Labels

Sunday, January 12, 2014

အစိုးရအဖွဲ့ကသတ်သတ်၊ လွှတ်တော်ကြီးကသတ်သတ်နှင့် ဗျူရိုကရက်သတ်သတ်


ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းလို့ပဲ ပြောပြော၊ ဒီမိုကရေစီနိုင်ငံပဲ သုံးသုံး၊ Liberal သီအိုရီပဲဆိုဆို နိုင်ငံအုပ်ချုပ်ရေး၊ ပေါ်လစီရေးနဲ့ ပတ်သက်ရင် အစိုးရအဖွဲ့က သတ်သတ်၊ ပြည်သူတွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးရတဲ့ ဥပဒေပြု လွှတ်တော်က သတ်သတ်၊ အစိုးရယန္တရားကို အကောင်အထည် ဖော်တဲ့ ဗျူရိုကရက်က သတ်သတ် ဆိုတာကို နိုင်ငံအရေး စိတ်ဝင်စားသူတိုင်း စည်းခြား နားလည်ထားဖို့ လိုတယ်။
ထပ်ပြီး ကွက်စိပ်ရရင် အစိုးရနှင့် ပေါ်လစီ အပိုင်းဆိုတာ မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သမ္မတ၊ ဒုသမ္မတများ၊ ဝန်ကြီးနှင့် ဒုဝန်ကြီး အဖွဲ့များကို ဆိုလိုပြီး လွှတ်တော်ပိုင်းမှာ ဆိုရင် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ပြီး ခေါင်းဆောင် တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ် လွှတ်တော် အမတ်များကို ဆိုလိုရင်း ဖြစ်ပါတယ်။ ဗျူရိုကရက် အပိုင်းမှာဆိုရင် ပြည်သူတွေဆီကနေ အခွန်ငွေကောက်ခံပြီး လစာပေးထားတဲ့ အစိုးရ ရာထူးရာခံများ ဖြစ်တယ် ဆိုတာပါ။

ဒီအဖွဲ့အစည်း သို့မဟုတ် အဆိုပါ ပုဂ္ဂိုလ်များဟာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ခေါင်းဆောင်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာ ဖွဲ့စည်းပုံမှာတော့ အစိုးရ အုပ်ချုပ်ရေးပိုင်းကို ရွေးကောက်ပွဲနှင့် အချိတ်အဆက် နည်းတာကိုတော့ ခြွင်းချက် ဆိုကြပါစို့။ သို့ပေမယ့် အစိုးရအဖွဲ့ရော၊ လွှတ်တော်အမတ်ရော သူတို့သက်တမ်း ကုန်ဆုံးသွားရင် ဆင်းပေးရပါတယ်။ မြန်မာနိုင်ငံမှာတော့ ငါးနှစ် သက်တမ်းတစ်ကြိမ် အစိုးရ အပြောင်းအလဲ လွှတ်တော် အပြောင်းလဲ လုပ်တာကို သိထားရမယ်။ အဲဒီသက်တမ်း ငါးနှစ်အတွင်းမှာ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် ဘာလုပ်ပေးနိုင်တယ်၊ ဘာတွေအောင်မြင်မှု ရရှိတယ်ဆိုတဲ့ အဖြေက နောက်သက်တမ်းအတွက် အရွေးချယ် ခံခွင့်ရှိတယ်။

