ပေကျင်း၊ ချင်းဟွာတက္ကသိုလ်မှာ ပထမဆုံး ကျင်းပတဲ့ မြန်မာသင်္ကြန်
ပေကျင်း ၄ ၀ိုင်းမှာရှိတဲ့ “၀ူဒေါက်ခို” ဆိုတဲ့ နေရာလေးဟာ နိုင်ငံခြား ကျောင်းသားတွေ ပျော်စံရာ နေရာလေးပါ။ ပေကျင်းက မြို့ကို အ၀ိုင်းတွေနဲ့ ပတ်ထားတော့ အ၀ိုင်းနဲ့ ပြောရတာပါ။ ချင်းဟွာ၊ ပီကင်း၊ ရင်မင် စတဲ့ တက္ကသိုလ်တွေနဲ့ အနီးဆုံးနေရာပေါ့။ ချင်းဟွာတက္ကသိုလ်ကို အမှီပြု ပေါ်ပေါက်လာတဲ့ ရပ်ကွက် တစ်ခုပါ။
အရင်က သစ်တောအုပ်ကြီးတစ်ခုလို့ ညီငယ်၊ ညီမငယ် မြန်မာနိုင်ငံသား တရုတ်တွေက ပြောပါတယ်။ ဖြစ်နိုင်ပါတယ်။ ချင်းဟွာ တက္ကသိုလ်ဟာ တရုတ်“ချင်”ဘုရင်ရဲ့ ဥယျာဉ်တော်မှာ တည်ရှိလို့ပါ။ ကျနော်တို့ဆီက မြို့ကြီး တစ်မြို့လောက်ကို ကြီးပါတယ်။ အခြားတက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသားတွေလည်း အပန်းဖြေလိုရင်၊ ပျော်ချင်ပါးချင်ရင် “၀ူဒေါက်ခို”ကို လာရပါတယ်။ “ဟယ်လင်ဘား” ဟာ ကျနော်တို့ စက်ကျရာ နေရာပေါ့။ ကနဒါ၊ ဗြိတိန်၊ သြဇီ၊ ပြင်သစ်၊ အမေရီကန်၊ ဂျပန်၊ ရုရှ၊ ကိုရီးယားနဲ့ အာဖရိကတိုက်က နိုင်ငံသားတွေ အစုံ ရှိပါတယ်။
ချင်းဟွာ တက္ကသိုလ်ဟာ မြို့ငယ် တစ်မြို့လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့်လည်း တက္ကသိုလ်အတွင်း Shuttle Bus တွေ ပြေးဆွဲပေးရပါတယ်။ နိုင်ငံပေါင်း ၁၂၀ ကျော်က ကျောင်းသားတွေ တက်ရောက်နေပြီး နှစ်စဉ် နိုင်ငံပေါင်းစုံရဲ့ ယဉ်ကျေးမှု ပွဲတော် ကျင်းပလေ့ ရှိပါတယ်။
ကျနော် ချင်းဟွာမှာ တက်နေစဉ် ချင်းဟွာတက္ကသိုလ်ရဲ့ ပထမဦးဆုံးသော မြန်မာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို တရုတ်နိုင်ငံ မြန်မာ သံရုံးက သံအမတ်ကြီး ဦးတင်ဦးနဲ့ သံရုံးဝန်ထမ်းများ၊ တရုတ်မြန်မာချစ်ကြည်ရေး အသင်း၊ မြန်မာပြည်ဖွား တရုတ်အမျိုးသားများအသင်း၊ ချင်းဟွာတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၊ ပီကင်းတက္ကသိုလ် မြန်မာစာဌာန၊ တရုတ် ခရီးသွား လုပ်ငန်း ကုမ္ပဏီများနဲ့ တရုတ် ကောင်စစ်ဝန် အဖွဲ့တို့ရဲ့ အကူအညီနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။
