြစ်လာခဲ့ပြီး  ကြံ့ခိုင်ရေး အသင်းသည် လည်းထိုစဉ်မှစ၍ ““ပြည်ခိုင်ဖြိုး””ဟူ၍ အမည်နာမ ခေါ်ဝေါ်ခဲ့ကြသည်။
မြန်မာ့နိုင်ငံရေး ၀ဲဂယက် အနောက် နိုင်ငံများ၏ပိတ်ဆို့မှု ပြင်းထန်ချိန်၌ ပြည်ခိုင်ဖြိုး အသင်းဝင်များသည် ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ခြေမှုန်းကြရန် ပြည်သူ့ သဘောထား ထုတ်ဖော် ကြေငြာပွဲများ ကျင်းပချိန်တွင် တစ်ခဲနက် ပါဝင် လာခဲ့ကြသည်။
လူငယ်များ စည်းရုံးဟောပြောမှု စွမ်းရည် တိုးတက်မြင့်မား လာစေရန်အတွက် ကျပန်းစကားပြော  ပြိုင်ပွဲများ ကိုလည်း တစ်နိုင်ငံလုံး ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုး အသင်းကြီးက တပ်မတော်နေ့ကို ဂုဏ်ပြု၍ နှစ်စဉ် ကျင်းပ ပွဲများ၌ ဆရာ၊ ဆရာမများ၊ ပညာရေးမှူးများ၊ ပါမောက္ခများ၊ ပါမောက္ခချုပ်များ ပါဝင်ဦးဆောင် ကျင်းပပေးခဲ့ရာ လူငယ်တို့၏ စိတ်ဓာတ်၊ အသိများတွင် ပြည်သူလူထုအပေါ် အမှန်တကယ် စည်းရုံး ဦးဆောင်ပြီး မိဘသဖွယ် အဖြစ် တပ်မတော်အပေါ် ယုံကြည် ကိုးစားစိတ်များ သံမှိုကဲ့သို့ စွဲထင်လာစေခဲ့သည်။
အစိုးရ၏ အားသွန်ခွန်စိုက် ပံ့ပိုးမှုကြောင့် ရလာခဲ့သော အသိပညာရှင်၊ အတတ် ပညာရှင်များသည် ပြည်ခိုင်ဖြိုး အသင်းသွားရာ တစ်လျှောက် နိုင်ငံရေး ရေစီးကြောင်း စီးဆင်းရာ စီးမျော လိုက်ပါလာခဲ့ရင်း ပြည်ခိုင်ဖြိုးအပေါ် ရွံရှာ မုန်းတီးစိတ်များ ပေါ်ပေါက် လာခဲ့ကြသည်မှာ မည်သူတို့၏ ညံ့ဖျင်းမှုကြောင့် ဆိုသည်ကို စေစေငင ကြည့်သင့် လှပေသည်။ အင်အားထုထည် ကြီးမားသော အစိုးရနှင့် ဖွဲ့စည်းပုံ စုံလင်သော ပြည်ခိုင်ဖြိုး အကောင်အထည်ဖော်ရာ နေရာတိုင်း၌ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ ပြည်သူများအတွက် ကြီးကြီးမားမား ထားခဲ့သည် ချည်းသာဖြစ်သည်။ အကောင်အထည် ဖော်ကြသော အောက်ခြေ ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် အဖွဲ့များသည်လည်း ပြည်သူတို့၏ လိုအင်ဆန္ဒကို လျစ်လျူရှု၍ မိမိတို့၏ ကိုယ်ကျိုး အတ္တကိုသာ ဦးစားပေး အကောင်အထည် ဖော်ခဲ့သည် ချည်းသာ များပေသည်။ ဤသို့ ဆိုပါလျှင် ထုထည် အင်အား ကြီးမားသော ပြည်ခိုင်ဖြိုးသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌ ၀က်ဝက်ကွဲ ရှုံးနိမ့်ခဲ့ရသော အခြေအနေမှာ အရှက်ကွဲခြင်း မဟုတ်ဘဲ အချိန်ကြာမြင့်စွာကပင် ရှိခဲ့သော မူရင်းအခြေအနေ တစ်ရပ်ဖြစ်ပေါ် ခြင်းသာဖြစ်ကြောင်း တွေ့ရှိနိုင်ပေသည်။ ထိုအကြောင်းမှာ ပြည်ခိုင်ဖြိုးတို့၏ မှားယွင်းမှု၊ ဦးတည်ရာ လမ်းကြောင်း၌ ချို့ယွင်းချက်ဖြင့် တစ်ခုတည်းသာ ရှိကြောင်းတွေ့ ရှိရသည်။ ထိုအကြောင်းကား အသင်းကြီး အပေါ်ယုံကြည်ချက်၊ ခံယူချက်၊ မူဝါဒများအပေါ် ယုံကြည်ချက်၊ ခံယူချက်အမှန် တကယ်ရှိသူများက မြင်နိုင် ပေသည်။
ဆိုရိုးစကားရှိပေသည်။
““ပြည်သူ့ခွန်အား မကိုးစားသော် ဓားသွားလည်းခွေ၊ လှံသွားခွေအံ့”” ဆိုသည်ကို ပြည်ခိုင်ဖြိုးများ ထပ်ခါတလဲလဲ ရေရွတ် ခဲ့ကြသည်မှာ အနှစ်(၂၀)ကျော် ခရီးသာ ပေါက်ခဲ့သည်။ ပြည်သူတို့ကို အမှန် တကယ် အလုပ်အကျွေးပြုခဲ့၊ မပြုခဲ့ မိမိတို့ ကိုယ်တိုင်သာ အသိဆုံး ဖြစ်ကြပေမည်။ ဗဟို အလုပ်အမှုဆောင်များ အနေဖြင့်လည်း ပြည်သူတို့အပေါ် အမှန်တကယ် စိတ်ရင်း စေတနာဖြင့် ကူညီ ပံ့ပိုးမှုများကို အောက်ခြေ ပြည်ခိုင်ဖြိုးများက တစ်ဆင့် ပေးခဲ့ပါ၏လော ဆိုသည်ကိုလည်း ယခုအခါ စောကြောရန် မလိုတော့ပေ။

No comments:

Post a Comment