ဒီမိုကရက်တစ် နိုင်ငံတွေမှာ အစိုးရအဖွဲ့တွေ၊ လွှတ်တော် အမတ်တွေဟာ နိုင်ငံသားတွေနှင့် သက်ဆိုင်တဲ့ ပေါ်လစီတွေကို လက်ကိုင်ပြုပြီး ကတိကဝတ်တွေထားပြီး ရွေးကောက်ပွဲ ဝင်ကြတာပါ။ နိုင်ငံသားတွေက အဲဒီ နိုင်ငံရေးသမားတွေ ကြွေးကြော်တဲ့ ပေါ်လစီ၊ မူဝါဒတွေကို ကြိုက်ရင်မဲပေးပြီး မကြိုက်ရင် မဲပေးစရာမလိုတဲ့ အခွင့်အရေးကို ရရှိထားပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့၊ လွှတ်တော် အမတ်တွေဆိုတာ သူနိုင်ငံရေး စင်မြင့်ပေါ်ကို ရောက်လာဖို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပေါ်လစီ တစ်ခုခုကိုတော့ လက်ဆုပ် လက်ကိုင်ပြရစမြဲ ဖြစ်ပါတယ်။ ဒါကတော့ ပေါ်လစီ နိုင်ငံရေးနဲ့ အစိုးရအဖွဲ့၊ လွှတ်တော်တို့ရဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်။

ပြောချင်တာက ဗျူရိုကရက်တွေ အကြောင်းပါ။ ဗျူရိုကရက် တစ်ယောက်ရဲ့သက်တမ်းဟာ အစိုးရ ဝန်ထမ်းသက် ကုန်ဆုံးတဲ့ လူ့သက်တမ်း နှစ် (၆၀) အထိ ရှိပါတယ်။ ဗျူရိုကရက် သက်တမ်းမှာ နှစ်ပြည့်နဲ့ အခြားအခွင့်အရေးတွေကြောင့် သူမှာ ပင်စင်ဆိုတာမျိုးတွေ နောက်ဆက်တွဲ ထောက်ပံ့မှုတွေ ရှိပါတယ်။

ဗျူရိုကရက် ဖြစ်တည်လာမှုဟာ အတန်းပညာနဲ့ ဆိုင်ပါတယ်။ ပညာတတ်မြောက်မှု၊ လုပ်ငန်း ကျွမ်းကျင်မှု၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ နိုင်ငံတော်ဥပဒေ လိုက်နာမှုတို့ကနေပြီး သူရဲ့ အရည်အချင်းနဲ့ ရာထူးအဆင့်ဆင့် တိုးလာတဲ့ လမ်းကြောင်း ရှိပါတယ်။ အစိုးရဝန်ထမ်းရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် သူရဲ့အသက်မွေးဝမ်းကျောင်း ပညာကဲ့သို့ ဖြစ်လာပြီး ဘဝအာမခံချက်ရှိတဲ့ အလုပ်အကိုင်အဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။

ပညာရပ်သဘောတရား


ဗျူရိုကရက်ကို ပညာရပ်ပိုင်း ဆိုင်ရာအရ ပြောရရင် ၁။ Organization of Task လုပ်ငန်း ဆိုင်ရာအလိုက် အုပ်ချုပ်ရေး ဖွဲ့စည်းခြင်း  ၂။ Based on Specialization ကျွမ်းကျင်မှုအပေါ် အခြေခံ ဖွဲ့စည်းခြင်း ၃။ Authority flowing top to bottom အမိန့်အာဏာ ဖြန့်ဝေမှုဟာ အထက်မှ အောက်သို့ စုန်ဆင်းသည့် သဘောရှိခြင်း Important human than Procedure လူပုဂ္ဂိုလ်ထက် လုပ်ငန်း အဆင့်ဆင့်ပေါ် ဦးတည်ထားခြင်းနှင့် ၅။ Based on equitable between Impersonal လူပုဂ္ဂိုလ်ထက် စံနှုန်း၊ လုပ်ထုံးလုပ်နည်း များမှသာ တူညီသော အခွင့်အရေး ရစေခြင်း စသည့်တို့အပေါ် အခြေခံထားခြင်း ဖြစ်ပါတယ်။

