မြင့်မိုရ်ဆွေ
စာရေးသူ၏မိတ်ဆွေ အငြိမ်းစား ရုံးအဖွဲ့မှူး တစ်ဦးနှင့် လွန်ခဲ့သော ရက်သတ္တပတ်က စကား လက်ဆုံကျမိပါသည်။ သူက (၆.၁၁.၂၀၁၃) နေ့ထုတ် 7 Day News Journal တွင် စာရေးသူရေးသားခဲ့သော “နားထောင်၊ စဉ်းစား၊ ဆုံးဖြတ်”ဟူသော ဆောင်းပါးမှ ဖ.ဆ.ပ.လ အစိုးရခေတ် ၀န်ကြီးရုံးတစ်ရုံးမှ အတွင်းဝန်အကြောင်း အကျဉ်းမျှဖော်ပြခဲ့သည်ကို ဖတ်ရှုရကြောင်းနှင့် သူ၏ရုံးအဖွဲ့မှူးဘ၀နှင့် ရှေးယခင် အတွင်းဝန်ဘ၀ကို ဆက်စပ်တွေးမိပြီး သူ၏ကိုယ်တွေ့ခံစားချက်များကို အောက်ပါအတိုင်း ဖွင့်ဟလာပါသည်။
“ကျွန်တော့်ရဲ့ ရုံးအဖွဲ့မှူးလုပ်သက်က အရင်တပ်မတော်အစိုးရခေတ်ကနေ အခုဒီမိုကရေစီခေတ်အထိ စုစုပေါင်း ၂၀ ကျော် ရှိတယ်ဗျ။ ဆရာ့ဆောင်းပါးကိုဖတ်ပြီး ကျွန်တော့်ကိုယ်တွေ့ခံစားရတာလေးတွေ ပြောချင်တယ်ဗျာ။ ဆရာသိတဲ့အတိုင်း ကျွန်တော်က တပ်မတော်အရာရှိဘ၀ကနေ ရုံးအဖွဲ့မှူးတာဝန်ယူခဲ့တာပါ၊ ရုံးအဖွဲ့မှူးဖြစ်ပြီး ငါးနှစ်လောက်ကြာတော့ ကျွန်တော် အငြိမ်းစားနယ်ဘက်အရာရှိတစ်ဦးနဲ့တွေ့တယ်။ ကျွန်တော့်ရာထူးကို ပြောပြလိုက်တော့ သူက ကျွန်တော့်လက်ကိုကိုင်ပြီး တအံ့တသြနဲ့ ရုံးအဖွဲ့မှူးရာထူးဆိုတာ အကြီးကြီးပဲ။ ဟိုတုန်းက အတွင်းဝန်လို့ခေါ်တယ်။ တော်ရုံတန်ရုံအရည်အချင်းနဲ့ ဒီရာထူးကိုမရဘူး။ မောင်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ရတာ တော်ပါပေတယ်လို့ ချီးကျူးပါလေရော ဆရာရယ်။ ကျွန်တော်က ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ ကျွန်တော်တို့ရုံးအဖွဲ့မှူးဆိုတာ အရင်က အတွင်းဝန်တွေရဲ့အရည်အချင်းနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။ အခန်းကဏ္ဍချင်းလည်းမတူပါဘူး။ ဆီနဲ့ရေလိုပါပဲ။ အဲဒါကို သူကမသိရှာဘူး။ တကယ်တော့ ရုံးအဖွဲ့မှူးဆိုတာ စာရေးကြီးပါပဲဆရာရယ်”ဟု အားရပါးရပြောပြလေ၏။
ထို့နောက် သူကဆက်ပြီး အကျယ်ချဲ့ရှင်းပြပါသေးသည်။ “ကျွန်တော်တို့ရုံးအဖွဲ့မှူးဆိုတာ ပထမအစက လက်ထောက်ညွှန်ကြားရေးမှူးအဆင့် ရာထူးပဲရှိတာ။ နောက်တော့ အဆင့်မြင့်အောင်ဆိုပြီး ဒုညွှန်ကြားရေးမှူးချုပ်ရာထူးအထိ အဆင့်ဆင့်တိုးမြှင့်ပေးခဲ့တာ ဟန်တော့ကျပါရဲ့။ ဒါပေမဲ့ ၀န်ကြီးဦးစီးတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေခေါ်၊ ဧည့်ခံကျွေးမွေးဖို့လုပ်ပေး၊ အစည်းအဝေးမှတ်တမ်းထုတ်၊ လုပ်ငန်းဆောင်ရွက်ချက်နဲ့ တိုးတက်မှုအစီရင်ခံစာတောင်းပြီး ၀န်ကြီးကိုတင်ပြ၊ ၀င်စာတွေကိုလည်း ၀န်ကြီးဆီတင်ပြပြီး ၀န်ကြီးမှတ်ချက်အရ ၀န်ကြီးဌာနအောက်ကရုံးတွေကိုပို့၊ ၀န်ကြီးမှတ်ချက်အရ ညွှန်ကြားစာထုတ်၊ ၀န်ကြီးဦးဆောင်တဲ့ ၀န်ထမ်းရေးရာအစည်းအဝေးမှာ ၀န်ထမ်းရေးရာကိစ္စတွေတင်ပြ၊ ဆုံးဖြတ်ချက်တွေကိုထုတ်ပြန်၊ လက်အောက်မှာရှိတဲ့ရုံးတွေက ရသုံးမှန်းခြေငွေစာရင်းတွေစုစည်း၊ ၀န်ကြီး၊ ဒုဝန်ကြီးဆုံးဖြတ်တဲ့အတိုင်း ပြန်ရေးဆွဲခိုင်း။ ပြီးရင် သက်ဆိုင်ရာဝန်ကြီးဌာနပို့၊ နိုင်ငံခြားဧည့်သည်တွေ တွေ့ဖို့ကိစ္စတွေစီစဉ်၊ ဦးဆောင်ညွှန်မှူးတွေ၊ ညွှန်ချုပ်တွေဆီက ဆွေးနွေးချက်ပြန်တောင်းပြီး မှတ်တမ်းထုတ်၊ ဒီအလုပ်တွေနဲ့ တစ်နေ့တစ်နေ့ လည်နေတာပဲဆရာရယ်။ အရင်တုန်းက အတွင်းဝန်တွေလောက် လုပ်ငန်းလည်းမကျွမ်းကျင်၊ ဌာနရဲ့လုပ်ငန်းကို ဦးဆောင်ဖို့အခွင့်အလမ်းလည်းမရ။ ဥပဒေလည်းမနိုင်မနင်း၊ လုပ်ပိုင်ခွင့်ကလည်းမရှိ။ အင်္ဂလိပ်လိုကလည်းမပြောတတ်၊ မရေးတတ်၊ ၀န်ကြီးမျက်နှာကြည့်ပြီး အမိန့်နာခံနေရတဲ့ဘ၀မို့ စာရေးကြီးလို့ပဲ ပြောရတာပါ ဆရာရယ်”ဟု သူ့ဘ၀အတွေ့အကြုံများကို ထပ်လောင်း၍ ပြောချပါတော့သည်။
သူ၏ဒုတိယအကြိမ်စကားအဆုံးတွင် စာရေးသူက “အဲဒီတော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲဆိုတာပြောပါဦး”ဟုမေးရာ သူက “ဒီမိုကရေစီခေတ်ကြီးမှာ ရုံးအဖွဲ့မှူးတွေကို ယခင်ပါလီမန် ဒီမိုကရေစီခေတ်က အတွင်းဝန်တွေလို ဘက်စုံအရည်အချင်းပြည့်ဝအောင် ပျိုးထောင်လေ့ကျင့်ပေးဖို့၊ နောက်ပြီး ရုံးအဖွဲ့မှူး (Head of Office)ဆိုတဲ့ ရာထူးကိုလည်း အချို့ နိုင်ငံခြားသားတွေ နားမလည်ဘူး။ အရင်ကလို အတွန်းဝန်ပဲဖြစ်ဖြစ်၊ အခြားသင့်တော်တဲ့ ရာထူးအမည်ကိုဖြစ်ဖြစ် အဆင့်မြင့်မြင့် ပြောင်းပေးရင်ကောင်းမယ့်အကြောင်း နိုင်ငံတော်အစိုးရသိအောင် ဆရာ့အနေနဲ့ ဆောင်းပါးရေးတဲ့အခါ ထည့်ပြီးရေးပေးစေချင်တာပါပဲဗျာ”ဟု သူ၏စေတနာနှင့်ဆန္ဒကို ဖွင့်ဟလာပြန်ပါသည်။