မုန့်ဟင်းခါး၊ ဆီထမင်းနဲ့ မြန်မာစားဖွယ်အစုံ ဧည့်ခံ ကျွေးမွေးနိုင်ခဲ့ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဗိုလ်မှူး ဇော်ဇော်စိုးက သူ့ အဆက်အသွယ်တွေကနေ မြန်မာနိုင်ငံကနေ မုန့်ဟင်းခါးကို ရအောင်မှာပေးပါတယ်။ အတော်ကို တက်ကြွတဲ့သူပါ။
နှစ်စဉ် မြန်မာသံရုံးမှာသာ လုပ်ခဲ့ပေမယ့် ကျနော် တရုတ်မှာ ရှိနေစဉ် ကျနော်တက်နေတဲ့ ချင်းဟွာတက္ကသိုလ်မှာ မြန်မာ့ အတာသင်္ကြန်ပွဲ လုပ်ခွင့် ပေးခဲ့တဲ့ တရုတ်နိုင်ငံ မြန်မာ သံရုံးမှ သံအမတ်ကြီး ဦးတင်ဦးနဲ့ နားလည်မှုပေးကြသော သံရုံးမှ အတွင်းဝန် ဒေါ်ဖြူဖြူစိုး၊ မနီလာနဲ့ ၀န်ထမ်းများ၊မိသားစုများ၊ အကိုကြီး မစ္စတာအောင်ဦး (FB အမည်) ( ယခု စစ်သံမှူးအဖြစ် အာဆီယံနိုင်ငံတစ်ခုတွင် တာဝန်ထမ်းဆောင်နေ)၊ ဗိုလ်မှူးဇော်စိုး၊ လေမှ ဗိုလ်မှူးညီ၊ အမြောက်တပ်မှ အရာရှိ ညီငယ်များ၊ China International Radio မှ ဆရာမ ဒေါ်မြင့်မြင့်အေးနှင့် ပါဝင်သီဆို ကပြပေးကြသော ကိုလင်းကြည်( မြန်မာနိုင်ငံတွင် မြန်မာစာ လာတက်စဉ်က အမည်)နှင့် မှတ်တမ်းတင်ရိုက်ကူးကာ နိုင်ငံတကာသို့ ထုတ်လွှင့်ပေးကြသော CRI ၀န်ထမ်းများ၊ တက်ရောက်ခဲ့ကြသော နိုင်ငံတကာမှ သူငယ်ချင်းများ၊ တရုတ်နိုင် ကွန်မြူနစ်ပါတီနှင့် နိုင်ငံခြားရေးဌာနမှ အရာထမ်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ ပေကျင်းရှိ တက္ကသိုလ် အသီးသီးတွင် တက်ရောက်နေကြသော သူငယ်ချင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လူပျိုဂျီး ရဲအုပ်ကျော်သီဟ၊ ရဲအုပ် ၀မ်ဒ တို့ကို ဒီစာစုမှ ကျေးဇူးတင်ကြောင်း ပြောပါရစေ။
မြန်မာ့အလှ မြန်မာ့အက များသာမက China International Radio (CRI) ၀န်ထမ်းများရဲ့ သိုင်းအက၊ မြန်မာသီချင်းတွေ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပြသနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံ ကာကွယ်ရေးတက္ကသိုလ် တစ်ခုမှာ တက်နေတဲ့ ထိုင်းဘုရင့်တပ်တော်က စစ်ဘက်ဆိုင်ရာ အရာရှိကလည်း သူတို့ ထိုင်းသင်္ကြန်ပွဲ ရှိပေမယ့် ယခု စစ်သံအဖြစ် အာဆီယံ နိုင်ငံတစ်ခုမှာ ရောက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကျနော့်ရဲ အကိုကြီး (ယခင် မြန်မာနိုင်ငံ ကာကွယ်ရေး တက္ကသိုလ်မှ ဗိုလ်မှူးကြီး တစ်ဦး) နဲ့အတူ တက်ရောက်လာသလို နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများလည်း တက်ရောက်ခဲ့ပါတယ်။