ဗျူရိုကရက်ရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာကတော့ အစိုးရ အစဉ်အဆက် ချမှတ်ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပေါ်လစီ အရပ်ရပ်ကို အုပ်ချုပ်ရေး ယန္တရားကနေ ချောမွတ်စွာ လှည့်ပတ်အောင် ထိန်းကွပ် ကြီးကြပ် ပေးရတဲ့ အလုပ်ပါ။ စောစောပိုင်းက ပြောခဲ့သလို ပေါ်လစီ၊ မူဝါဒပိုင်းတွေကို အကောင်အထည် ဖော်ပေးဖို့အတွက် ဗျူရိုကရက်တွေရဲ့ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်ပေါ် မူတည်လာတာပါ။

ဗျူရိုကရက်တွေရဲ့ ရာထူးအပြောင်းအရွှေ့၊ ရာထူးတိုးတာ၊ လျော့တာနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာဌာနက ချမှတ်ထားတဲ့ နည်းဥပဒေတွေ၊ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အပြုအမူတွေကို မဖောက်ဖျက်သရွေ့ သူရဲ့ရာထူး သက်တမ်းဟာ အတည်ဖြစ်နေပါတယ်။ ဘယ်သူကမှသူ့ကို ဖြုတ်ပိုင်ခွင့် မရှိပါဘူး။

ခြုံငုံပြောရရင် အစိုးရအဖွဲ့၊ လွှတ်တော်အမတ် ဆိုတာတွေဟာ ပေါ်လစီ ရှိတယ်၊ သက်တမ်း အကန့်အသတ်ရှိတယ်၊ ဗျူရိုကရက်ဆိုတာ အကောင်အထည် ဖော်သူဖြစ်တယ်၊ အရည်အချင်းအလိုက် မြှောက်စားခြင်း ခံရတယ် ဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့ လိုပါတယ်။ သက်တမ်းက အသက်  ၆၀ အထိ တရားဝင်ရှိတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံသားအများစုဟာ အစိုးရနှင့် ဗျူရိုကရက်ကို ခွဲခွဲခြားခြား မသိကြပါဘူး။ အဲဒီလို ခွဲခွဲခြားခြား မသိရတာလည်း စနစ်ရဲ့ပုံသွင်းမှု ပါသလို၊ အစိုးရကိုယ်တိုင် သို့မဟုတ် ဗျူရိုကရက်တွေ ကိုယ်တိုင် ဖန်တီးခဲ့တာလည်း ပါပါတယ်။ များသောအားဖြင့်က အစိုးရကို သစ္စာခံကြတဲ့ နှစ်တွေ မနည်းလှတဲ့ အတွေ့အကြုံတွေကြောင့် ဒီပြဿနာကို ရေတိုဖြေရှင်းလို့ မရဘူးဆိုတာ လူတိုင်းလက်ခံဖို့ လိုအပ်တယ်။

အခုချိန်ထိလည်း ဗျူရိုကရက်တွေဟာ အစိုးရနဲ့ တစ်စားတည်း၊ အစိုးရဆိုတာ ဗျူရိုကရက်နဲ့ တစ်တန်းတည်းဆိုတဲ့ သူတို့ကိုယ်တိုင် သတ်မှတ်ထားကြပေမယ့် နိုင်ငံသားတွေကတော့ ဒါဟာ သတ်သတ်စီဖြစ်တယ် ဆိုတာကို ကြိုသိထားဖို့ လိုလာပြီ။ သူတို့ နှစ်ခုဟာလည်း သတ်သတ်စီဖြစ်တယ် ဆိုတာကို ပညာပေးဖို့ လိုလာပြီ။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာလည်း အဲဒီနှစ်ခုကို စည်းခြားထားတယ် ဆိုတာကိုလည်း ဗဟုသုတ ရှိနေဖို့ လိုတယ်။ ဒါပေမဲ့ သူတို့ဟာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့၊ နိုင်ငံသားတိုင်း လူနေမှုစနစ် မြင့်မြင့်နေထိုင်နိုင်ဖို့ ဆိုတဲ့ Common Ground ဘုံ သဘောတူညီချက်တော့ ရှိထားရမယ်။ အဲဒီလို ဖွံ့ဖြိုးဖို့ တစိုက်မတ်မတ် သွားနေရမယ်။