စာရေးသူ၏ဘ၀တွင် အလွန်ခင်မင်ရင်းနှီးသော ရုံးအဖွဲ့မှူးလေးဦးရှိခဲ့၏။ တစ်ဦးမှာ ပါလီမန်ခေတ်အတွင်းဝန်ကလေးဘ၀မှ မ.ဆ.လ ခေတ်တွင် ရုံးအဖွဲ့မှူးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့၏။ ကျန်သုံးဦးအနက် နှစ်ဦးမှာ ယခင်တပ်မတော်အစိုးရလက်ထက်တွင် အငြိမ်းစားယူခဲ့၏။ နောက်ဆုံးပုဂ္ဂိုလ်မှာ မျက်မှောက်ခေတ်တွင် အငြိမ်းစားယူခဲ့သော အထက်ပါမိတ်ဆွေကြီးဖြစ်၏။ အဆိုပါပုဂ္ဂိုလ်လေးဦးတို့၏နှုတ်မှ တူညီသော စကားတစ်လုံးကို အထူးသတိထားမှတ်သားမိခဲ့၏။ အဆိုပါစကားမှာ “ရုံးအဖွဲ့မှူးဆိုတာ တကယ်တော့ စာရေးကြီးပါပဲဗျာ”ဟူသော စကားပင်ဖြစ်လေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ခေတ်ဟုဆိုသော ဒီမိုကရေစီအစိုးရခေတ်တွင် “၀န်ကြီးရုံး”ဟူသော ဝေါဟာရလုံးဝမရှိခဲ့ပေ။ ၀န်ကြီးဌာန (Ministry)ဟူသော ဝေါဟာရသာရှိ၏။ ၀န်ကြီးဌာန၏ ၀န်ကြီးသည် ပြည်သူတို့၏ဆန္ဒမဲဖြင့် ရွေးချယ်ခံရသော ပြည်သူ့ကိုယ်စားလှယ်(ပါလီမန်အမတ်)ဖြစ်၏။ ၀န်ကြီး၏လက်အောက်တွင် ၀န်ကြီးဌာနလုပ်ငန်းများကို နိစ္စဓူဝတာဝန်ယူရသူမှာ အတွင်းဝန်ဖြစ်၏။ နိုင်ငံဝန်ထမ်းများတွင် အဆင့်အမြင့်ဆုံးရာထူးဖြစ်၏။ သူ၏လစာနှုန်းမှာ ညွှန်ကြားရေးဝန်၊ မင်းကြီး၊ ဘုတ်အဖွဲ့ဥက္ကဋ္ဌဆိုသူများနှင့် တူညီ၏။ အတွင်းဝန်များသည် တက္ကသိုလ်ပညာတွင် ဂုဏ်ထူးတန်း (သို့မဟုတ်) မဟာဝိဇ္ဇာ (M.A) ၊ ဥပဒေ၀ိဇ္ဇာ(B.L) စသည်ဖြင့် အဆင့်ဆင့်အောင်မြင်ကြပြီးနောက် ဗြိတိသျှခေတ်က အိန္ဒိယအစိုးရပဋိညာဉ်ခံဝန်ထမ်းဟူသော (Indian Civil Service) စာမေးပွဲကို ခက်ခက်ခဲခဲဖြေဆိုအောင်မြင်ရ၏။ လွတ်လပ်ရေးရပြီးသောအခါတွင် Burma Civil Service ခေါ် B.C.S စာမေးပွဲကို အောင်မြင်ရ၏။ မြို့ပိုင်၊ နယ်ပိုင်ဝန်ထောက်၊ ခရိုင်ဝန်၊ တိုင်းမင်းကြီးစသော ရာထူးများကို ထမ်းဆောင်ခဲ့ဖူးသော အုပ်ချုပ်မှုအတွေ့အကြုံရှိ၏။ ဥပဒေရေးရာတွင် လွန်စွာကျွမ်းကျင်၏။ အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်နိုင်နင်းစွာ ပြောတတ်၊ ရေးတတ်၏။ အချို့မှာ သိပ္ပံမောင်ဝကဲ့သို့ အင်္ဂလန်နိုင်ငံ အောက်စဖို့၌တက္ကသိုလ်ဘွဲ့ရများဖြစ်၏။ ဌာနဆိုင်ရာလုပ်ငန်းကိုလည်း ခြုံငုံလေ့လာသိရှိထား၏။ နိုင်ငံခြားနှင့်ချုပ်ဆိုမည့် စာချုပ်စာတမ်းများကို ကိုယ်တိုင်ကိုယ်ကျ ရေးသားနိုင်၏။ ဌာနနှင့်ပတ်သက်၍ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကိုပါ နှံ့နှံ့စပ်စပ်သိရှိ၏။ ၀န်ကြီးဌာန၏ လုပ်ငန်းစီမံကိန်းများကိုလည်းကောင်း၊ဘဏ္ဍာရေးစီမံကိန်းကိုလည်းကောင်း၊ ဥပဒေသစ်များရေးဆွဲရာတွင်လည်းကောင်း၊ ဦးဆောင်နိုင်စွမ်းရှိ၏။ သူ၏လက်အောက်ရှိ ဒုတိယအတွင်းဝန်နှင့် အတွင်းဝန်ကလေးတို့မှာ သူ၏အမွေကိုခံမည့် ဒေါင်ဒေါင်မည်အရာထမ်းများဖြစ်ကြ၏။ ၀န်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးတွင် လုပ်ငန်းများကို တာဝန်ယူသော ညွှန်ကြားရေးဝန်၊ မင်းကြီး၊ ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ အင်ဂျင်နီယာချုပ်၊ အမှုဆောင်အရာရှိချုပ် စသူများမှာလည်း သက်ဆိုင်ရာဌာန၏ လုပ်ငန်းများကို နိုင်နင်းကျွမ်းကျင်သောပညာရှင် (Professional)များ ဖြစ်ကြ၏။
အမှန်စင်စစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် ၀န်ကြီးနှင့် အတွင်းဝန်တို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းကျောင်းမှု (Check and Balance)ရှိ၏။ ၀န်ကြီးသည် နိုင်ငံရေးကျွမ်းကျင်ပြီး ၀န်ကြီးဌာန၏ အုပ်ချုပ်မှုအာဏာပိုင်ဖြစ်၏။ အတွင်းဝန်သည် ပြည်သူ့ဝန်ထမ်းဖြစ်ပြီး နိုင်ငံ့တာဝန်ကို ဦးဆွေးဆံမြည့်ထမ်းဆောင်မည့်သူဖြစ်၏။ နိုင်ငံရေးသမားနှင့် ပြည်သူ့ဝန်ထမ်းတို့ အပြန်အလှန်ထိန်းကျောင်းသောစနစ်ဖြင့် လုပ်ငန်းများကို လက်တွဲဖော်ဆောင်ကြခြင်းဖြစ်၏။
မ.ဆ.လခေတ်တွင် ၁၉၇၂ ခုနှစ် အုပ်ချုပ်ရေးစနစ်သစ် ပေါ်ပေါက်လာ၏။ ၀န်ကြီးသည် တပ်မတော်မှလာသူများဖြစ်လာ၏။ ဒုဝန်ကြီးသည်လည်း တပ်မတော်မှလာသူဖြစ်၏။ ဗဟိုဦးစီးစနစ်ဖြစ်၍ ၎င်းင်းတို့ကို ပြန်လှန်ထိန်းကျောင်းမည့်သူကို လုံးဝအလိုမရှိပေ။ အတွင်းဝန်၊ ဒုတိယအတွင်းဝန်နှင့် အတွင်းဝန်ကလေးတို့ကို ဖယ်ရှားလိုက်၏။ ၀န်ကြီးရုံး၏ ရုံးအဖွဲ့မှူးဟူသော တပ်မတော်ပုံစံ (Staff Duty) ဆောင်ရွက်မည့် ရုံးလုပ်ငန်းတာဝန်ခံကို လစာနှုန်း ၈၀၀၊ ၄၀၊ ၁၀၀၀ အဆင့်သာ ပေးအပ်လိုက်၏။ အဓိကအရည်အချင်းမှာ ယုံကြည်စိတ်ချရမှုနှင့် ဦးစီးတာဝန်ဟု တပ်မတော်၌ခေါ်ဆိုသည့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသာဖြစ်၏။ “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဟူသော “ခ” သုံးလုံးကိုလည်း ဦးထိပ်ထားရ၏။ ၀န်ကြီးဌာနအလုပ်နှင့် ၀န်ကြီးရုံးအလုပ်ဟု နှစ်ပိုင်းခွဲပြီး ပထမပိုင်းကို ၀န်ကြီးနှင့်ဒုဝန်ကြီးက တာဝန်ယူ၏။ ရုံးအဖွဲ့မှူးကား ဒုတိယအလုပ်ကိုသာလျှင် အဓိကတာဝန်ယူရလေတော့၏။