တက်ရောက်လာသူများကို မြန်မာနိုင်ငံအကြောင်း လက်ကမ်းစာစောင်မျာ၊ စာအုပ်များ၊ ဓါတ်ပုံများ၊ ခရီးသွား လမ်းညွှန်များကို လက်ဆွဲအိတ်နဲ့အတူ တရုတ် ခရီးသွား ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ လက်ဆောင်ပေးနိုင် ခဲ့ပါတယ်။ အဲလို ပေးနိုင်ခဲ့တဲ့အတွက် တရုတ်နှစ်ကူး ကျောင်းပိတ်ချိန်မှာ နိုင်ငံတကာက သူငယ်ချင်းများ မြန်မာနိုင်ငံကို အလည်အပတ် သွားခဲ့ကြပါတယ်။ အကိုကြီး ဗိုလ်မှူးကြီး အောင်ကျော်ဦး စီစဉ်ပေးတဲ့အတွက် မြန်မာရွှေချည်ထိုး ပန်းချီကားကြီးများကိုလည်း ချင်းဟွာတက္ကသိုလ်နဲ့ တရုတ်ကောင်စစ်ဝန်တို့ကို လက်ဆောင် ပေးနိုင်ခဲ့ပါတယ်။
အဲအချိန်က စိတ်မကောင်း ဖြစ်ခဲ့ရတာတစ်ခု ရှိခဲ့ပါတယ်။ မြန်မာ ခရီးသွားကုမ္ပဏီများကို ဆက်သွယ်ပြီး မြန်မာနှစ်သစ်ကူးပွဲတော်ကို ပါဝင်ကူညီခြင်းဖြင့် မြန်မာ့ ခရီးသွားလုပ်ငန်း မြှင်တင့်ပေးကြဖို့ ဆက်သွယ်ခဲ့ပေမယ့် လုံးဝ အကြောင်းပြန်ကြားမှု မရှိခဲ့တာပါပဲ။ လက်ငင်းအကျိုးကျေးဇူးသာ ကြည့်တတ်ပြီး ရေရှည် အကျိုးအမြတ်များနိုင်မှုကို မမြင်နိုင်မှု တစ်နည်းဆိုရင် Vision မရှိမှုပါပဲ။
အတာကူးပွဲတော်ကို ထိုင်းတွေကလည်း တက္ကသိုလ် တစ်ခုတည်းမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခဲ့ပေမယ့် ကျနော်တို့ရဲ့ အင်အားနဲ့ အသိုင်းအ၀ိုင်းကို မယှဉ်နိုင်ခဲ့ဘူး။ စပွန်ဆာအားကအစ ကျနော်တို့က အားကောင်း ခဲ့တယ်လေ။ ပြီးတော့လည်း မြန်မာလို၊ အင်္ဂလိပ်လို၊ တရုတ်လို ဘာသာစကားစုံနဲ့ ဘယ်ခေတ် ဘယ်အချိန်ကတည်းက စတင် ဖြစ်ထွန်းခဲ့တယ် ဆိုတာကအစ အသေးစိတ် တင်ပြနိုင်ခဲ့သလို ဖိတ်စာကိုလည်း ဘာသာစကား ၃ မျိုးနဲ့ ရိုက်နှိပ် ဖြန့်ဝေနိုင်ခဲ့ပါတယ်။
နောက်တစ်ပွဲကတော့ ပေကျင်း တက္ကသိုလ်များမှာ တက်နေတဲ့ အာဆီယံ နိုင်ငံများက ကျောင်းသူ ကျောင်းသာများကို စည်းရုံးပြီး အာဆီယံကျောင်းသားများအားကစား ပွဲတော်ကို တက္ကသိုလ် အသီးသီးက ပါမောက္ခ တွေရဲ့ အကူအညီနဲ့ ကျင်းပနိုင်ခဲ့တာကလည်း အမှတ်တရပါ။ CRI အကူအညီနဲ့ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။