နောက်တစ်ခု ပြောချင်တာက ဗျူရိုကရက်တွေနှင့် အစိုးရအဖွဲ့တွေရဲ့ လစာ၊ ခံစားခွင့်တွေရဲ့အပိုင်းပါ။ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးဖို့ ပေါ်လစီ၊ နိုင်ငံရေး ပေါ်လစီ၊ လူမှုရေးပေါ်လစီ ချမှတ် အကောင်အထည် ဖော်တဲ့နေရာမှာ ခပ်လွယ်လွယ်ပြောရရင် အဲဒီ စီမံကိန်းတွေမှာ သုံးရမယ့် ပိုက်ဆံ၊ အဲဒီ စီမံကိန်းတွေကို အကောင်အထည် ဖော်ပေးရမယ့် ဗျူရိုကရက်တွေအတွက် လုပ်အားခ သို့မဟုတ် လစာဆိုပြီး ငွေလိုအပ်တဲ့အပိုင်း ငွေရှာရမယ့်အပိုင်း နှစ်ပိုင်း ရှိပါတယ်။

ရငွေ၊ သုံးငွေများနှင့် လူထုရဲ့စောင့်ကြည့်မှု


အဲဒီ နိုင်ငံတော် ယန္တရားတစ်ခုလုံး ရှင်သန် လှည့်ပတ်နေအောင် ဘယ်အရာက ပံ့ပိုးပေးရသလဲ ဆိုတာကို နိုင်ငံသားတွေက သိဖို့လိုပါတယ်။ အဲဒီ ငွေရှာတဲ့ အပိုင်းနဲ့ ငွေသုံးတဲ့အပိုင်း နှစ်ခုလုံးအတွက် အစိုးရက လုပ်ဆောင်ရတဲ့ အပိုင်းလည်း နှစ်ခုရှိပါတယ်။ ပြည်သူလူထုတွေဆီက အခွန်အရပ်ရပ် ကောက်ပြီး ငွေရှာရတဲ့ အပိုင်းနဲ့ နိုင်ငံတော် အတွင်းမှာရှိတဲ့ ရင်းမြစ်တွေ ထုတ်ရောင်းခြင်း၊ နှစ်ရှည်နှစ်တို ငှားရမ်းခြင်းတွေကနေပြီး ငွေရှာရပါတယ်။ အဲဒီနည်းနှစ်ခုနဲ့ ငွေရှာပြီး ဗျူရိုကရက် ဝန်ထမ်းတွေကို လစာ၊ ဘောနပ် စသည့်ဖြင့် ချီးမြှင့်တာပါ။

အခွန်အရပ်ရပ် ကောက်ခံခြင်းကြောင့် ပြည်သူကို ဘာလုပ်ပေးရမယ်ဆိုတဲ့ တာဝန်ဝတ္တရား ရှိလာတယ်။ နိုင်ငံရဲ့သဘာဝ သယံဇာတ ရင်းမြစ်တွေ ရောင်းလို့ ဒေသဖွံ့ဖြိုးရေး၊ တိုးတက်ရေးအတွက် ပြန်လုပ်ပေးရမယ့် တာဝန် ဝတ္တရား ရှိတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ သယံဇာတ ရင်းမြစ်တွေကို သက်တမ်း အကန့်အသတ်ရှိတဲ့ အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် အမတ်တွေ ကိုယ်ကျိုးရှာ အလွဲသုံးစား မလုပ်အောင် ဗျူရိုကရက်တွေမှာ စောင့်ကြည့်ပေးဖို့ တာဝန်ရှိတယ်။ နိုင်ငံသားမှာလည်း တာဝန်ရှိတယ်။

