Labels

Monday, January 13, 2014

အပေါက်ခြောက်ပေါက် တစ်ပေါက်မှာ တော်တော်ကြီးပါသည်


Photo
ကျေးဇူးရှင် မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး ပြုစုတော်မူသော “ဆိဒ္ဒပိဓာနနီ”ကျမ်းတွင် ဤသို့ဖွင့်ဆိုရှင်းပြထားပါသည်။ သဂါထာ၊ ဒေ၀တာသံယုတ်၊ ဆေတွာဝဂ်၊ နဇီရတိသုတ် ပါဠိတော်၌ မြတ်စွာဘုရားထံသို့ နတ်သားတစ်ပါးက လာရောက်၍ မေးလျှောက်ရာတွင် “လောက၌ အကျိုးစီးပွားတို့ကို ယိုကျဆုံးရှုံးစေသည့် အပေါက်တွေ မည်မျှပါပါသနည်း”ဟူသော မေးခွန်းလည်းအပါအ၀င် ဖြစ်ပါသည်။
ဤတွင် ဘုရားရှင်က အပျင်းထူခြင်း၊ မေ့လျော့ပေါ့တန်ခြင်း၊ ထကြွလုံ့လမရှိခြင်း၊ မစောင့်စည်းခြင်း၊ အအိပ်ကြီးခြင်း၊ တွန့်ဆုတ်နှေးကွေးခြင်းဟူသော အပေါက်ခြောက်ပေါက်ကို ဟောကြားတော်မူပါသည်။
ထိုအပေါက်ခြောက်ပါးတို့ကို လုံခြုံအောင် ဖာထေးပိတ်ဆို့ကြသဖြင့် ၀ိဝဋနိဿိတ ပါရမီကုသိုလ်တို့ မယိုမကျဘဲ တစ်လုံးတစ်ခဲတည်းစုဝေးလျက် မပျောက်မပျက် ပြည့်စုံအောင်တည်၍ ပါရမီကုသိုလ်သူဌေးဖြစ်ကြစေပြီး ငြိမ်းအေးလှသော နိဗ္ဗာနသုခအဘယချမ်းသာကို ရောက်နိုင်ကြစေရန် ရည်သန်တောင့်တကာ ဆိဒ္ဒ=အပေါက်၊ ပိဓာနနီ=ပိတ်ဆို့ရာပိတ်ဆို့ကြောင်းဟု အဓိပ္ပာယ်ရသည့် ဤ“ဆိဒ္ဒပိဓာနနီ” (အပေါက်ဖာကျမ်း)ကို ရေးသားစီရင်အပ်ရကြောင်း ဖော်ပြထားပါသည်။ (ကိုးကား- ချုပ်ရာငြိမ်းရာ (၀ဏ္ဏသီရိ))
တစ်ဦးချင်းစီ၊ တစ်ယောက်ချင်းစီဖြစ်သော လူသားများအတွက် လောကီအကျိုးစီးပွား၊ လောကုတ္တရာကောင်းကျိုးအထူးများကို ပိုင်ဆိုင်ခံစားရရှိရန်အတွက် ဖော်ပြပါ အပေါက်ခြောက်ပေါက်ကို ပိတ်ဆို့ကာကွယ်နိုင်ရုံမျှဖြင့် လုံလောက်သည်ဟု နားလည်မိပါသည်။ စီးပွားဥစ္စာတိုးပွားစေရန်သော်လည်းကောင်း၊ တရားထူး၊ တရားမြတ် ရင့်ကျက်စေရန်သော်လည်းကောင်း အပေါက်ခြောက်ပေါက် မပေါ်ပေါက်အောင်၊ မရှိအောင် ကြိုတင်ပြင်ဆင်တားဆီးကြရမည် ဖြစ်ပါသည်။ အကယ်၍ အပေါက်ဖြစ်လာပါကလည်း သတိထားကြိုးစားပြီး ဖာထေးပိတ်ဆို့ကြရပါမည်။ လုံလုံခြုံခြုံကောင်းကောင်းမွန်မွန်၊ သပ်သပ်ရပ်ရပ်ပိတ်နိုင်ခြင်းကို အပိတ်လှခြင်းဟု ဆိုချင်ပါသည်။
စာရေးသူတို့အနီးအနားရှိ ပြတင်းတံခါးများကိုလည်း လိုအပ်သောအခါဖွင့်၍ မလိုအပ်သောအခါ ပိတ်ကြရသည် ဖြစ်ပါသည်။ မိမိတို့ နေ့စဉ်ကိုင်တွယ် အသုံးပြုနေကြရသော ဘူး၊ ပုလင်း၊ ပုံးအဖုံးများကိုလည်း ဖွင့်ပြီးပြန်လည်ပိတ်ကြရပါသည်။ လုံလုံခြုံခြုံ၊ တင်းတင်းကျပ်ကျပ်၊ ကျကျနနပိတ်မှသာလျှင် အစစအရာရာ စိတ်ချရမည်ဟုဆိုချင်ပါသည်။ ဘ၀တစ်ခုကို အစပြုဖွင့်လှစ်ခဲ့သော လူသားသက်ရှိများသည်လည်း ကိုယ်ယုံကြည်ရာ၊ ကိုယ်လက်လှမ်းမီရာ အနေအထားများဖြင့် ရပ်တည်ရှင်သန်နေထိုင်ကြရပြီး တစ်ချိန်ချိန်တွင် နိဂုံးချုပ်ကြရပါသည်။ မိမိတို့၏ ဘ၀ကန့်လန့်ကာကို မိမိတို့ကိုယ်တိုင် ပိတ်သိမ်းကြရခြင်း ဖြစ်ပါသည်။