International Cultural Festival ပွဲမှာလည်း မြန်မာ့ ယဉ်ကျေးမှုနဲ့ ရိုးရာ ပစ္စည်းများကို သံရုံးအကူအညီနဲ့ မူဆယ်ဘက်မှ အဆက်အသွယ်များရဲ့ အကူအညီနဲ့ စုံစုံလင်လင် ပြသပေးနိုင်ခဲ့ပါတယ်။ မြန်မာ လက်ဘက်သုပ်ကိုလည်း ဧည့်ခံနိုင်ခဲ့ပါတယ်။ မြန်မာ့ ပတ္တလား၊ မြန်မာ့ သနပ်ခါးနဲ မြန်မာ့ ယွန်းထည်တွေကို နိုင်ငံတကာက ကျောင်းသူ ကျောင်းသားတွေ အတော် စိတ်ဝင်စားကြပါတယ်။
ဗျူရိုကရေစီ ဥက္ကဌရဲ့ “ဟိုမသွားရ၊ ဒီမသွားရ၊ ဟိုဟာမလုပ်ရ၊ ဒီဟာ မလုပ်ရ၊ အခြားပညာများ မသင်ရ” ဆိုတဲ့ ပိတ်ပင်မှုများ ကြားက နိုင်ငံအတွက် အကျိုးများမယ်၊ လုပ်သင့်တယ် ထင်တာတွေကို လုပ်ခဲ့ပါတယ်။ ( ပီကင်းတက္ကသိုလ်မှာ ဒီပလိုမာ ၂ ခု ယူဖို့ ပီကင်းတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့က အခွင့်အရေး ပေးပေမယ့် အချွန်နဲ့ မသူ တစ်ဦးရဲ့ အကြောင်းကြားမှုကြောင့် ရာထူးဝန် ဥက္ကဌရဲ့ ပိတ်ပင်စာ ရောက်လာခဲ့လို့ မတက်ခဲ့ရတာ လက်တွေ့ပါ။)
သင်္ကြန်ပွဲ ဆိုရင် ယွမ် ၁ သိန်းကျော်ကုန်ပါတယ်။ မြန်မာငွေ သိန်း တစ်ရာကျော် ဆိုပါတော့။ ဒါကလည်း မြန်မာကျောင်းသားတွေရဲ့ စိတ်ဝမ်းညီညွတ်စွာ ထည့်ဝင်ကြတဲ့ငွေ၊ ကုမ္ပဏီများက ထည့်ဝင်ငွေနဲ့ အချိုရည်၊ ဘီယာ၊ စားစရာတွေ ထောက်ပံ့ ပေးကြတာတွေကြောင့်ပါ။
ကျနော် ဒီစာစုကို ရေးတာက ကျနော် ဘာတွေလုပ်ခဲ့ပါတယ် ဆိုတာကို ပြောချင်တာထက် ပြည်ပမှာ မြန်မာ အချင်းချင်း စည်းလုံး ညီညွတ်စေချင်လို့ ( မြန်မာ့ သဘာဝက ၂ ယောက်ရှိရင် ၃ ဖွဲ့ ကွဲတတ်တာကို ပြည်ပရောက်ပြီး ခပ်ကြာကြာ နေဘူးတဲ့ မြန်မာများတိုင်း အသိပါ။)၊ ရောက်တဲ့ နိုင်ငံမှာ မြန်မာကို ကမ္ဘာကသိအောင် ပြသနိုင်ဖို့၊ နိုင်ငံတကာ ဧည့်သည်တွေ မြန်မာနိုင်ငံကို စိတ်ဝင်စားပြီး လာရောက် လည်ပတ်ကြရင် နိုင်ငံခြားငွေ ရရှိစေဖို့ (မီးခိုးမထွက်တဲ့စက်ရုံ)၊ ရောက်တဲ့ နိုင်ငံက အဖွဲအစည်းများ၊ ကုမ္ပဏီများနှင့် ရင်းနှီးတဲ့ ဆက်ဆံရေးဟာ တစ်ချိန်မှာ နိုင်ငံအတွက် အကျိုးများစေဖို့ ရည်ရွယ်ပါတယ်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
No comments:
Post a Comment