ထိုအခါမှစ၍ ပါလီမန်ဒီမိုကရေစီခေတ်က အတွင်းဝန်နှင့် ရုံးအဖွဲ့မှူးတို့မှာ ဆီနှင့်ရေလိုခြားနားလာခဲ့လေသည်။ ၀န်ကြီးနှင့် ဒုဝန်ကြီးတို့က တပ်မတော်မှရောက်လာပြီး အရပ်ဘက်လုပ်ငန်းကို “မုဆိုးစိုင်သင်”လုပ်ကြ၏။ သူတို့ခမျာ လက်အောက်ကိုအားကိုး၍လည်းမရ၊ ညွှန်ကြားရေးမှူးချုပ်ကလည်း တပ်မတော်မှ၊ ဒုညွှန်ချုပ်ကလည်း တပ်မတော်မှ၊ ညွှန်ကြားရေးမှူးနှင့် ဒုညွှန်ကြားရေးမှူး စသည်တို့ကလည်း တပ်မတော်မှ။ ရှေ့မီနောက်မီ လုပ်ငန်းနားလည်သူ အရပ်သားလက်ထောက်ညွှန်ကြားရေးမှူးများကိုသာ အားပြုကြရ၏။ တပ်မတော်အရာရှိများတွင် ဉာဏ်ပညာထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိသူအချို့လည်း ပါဝင်ကြောင်းတွေ့ရ၏။ အများအားဖြင့် မသိသူနှင့် မတတ်သူတို့ အကြားတွင် ၀န်ကြီးရုံး၊ ရုံးအဖွဲ့မှူးကလည်း အလုပ်ဖြစ်အောင် စခန်းသွားနေခဲ့ကြရှာလေသည်။ ဤသို့ဖြင့် အမြင့်ဆုံးအုပ်ချုပ်မှုအဖွဲ့အစည်းဖြစ်သော ၀န်ကြီးဌာနများ၏ လုပ်ရည်ကိုင်ရည်မှာ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရ၏။ အထူးသဖြင့် ၀န်ကြီးဌာနအတွင်း Check and Balance စနစ်လည်း မရှိတော့ပေ။
ထို့အပြင် ယခင်က နယ်ဘက်ဝန်ထမ်းလောက၌ ရုံးအကူမှ အရာထမ်းအဆင့်ရာထူးများအလိုက် အရည်အချင်းသတ်မှတ်ချက်များ အသေးစိတ်ပြဋ္ဌာန်းထား၏။ အင်္ဂလိပ်ဘာသာဖြင့် Qualification Sheet ဟုခေါ်ပြီး အတိုကောက် Q-Sheet ဟုခေါ်၏။ န.အ.ဖ လက်ထက်တွင် အဆိုပါ Q-Sheet ကို အလေးအနက်မထားတော့ပေ။ ကိုယ့်လူကိုယ်ရာထူးပေး၍ရအောင် အမိန့်အာဏာဖြင့် လွှမ်းမိုးခဲ့ကြသည်ကိုတွေ့ရှိရ၏။
ထိုမျှမက ၀န်ထမ်းများရာထူးတိုးမြှင့်ရေးအလို့ငှာ “လျှို့ဝှက်အရည်အချင်း၊ အကဲဖြတ်မှတ်တမ်း” (Confidential Report)ကို အမှုထမ်းများအတွက် အနက်ရောင်စာလုံးပုံစံ၊ အရာထမ်းများအတွက် အပြာရောင်စာလုံးပုံစံဖြင့် နှစ်စဉ်အထက်အရာရှိက လျှို့ဝှက်မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး ဌာနကြီးမှူးထံ တင်ပြကြရ၏။ ရာထူးတိုးမြှင့်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ကြရာတွင် နှစ်စဉ်အရည်အချင်းအကဲဖြတ်မှတ်တမ်းကိုပါ သုံးသပ်၍ အမှတ်ပေးရ၏။ အရည်အချင်းအကဲဖြတ်ချက်အရ ကိုယ့်လူကညံ့နေလျှင် ဆွဲတင်၍ မရမည်ကိုစိုးရိမ်သဖြင့် အဆိုပါစနစ်ကိုလည်း ဖျက်သိမ်းခဲ့ပြန်၏။
