Labels

Saturday, January 4, 2014

မြန်မာနိုင်ငံ ကြုံတွေ့နေတဲ့ crisis များ

၎.၂၀၁၄ ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်ပါ အံ့ခေါင်မင်းရဲ့ “ထွက်ခွာသွားပြီးနောက် ကျကျန်ခဲ့တာတွေ” ဆိုတဲ့ ဆောင်းပါက မြန်မာနိုင်ငံ ကြုံတွေ့နေတဲ့ crisis များကို အောက်ပါအတိုင်း ရေးသားထားပါတယ်။

ပြောင်းကြ တယ်ဟေ့၊ ပြင်ကြတယ်ဟေ့၊ ကောင်း ကြတယ်ဟေ့လို့ လက်ခုတ်လက်ဝါးတီး သံတွေရှိနေပေမယ့် တောက်ခေါက်သံ တွေ၊ ငိုရှိုက်သံတွေ၊ တောင်းဆို သံတွေ၊ ဟစ်ကြွေးသံတွေက ပိုများနေတာကို တစ်နှစ်စာစာရင်းချုပ်ရင် အထင်အရှား တွေ့နေရတာပါပဲ။

၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့ တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပြဿနာဆိုရင် တိုးတိုးတစ်မျိုး၊ ကျယ် ကျယ်တစ်မျိုး၊ ဘီလူးဆိုင်းတီးလို့တစ်ဖုံ နတ်သံနှောလို့တဖုံ ၂၀၁၃ ရာသီတစ်ခွင် အပေါ် ထွက်ထွက် ကျလာခဲ့တာ အစုံစုံ ပါပဲ။ အခြားသော အသစ်အဟောင်း လယ်သိမ်း၊မြေသိမ်းမှုတွေဟာလည်း ထွန်တုံး တိုက်ပွဲတွေသာ ခါးချိသွားကြ တယ်၊ ဆန်္ဒပြသံတွေသာပုဒ်မ၁၈တရား ခွင်မှာ လျောက်လဲ ချက်ပေးနေရတယ်၊ ဆီမလာပြားမလာ အခြေအနေကြောင့် ဒူးနဲ့မျက်ရည်သုတ်နေရတဲ့သူတွေ ထု နဲ့ ထည်နဲ့ ထပ်တိုးလာနေဆဲ။

ဒီလိုပဲ ကျေးလက်မြို့ပြမကျန်လူမှု ဘ၀တွေဟာလည်း ၂၀၁၃မှာ ပိုပြီး အကျပ်ရိုက်လာခဲ့တယ်။

ဝန်ထမ်းလစာ တိုးမှုတွေ၊ အလုပ်သမား အခွင့်အရေး သတ်မှတ်မှုတွေ၊ မြို့ပြစီမံကိန်းဆိုတာတွေကို ဆောင်ရွက် နေတယ် ဆိုပေမယ့် ခြေအေးဝမ်းယောင် အကောင်အထည်ဖော်မှုတွေက socio- economic crisis အတွက် မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းပုံ ဖြစ် နေတယ်။

သမ္မတ ကိုယ်တိုင် ဦးဆောင်လို့ တစ်မျိုး၊ အခြား အခြားသောသူတွေနဲ့ တစ်မျိုး ကော်မတီတွေ အမျိုးမျိုးဖွဲ့ကာ၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးစလို့ ခေါင်း စဉ်တွေ အမျိုးမျိုး တတ်ထားပေမယ့် မည်မည်ရရ အကောင်အထည် ပေါ်လာ တယ်ဆိုရုံဖြစ်တဲ့ တန်ဖိုးနည်းဖုန်း၊ အသေးစား ချေးငွေ စတာတွေမှာတောင် ပြဿနာတွေ ရှင်းမနိုင် ပေါ်နေတာဟာ လည်း capacity crisis ရဲ့ စိုးရိမ်ရေမှတ် ရောက်ရှိနေမှုကို ညွှန်းနေတယ်။

စကားတွေသာ အဖတ်တင်ဖောင်း ပွနေတဲ့ ပြည်တွင်းတည်ငြိမ်ရေး ငြိမ်း ချမ်းရေးဖြစ်စဉ်တွေဟာ ရှေ့တစ် လှမ်းတိုး ယောင်ယောင်၊ နောက်တစ်လှမ်းဆုတ် ယောင်ယောင်နဲ့ပဲ သုံးရာသီ တစ်ပတ် လည်လာတာ။ ကောက်ရိုး မီးလို ဘယ်ထောင့်က လောင်ဦးမယ်ဆိုတာ သတိရှိနေရတဲ့ ပဋိပက္ခ ညှော်နံ့ တလူလူ။ တစ်နေ့ လေးပွဲပြတဲ့ ရုပ်ရှင်ရုံလို ထောင် တံခါးဝကနေ လူဟောင်းတွေ ရုံခါနေ ပေမယ့် လူသစ်တွေ ရိုက်သွင်းနေတဲ့ ဥပဒေတွေ။ ထိုထိုသော အကြောင်းများ ရဲ့ ဘူမိနက်သန် ၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေးလွန်ဆွဲပွဲချိန်ခွင်လျှာ သရုပ်ပြ တွေ။ ဒါတွေဟာလည်း security crisis ပေါက်ပြဲယိုယွင်းနေဆဲ ဆိုတာ ကို သိသာနေစေတယ်။

ဒီလိုနဲ့ ၂၀၁၃ ဟာ စနစ်၊ ဥပဒေ၊ လူ သုံးဖြာသုံးမြွာရဲ့ legi democracy crisis အစီးအနင်းကြောင့် မျက်ကလူး ဆန်ပျာ ခေတ်ကြီးကို ဖြတ်သန်းပြီးပြည် သူတွေရဲ့ အထွေထွေကျပ်တည်းမှုဝန်ထုပ်ဝန်ပိုးကြီးကို အဲဒီခေတ်ထဲ မှာပဲ ပစ်ထားရစ်ခဲ့တယ်။ သက္ကရာဇ်တွေရဲ့ ရိုးရာအဖြစ် နောက်ထပ်ပြက်္ခဒိန်စာရွက် တွေတစ်ရွက်ပြီးတစ်ရွက် အကူး အပြောင်း ကတော့ အစဉ်လာမပျက်စတမ်း လာ လေဦးမပေါ့။

No comments:

Post a Comment