ပြီးခဲ့တဲ့ ခေတ်ကာလ တစ်လျှောက်လုံး အစိုးရနှင့် ဗျူရိုကရက်တွေ ပေါင်းပြီး နိုင်ငံရဲ့သယံဇာတွေ ရောင်းစားခဲ့လို့ တိုင်းပြည်ဟာ ဆင်းရဲခဲ့ရတယ်။ ဗျူရိုကရက်တွေက သူတို့အကျိုးစီးပွားအတွက် နိုင်ငံသားတွေ အပေါ်မှာ သစ္စာမခံဘဲ သူတို့ကို အပြည့်အဝ ကာကွယ်ပေးတဲ့ အစိုးရအပေါ်မှာ သစ္စာခံခဲ့ ကြတဲ့အတွက် တိုင်းပြည်ဟာ များစွာဆုံးရှုံး နစ်နာခဲ့ရတယ်။ ဒီအချိန်မှာ နိုင်ငံသားတွေဟာ တစိုက်မတ်မတ် ကြည့်နေဖို့ တာဝန်ရှိပြီ ဖြစ်တယ်။

အခုအခွန်အရပ်ရပ်လည်း ကောက်ခံနေပြီ ဖြစ်တဲ့အတွက် နိုင်ငံသားတွေဟာ တစ်စုံတစ်ခု ပြောဆိုပိုင်ခွင့် ရှိတယ်။ နိုင်ငံသားတွေအပေါ်မှာ အဲဒီလို တာဝန် ဝတ္တရားရှိလို့ နိုင်ငံသားတွေဟာ ပြောပိုင်၊ ဆိုပိုင်ခွင့်နဲ့ တောင်းဆိုခွင့် ရှိတယ်။ အဲဒီအလုပ်ကို အစိုးရ အဖွဲ့ရော၊ ဗျူရိုကရက်ရော တာဝန်ခံပေးရမယ့် တာဝန်ရှိတယ်။

ဒါကြောင့် ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အခွန်စနစ်ဟာ အစိုးရ၊ ဗျူရိုကရက်နှင့် နိုင်ငံသားကို ချည်နှောင်ထားတဲ့ ကြိုးဆိုပြီး အမွှမ်းတင်ကြတယ်။ လူထုဟာ ထိုက်တန်တဲ့ အခွန်အခတွေ ပေးရရင် သူဟာ ထိုက်တန်တဲ့ မျှော်လင့်မှု တစ်ခုခုတော့ ထားတတ်ကြတယ်ဆိုတာ သဘာဝ နိယာမတရား ဖြစ်တယ်။

နောက်ဆုံး ပြောချင်တာက အစိုးရက သတ်သတ်ဖြစ်တယ်၊ ဗျူရိုကရက်က သတ်သတ်ဖြစ်တယ်၊ နိုင်ငံသားဟာလည်း သတ်သတ်ဖြစ်တယ်ဆိုတာ။ ပြီးတော့ အဲဒီသတ်သတ် သုံးခုစလုံးမှာ သူ့တာဝန်နဲ့ ဝတ္တရားတွေဟာလည်း ကိုယ်စီ သတ်သတ်ရှိတယ်။ သီးခြား ခွဲထွက်ကြည့်ဖို့ လိုတယ်။ တစ်ခုကနေတစ်ခု  အသုံးချမခံရအောင် လုပ်ဖို့လိုတယ်။ အရေးကြီးဆုံး ပြောချင်တာက ဗျူရိုကရက်ဆိုတာ သတ်သတ်ဖြစ်တည်တယ် ဆိုတာကို အစိုးရ ဝန်ထမ်းတိုင်း တဖြည်းဖြည်း နားလည် လက်ခံလာရင် ကြိုဆိုရမှာ ဖြစ်တယ်။ သူတို့ ကိုယ်တိုင်သူတို့ အမြင်မှန်ရသွားဖို့ ပိုအရေးကြီးတယ် ဆိုတာပါပဲ။

 Written by  သန်းစိုး (ဘောဂဗေဒ) 

The Voice Journal

No comments:

Post a Comment