ဘုရားရှင်သတိပေးညွှန်ပြသော အပေါက်ခြောက်ပေါက်တွင် အပျင်းထူခြင်း၊ မေ့လျော့ပေါ့တန်ခြင်း၊ ထကြွလုံ့လမရှိခြင်း၊ အအိပ်ကြီးခြင်း၊ တွန့်ဆုတ်နှေးကွေးခြင်းဟူသော အပေါက်ငါးပေါက်ထက် မစောင့်စည်းခြင်းအပေါက်သည် စာရေးသူတို့အနီးအနားတွင် ကြီးကြီးမားမား၊ ထင်သာမြင်သာရှိလှသည်ဟု ဆိုချင်ပါသည်။ ထိုမစောင့်စည်းခြင်းအပေါက်ကြောင့် တစ်ဦးချင်းအတွက်သော်လည်းကောင်း၊ မိသားတစ်စု၊ အုပ်စုတစ်စုအတွက်သော်လည်းကောင်း၊ နိုင်ငံတစ်ရပ်အတွက်သော်လည်းကောင်း ဆိုးပြစ်များစွာကို တိုးပွားပေါ်ပေါက်စေပါသည်။ ရေရှည်တွင် အလုံးစုံဖြစ်ထွန်းတိုးတက်စေရန်အတွက် အဓိကအကျဆုံးမှာ မစောင့်စည်းခြင်းအပေါက်ကို လုံအောင်ပိတ်နိုင်ဖို့ ကြိုးစားကြရပါမည်။
ဘာသာရေးအရ သီလစောင့်ထိန်းခြင်းသည်လည်းကောင်း၊ အလုပ်တာဝန်အရ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရခြင်းသည်လည်းကောင်း၊ လူသားပီသမှုအရ ကိုယ်ကျင့်သိက္ခာ၊ စိတ်နေစိတ်ထားများ မြင့်မြတ်ဖြောင့်မတ်ခြင်းသည်လည်းကောင်း စောင့်စည်းမှုသဘောတရားများ ဖြစ်ပါသည်။ စောင့်စည်းမှုကို ဆုပ်ကိုင်စွဲမြဲကျင့်သုံးခြင်းအားဖြင့် အပျင်းထူရန်၊ မေ့လျော့ပေါ့တန်ရန်၊ ထကြွလုံ့လကင်းမဲ့ရန်၊ အအိပ်ကြီးရန်၊ တွန့်ဆုတ်နှေးကွေးရန် အခွင့်သာမည်မဟုတ်ဟု ဆိုချင်ပါသည်။ စောင့်စည်းခြင်းသည် ခပ်သိမ်းသောကိစ္စရပ်များစွာကို အောင်မြင်ပေါက်မြောက်တည်တံ့စေသည်ဟု ယုံကြည်မိပါသည်။
သို့သော် မစောင့်စည်းခြင်းများဖြင့် လတ်တလော လိုအင်ဆန္ဒများကို ပြည့်ဝစေမှု၊ အများတကာထက် လက်ဦးပိုင်ဆိုင်ရရှိမှု၊ အခွင့်အလမ်းများကို လွယ်ကူသက်သာစွာ ဖန်တီးခံစားနိုင်မှု၊ မျိုးဆက်နှင့် မျိုးနွယ်စုနီးစပ်ရာအ၀န်းအ၀ိုင်းအတွက် ကူညီထောက်ပံ့ပေးစွမ်းနိုင်မှု၊ ရာထူးအာဏာနှင့် လုပ်ပိုင်ခွင့်များကို ကိုယ်ကျိုးကြည့် အလွဲသုံးနိုင်မှု စသည့် ရေတိုကောင်းကျိုးချမ်းသာများကို ဖြစ်ထွန်းစေနိုင်သောကြောင့် စာရေးသူတို့လူသားများအား နှစ်သက်သဘောကျ ခုံမင်စွဲလမ်းစေရန် တွန်းအားပေးမည်ဖြစ်ပါသည်။ မစောင့်စည်းခြင်း၏အရသာကို ကြိုက်သူအရေအတွက် များပြားလာစေပါသည်။