မျက်မှောက်ကာလ ဒီမိုကရေစီခေတ်သစ်ကြီးတွင် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများမှ ရုံးအဖွဲ့မှူးများကို ရှေးယခင်က အတွင်းဝန်များကဲ့သို့ အရည်အချင်းမြင့်မားစေလိုပါသည်။
“အမိန့်ချမှတ်နိုင်ရန် တင်ပြပါသည်” ဟူသော အဆင့်ထက်ကျော်လွန်၍ လုပ်ပိုင်ခွင့်နှင့် အဆုံးအဖြတ်ပေးနိုင်ခွင့်လည်း ရှိကြစေလိုပါသည်။ ထိုအခါ မျက်မှောက်ခေတ်တွင် များပြားလှစွာသော ၀န်ကြီး ၃၆ ဦး၊ ဒုဝန်ကြီး ၆၀ ဦး စုစုပေါင်း ၉၆ ဦးကိုလည်း အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်၏။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်အပါအ၀င် ၃၈ ဦး၊ ဗီယက်နမ်တွင် ၂၃ ဦး၊ အိန္ဒိယတွင် ၅၀ ဦး စသည်တို့ထက် များစွာပိုမိုနေသော ပြည်ထောင်စုအစိုးရအဖွဲ့၏ ၀န်ကြီး၊ ဒုဝန်ကြီး ဦးရေလျှော့ချရေးကိစ္စကို ရုံးအဖွဲ့မှူးများ၏ "CapacityBuilding"နှင့် ယှဉ်တွဲစဉ်းစားစေချင်ပါသည်။
အတွင်းဝန်(Secretary) ရာထူးနှင့်ပတ်သက်၍ အခြားနိုင်ငံများ၏ ၀န်ကြီးဌာနဖွဲ့စည်းပုံကို လေ့လာကြည့်ရာတွင် စင်ကာပူနိုင်ငံ၌ ၀န်ကြီးလက်အောက်တွင် အမြဲတမ်းအတွင်းဝန်(Permanent Secretary) ရာထူးရှိ၏။ မလေးရှား၌ ဒုဝန်ကြီးလက်အောက် အတွင်းဝန်ချုပ် (Secretary General) နှင့် ဒုအတွင်းဝန်ချုပ် (Deputy Secertary General) ရှိ၏။ အိန္ဒိယတွင်လည်း အတွင်းဝန်ရာထူးမှာ လွတ်လပ်ရေးရသည့်အချိန်မှ ယနေ့အထိရှိ၏။ စာရေးသူသိရှိသမျှ မြန်မာနိုင်ငံတွင်သာရှိမည်ထင်သော နိုင်ငံရေးသမားလည်းမဟုတ်၊ လွှတ်တော်ကိုယ်စားလှယ်လည်းမဟုတ်၊ ၀န်ထမ်းလည်းမဟုတ်သည့် ၀န်ကြီး၊ ဒုဝန်ကြီးတို့၏ လက်အောက်တွင် ရုံးအဖွဲ့မှူးများမှာလည်း ဘာမဟုတ်ညာမဟုတ် စာရေးကြီးပါပဲဗျာဟု ဝေဖန်ပြောဆိုခံရခြင်းမှ လုံးဝလွတ်ကင်းကြစေချင်ပါသည်။ နိဂုံးချုပ်အားဖြင့် ရုံးအဖွဲ့မှူးဆိုသည်မှာ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးသော ဆိုရှယ်လစ်ခေတ်အတွက် တီထွင်ခဲ့သော ရာထူးသာဖြစ်ပြီး အတွင်းဝန်ဆိုသည်မှာ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေရှိသော ရာထူးဖြစ်ပါသည်။ ဒီမိုကရေစီခေတ် ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနတွင် ဆိုရှယ်လစ်အမွေခံ ရာထူးနှင့်ဖွဲ့စည်းပုံကို ဆက်လက်ရှင်သန်ခွင့်မပြုသင့်တော့ကြောင်း တင်ပြလိုက်ရပါသတည်း။ ။

No comments:
Post a Comment