မစောင့်စည်းသူ အရေအတွက်များလာသည်နှင့်အမျှ လောက၌မစောင့်စည်းခြင်း အပေါက်သည် ကျယ်သည်ထက်ပို၍ ကျယ်လာမည် ဖြစ်ပါသည်။ မစောင့်စည်းခြင်း အပေါက်တစ်ခုတည်းဖြင့် အလုံးစုံပျက်စီးမှုသို့ ကျရောက်သွားနိုင်ပါသည်။ မစောင့်စည်းခြင်းသည် နေရာအဆင့်အသီးသီးအတွက် ယုံကြည်မှုကို ဆုတ်ယုတ်ပျက်ပြားစေမည် ဖြစ်ပါသည်။ မစောင့်စည်းခြင်းသည် လူညံ့၊ လူယုတ်၊ လူမပီသသူများ၏ အတ္တထွက်ပေါက်ဟု ဆိုချင်ပါသည်။ ရိုးအေးသော၊ ငွေကြေး၊ ဉာဏ်ရည်နှင့် အားအင်နည်းပါးသော လူအများအား မစောင့်စည်းခြင်းတရားကို လက်ကိုင်ထားသည့် လူတန်းစားများက ဖြတ်စားလျှပ်စားလုပ်ကာ အနိုင်ယူလွှမ်းမိုးခြယ်လှယ်တတ်ကြပါသည်။
မစောင့်စည်းမှုများကြောင့် ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားခဲ့ရသည်။ လောဘရမ္မက်ဖြင့် ယှဉ်ပြိုင်မှုများ ပြင်းထန်လာခဲ့ရသည်။ အချင်းချင်း ရန်စောင်အငြိုးဖွဲ့မှုပြဿနာများ အဖြစ်များလာခဲ့ရသည်။ လူသားအရင်းအမြစ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ခုခံအားများ ကျဆင်းခဲ့ကြရသည်။ လူမှုအဖွဲ့အစည်းများစွာကို အင်အားချည့်နဲ့ယုတ်လျော့စေသည်။ နောက်ဆုံးတွင် နိုင်ငံတော်၏အနာဂတ်ကို မှုန်ဝါးပျောက်ကွယ်စေ၍ ခရီးခက်စေခဲ့ပါသည်။ ဗုဒ္ဓဘုရားဟောအကြောင်းအရာများတွင် ပါရှိသည့် မစောင့်စည်းခြင်းအပေါက်သည် စာရေးသူတို့ မြန်မာနိုင်ငံတွင် အကြီးဆုံး၊ အကျယ်ဆုံး ဖြစ်နေသည်ဟု ထင်မှတ်ရစေပါသည်။
တိုင်းပြည်ခေါင်းဆောင်များ၊ အာဏာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ရွာဒေသအလိုက် အုပ်ချုပ်သူများ၊ ပညာတတ်များ၊ သာမန်ပြည်သူများ ဆင့်ကဲဆင့်ကဲ မစောင့်စည်းကြသောအခါ စာရေးသူတို့နိုင်ငံသည် ရှေ့ဆက်ရမည့် ခြေလှမ်းတိုင်းအတွက် ခက်ခဲပင်ပန်း၊ ကြမ်းတမ်းစေခဲ့ပါသည်။ ပြည်သူကို ပြည်သူဟု သဘောမထားခဲ့ကြသူများ၊ ပြည်သူပိုင်သဘာဝသယံဇာတများကို လက်ဝါးကြီးအုပ်ခဲ့ကြသူများ၊ နည်းနည်းဖြစ်စေ၊ များများဖြစ်စေ အခွင့်ရှိလျှင်ရှိသလို ကိုယ့်အတွက် ကိုယ်ယက်ခဲ့ကြသူများ၏ မစောင့်စည်းခြင်းများကြောင့် နောင်မျိုးဆက်ရင်သွေးများထိအောင် နစ်နာဆုံးရှုံးထိခိုက်စေခဲ့ရပါသည်။
လောက၌ အကျိုးစီးပွားတို့ကို ယိုကျဆုံးရှုံးစေသည့် အပေါက်များကို တစ်ဦးချင်းစီ ပိတ်ကြရပါမည်။ သို့မှသာ အကျိုးစီးပွားများ ခိုင်မာဖြစ်ထွန်းမည် ဖြစ်ပါသည်။ စာရေးသူတို့နိုင်ငံတွင် မစောင့်စည်းခြင်းအပေါက်သည် တော်တော်လေးကြီးနေကြောင်း အားလုံးလက်ခံမည်ဟု ယူဆပါသည်။ တော်တော်ကြီးသောအပေါက်ကို လုံအောင်၊ နောက်ထပ်မပေါက်ရအောင်ပိတ်ဖို့ အဆပေါင်းများစွာ အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:

Post a Comment